← Chapters

ငါ့ကို လူဆိုးကြီး ဖြစ်အောင် မလုပ်ကြနဲ့

Vol. 23 Ch. 302

ငါ့ကို လူဆိုးကြီး ဖြစ်အောင် မလုပ်ကြနဲ့

Vol. 23 Ch. 302

"ဟူး... ဟူး..."

ကျန်းပေရန်၏ နှုတ်မှ စကားများ ထွက်ကျလာသည်နှင့် ကောင်းကင်ဘုံ မြင်း မှ ကျင့်ကြံသူများ၏ အသက်ရှူသံများ ချက်ချင်း မြန်ဆန်လာကြသည်။

သူတို့က ဘာကျောထောက်နောက်ခံမှ မရှိသည့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူ တစ်သိုက်သာ ဖြစ်သည်။ အကယ်၍ ဒီနေရာမှာသာ မျိုးဖြုတ်သတ်ဖြတ် ခံလိုက်ရပါက သူတို့အတွက် အုတ်ဂူတည်ပေးမည့်သူပင် ရှိမှာမဟုတ်ပေ။

ဒါကြောင့်လည်း သူတို့ဟာ ဟင်းလင်းပြင် အတတ်ပညာ ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် ငှားဖို့ မတတ်နိုင်တဲ့အထိ အခြေအနေ ဆိုးရွားနေခဲ့ရခြင်း ဖြစ်သည်။

ကျန်းပေရန်၏ နောက်ပြောင်လိုသော မျက်နှာထားကို ကြည့်ရင်း ချင်းဖုန်း ရုတ်တရက် သူ့ကိုယ်သူ အလွန် တုံးအသည်ဟု ခံစားလိုက်ရသည်။

ဒီလူက လင်မိသားစုကလေ... ဧကရာဇ်တောင်မှ သူတို့ကို မျက်နှာသာ ပေးရတာ။

ကြက်သွေးရောင်နေမင်းဂိုဏ်းလို အောက်ခြေအဆင့် ဂိုဏ်းနာမည်ကို ထုတ်သုံးနေလို့ ဘာထူးမှာလဲ။

တုံရွှမ် ၏ ရင်ဘတ်ထဲတွင်လည်း နှလုံးခုန်သံများ မြန်ဆန်နေသည်။

စောစောက အလစ်ဝင်တိုက်ခိုက်ခဲ့သည့် ဟွေယွီ အပါအဝင် လေးယောက်လုံးသည် သတ္တမအဆင့် အနက်ရောင် ဘုရင်များ ဖြစ်ကြပြီး သူတို့အဖွဲ့ထဲတွင် အတော်ဆုံး တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

သူတို့၏ မူလအစီအစဉ်မှာ လင်မိသားစု သခင်မလေးကို တစ်ချက်တည်းဖြင့် ဖမ်းဆီးရန် ဖြစ်သော်လည်း ဒီလို ထူးဆန်းသည့် လူငယ်လေးက တစ်ချက်တည်းဖြင့် ပြန်လည် တိုက်ထုတ်လိုက်နိုင်မည်ဟု ဘယ်သူ ထင်ထားပါ့မလဲ။

"ဘယ်လိုလုပ်မလဲ ချင်းဖုန်း... တိုက်မလား၊ ပြေးမလား"

ချင်းဖုန်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူ့အကြည့်များ ပြတ်သားသွားသည်။

"လင်မိသားစုက လူကို ပြစ်မှားမိပြီးပြီဆိုမှတော့ ပြေးလည်း သေမှာပဲ။ သေချာပေါက် တိုက်တာ ပိုကောင်းတယ်။ ခုနက တိုက်ကွက်က သူ တစ်ခုခု မှော်ရတနာ သုံးလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်... မဟုတ်ရင် ဘယ်လိုလုပ် ဘာအတွင်းအားမှ မသုံးဘဲ နေနိုင်မှာလဲ"

ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများလည်း ဒါကို သဘာဝကျသည်ဟု ခံစားလိုက်ရသည်။

သူတို့ရှေ့က လူငယ်လေးက အသက် ၂၀ အစောပိုင်းလောက်သာ ရှိပုံရသည်။သူက တကယ်ပဲ အနက်ရောင် ဘုရင်တွေကို ခန္ဓာကိုယ် သက်သက်နဲ့ ဖိနှိပ်နိုင်ပါ့မလား။

မဖြစ်နိုင်ဘူး

ခဏအတွင်းမှာပင် အနက်ရောင် ဘုရင် ၁၄ ယောက်လုံး ယုံကြည်မှု ပြန်လည် ရရှိလာကြသည်။

လွင့်စဉ်သွားခဲ့ရသော ဟွေယွီ သည် သူ့ရင်ဘတ်ကို ဖိရင်း ထပြောသည်။

"လင်မိသားစုက မိန်းမအတွက် ပြင်ဆင်ထားတဲ့ လှည့်ကွက်တွေကို ဒီကောင်လေး အပေါ်မှာ သုံးလိုက်ရုံပဲပေါ့။ ချိုးမု နဲ့ ရှချွမ်း တို့က အစီအရင် သုံးထပ်တောင် ပြင်ဆင်ထားပြီးပြီ။ ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့သာ ဆိုရင် ဒီကောင်လေးက အနက်ရောင် ဧကရာဇ် ဖြစ်ရင်တောင် ငါတို့ကို နိုင်ချင်မှ နိုင်မှာ"

ဟွေယွီ စကားကြောင့် ကျန် ၁၄ ယောက်လုံး ယုံကြည်မှု ပိုတိုးလာကြသည်။

ဟုတ်တယ်... သူတို့က ဒီမိန်းမကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ပြင်ဆင်ထားတာပဲလေ။ ပြီးတော့ မြေပြင်အသာစီး ရထားတာဆိုတော့ သူတို့ ပိုပြီး တည်ငြိမ်သင့်တာပေါ့။

ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများသည် သူတို့ သတ်မှတ်ထားသော နေရာအသီးသီးသို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်ကြသည်။

"ကျင်းကျယ် ၁၇၄၊ ရှောင်ဟန် ၂၈၅၊ ယန် လွတ်မြောက်ခြင်း... ကြွေလွင့်ပန်းပွင့်များ အစီအရင် ပေါ့လေ..."

ကျန်းပေရန် တစ်ယောက်တည်း ရေရွတ်နေစဉ် ဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်သော လင်ရှီယွင်သည် မတ်တပ်ထရပ်ပြီး သူ့ဘေးနားသို့ ရောက်လာသည်။

"မင်းအစ်မကြီးကို အမှန်အတိုင်း ပြောစမ်း... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။ ဒါမှ တိုက်ပွဲစရင် ငါ မင်းကို ဘယ်လောက် စောင့်ရှောက်ပေးရမလဲ ဆိုတာ သိမှာပေါ့"

ကျန်းပေရန် အနည်းငယ် ပြုံးလိုက်သည်။

"တိုက်ပွဲစရင် မိန်းကလေးလင် အနေနဲ့ အစွမ်းကုန်သာ တိုက်ပါဗျာ။ ကျွန်တော့်ကိုယ်ကျွန်တော် ဂရုစိုက်နိုင်ပါတယ်"

လင်ရှီယွင် အသံကို နှိမ့်လိုက်သည်။

"ဒါဆို ခုနတုန်းက မင်း ဟန်ရေးပြလိုက်တာပေါ့လေ။ တကယ်တမ်း မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

"တိုက်ခိုက်ကြည့်ရင် သိမှာပေါ့။ မိန်းကလေးလင်... ခင်ဗျားပဲ ဦးဆောင်ပြီး တိုက်ခိုက်ပေးပါဗျာ"

ကျန်းပေရန်သည် လင်ရှီယွင် နောက်သို့ ဝင်ပုန်းလိုက်သည်ကို မြင်လိုက်ရသောအခါ ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

"သူ ခုနက တကယ်ပဲ မှော်ရတနာ သုံးလိုက်တာကိုး... အခု အားကုန်သွားပြီနဲ့ တူတယ်။ သွား ဟို လင်မိသားစု မိန်းမကို အရင် ဖြိုချကြ"

ဟွေယွီ ၏ အမိန့်ပေးသံနှင့်အတူ ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများသည် လင်ရှီယွင် ဆီသို့ ဒလဟော တိုးဝင်လာကြသည်။

"ဟေ့ရောင်တွေ နင်တို့က ငါ့ကို ငှက်ပျောသီးပျော့များ မှတ်နေလား"

ဒေါသတကြီး အော်ဟစ်လိုက်ရင်း လင်ရှီယွင် သူမ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ "ပန်းတစ်ရာ လှံတံ" တစ်ချောင်း လက်ထဲ ရောက်ရှိလာသည်။

အားပါပါ ဝှေ့ယမ်းလိုက်မှုနှင့်အတူ မရေမတွက်နိုင်သော ပန်းပွင့်လွှာများသည် လေဆင်နှာမောင်းသဖွယ် အနက်ရောင် ဘုရင် ၁၄ ယောက်ဆီသို့ လွင့်ပျံသွားသည်။

ကံဆိုးစွာဖြင့် ထိုတိုက်ကွက်က ကြည့်ကောင်းသော်လည်း သူတို့၏ ခြေလှမ်းများကိုပင် နှေးကွေးအောင် မလုပ်နိုင်ခဲ့ပေ။

ရှေ့ဆုံးမှ ပြေးလာသူများ၏ အတွင်းအားကြောင့် ပန်းပွင့်လွှာများ ပျက်စီးသွားပြီး "ညှိုးနွမ်းသွားသော ပုံစံဖြင့်" မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြသည်။

လင်ရှီယွင်၏ ပထမလှိုင်းကို အလွယ်တကူ ဖြိုခွင်းလိုက်ပြီးနောက် အနက်ရောင် ဘုရင် ၁၄ ယောက်လုံးသည် သူတို့၏ အကောင်းဆုံး နည်းစနစ်များဖြင့် သူမကို ပြန်လည် တိုက်ခိုက်လိုက်ကြသည်။

လေနှင့် တိမ်တိုက်များ တခဏချင်း ပြောင်းလဲသွားသည်။

အဝေးမှ ကြည့်နေသော လင်ယုယန်ပင်လျှင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားလိုက်ရသည်။

သာမန်လူဖြစ်သော ခုနစ်လေးမှာမူ အသက်ရှူဖို့ပင် ခက်ခဲလာသည်။ ကံကောင်းထောက်မစွာဖြင့် လင်ယုယန်သည် ငွေရောင် အဆောင်လက်ဖွဲ့ တစ်ခုကို အမြန်ထုတ်ကာ အကာအကွယ် အဖြစ် ပြောင်းလဲပေးလိုက်သဖြင့် သူ ပြန်လည် အသက်ရှူနိုင်သွားသည်။

လင်ရှီယွင် သည် ဒီလူများကို တစ်ကြိမ် ရှုံးနိမ့်ဖူးသဖြင့် သူတို့ကို မနိုင်နိုင်မှန်း သိသည်။

သို့သော် သူမ အနောက်မှ ဂျူနီယာများကို တွေးမိပြီး နောက်မဆုတ်နိုင်ပေ။

သူမ သွားကိုကြိတ်ကာ အသက်စွန့် တိုက်ခိုက်ရန် လှံတံကို မြှောက်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူမကို အနောက်သို့ ဆွဲလိုက်သည်။

"အယ်"

သူမ ကြောင်တောင်တောင် အော်လိုက်မိပြီး ကျန်းပေရန်၏ အနောက်သို့ ရောက်သွားသည်။

ဘာကြောင့်လဲ ဟု သူမ မမေးနိုင်ခင်မှာပင် အနက်ရောင် ဘုရင် ၁၄ ယောက်၏ တိုက်ခိုက်မှုများ ရောက်ရှိလာတော့သည်။

သူတို့၏ တောက်ပသော "အထူးပြုလုပ်ချက်" ပါသည့် တိုက်ကွက်များကို ကြည့်ရင်း ကျန်းပေရန် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

"ဒါအကုန်ပဲလား"

သူ ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်သည်။

ဝုန်း

နားကွဲလုမတတ် ပေါက်ကွဲသံကြီးနှင့်အတူ အနက်ရောင် ဘုရင် ၁၄ ယောက်လုံး အော်ဟစ်ကာ လွင့်စဉ်သွားကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ သွေးအန်ကုန်ကြသည်။

လင်ရှီယွင် မျက်တောင် နှစ်ချက်ခတ်လိုက်ပြီး သူမရှေ့က မောင်လေးအရွယ် လူငယ်လေးသည် မိုးထိအောင် မြင့်မားသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

သူက... ဘယ်သူလဲ

ဒီလောက် အနီးကပ် အနေအထားမှာတောင် သူ ဘာအတွင်းအားမှ သုံးလိုက်တာကို သူမ မခံစားမိလိုက်ဘူး။

ဒါက အနက်ရောင် ဘုရင် ၁၄ ယောက် ပေါင်းတိုက်တာလေ... သူက ခန္ဓာကိုယ် သက်သက်နဲ့တင် ဖြိုခွင်းလိုက်တာလား။

သူမလို အတွေ့အကြုံ ရင့်ကျက်သူတောင် ကြောင်အ သွားရသည်။

အနက်ရောင် ဧကရာဇ် တစ်ပါးတောင်မှ သူ့ထက် အားနည်းတဲ့ ကျင့်ကြံသူတွေကို ခန္ဓာကိုယ် သက်သက်နဲ့ မတိုက်ခိုက်ဘူးလေ။

သူတို့ အနောက်တွင် ရှိနေသော ခုနစ်လေးမှာမူ ပါးစပ်အဟောင်းသား ဖြစ်နေသည်။

စောစောက စကားဝိုင်းအရ ဒီ ၁၄ ယောက်လုံးက အနက်ရောင် ဘုရင်တွေမှန်း သူ သိထားသည်။

အနက်ရောင် ဘုရင်တွေလေ သာမန်လူတွေအတွက်တော့ လက်တစ်ဖက် ဝှေ့ယမ်းရုံနဲ့ မိုးပြောင်းမြေခါ လုပ်နိုင်တဲ့ ဘုရားသခင်တွေလို ပုဂ္ဂိုလ်တွေ…..

အဲဒီလို "ဘုရားသခင်" ၁၄ ပါးလုံးက သူ အခုလေးတင် အသိအမှတ်ပြုလိုက်တဲ့ အစ်ကိုကြီးရဲ့ လက်သီးတစ်ချက်တည်းနဲ့ လဲကျသွားတာလား။

ငါ ဘယ်လို အစ်ကိုကြီးမျိုး ရလိုက်တာပါလိမ့်

လက်ကို ခါလိုက်ရင်း ကျန်းပေရန်သည် ညည်းတွားနေသော ၁၄ ယောက်ကို ကြည့်လိုက်သည်။

"မင်းတို့ထဲက တစ်ယောက်မှ တူညီတဲ့ တိုက်ကွက် မရှိကြဘဲနဲ့ ကြက်သွေးရောင်နေမင်းဂိုဏ်းရဲ့ 'ယန်' သံတမန်တွေ ဆိုပြီး နာမည်ခံရဲသေးတယ်ပေါ့။ ရိုးသားတဲ့ ပြည်သူတွေကို အရူးလုပ်လို့ ရမယ် ထင်နေလား"

ချင်းဖုန်း မြေကြီးပေါ် လဲလျောင်းရင်း တုန်လှုပ်နေသည်။

သူ လင်မိသားစုက လူငယ်လေး ဘာလုပ်လိုက်လဲ ဆိုတာတောင် မမြင်လိုက်ရဘူး... တွန်းလှန်လို့ မရနိုင်တဲ့ အားတစ်ခု ဝင်ဆောင့်လိုက်တာကိုပဲ ခံစားလိုက်ရပြီး တိုက်ခိုက်နိုင်စွမ်း အားလုံး ချက်ချင်း ပျောက်ဆုံးသွားခဲ့ရသည်။

အဲဒီအချိန်မှာ ချင်းဖုန်း အကြီးအကျယ် ကြောက်ရွံ့လာသည်။

ကျန်းပေရန်ရဲ့ အင်အားကို ကြောက်တာ မဟုတ်ဘူး... မသိနားမလည်မှုကို ကြောက်တာ။

အကယ်၍ ကျန်းပေရန်က အနက်ရောင် ဧကရာဇ် (သို့မဟုတ်) အနက်ရောင် ဘိုးဘေး အဆင့်လောက် ထုတ်ပြလိုက်မယ်ဆိုရင် သူတို့ အနည်းဆုံးတော့ ဘာကြောင့်သေလဲ သိရဦးမယ်။

ဒါပေမဲ့ အခုဟာက လုံးဝ ကွဲပြားခြားနားတဲ့ ဖြစ်တည်မှု တစ်ခုနဲ့ တိုက်ခိုက်နေရသလိုပဲ သူ ဘယ်လို စွမ်းအားမျိုး သုံးလိုက်လဲ ဆိုတာတောင် သူတို့ နားမလည်ဘူး။

"အား"

ဟွေယွီ ရုတ်တရက် အော်ဟစ်လိုက်ပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် မတ်တပ်ထရပ်လိုက်သည်။

"မျက်လှည့်ပြကွက် သက်သက်ပါကွာ မင်း ငါ့ကို အရူးလုပ်နိုင်မယ် ထင်နေလား"

သူ တစ်ခုခုကို ပြင်းပြင်းထန်ထန် ကိုက်ဝါးပြီး မျိုချလိုက်သည်။

"ဟွေယွီ"

ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများ တပြိုင်နက် အော်ဟစ်လိုက်ကြသည်။ သူ ဘာမျိုချလိုက်မှန်း သူတို့ သိကြသည်။

"ဧကရာဇ် အစွန်းရောက် ဆေးလုံး"

အဲဒီဆေးက လူတစ်ယောက်ရဲ့ အလားအလာ အားလုံးကို ထုတ်ယူနိုင်ပြီး ကျင့်ကြံခြင်းအဆင့်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ အသက်စွမ်းအားကို လောင်ကျွမ်းပစ်ရတဲ့ တန်ဖိုး ပေးဆပ်ရတယ်။

လေးလံသော လေထုအောက်တွင် ဟွေယွီ ၏ မျက်လုံးများမှ ခရမ်းရောင် အလင်းတန်းများ တောက်လောင်လာပြီး ဆံပင်များမှာ မျက်စိရှေ့မှာတင် ဖြူဖွေးလာသည်။

"ဟားဟားဟားဟား"

သူ ရူးသွပ်စွာ ရယ်မောလိုက်သည်။

"မင်းတို့က ဘာတွေ အော်နေကြတာလဲ။ ဒီဆေးလုံးက ငါ့ကို မသေစေပါဘူး... သွေးအနှစ်သာရ တချို့ပဲ ပေးဆပ်ရမှာပါ။ ချိုးမု ရှချွမ်း မင်းတို့ ပြင်ဆင်ထားတဲ့ အစီအရင်တွေကို ဖွင့်လိုက်တော့... ငါ သူ့ကို သတ်ပြမယ်"

ချိုးမု နှင့် ရှချွမ်း ခေါင်းညိတ်လိုက်သည်။

"စိတ်မပူနဲ့၊ အစီအရင်က အချိန်မရွေး ဖွင့်လို့ရတယ်"

"ကောင်းပြီ... ဒါဆို ငါ ဝင်ပြီ"

ဟွေယွီ ညာလက်ကို ဆန့်ထုတ်လိုက်ရာ စောစောက လွတ်ကျသွားသော မီးခိုးရောင် ဝိညာဉ်ဓားသည် သူ့ထံ ပြန်လည် ပျံသန်းလာသည်။

ဓားကို ဝှေ့ယမ်းလိုက်ရင်း သူ ကျန်းပေရန်ကို စိုက်ကြည့်လိုက်သည်။

"ကောင်လေး၊ မင်း ဘယ်ကလာမှန်း ငါ မသိပေမယ့် ငါတို့အသက်ကို အလွယ်တကူ ယူလို့ရမယ် မထင်နဲ့"

ကျန်းပေရန် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် ဟွေယွီ ထပ်မံ အော်ဟစ်လိုက်ရာ အနက်ရောင် ချီများက သူ့ဓားကို ရစ်ပတ်သွားသည်။

"မောက်မာတဲ့ ကောင်လေး၊ မင်းရဲ့ မျက်နှာဖုံးကို ငါ ခွာချပြမယ်"

သူ ရှေ့သို့ တိုးလိုက်သည်နှင့် အနက်ရောင် ချီများ ပိုမို ထူထပ်လာပြီး မရေမတွက်နိုင်သော သရဲမျက်နှာများ အဖြစ် ပြောင်းလဲသွားကာ လက်စားချေလိုသော ဝိညာဉ်များကဲ့သို့ ညည်းတွားသံများ ထွက်ပေါ်လာသည်။

ဟွေယွီ တိုးဝင်သွားသည်နှင့် ချိုးမု နှင့် ရှချွမ်း တို့သည် တင်ပျဉ်ခွေထိုင်ကာ မန္တန် ရွတ်ဆိုလိုက်ကြသည်။

"မြင်းကို မောင်းနှင်၊ နတ်စည်များ တီးခတ်၊ စစ်မှန်သော ချီ ခန္ဓာကိုယ်ထဲ ဝင်ရောက်စေ"

"ခေါ်ယူရာ အရပ်၌ ရှိသူဟူသမျှ တုံ့ပြန်စေ၊ လီ တစ်ရာ အတွင်း မကြားသူ မရှိစေရ"

သူတို့ ရွတ်ဆိုပြီးသည်နှင့် မြင်တွေ့နိုင်သော ချီ မျဉ်းကြောင်းတစ်ခုသည် ၁၄ ယောက်လုံးကို ချိတ်ဆက်သွားသည်။

ဒါက "တစ်သားတည်း ပြန်လည် ပေါင်းစည်းခြင်း အစီအရင်" ဖြစ်သည်။အစီအရင်ထဲရှိ အဆောင်လက်ဖွဲ့ ကိုင်ဆောင်သူ အားလုံးကို ချိတ်ဆက်ပေးပြီး ထိန်းချုပ်သူများက အတွင်းအားကို ခွဲဝေပေးနိုင်သည်။

အတိုချုံးပြောရရင် ချိုးမု နှင့် ရှချွမ်း တို့သည် ကျန်သူများ၏ အတွင်းအား တစ်စိတ်တစ်ပိုင်းကို ဟွေယွီ ထံသို့ ပို့ဆောင်ပေးနိုင်ပြီး သူ့တိုက်ခိုက်မှု စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။

"ဟွေယွီ မင်းအပေါ်မှာပဲ မူတည်တော့တယ်"

"ဟွေယွီ နိုင်အောင် တိုက်... ငါ မင်းကို အဈေးအကြီးဆုံး ဝိုင် ဝယ်တိုက်မယ်"

"ဟွေယွီ၊ ဒီတစ်ခါတော့ ကောင်းကင်ဘုံ မြင်း ရဲ့ နံပါတ်တစ် နေရာကို မင်း ယူလိုက်တော့... နောက်ကျမှ ငါ့ကို ပြန်ပေး"

...

ရဲဘော်ရဲဘက် စိတ်ဓာတ် ပြင်းထန်သော စကားများနှင့်အတူ ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများသည် သူတို့၏ အတွင်းအားများကို ဟွေယွီ ထံ ပို့လွှတ်လိုက်ကြသည်။

သူတို့၏ ချီ နှင့် ခင်မင်မှုကို ခံစားလိုက်ရသဖြင့် ဟွေယွီ သည် သူရဲကောင်း စိတ်ဓာတ်များ ပြည့်လျှံလာပြီး ဓားပေါ်ရှိ အနက်ရောင် ချီများ ပိုမို ကြမ်းတမ်းလာသည်။

ညည်းတွားသံများသည် ဝိညာဉ်ကိုပင် အေးခဲသွားစေလောက်သည်။

"သေလိုက်တော့... ဟန်ဆောင်ကောင်းတဲ့အကောင်"

ဓားအရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ချိန်တွင် ဟွေယွီ သည် တစ္ဆေတစ်ကောင်လို ကျန်းပေရန် ရှေ့သို့ ရောက်ရှိလာပြီး ထိုးစိုက်လိုက်သည်။

သေခြင်းတရား အငွေ့အသက်များ ပြင်းထန်လွန်းသဖြင့် အနောက်မှာ ရှိနေသော လင်ရှီယွင် တောင်မှ အသက်ရှူကျပ်သွားသည်။

လျှံကျလာတဲ့ အရှိန်အဝါ လောက်နဲ့တင် ဒီလောက် ပြင်းထန်နေရင် တိုက်ရိုက် ထိတွေ့လိုက်ရင် ဘယ်လို နေမလဲ...

တွေးကြည့်လိုက်ရုံနဲ့တင် သူမ ဦးရေပြားများ ကျိန်းစပ်သွားသည်။ချက်ချင်း ရူးသွားလိမ့်မည်ဟု သူမ သေချာနေသည်။

"တောင့်ခံထား"

သူမ အော်ဟစ်လိုက်သည်။

ချွင်

ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ မီးခိုးရောင် ဝိညာဉ်ဓား တစ်ဝက်သည် လေထဲသို့ လွင့်စဉ်သွားပြီး မြေကြီးပေါ်သို့ ကျသွားသည်။

"မင်း... မင်း..."

ဟွေယွီ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်လုံးများ ပြူးကျယ်နေသည်။

ဒီတိုက်ချက်က အနက်ရောင် ဧကရာဇ် တစ်ပါးကိုတောင် ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ သူ ယုံကြည်ထားခဲ့တာ... ဒါပေမဲ့ ဒီလူငယ်လေးက လက်ညှိုးတစ်ချောင်းတည်းနဲ့ သူ့ဓားကို ချိုးပစ်လိုက်တာလား။

"ဘာ မင်း လဲ"

ကျန်းပေရန်က သူ့လက်ချောင်းကို ပွတ်သပ်လိုက်ပြီး ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများကို ဝေ့ဝဲကြည့်လိုက်သည်။

"မင်းတို့က ဘာလို့ ဒီလောက် ဝမ်းနည်းပက်လက် ပုံစံတွေ ဖမ်းနေကြတာလဲ။ အမှန်တရားကို လက်ခံစမ်းပါ... မင်းတို့ပုံစံက ငါ့ကို လူဆိုးကြီး ဖြစ်အောင် လုပ်နေသလိုပဲ။ သာမန်အရပ်သားတွေကို သတ်ဖြတ်ခဲ့တာ မင်းတို့ မဟုတ်ဘူးလား။ သက်သေတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေတာ မင်းတို့ မဟုတ်ဘူးလား"

သူက ဟွေယွီ ကို လက်ညှိုးထိုးပြလိုက်သည်။

"ပြီးတော့ မင်း... ဒီ သေခြင်းတရားချီ ကို ကျင့်ကြံလာတာ ဆယ်စုနှစ်ချီနေပြီ မဟုတ်လား။ ငါသိသလောက်ဆိုရင် ဒီအရာက နာကြည်းချက်တွေကနေ ဖြစ်ပေါ်လာတာ... အပြစ်မဲ့တဲ့ လူပေါင်း ဘယ်လောက်များများ မင်းသတ်ခဲ့လဲ ဆိုတာ ပေါ်လွင်နေတာပဲ"

ထို့နောက် သူက တစ်ယောက်ချင်းစီကို လက်ညှိုးလိုက်ထိုးပြသည်။

"မင်းတို့လို အမှိုက်ကောင်တွေကများ 'ရဲဘော်ရဲဘက်' ဆိုပြီး ဟန်ဆောင်နေကြသေးတယ်... ရွံစရာကောင်းတယ်လို့ မခံစားရဘူးလား"

ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများ ဆွံ့အသွားကြသည်။

ကျန်းပေရန် ပြောတာ မှန်သည်။ ကျောထောက်နောက်ခံ မရှိသောကြောင့် သူတို့သည် လူသတ်၊ ဓားပြတိုက်မှုများစွာ ကျူးလွန်ခဲ့ကြပြီး အကျိုးအမြတ်အတွက် အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းသည် လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေသည်။

သို့သော် ရူးသွပ်နေသော ဟွေယွီ က ငြင်းခုံနေမည် မဟုတ်။

သူ ရူးသွပ်စွာ ရယ်မောလိုက်သည်။

"သိုင်းလောက အကြောင်း ဘာမှနားမလည်တဲ့ နို့နံ့မစင်သေးတဲ့ ကောင်လေး၊ မင်းက ဘာ..."

သူ စကားမဆုံးသေးခင်မှာပင် ကျန်းပေရန်သည် သူ့လည်ပင်းကို ချိုးလိုက်ပြီး အလောင်းကို ဘေးသို့ ပစ်လိုက်သည်။

သူ စကားအများကြီး ပြောနေခဲ့ရတဲ့ အကြောင်းရင်းက သူတို့ဟာ နောက်ခံမရှိတဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေ အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုချင်လို့ ဖြစ်သည်။ ဒါမှ သူတို့ကို သတ်ပြီးရင် "ဂိုဏ်းချုပ်ကြီး" လိုက်လာမှာ မဟုတ်ဘူးလေ။

သေချာတာပေါ့၊ သူက စနစ်အပေါ် ပုံအပ်ထားတာ စနစ်က ရွေးချယ်စရာ မပေးဘူးဆိုရင် သူတို့ကို သုတ်သင်ပစ်လိုက်တာ ပြဿနာမရှိဘူးလို့ ဆိုလိုတာပဲ။

"ဟွေယွီ"

သူ့ ချီ ပျောက်ကွယ်သွားတာကို အာရုံခံမိသည်နှင့် ကောင်းကင်ဘုံ မြင်း ကျင့်ကြံသူများ အော်ဟစ်လိုက်ကြသည်။

"လေကုန်မခံနဲ့တော့... မကြာခင် မင်းတို့လည်း သူ့နောက် လိုက်သွားရတော့မှာ"

ကျန်းပေရန် လှုပ်ရှားလိုက်ပြီး ဖန်ရှီ့ ရှေ့သို့ ရောက်သွားကာ လက်သီးဖြင့် ထိုးလိုက်ရာ သူ့ခေါင်းသည် လေထဲသို့ လွင့်စဉ်သွားသည်။

နောက်ထပ် ရဲဘော်တစ်ယောက် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ချင်းဖုန်း မျက်လုံးများ နီရဲလာသည်။

"အားလုံး ပေါင်းတိုက်ကြ"

သို့သော် လုံးဝဥဿုံ သာလွန်နေသော အင်အားရှေ့တွင် ပူးပေါင်းတိုက်ခိုက်ခြင်း (သို့မဟုတ်) စုပေါင်းတိုက်ခိုက်ခြင်း ဆိုသည်မှာ အလှပြကွက်များ သက်သက်သာ ဖြစ်သည်။

ဘယ်လိုပဲ တိုက်ခိုက်ပါစေ၊ ကျန်းပေရန်၏ တုံ့ပြန်ပုံက အမြဲတမ်း တစ်ပုံစံတည်းသာ ဖြစ်သည်။

အင်အားသုံးပြီး ဖြိုခွင်းပစ်လိုက်ခြင်း

သူ့ရဲဘော်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်နှင့် ချင်းဖုန်း အော်ဟစ်ပြီး ပြေးဝင်လာသည်။

"ငါ မင်းကို သတ်မယ်"

အလကားပါပဲ... ကျန်းပေရန်က သူ့ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး လည်ပင်းကို ညှစ်ထားလိုက်သည်။

ချင်းဖုန်း၏ မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာကို ကြည့်ရင်း ကျန်းပေရန် သူ့နားနားကပ်ကာ ပြောလိုက်သည်။

"မင်းတို့လက်ချက်နဲ့ သေသွားတဲ့ အပြစ်မဲ့သူတွေကို တွေးကြည့်စမ်းပါ၊ သူတို့ ဘယ်လောက် မတရား ခံခဲ့ရလဲ ဆိုတာ။ မင်းတို့ လုပ်ကြံခဲ့တဲ့သူတွေ မင်းတို့ကို ဘယ်လောက် မုန်းတီးမလဲ ဆိုတာ တွေးကြည့်။ သားကောင်လိုမျိုး လာဟန်ဆောင်မနေနဲ့။ မင်းလည်း အသက်ကြီးနေပြီပဲ သိသင့်ပါတယ်... ကိုယ်ပြုတဲ့ကံ ကိုယ့်ထံ ပြန်လာတယ် ဆိုတာလေ"

ချင်းဖုန်း ပြန်မပြောနိုင်ခင်မှာပင် ကျန်းပေရန်က လက်ကိုညှစ်ပြီး လည်ပင်းကို ချိုးလိုက်သည်။

သူက အလောင်းကို ဘေးသို့ပစ်လိုက်ပြီး အခမ်းအနား ပြီးဆုံးသည့်အလား လက်ကို နှစ်ချက် ခါလိုက်သည်။

သူ့အနောက်တွင် လင်ရှီယွင် လုံးဝ ကြောင်အ နေပြီဖြစ်သည်။

အခုချိန်အထိ ဒီလူငယ်လေးနဲ့ ပတ်သက်ပြီး သူမ သိထားတာက သူဟာ လင်ယုယန်ရဲ့ အစ်ကိုကြီး ဖြစ်တယ်... ပြီးတော့ ရှန့်တိုင်းပြည် စိတ်နှလုံးပြန်ဂိုဏ်းက လာတယ် ဆိုတာလောက်ပဲ။

ဒါပေမဲ့ ဒီအင်အားက... သူက ဘယ်လိုလုပ် "အစ်ကိုကြီး" အဆင့်လောက်ပဲ ဖြစ်နေရတာလဲ။

ဒီခေတ်က မိန်းကလေးတွေက သူတို့ချစ်သူတွေကို "အစ်ကိုကြီး" လို့ ခေါ်ကြတာများလား။

ကျန်းပေရန် သူမဆီ လျှောက်လာသည်ကို မြင်တော့ လင်ရှီယွင် အမြန်နောက်ဆုတ်ပြီး လင်ယုယန် ဘေးနားသို့ ကပ်ကာ တီးတိုးမေးလိုက်သည်။

"တူမလေး... မင်းချစ်သူက ဘယ်ဂိုဏ်းက ရတနာလေးလဲ။ သူက အရမ်း အစွမ်းထက်လွန်းတယ်"

ဒေါ်လေးက သူမအစ်ကိုကြီးကို သူမချစ်သူဟု ခေါ်လိုက်သဖြင့် လင်ယုယန် မျက်နှာ ရဲတက်သွားသည်။

သူမ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"စိတ်နှလုံးပြန်ဂိုဏ်း ကပါ... အဖေ ကျွန်မကို ပို့လိုက်တဲ့ ဂိုဏ်းလေ"

All Chapters