ဆွေးနွေးခြင်း
Vol. 42 Ch. 578
ထန်းရှောင်ယန့်မှ ဝင်ရောက်ဖြန်ဖြေပြီးသည့်နောက် ဇူယွမ်နှင့် ဖန့်ယောင်တို့အကြားရှိ တင်းမာမှုမှာ အနည်းငယ် လျော့ကျသွားရသည်။ ထို့နောက် ၎င်းတို့သုံးဦးမှာ တပည့်အချို့အားခေါ်ဆောင်လျက် တောင်ထိပ်ပေါ်တွင် ဆွေးနွေးတိုင်ပင်ခြင်းများ စတင်ပြုလုပ်လိုက်ကြသည်။
"ဒီနေရာမှာ ဆုံစည်းရတာ ကံတရားကြောင့်ပဲလို့ ကျွန်မထင်တယ်။"
ထန်းရှောင်ယန့်မှ ဇူယွမ်နှင့်ဖန့်ယောင်အားကြည့်ကာ ပြုံး၍စကားဆိုလိုက်သည်။ "ရောင်စဉ်ခြောက်သွယ်ရတနာက အရမ်းကို တန်ဖိုးရှိတဲ့ ရှားပါးရတနာဆိုပေမယ့် ဒီနေရာမှာ မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒါကို ရှင်တို့နှစ်ယောက်လည်း သိနေမှာပါ။"
ဇူယွမ်နှင့် ဖန့်ယောင်တို့မှ ခေါင်းညိတ်ပြလိုက်ကြသည်။ အခြားအရာများကို မဆိုထားနှင့် ဤပတ်ဝန်းကျင်ရှိ ရောင်စဉ်ခြယ်မှုန်းထားသကဲ့သို့ဖြစ်နေသော မြူမှုန်များသည်ပင်လျှင် စိတ်ဝိဉာဉ်စွမ်းအင်များအား ပိတ်ဆို့ထားစေနိုင်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်မြေပြင်အနေအထားအရ အလွန်ပင် အန္တရာယ်များလှ၏။
"မြူတွေက အရမ်းအန္တရာယ်များတယ်ဆိုပေမယ့် ကျွန်မတို့အတွက် ကံကောင်းတာက တဖြည်းဖြည်းနဲ့ မြူတွေလျော့ကျနေတာပဲ။"
ထန်းရှောင်ယန့်မှ ခပ်ဖွဖွပြုံးကာ ဆက်လက်ပြောဆိုလိုက်သည်။ "ဒီနှုန်းအတိုင်းသာဆိုရင် ရောင်စဉ်ခြောက်သွယ်ရတနာရှိတဲ့နေရာကို နောက်သုံးရက်လောက်ဆို ဝင်လို့ရပြီ။"
သူမသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဇူယွမ်နှင့် ဖန့်ယောင်အားကြည့်ကာ မေးလိုက်သည်။ "ရှင်တို့ ဒီသတင်းအချက်အလက်ကို ဘယ်ကရခဲ့တာလဲဆိုတာ ကျွန်မမေးလို့ရမလား။"
ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "မိုးကြိုးတံခါးဝကလန်က တပည့်ခေါင်းဆောင်တစ်ယောက်က ကျွန်တော်တို့ဆီက ရှန်းဟွချန်ယင်းအဆီအနှစ်တွေ လာလုချင်တာလေ။ ဒါပေမယ့် ကျွန်တော့လက်ထဲမှာပဲ အဆုံးသတ်သွားရတာ။ အဲ့ဒါကြောင့် သူက သူ့အသက်နဲ့ ရောင်စဉ်ခြောက်သွယ်ရတနာတည်နေရာကို အလဲအလှယ်လုပ်ခဲ့တာ။"
ဖန့်ယောင်မှာလည်း တည်ငြိမ်သော အမူအရာဖြင့်ပင် စကားဆိုလိုက်သည်။ "ငါတို့လည်း မိုးကြိုးတံခါးဝကလန်က အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ခဲ့တာ။ သူတို့က အရမ်းအလျင်လိုနေတဲ့ပုံပေါက်လို့ ငါတို့က စစ်ဆေးမေးမြန်းလိုက်တာ။ နောက်ဆုံးတော့လည်း ဒီသတင်းအချက်အလက်ကို ရခဲ့တာပဲ။"
သူသည် ခေတ္တမျှ စကားစဖြတ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ပြီးတော့ သူတို့အားလုံးကို သတ်ပစ်လိုက်တယ်လေ။"
ထန်းရှောင်ယန့်မှာ သူမ၏နှုတ်ခမ်းသားလေးအား ခပ်ဖွဖွဖိကိုက်လိုက်ပြီးနောက် ပြုံးယောင်သမ်းရင်းဖြင့် စကားဆိုလိုက်သည်။ "ကျွန်မတို့လည်း မိုးကြိုးတံခါးဝကလန်က တပည့်တွေနဲ့ တွေ့ခဲ့တာပဲ။ အဲ့ကလန်က ယောက်ျားလေးတချို့ ကျွန်မတို့ရဲ့ ဂျူနီယာညီမတော်တွေနောက်ကို အတင်းလိုက်လာတာလေ။ အဲ့လိုနဲ့ နောက်ဆုံးတော့လည်း သူတို့ဆီကနေပဲ ဒီသတင်းအချက်အလက်ကို ရခဲ့တာ။"
ဖန့်ယောင်နှင့် ထန်းရှောင်ယန့်တို့၏ စကားအား ကြားလိုက်ရပြီးနောက် ဇူယွမ်မှာ ကျင်ကျန်းနှင့် အကြည့်ချင်းဖလှယ်မိလိုက်ကြသည်။ ၎င်းတို့နှစ်ဦးလုံးမှာ ရောင်စဉ်ခြောက်သွယ်ရတနာတည်နေရာအား သိရှိထားပါသော်လည်း သွားရောက်ခြင်းမပြုနိုင်ကြသော မိုးကြိုးတံခါးဝကလန်အား သနားစိတ်ပင် ဖြစ်မိကြသည်။
"ကျွန်မတို့ တွေ့ခဲ့ရတဲ့တပည့်က မိုးကြိုးတံခါးဝကလန်မှာ တော်တော်မြင့်တဲ့ထဲပါတယ်။ အဲ့ဒါကြောင့် ရှင်တို့နှစ်ယောက်ရခဲ့တဲ့ သတင်းအချက်အလက်တွေထက် ကျွန်မတို့ရထားတဲ့ဟာက နည်းနည်းပိုပြီးတိကျတယ်။"
"ဒီတောင်တန်းတွေထဲက တောအုပ်ထဲမှာ ခြောက်ရောင်စဉ်ကန်လို့ခေါ်တဲ့ ရေကန်တစ်ခု ရှိတယ်။ အဲ့ကန်ထဲကရေတွေက သန့်စင်ပြီးသား ရှန်းဟွချန်ယင်းအဆီအနှစ်တွေပဲ။ အဲ့ရေတွေကို ယူလိုက်တာနဲ့ ရောင်စဉ်ခြောက်သွယ်ရတနာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။"
"ဘယ်လိုပဲဖြစ်ဖြစ် ရေကန်ထဲကနေ ပြင်းထန်တဲ့တွန်းကန်အားတစ်ခုကို ထုတ်လွှတ်နေတာတော့ ရှင်တို့လည်း သိလောက်မှာပါ။ ရောင်စဉ်လေးသွယ်ရတနာသာမရှိရင် အဲ့ကိုသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။" ထန်းရှောင်ယန့်မှ ဇူယွမ်နှင့်ဖန့်ယောင်အားကြည့်ကာ ဆက်လက်စကားဆိုလိုက်သည်။ "ကျွန်မသိချင်တာက ရှင်တို့နှစ်ယောက်လုံးမှာ ရောင်စဉ်လေးသွယ်ရတနာရှိနေပြီလားဆိုတာပါ။"
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ရောင်စဥ်သုံးသွယ်ရတနာသည် ရောင်စဉ်လေးသွယ်အဆင့်သို့ တက်ရောက်သွားသောကြောင့်သာ ဤနေရာသို့ အလောတကြီး ရောက်လာရခြင်းပင် ဖြစ်သည်။
ဖန့်ယောင်မှလည်း တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"အဲ့ဒါဆိုရင်အခုက အဓိကပြဿနာအကြောင်း ပြောရမယ့်အချိန်ပဲ။ အဲ့ရေကန်နားမှာ ရေကန်ကို စောင့်ရှောက်နေတဲ့ မူလသားရဲကြီးတစ်ကောင်ရှိတယ်လို့ သိရတယ်။ အဲ့သားရဲကြီးက အကိုတော်ဖန့်ယောင်တောင် နိုင်မှာမဟုတ်လောက်ဘူးတဲ့။" ထန်းရှောင်ယန့်မှ စကားဆိုလိုက်သည်။
ဖန့်ယောင်မှ မျက်မှောက်ကျုံ့ကာ ပြောလိုက်သည်။ "အဲ့နေရာကို စောင့်ရှောက်နေတာ ဘယ်လိုမူလသားရဲမျိုးမို့လို့လဲ။ ပြီးတော့ ဘယ်လောက်သန်မာလဲ။"
ထန်းရှောင်ယန့်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်မ မသိဘူး။ မိုးကြိုးတံခါးဝကလန်ကနေ ကျွန်မတို့ ရခဲ့သမျှ သတင်းအချက်အလက်တွေကတော့ ဒါအကုန်ပဲ။ "
"အခုအခြေအနေအရတော့ အဲ့အစောင့်အရှောက်သားရဲကို အရင်ရှင်းပစ်ရမယ့်သဘောမှာရှိတယ်။ အဲ့ဒီတော့ ကျွန်မတို့အုပ်စုသုံးခုလုံး အတူတူပူးပေါင်းပြီး အလုပ်လုပ်ကြရအောင်။"
ဖန့်ယောင်မှ မေးမြန်းလိုက်သည်။ "ရောင်စဉ်ခြောက်သွယ်ရေကန်ကိုရော ငါတို့ဘယ်လို ဝေစုခွဲကြမှာလဲ။"
"စီနီယာအကိုတော် ဖန့်ယောင်ကရော ဘယ်လိုခွဲချင်လဲ။" ထန်းရှောင်ယန့်မှ ပြန်လည်မေးမြန်းလိုက်သည်။
ဖန့်ယောင်မှ ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ပြောလိုက်သည်။ "အလှပန်းတစ်ရာနန်းတော်နဲ့ ငါတို့မြင့်မြတ်သောနန်းတော်က လေးဆယ်ရာခိုင်နှုန်းစီ ယူကြမယ်။ ကန်ရွှမ်းကလန်ကတော့ နှစ်ဆယ်ရာခိုင်နှုန်းလောက် ရမယ်။"
ဇူယွမ်မှာ မည်သည့်စကားမှ မဆိုပါသော်လည်း ကျင်ကျန်းမှ ဒေါသထွက်စွာဖြင့် ပြောလိုက်၏။ "ငါတို့ကို ဘာထင်နေတာလဲ။"
ထန်းရှောင်ယန့်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "ကန်ရွှမ်းကလန်ကလူတွေကလည်း ကျွန်မတို့နည်းတူ ပင်ပန်းရမှာလေ။ ဒီလိုဝေစုကတော့ သိပ်မမျှတဘူးလားလို့။"
လေးဆယ်ရာခိုင်နှုန်းဟူသော ဝေစုမှာ မက်မောလောက်စရာ ဖြစ်နေပါသော်လည်း ထန်းရှောင်ယန့်မှာ ကန်ရွှမ်းကလန်နှင့်လည်း မျက်နှာပျက်စရာ မဖြစ်စေရန်အတွက် ဝင်ရောက်ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သူမကိုယ်တိုင်မှာလည်း ဖန့်ယောင်အပေါ် အပြည့်အဝ ယုံကြည်ခြင်းမရှိပေ။
ဇူယွမ်မှာ ထန်းရှောင်ယန့်အားကြည့်၍ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "မင်းတို့ အလှပန်းတစ်ရာနန်းတော်နဲ့ ငါတို့ကန်ရွှမ်းကလန်က လေးဆယ့်ငါးရာခိုင်နှုန်းစီ ယူကြမယ်လေ။ မြင့်မြတ်သောနန်းတော်ကိုတော့ ဆယ်ရာခိုင်နှုန်းပဲ ပေးကြတာပေါ့။"
"မင်းသေချင်နေတာလား။" ဖန့်ယောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
ထန်းရှောင်ယန့်မှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီးနောက် ညင်သာစွာ စကားဆိုလိုက်သည်။ "ကျွန်မတို့အားလုံးမှာ မတူတဲ့အမြင်တွေ ရှိနေတယ်ဆိုမှတော့ လောလောဆယ် ဝေစုကိစ္စကို ခဏဘေးဖယ်ထားလိုက်ရအောင်။ အရင်ဆုံး အဲ့ရေကန်မှာရှိနေတဲ့ သားရဲကို သတ်ဖို့အတွက်ပဲ အာရုံစိုက်ကြမယ်လေ။"
ဇူယွမ်နှင့် ဖန့်ယောင်နှစ်ဦးစလုံးမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်ကြသည်။ ယခုအချိန်တွင် အရေးကြီးသောအရာကိုသာ ဦးစားပေးသင့်၏။
"ဒီမြူတွေ လျော့ကျလာပြီဆိုတာနဲ့ ကျွန်မတို့ စပြီးလှုပ်ရှားကြမယ်။"
အုပ်စုသုံးခုလုံးမှာ ဆွေးနွေးတိုင်ပင်ခြင်းများ ပြီးဆုံးသွားပြီးသည့်နောက် ဖန့်ယောင်မှာ ဇူယွမ်အား အေးစက်ခက်ထန်စွာကြည့်လျက် ထွက်ခွာသွားတော့သည်။
ဇူယွမ်မှာလည်း ထန်းရှောင်ယန့်အား အရိုအသေပြု နှုတ်ဆက်လိုက်ပြီးနောက် လုလျိုအားပြုံးပြကာ ထွက်ခွာသွားလေသည်။
၎င်းတို့နှစ်ဦးလုံး ထွက်ခွာသွားပြီးသည့်နောက် ကျောက်ရူမှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "ရှောင်ယန့် အကိုတော်ဖန့်ယောင်ရဲ့ ညှိနှိုင်းချက်က မဆိုးဘူးနော်။ လေးဆယ်ရာခိုင်နှုန်းဆိုတာ တော်တော်သင့်တော်တဲ့ပမာဏပဲ။"
လုလျိုမှ အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။ "ဇူယွမ်က ကျွန်မတို့ကို လေးဆယ့်ငါးရာခိုင်နှုန်းပေးမယ်ပြောတာလေ။"
ကျောက်ရူမှ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "နင်ကသူ့ကို ယုံနေတာလား။ အဲ့လိုညှိနှိုင်းနိုင်တဲ့ အရည်အချင်း သူ့မှာရှိမယ်ထင်နေလား။"
"ဘာလို့မယုံရမှာလဲ..ဟွန့်..." လုလျိုမှ စူပုတ်ကာ ပြောလိုက်သည်။
ထန်းရှောင်ယန့်မှ လက်အားဝေ့ယမ်းပြကာ နှစ်ဦးစလုံးအား တားဆီးလိုက်၏။
လုလျိုမှ ထန်းရှောင်ယန့်အားကြည့်ကာ မပျော်မရွှင်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ "စီနီယာအမတော် ရှောင်ယန့် ဖန့်ယောင်က တစ်ဖတ်သားကို စာနာတက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ လေးဆယ်ရာခိုင်နှုန်းလောက်နဲ့ သူ့လောဘကရပ်မှာမဟုတ်ဘူးဆိုတာ ကျွန်မခံစားမိနေတယ်။"
ထန်းရှောင်ယန့်မှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "ဇူယွမ်ကိုကြတော့ ယုံလို့ရတယ်ပေါ့။"
သူမသည် ဇူယွမ်ထွက်ခွာသွားသော အရပ်သို့မျှော်ကြည့်ကာ ဆက်လက်ပြောဆိုလိုက်သည်။ "ကောင်မလေး နင့်သူငယ်ချင်းကို ကြည့်ရတာလည်း ရည်မှန်းချက်ကြီးမယ့်ပုံမျိုးပါပဲနော်။"
အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းခဲ့စဉ်၌ ဇူယွမ်၏ ညှိနှိုင်းချက်အား သူမအမှန်တကယ် အံ့အားသင့်ခဲ့ရသည်။ ဖန့်ယောင်မှာ ထိုသို့ညှိနှိုင်းရန် စွမ်းရည်ရှိပါသော်လည်း ဇူယွမ်မှာမူ မိမိကိုယ်ကို အလွန်အမင်း ယုံကြည်လွန်းသည်ဟု ခံစားနေမိ၏။
"ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ငါတို့အရင်ဆုံး သားရဲကြီးကို သတ်ကြရမှာပဲဟာ။"
"ရောင်စဉ်ခြောက်သွယ်ရတနာကို ခွဲတမ်းချတာကတော့ တကယ်ကိုထပ်ပြီး စကားများကြရဦးမှာပဲ။ မတက်နိုင်ဘူး။"
"......."
အချိန်သုံးရက်မျှ ကုန်လွန်သွားပြီးနောက် တောင်တန်းတလျှောက် ဖုံးအုပ်ထားသော မြူခိုးများမှာ အတော်လေး လျော့ပါးလာပြီပင် ဖြစ်သည်။ အခြားကလန်များမှ တပည့်များမှာလည်း ဤနေရာသို့ စူးစမ်းလေ့လာလိုစိတ်ဖြင့် ရောက်ရှိလာကြ၏။
မြင့်မြတ်သောနန်းတော်၊ အလှပန်းတစ်ရာနန်းတော်နှင့် ကန်ရွှမ်းကလန်ကဲ့သို့သော အင်အားကြီးကလန်ကြီးသုံးခု စုဝေးရာနေရာတွင် တန်ဖိုးကြီးရတနာတစ်မျိုး ရှိနေလိမ့်မည်ဟု ခန့်မှန်းကာ ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။
ဇူယွမ်၊ ထန်းရှောင်ယန့်နှင့် ဖန့်ယောင်တို့မှာ အခြားကလန်များမှ တပည့်များအား မောင်းထုတ်ခြင်းမပြုပဲ နေခွင့်ပြုထားကြ၏။ တောအုပ်ထဲသို့ ဝင်ရောက်ပါက ၎င်းတို့ကို အသုံးပြုခြင်းဖြင့် မူလသားရဲများအား အာရုံလွှဲနိုင်မည်ပင် ဖြစ်သည်။
ဤသို့ဖြင့် လေးရက်မြောက်နေ့တွင် ကောင်းကင်ကြီးမှာ မြူမှုန်များ ကင်းစင်လျက် ကြည်လင်တောက်ပလာပြီပင် ဖြစ်သည်။
ဇူယွမ်၊ ထန်းရှောင်ယန့်နှင့် ဖန့်ယောင်တို့မှာ စိတ်ဝိဉာဉ်စွမ်းအင်များအား ဖြန့်ကျက်လျက် တောအုပ်အား စစ်ဆေးကြည့်ရှုလိုက်၏။
ထို့နောက် အကြည့်ချင်းဖလှယ်ကာ တောအုပ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြသည်။
ဝှစ်...ဝှစ်...
၎င်းတို့သုံးဦး ဝင်ရောက်သွားကြပြီးနောက် နောက်လိုက်တပည့်များမှာလည်း အလျင်အမြန်ပင် လိုက်ပါဝင်ရောက်သွားကြ၏။
ဝုန်း....
ဝှစ်....
စောင့်ဆိုင်းနေကြသော အခြားကလန်များမှ တပည့်များမှာလည်း ၎င်းတို့၏နောက်မှ အလုအယက် ပျံသန်းဝင်ရောက်လိုက်ကြသည်။
ဤသို့ဖြင့် ရောင်စဉ်ခြောက်သွယ်ရတနာ ရှာဖွေခြင်းခရီးစဉ်မှာ စတင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း။