← Chapters

ကျေးဇူးဆပ်ချင်ရင် အခုပဲ ဆပ်လိုက်ပါ

Vol. 23 Ch. 303

ကျေးဇူးဆပ်ချင်ရင် အခုပဲ ဆပ်လိုက်ပါ

Vol. 23 Ch. 303

{ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေက ဒီလောက်တောင် ချမ်းသာကြတာပါလား}

ချင်းဖုန်း၏ သိုလှောင်လက်စွပ်ကို ဖြုတ်ယူစစ်ဆေးကြည့်လိုက်ရာ အထဲတွင် ရှားပါးသော ကောင်းကင်ရတနာ အများအပြားကို ကျန်းပေရန် တွေ့ရှိလိုက်ရသည်။ တချို့ဆိုလျှင် ရှန့်တိုင်းပြည်တွင် အလွန်ရှားပါးပြီး ရွှေဘယ်လောက်ပေးပေး ဝယ်မရနိုင်လောက်အောင် တန်ဖိုးကြီးလှသည်။

{နိုင်ငံကြီးက လာတဲ့သူတွေ ပီသပါပေတယ်}

ကျန်းပေရန်အတွက် ဒီလို အစုလိုက်အပြုံလိုက် စီးပွားဖြစ်ဖို့ အခွင့်အရေးဆိုတာ အလွန် ရှားပါးသည်။

ပထမအချက်မှာ သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရမည့် အခွင့်အရေး နည်းပါးသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ သူသည် တခါတရံတွင် မြင့်မြတ်သော ပညာရှင် ပုံရိပ်ကို ထိန်းသိမ်းထားရသဖြင့် အလောင်းကောင်များထံမှ ပစ္စည်းလိုက်ကောက်သည့် "အောက်တန်းကျသော" အလုပ်မျိုးကို မလုပ်ချင်သောကြောင့် ဖြစ်သည်။

ဒါကြောင့် ဒီတစ်ခါ ရရှိလိုက်သော အမြတ်အစွန်းသည် တကယ့်ကို ခက်ခက်ခဲခဲ ရှာဖွေထားရခြင်း ဖြစ်သည်။

"ဝိညာဉ်ကွဲကြေ အစီအရင်" ကို ခင်းကျင်းလိုက်ပြီးနောက် လေ၊ မိုးကြိုး နှင့် မီး တို့ကို အသက်သွင်းကာ အနက်ရောင် ဘုရင် ၁၄ ယောက်၏ ပစ္စည်းများကို ပြောင်သလင်းခါအောင် သိမ်းယူလိုက်သည်။ ထို့နောက် ကျန်းပေရန်သည် "ရုပ်ရော နာမ်ပါ ချေမှုန်းခြင်း" ဝန်ဆောင်မှုကို အပြည့်အဝ ပေးလိုက်ပြီး သူတို့ကို ကောင်းမွန်စွာ ခရီးပို့ဆောင်ပေးလိုက်သည်။

ကျန်းပေရန်၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို ကြည့်ရင်း အစကတည်းက အနောက်မှ စောင့်ကြည့်နေသော လင်ရှီယွင် ကြောင်အ နေသည်။

သူမ မနေနိုင်တော့ဘဲ လင်ယုယန်ဘက် လှည့်ကာ မေးလိုက်သည်။

"တူမလေး မင်းချစ်သူက ဒါ သူ့ရဲ့ ပုံမှန် အလုပ်များလား"

သစ်ငုတ်တို တစ်ခုပေါ်တွင် ထိုင်နေသော လင်ယုယန်သည် ပါးပြင်ကို လက်ဖြင့် အုပ်ကိုင်ထားပြီး စိတ်ကူးယဉ်ဆန်စွာ ပြန်ဖြေလိုက်သည်။

"ဒေါ်လေး အစ်ကိုကြီးက အလောင်းတွေကို မီးရှို့နေတဲ့အချိန်မှာ ပိုပြီး ခန့်ညားမနေဘူးလား"

"ကယ်မရတော့ပါလား"

ခေါင်းခါလိုက်ရင်း လင်ရှီယွင် သူမဘေးနား ဝင်ထိုင်လိုက်သည်။

"မင်းချစ်သူ နာမည်က ဘယ်သူလဲ နောက်ကျရင် သူ့ကို ကျေးဇူးတင်စကား ပြောရဦးမယ်"

ဒါကို ကြားလိုက်ရတဲ့အခါ လင်ယုယန် ရုတ်တရက် တုန်လှုပ်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ ဒေါ်လေးဖြစ်သူကို ဟာလာဟင်းလင်း မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

"ဒေါ်လေး ဒေါ်လေးအစား ကျွန်မပဲ ကျေးဇူးတင်ပေးပါ့မယ် အစ်ကိုကြီး အကြောင်းကိုတော့ ဒေါ်လေး သိပ်မသိတာ ပိုကောင်းပါတယ်"

"ဂလု"

တူမဖြစ်သူထံမှ ရုတ်တရက် ထွက်ပေါ်လာသော လူသတ်ငွေ့ကို ခံစားလိုက်ရသဖြင့် လင်ရှီယွင် ကြက်သေ သေသွားသည်။

{ဒါ ငါ့ရဲ့ လိမ္မာရေးခြားရှိပြီး ယဉ်ကျေးသိမ်မွေ့တဲ့ တူမလေး ဟုတ်ရဲ့လား ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ ပုံစံ ပေါက်သွားတာလဲ}

လင်ရှီယွင်၏ စိတ်ထဲတွင် သူမတူမလေးသည် လူတိုင်းအပေါ် ယဉ်ကျေးဖော်ရွေပြီး စကားပြောလျှင်လည်း နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သူမနှင့် စကားပြောလိုက်ရလျှင် နွေဦးရာသီ၏ နွေးထွေးမှုထဲ ရေချိုးနေရသလို ခံစားရစေသူ ဖြစ်သည်။

ဒါပေမဲ့ ခုနတုန်းကတော့ နွေဦးရာသီရဲ့ အငွေ့အသက် လုံးဝမရှိဘဲ ဆောင်းရာသီ လေထုထက် အဆတစ်ရာ ပိုမို အေးစက်နေသည်။

{စည်းခတ်ထားတဲ့ စွမ်းအားတွေ လျော့ရဲလာတာများလား ဒါမှမဟုတ် အချစ်က လူတစ်ယောက်ကို တကယ်ပဲ ပြောင်းလဲစေနိုင်တာလား}

ဘာပဲပြောပြော လင်ရှီယွင်သည် တူမဖြစ်သူ၏ "ပိုင်ဆိုင်လိုစိတ်" ကို သိပ်ပြီး ကိစ္စမရှိလှပေ။ မိန်းကလေးငယ်လေးတွေ အချစ်နဲ့ စတွေ့တဲ့အချိန်မှာ လူသတ်ချင်စိတ် ပေါက်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲ မဟုတ်လား။

"အမကြီးတို့ လက်ဖက်ရည် ရပါပြီ"

အဲဒီအချိန်မှာ ခုနစ်လေးသည် လက်ဖက်ရည်အိုးနှင့် ခွက်များကို ကိုင်ဆောင်ကာ လျှောက်လာပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။

အစ်ကိုကြီး အလောင်းမီးရှို့နေသည့် သူရဲကောင်းဆန်သော ပုံရိပ်ကို ငေးမောနေသည့် လင်ယုယန်က လက်ကာပြလိုက်သည်။

"အဲဒီနားမှာပဲ ထားလိုက် တော်ကြာမှ သောက်မယ်"

"ဟုတ်ကဲ့ပါ"

ခုနစ်လေး ခေါင်းညိတ်လိုက်ပြီး လင်ရှီယွင်ကို ကြည့်လိုက်သည်။

"အမကြီးကော သောက်မလား"

"အင်း"

ခေါင်းညိတ်ပြရင်း လင်ရှီယွင် ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

"မဆိုးဘူးပဲ ဒါ ဘာလက်ဖက်ရည်လဲ"

"အန်လုရွာက ထွက်တဲ့ ဖူလိုင် လက်ဖက်ခြောက် ပါ အစ်မကြီးလင် ကြိုက်တယ်ဆိုရင် ကျွန်တော် နောက်ထပ် သွားဝယ်ပေးပါ့မယ်"

"ဒုက္ခခံမနေပါနဲ့"

လင်ရှီယွင် နောက်တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန်ကို တစ်ချက်လှမ်းကြည့်သည်၊ ပြီးတော့ လင်ယုယန်ကို ကြည့်သည်၊ နောက်ဆုံး ခုနစ်လေးဘက် ပြန်လှည့်လာသည်။

"ဒါနဲ့ မင်းက"

ခုနစ်လေး ချက်ချင်း သဘောပေါက်ပြီး ပြန်ဖြေလိုက်သည်။

"ကျွန်တော့်နာမည်က ခုနစ်လေး ပါ အစ်ကိုကြီးဝမ်ရဲ့ တောက်တိုမယ်ရ ခိုင်းဖတ် တစ်ယောက်ပါ ပုံမှန်အားဖြင့်တော့ လမ်းပြအလုပ် ကူလုပ်ပေးပါတယ်"

"အော်"

လင်ရှီယွင် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဒါကို ကြားလိုက်ရတဲ့အခါ အစ်ကိုကြီး အလောင်းမီးရှို့တာကို ဆက်လက် ကြည့်ရှုနေဆဲဖြစ်သော လင်ယုယန်က ဝင်ပြောသည်။

"ဒေါ်လေး ဒီတစ်ခါ ဒေါ်လေးကို ရှာတွေ့တာက အစ်ကိုကြီးရဲ့ ပြောင်မြောက်တဲ့ စီမံကိန်းကြောင့် ဆိုပေမယ့် ခုနစ်လေးလည်း တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးခဲ့ပါတယ်"

"ဟုတ်လား"

လင်ရှီယွင် ခုနစ်လေးကို တစ်ချက်ကြည့်လိုက်သည်။

"ဒါဆိုရင် မင်းကို သေချာ ကျေးဇူးတင်ရမှာပေါ့"

ခုနစ်လေး လက်ခါပြလိုက်သည်။

"မလုပ်ရဲပါဘူးခင်ဗျာ ကျွန်တော် လုပ်သင့်တာ လုပ်ပေးရုံပါပဲ ကျေးဇူးတင်စကားကို လက်မခံရဲပါဘူး"

ပါးစပ်ကသာ အဲဒီလို ပြောလိုက်ပေမယ့် ရင်ထဲမှာတော့ ပျော်ရွှင်မှုတွေ ပွက်ပွက်ဆူနေသည်။

ဒါ လင်မိသားစုရဲ့ ကျေးဇူးကြွေးလေ ရွှေတောင်ကြီးထက် တန်ဖိုးရှိတယ်

"နေပါဦး မင်းတို့ ငါ့ကို ဘယ်လို ရှာတွေ့ခဲ့တာလဲ"

လင်ရှီယွင် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

မဖြေသင့်တာ မဖြေရဘူး ဆိုတဲ့ စည်းကမ်းအတိုင်း ခုနစ်လေး တိတ်ဆိတ်စွာ လက်ဖက်ရည် ငှဲ့ပေးနေလိုက်သည်။

လင်ယုယန်က အစားဝင်ဖြေလိုက်သည်။

"အဲဒီကိစ္စကို အစ်ကိုကြီးကိုပဲ မေးကြည့်ပါ ကျွန်မ ပြောလို့မရပါဘူး"

"ဒီကောင်မလေး အိမ်ထောင်တောင် မကျသေးဘူး ပြင်ပလူဘက်က ပါနေပြီပေါ့လေ"

လင်ရှီယွင် စိတ်မရှည်သလို ပြောလိုက်သည်။

"အိမ်ထောင်ကျ" ဆိုတဲ့ စကားလုံးကြားတော့ လင်ယုယန် ရှက်သွေးဖြာစွာ ခေါင်းငုံ့သွားပြီး မကြာခင်မှာပဲ ချိုသာစွာ ပြုံးရင်း ခေါင်းပြန်မော့လာသည်။

"အစ်ကိုကြီးရဲ့ ရန်သူက ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကတော့ အမြဲတမ်း အစ်ကိုကြီးဘက်ကပဲ ရပ်တည်နေမှာပါ ဟီးဟီး"

{ကယ်လို့ မရတော့ဘူး}

သူတို့ စကားပြောနေစဉ်မှာပဲ ကျန်းပေရန်သည် အနက်ရောင် ဘုရင် ၁၄ ယောက်၏ အလောင်းကိစ္စကို ဖြေရှင်းပြီး ပြန်ရောက်လာသည်။

ရေခဲပိုး လက်အိတ်ကို ချွတ်လိုက်ရင်း ကျန်းပေရန် ခုနစ်လေးကို ကြည့်လိုက်သည်။

"ပြန်ရောက်ရင် မင်းသူငယ်ချင်းကို ကြက်သွေးရောင်နေမင်းဂိုဏ်းမှာ တပည့်တွေ ပျောက်ဆုံးတာ ရှိမရှိ စုံစမ်းခိုင်းလိုက်ဦး"

ခုနစ်လေး ပြန်ဖြေဖို့ ပြင်လိုက်ချိန်မှာပဲ အစ်ကိုကြီးဝမ် ရုတ်တရက် ခေါင်းခါလိုက်သည်။

"ထားလိုက်တော့"

ထို့နောက် လင်ယုယန်ဘက် လှည့်ကာ ပြောလိုက်သည်။

"စုံစမ်းရေးကိစ္စကို သူနဲ့ ပေါင်းလုပ်လိုက် သူက ငွေထုတ်ပေးမယ် မင်းက လူရွေးပေး သေချာ လုပ်နော်"

"ဟုတ်ကဲ့ပါ"

ခုနစ်လေး လေးလေးစားစား ပြန်ဖြေလိုက်သော်လည်း ရင်ထဲတွင် နက်ရှိုင်းသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။

စောစောက စကားဝိုင်းအရ သူ့သတင်းအချက်အလက်တွေ မှားယွင်းနေမှန်း သူ သိလိုက်သည်။

အချိန်အလုအယက်ကြောင့် ဆိုပေမယ့် လူကြီးလူကောင်းတွေအတွက် အလုပ်လုပ်ပေးရတဲ့အခါ ဘယ်သူကမှ လုပ်ငန်းစဉ် ဘယ်လောက်ခက်ခဲလဲ ဆိုတာ စိတ်မဝင်စားကြဘူး ရလဒ် မှားရင် မှားတာပဲ။

ဒီအခွင့်အရေးကို တန်ဖိုးထားတဲ့ ခုနစ်လေးလို လူတစ်ယောက်အတွက် အစ်ကိုကြီးဝမ်ကို စိတ်ပျက်စေလိုက်တာက အဆိုးရွားဆုံး ရလဒ်ပင်။

သူ့ကိုယ်သူ အပြစ်တင်စိတ်တွေ မွန်းကြပ်နေစဉ်မှာပင် လင်ရှီယွင် မတ်တပ်ထရပ်ပြီး ကျန်းပေရန်ကို ဦးညွှတ်လိုက်သည်။

"ဒီတစ်ခါ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူငယ်သူရဲကောင်း ရှင်က ကျွန်မအသက်ကို ကယ်ပေးခဲ့တာပါ ဒီကျေးဇူးကြွေးကို တစ်နေ့ ပြန်ဆပ်ပါ့မယ်"

သူမ စကားဆုံးသည်နှင့် ကျန်းပေရန် ရှေ့တွင် ရွေးချယ်မှု သုံးခု ပေါ်လာသည်။

[ရွေးချယ်မှု ၁ - "မိန်းကလေးလင် ဒဏ်ရာရသွားသေးလား"

ဆုလာဘ် - ကြည်လင်တောက်ပသော မြေအောက်ကမ္ဘာ အစီအရင် ပုံကားချပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - "ဒါက အသေးအဖွဲပါ မိန်းကလေးလင် အားနာစရာ မလိုပါဘူး"

ဆုလာဘ် - ကြယ်ရှစ်ပွင့် သရဲအင်အား (အနက်ရောင်အဆင့်၊ အဆင့်မြင့်)]

[ရွေးချယ်မှု ၃ - "တစ်နေ့ကျမှဆိုတာ စောင့်စရာ မလိုပါဘူး ကျေးဇူးဆပ်ချင်ရင် အခုပဲ ဆပ်လိုက်ပါလား"

ဆုလာဘ် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

တတိယ ရွေးချယ်မှုကို မြင်လိုက်ရတဲ့အခါ ကျန်းပေရန် ခါးတောင် နာချင်သွားသည်။

စနစ်က နေ့တိုင်း ပိုပြီး သံသယ ဝင်စရာ ကောင်းလာတာကို သတိထားမိပေမယ့် သူ အပြုံးဖြင့် တတိယ ရွေးချယ်မှုကို ရွေးလိုက်သည်။

"တစ်နေ့ကျမှဆိုတာ စောင့်စရာ မလိုပါဘူး ကျေးဇူးဆပ်ချင်ရင် အခုပဲ ဆပ်လိုက်ပါလား"

[ရွေးချယ်မှု တာဝန် ပြီးဆုံးပါပြီ။

ဆုလာဘ် - ဆွဲဆောင်မှု +၁]

{ကျွတ် ဒါကြီးပဲလား}

အရည်အချင်းသစ်တွေ အားလုံးထဲမှာ "ဆွဲဆောင်မှု" က သူ့ကို စိတ်အပူရဆုံးပဲ ဒါက ပြဿနာနဲ့ ထပ်တူကျနေသလို ခံစားရတယ်။

တကယ်လို့များ ကောင်းကင်ဘုံ လမ်းစဉ်ကြီး ကိုယ်တိုင်ကတောင် သူ့ကို ကြွေသွားလောက်တဲ့အထိ မြင့်တက်သွားရင်တော့ တစ်မျိုးပေါ့။

ဒါပေမဲ့ အဲဒီဖြစ်နိုင်ခြေက အရမ်း နည်းပါးလွန်းတယ်။

သူ့အဖြေကို ကြားလိုက်ရတဲ့အခါ လင်ရှီယွင် ကြက်သေ သေသွားသည်။

သိုင်းလောကထဲ ကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘယ်သူကမှ သူမကို ဒီလိုပုံစံမျိုး မပြောဖူးခဲ့ဘူး။

ပြောရရင် ဘယ်သာမန်လူကမှ မပြောရဲဘူး။

သို့သော် သူမ၏ အသက်သခင် ဖြစ်နေသဖြင့် သူမ ခေါင်းညိတ်ဖို့ ကြိုးစားလိုက်သည်။

"လူငယ်သူရဲကောင်းက ဘယ်လို ဆုလာဘ်မျိုး လိုချင်တာလဲ ကျွန်မ တတ်နိုင်တဲ့ ကိစ္စဆိုရင် ဘာမဆို လုပ်ပေးပါ့မယ်"

ချက်ချင်းပင် နောက်ထပ် ရွေးချယ်စရာ သုံးခု ထပ်ပေါ်လာသည်။

[ရွေးချယ်မှု ၁ - "ကျွန်တော် ပုံစံနှစ်မျိုး လျှို့ဝှက် အမွေးအတောင် လိုချင်တယ်"

ဆုလာဘ် - မီးတောက်ပြာ ရတနာကျမ်း (မြေကမ္ဘာအဆင့်၊ အလယ်အလတ်)]

[ရွေးချယ်မှု ၂ - "မိန်းကလေးလင် ဧကရာဇ် ဂူ အကြောင်း သိလား"

ဆုလာဘ် - နတ်ဆိုးသတ် ရတနာလက်စွဲ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၃ - "ကျွန်တော့်ဘေးနားမှာ ခဏလောက် နေပေးပါ ကျွန်တော် ခင်ဗျားကို စောင့်ကြည့်ချင်လို့"

ဆုလာဘ် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

{ပုံစံနှစ်မျိုး လျှို့ဝှက် အမွေးအတောင် ဟုတ်လား ဧကရာဇ် ဂူ ဟုတ်လား စနစ်ရေ မင်း တော်တော်လေး အရိပ်အမြွက် ပြနေပါလား}

ရုတ်တရက် ကျန်းပေရန် သဘောပေါက်သွားသည်မှာ စနစ်က သူ့ကို ဘာကြောင့် ဝင်ပါစေချင်လဲ ဆိုတာပါပဲ အဓိက မစ်ရှင်တွေအတွက် လိုအပ်တဲ့ ပစ္စည်းနှစ်ခုက လင်ရှီယွင်နဲ့ ဆက်စပ်နေတာကိုး။

ဒါပေမဲ့ ရွေးချယ်စရာတွေ အရဆိုရင် သူမကို တိုက်ရိုက် တောင်းဆိုလိုက်တာက ကြီးမားတဲ့ ပြဿနာ ဖြစ်စေလိမ့်မယ်။

ဒါက သေချာ စီစဉ်ဖို့ လိုတယ်။

...

သူ တတိယ ရွေးချယ်မှုကို ရွေးဖို့ ပြင်လိုက်ချိန်မှာပဲ မျက်မှောင်ကြုတ်သွားသည်။

{သောက်ကျိုးနည်း}

ဒီနှစ်ခု အပါအဝင် ဖီးနစ်နှစ်ကောင်မြို့ ရောက်တုန်းကနဲ့ လမ်းခရီးမှာ ပေါ်လာတာတွေ ပေါင်းလိုက်ရင် ဒီနေ့ ရွေးချယ်မှု ၁၃ ခုတောင် ရှိနေပြီ ဘေးကင်းတဲ့ ကန့်သတ်ချက်နဲ့ အရမ်း နီးကပ်နေပြီ။

ကိုယ့်ကိုယ်ကို အတင်း တည်ငြိမ်အောင် လုပ်ရင်း ကျန်းပေရန် စနစ်၏ ရည်ရွယ်ချက်ကို ပြန်သုံးသပ်လိုက်သည်။

ဒီကနေ စပြီး စကားပြောတဲ့ အပိုင်းကို သူကိုယ်တိုင် ကိုင်တွယ်ရတော့မယ် နောက်ထပ် ရွေးချယ်စရာတွေ ထပ်ပေါ်လာရင် ကပ်ဘေး ဆိုက်လိမ့်မယ်။

ခဏလောက် စဉ်းစားပြီးနောက် သူ တတိယ ရွေးချယ်မှုကို ရွေးလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့်ဘေးနားမှာ ခဏလောက် နေပေးပါ ကျွန်တော် ခင်ဗျားကို စောင့်ကြည့်ချင်လို့"

[ရွေးချယ်မှု တာဝန် ပြီးဆုံးပါပြီ။

ဆုလာဘ် - သစ်သီး ဝိုင်ဖောက်ခြင်း +၁]

ဒီအဖြေက လင်ရှီယွင်ကို နောက်တစ်ကြိမ် ကြက်သေ သေသွားစေသလို သူမဘေးနားမှာလည်း ပြင်းထန်သော လူသတ်ငွေ့များ စုဝေးလာသည်။

သဝန်တိုနေသော ကောင်မလေးကို လျစ်လျူရှုလိုက်ရင်း ကျန်းပေရန် ရှင်းပြလိုက်သည်။

"အစီအစဉ်တွေက အပြောင်းအလဲတွေကို မမီနိုင်ပါဘူး ကျွန်တော်က လင်ယုယန်ကို ကူညီပြီး ခင်ဗျား ဘယ်မှာရှိလဲ ရှာပေးမယ်လို့ပဲ ကတိပေးခဲ့တာပါ ဒါပေမဲ့ အခုတော့ ရည်ရွယ်ထားတာထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မိသွားပြီ ပြီးတော့ ခင်ဗျားက မမြင်သင့်တာတွေကို မြင်သွားခဲ့ပြီ ဒါကြောင့် ဒီကိစ္စ ပြင်ပကို မပေါက်ကြားအောင်လို့ ကျွန်တော့်ဘေးနားမှာ ခဏလောက် နေပေးဖို့ တောင်းဆိုရတာပါ"

"မမြင်သင့်တာတွေ ဟုတ်လား"

လင်ရှီယွင် ခဏလောက် စဉ်းစားပြီးနောက် သဘောပေါက်သွားသည်။

"ခုနတုန်းက ရှင် ခန္ဓာကိုယ် စွမ်းအား သက်သက်နဲ့ တိုက်ခိုက်လိုက်တာကို ပြောတာလား"

"အကြောင်းကြောင်းကြောင့် ကျွန်တော့်ရဲ့ အစစ်အမှန် အင်အားကို လူတွေ အများကြီး မသိစေချင်ဘူး ခင်ဗျား လျှို့ဝှက်ချက် ထိန်းနိုင်မယ်လို့ ကျွန်တော် စိတ်မချမချင်း ခင်ဗျားကို လွှတ်ပေးလို့ မရသေးပါဘူး"

အခြေအနေကို နားလည်သွားသည့် လင်ရှီယွင် စိတ်သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်သည်။

"သဘောပေါက်ပါပြီ ပြဿနာ မရှိပါဘူး ရှင်က ကျွန်မကို ကယ်ဖို့အတွက်နဲ့ ရှင့်ရဲ့ အင်အားကို ထုတ်ပြလိုက်ရတာဆိုတော့ ကျွန်မ ပူးပေါင်းဆောင်ရွက်ပါ့မယ်"

တစ်ချိန်တည်းမှာပင် လင်ယုယန်ထံမှ လူသတ်ငွေ့များ ပျောက်ကွယ်သွားသည် ဒါက တကယ်ပဲ အစ်ကိုကြီးရဲ့ အကျင့်စရိုက်မှန်း သူမ သိလိုက်တာကိုး။

"နားလည်ပေးတဲ့အတွက် ကျေးဇူးပါ မိန်းကလေးလင် ဒါဆိုရင် ဒီနေ့ ဒီမှာပဲ နားပြီး မနက်ဖြန်မှ ပြန်ကြတာပေါ့"

"ဘာလို့လဲ ကျွန်မ ငါးလီလျှို တစ်ခုလုံးကို စူးစမ်းပြီးပြီ ဒီမှာ လျှို့ဝှက်နယ်မြေ မရှိဘူး ကျွန်မတို့..."

"မိန်းကလေးလင်"

ကျန်းပေရန် ခပ်ဖျော့ဖျော့ ပြုံးရင်း ဖြတ်ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော့်အဖွဲ့ထဲ ရောက်နေပြီဆိုတော့ သိထားသင့်တဲ့ စည်းကမ်းတစ်ခု ရှိတယ် ကျွန်တော့်အဖွဲ့ထဲမှာ နာခံမှုပဲ ရှိရမယ် ဘာကြောင့်လဲ ဆိုပြီး မေးခွန်းထုတ်ခွင့် မရှိဘူး"

{သူ ငါ့အသက်ကို ကယ်ခဲ့တာ သူ ငါ့အသက်ကို ကယ်ခဲ့တာ သူ ငါ့အသက်ကို ကယ်ခဲ့တာ}

ဒီလူက ထူးဆန်းတဲ့ လူတစ်ယောက်မှန်း သိလိုက်သဖြင့် လင်ရှီယွင် မငြင်းခုံမိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။

အချစ်စိတ်မွှန်နေသော တူမဖြစ်သူ၏ မျက်နှာကို လှမ်းကြည့်ရင်း သူမ တွေးလိုက်သည်။

{ဒီကောင်မလေး သူ့လက်ချက်နဲ့ လမ်းမှားရောက်နေပြီ ထင်တယ်}

လင်ရှီယွင် စိတ်ညစ်နေချိန်တွင် ခုနစ်လေးကတော့ ပျော်ရွှင်နေသည်။

အစ်ကိုကြီးဝမ်က သူ့အင်အားကို "ပြင်ပလူ" တွေကို မသိစေချင်ဘူး လို့ ပြောလိုက်တာက ဘာအဓိပ္ပာယ်လဲ။

ဆိုလိုတာက သူက "အတွင်းလူ" ကိုယ့်လူ ဖြစ်သွားပြီ ဆိုတဲ့ သဘောပဲ

စောစောတုန်းက အလုပ်တာဝန် မအောင်မြင်ခဲ့လို့ အစ်ကိုကြီးဝမ် သူ့ကို မောင်းထုတ်မလားလို့ စိုးရိမ်နေခဲ့တာ။

အခုတော့ လက်ခံလိုက်ပြီနဲ့ တူတယ်။

{အဆိပ်မိခံလိုက်ရတာ တန်လိုက်တာကွာ}

နောက်ထပ် ရွေးချယ်မှုတွေ မပေါ်လာစေရန် ကျန်းပေရန်က ကျန်သူများကို အတိုချုံး ပြောလိုက်သည်။

"ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးတယ် ဒီနေရာမှာပဲ စခန်းချလိုက်ကြ"

"ဟုတ်ကဲ့ပါ"

လင်ယုယန် နှင့် ခုနစ်လေးတို့ ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

လင်ရှီယွင် အနည်းငယ် တွန့်ဆုတ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။

ကျန်းပေရန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်ရှီယွင် တူမဖြစ်သူကို မေးလိုက်သည်။

"သူက အမြဲတမ်း ဒီလိုပဲလား"

လင်ယုယန် ပြုံးရင်း ခေါင်းညိတ်ပြသည်။

"သူ အရမ်း ခန့်ညားတယ် မဟုတ်လား"

"..."

တူမဖြစ်သူနဲ့ ပြောမရမှန်း သိလိုက်တဲ့ လင်ရှီယွင် ခုနစ်လေးဘက် လှည့်လိုက်သည်။

"မင်းရဲ့ အစ်ကိုကြီးက..."

"ကျွန်တော် မမတို့နှစ်ယောက်အတွက် အစားအသောက် သွားပြင်ဆင်လိုက်ဦးမယ်"

ခုနစ်လေး ပြောပြီးသည်နှင့် ချက်ချင်း ထွက်ပြေးသွားသည်။

"ငါ..."

ပြောစရာ စကားမဲ့သွားသော လင်ရှီယွင် သက်ပြင်းချလိုက်သည်။

"ကျားတွင်းထဲက လွတ်ကာရှိသေး ဝံပုလွေ အသိုက်ထဲ ရောက်လာပါပေါ့လား"

...

နောက်တစ်နေ့ မနက်ခင်းတွင် စနစ် ရွေးချယ်မှုများ ပြန်လည် ပြည့်ဖြိုးလာသဖြင့် ကျန်းပေရန် လုံးဝ စိတ်လက်ပေါ့ပါးသွားသည်။

အကြောဆန့်လိုက်ရင်း ရှန့်တိုင်းပြည်ကို ပြန်ဖို့ စတင်စီစဉ်လိုက်သည်။

ချီတိုင်းပြည်မှာ ရွေးချယ်မှုတွေ ပေါ်လာတာက စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် မတည်ငြိမ်မှုက အရမ်း များလွန်းတယ်။

တည်ငြိမ်မှုကို အရာရာထက် တန်ဖိုးထားသူ တစ်ယောက်အနေနဲ့ ဖုန်းအား ၁ ရာခိုင်နှုန်းနဲ့ အလုပ်လုပ်နေရသလို ခံစားချက်မျိုးကို သူ မုန်းတယ်။

အခုထိ ထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ် ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ ရှန့်တိုင်းပြည်ကို ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူး။

ခဏလောက် စဉ်းစားပြီးနောက် ကျန်းပေရန်သည် လင်ယုယန်တို့ စခန်းချရာနေရာသို့ ပြန်လျှောက်လာခဲ့သည်။

အဝေးကနေ ဆန်ပြုတ်နံ့သင်းသင်းလေး ရနေသည်။

"အစ်ကိုကြီးဝမ် ပြန်ရောက်ပြီလား"

ချက်ပြုတ်ဖို့ အလုပ်ရှုပ်နေသော ခုနစ်လေးက သူ့ကို လက်လှမ်းပြသည်။

ဖြည်းဖြည်းချင်း လျှောက်သွားရင်း ကျန်းပေရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒူးထောက်ထိုင်ချကာ အိုးထဲမှ ဆန်ပြုတ်တစ်ခွက် ခပ်လိုက်သည်။

"အစ်ကိုကြီးဝမ် မြည်းစမ်းကြည့်ဖို့ ဟင်းရံတွေ ရှိသေးတယ်"

ရတနာတွေကို ပြသသလိုမျိုး ခုနစ်လေးက သူ့ဝတ်ရုံထဲမှ အိုးငယ်လေးတွေကို ထုတ်ပြလိုက်သည်။

"ဒါက ရတနာရှစ်ပါး ချိန် ရဲ့ မုန်လာဥချဉ် ပဲပုပ်ချဉ် ဝူလဲ့ရွှမ် ရဲ့ သခွားသီးချဉ် ပြီးတော့..."

"မလိုပါဘူး"

ကျန်းပေရန် လက်ကာပြလိုက်ပြီး ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်သည်။

နှုတ်ခမ်းသပ်လိုက်ရင်း သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"လက်ရာ ကောင်းသားပဲ ဆန်ပြုတ်က မွှေးပြီး အရမ်းမပျစ် အရမ်းမကျဲဘူး"

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးဝမ်"

ခုနစ်လေး ပျော်ရွှင်စွာ ဦးညွှတ်လိုက်သည်။

"တခြား ဟင်းတွေကော ချက်တတ်လား"

"ချက်တတ်ပါတယ် ချက်တတ်ပါတယ်"

ခုနစ်လေး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က ငယ်ငယ်ကတည်းက မီးဖိုချောင်နား ကပ်နေရတာ ကြိုက်တာလေ သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဆိုင်က ဒေသအနှံ့က ဧည့်သည်တွေကို ဝန်ဆောင်မှု ပေးရတာဆိုတော့ မီးဖိုချောင်က ဟင်းပွဲစုံ လုပ်ရတယ် ကျွန်တော်လည်း ဟိုနားတစ်စ ဒီနားတစ်စ သင်ထားတာပါ"

"ကောင်းတယ် နောက်တစ်နပ် မင်းပဲ ချက်လိုက် ငါ မြည်းကြည့်မယ်"

"ဟုတ်ကဲ့ ကောင်းကောင်း ပြင်ဆင်ထားပါ့မယ်"

ခုနစ်လေးကို သူ့ဆန်ပြုတ်နဲ့ ထားခဲ့ပြီး ကျန်းပေရန် နောက်ထပ် တစ်ခွက်ထပ်ခပ်ကာ ဆံပင်ဖြီးနေသော လင်ရှီယွင် အနောက်သို့ လျှောက်သွားလိုက်သည်။

"မိန်းကလေးလင် မနေ့က ကျွန်တော် နည်းနည်း လစ်ဟင်းသွားပါတယ် ခွင့်လွှတ်ပေးပါ ဆန်ပြုတ် သောက်မလား"

သူ ကမ်းပေးသော ဆန်ပြုတ်ကို ကြည့်ရင်း တကယ်တမ်း စိတ်မဆိုးခဲ့သော လင်ရှီယွင် ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။

"ဗိုက်ဆာနေတာနဲ့ အတော်ပဲ ကျေးဇူးတင်ပါတယ်"

သို့သော် သူမ စကားဆုံးသည်နှင့် အနီးနားမှ နောက်ထပ် လူသတ်ငွေ့ လှိုင်းလုံးတစ်ခု ဖြတ်သန်းလာသည်ကို ခံစားလိုက်ရသည်။

All Chapters