လုံးဝ မထင်ထားခဲ့ဘူး
Vol. 24 Ch. 308
"ဒါ သစ်သား ဝိညာဉ် စွမ်းအင်ပဲ"
စကားပြောရင်း ကျန်းပေရန် လင်ယုယန်၏ နဖူးကို လက်ဝါးဖြင့် ဖိကပ်လိုက်သည်။
ဒါကို ကြားလိုက်ရတဲ့ လင်ရှီယွင် ချက်ချင်း တုံ့ပြန်လိုက်ပြီး နှလုံးသားကျင့်စဉ်ကို အမြန် လည်ပတ်ကာ အာရုံခံလိုက်သည်။
"တကယ်ပဲ သစ်သား ဝိညာဉ် စွမ်းအင် ပါလား ပြီးတော့ သန့်စင်လိုက်တာ"
ခွန်အား ပြည့်ဝသော အသက်ဓာတ်များ ခန္ဓာကိုယ်ထဲ စီးဆင်းသွားတာကို ခံစားလိုက်ရပြီး လင်ရှီယွင် မျက်နှာပေါ်တွင် ကြည်နူးမှု အပြည့် ပေါ်လာသည်။
ဝိညာဉ်သွေးကြော အသစ်က ဓာတ်ကြီးငါးပါး ဝိညာဉ်သွေးကြော ဖြစ်မှန်း အခုမှ သိလိုက်ရပေမယ့် အပေါ်က ဘိုးတော်ကြီးတွေ အသည်းအသန် တိုက်ခိုက်နေကြတာက ဒီအကြောင်းပြချက် တစ်ခုတည်းကြောင့် မဟုတ်မှန်း ကျန်းပေရန် ကောင်းကောင်း သိသည်။
ဝိညာဉ်သွေးကြော တစ်ခု အသစ် နိုးထလာစမှာ သာမန်သွေးကြောလား၊ ဓာတ်ကြီးငါးပါး သွေးကြောလား ဆိုတာ ခွဲခြားလို့ မရသေးလို့ ဖြစ်သည်။
ဝိညာဉ်သွေးကြော အပြည့်အဝ နိုးထလာဖို့ ဆယ်ရက် စောင့်ရလေ့ရှိသည်။
ဒါကြောင့် လေလံပွဲပဲ ဖြစ်ဖြစ်၊ သိုင်းပြိုင်ပွဲပဲ ဖြစ်ဖြစ် ဆယ်ရက်အတွင်း အပြီးသတ်ရတာ ဖြစ်သည်။ဘယ်နိုင်ငံက ပိုင်ဆိုင်မလဲ ဆိုတာ ဆုံးဖြတ်ဖို့ပေါ့။
အရင်တုန်းက မိုးတိမ်ပုန်း ကောင်းကင်စက်ဝန်း အစီအရင် ကို သုံးပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် အကုန် ဖြတ်တောက်ထားခဲ့လို့ ဒီဝိညာဉ်သွေးကြောက ဓာတ်ကြီးငါးပါး ဂုဏ်သတ္တိ ရှိမှန်း ကျန်းပေရန် သတိမထားမိခဲ့ဘူး။
အခုမှ အာရုံခံမိတာက တတိယမြောက် ကောင်းကင်မျက်လုံး အစီအရင် ကို တည်ဆောက်ရင်း မြေအောက် ဝိညာဉ်သွေးကြောရဲ့ စွမ်းအင်ကို မဖြစ်မနေ ဆွဲယူသုံးစွဲလိုက်ရလို့ သစ်သား ဝိညာဉ် စွမ်းအင်တွေ ဂူထဲ စီးဝင်လာတာ ဖြစ်သည်။
"ဒုက္ခပဲ"
စောစောကမှ သစ်သား ဝိညာဉ် စွမ်းအင်ရဲ့ ပြုစုပျိုးထောင်မှုကို ခံစားနေတဲ့ လင်ရှီယွင် မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်သွားသည်။
"သာမန် ဝိညာဉ်သွေးကြော ဆိုရင် အဲဒီ ဘိုးတော်ကြီးတွေက သေတဲ့အထိ မတိုက်ကြလောက်ဘူး ဒါပေမဲ့ အခု သစ်သား ဝိညာဉ်သွေးကြော မှန်း သိသွားပြီဆိုရင်တော့ အသေအကြေ တိုက်ကြတော့မှာပဲ"
သူမ တုန်ရီစွာဖြင့် ကျန်းပေရန်ကို ကြည့်လိုက်သည်။
"လူ လူငယ်သူရဲကောင်း ငါတို့ တကယ် အတွေ့မခံရဘူး မဟုတ်လား"
လင်ရှီယွင်ရဲ့ မေးခွန်းကို လျစ်လျူရှုပြီး ကျန်းပေရန် လှည့်ထွက်သွားကာ သိုလှောင်လက်စွပ်ထဲက ရတနာ အဆောင်လက်ဖွဲ့ ငါးခု ထပ်ထုတ်လိုက်သည်။
လင်ယုယန် ရုတ်တရက် "ထဖောက်" ရတဲ့ အကြောင်းရင်းကို သိသွားပြီဆိုတော့ ဖြေရှင်းဖို့က အများကြီး လွယ်ကူသွားပြီ။
အမွှေးတိုင်တစ်တိုင် ထွန်းညှိချိန်လောက် ကုန်ဆုံးပြီးနောက် သစ်သား ဝိညာဉ် စွမ်းအင် လုံးဝ စိမ့်မဝင်နိုင်တဲ့ နေရာလေး တစ်နေရာကို ဂူထဲမှာ သတ်မှတ်လိုက်ပြီး လင်ယုယန်ကို အထဲ ပစ်ထည့်လိုက်သည်။
ထင်ထားတဲ့အတိုင်း သစ်သား ဝိညာဉ် စွမ်းအင် ပြတ်တောက်သွားတာနဲ့ လင်ယုယန် သတိပြန်ဝင်လာပြီး ဘာဖြစ်ခဲ့လဲ မေးတော့သည်။
"မင်းခန္ဓာကိုယ်ထဲက နတ်ဆိုးသားရဲက ချိပ်ပိတ်တာကို ဖျက်ဆီးလုနီးပါး ဖြစ်သွားလို့ ငါ ကူပြီး ဖိနှိပ်ပေးလိုက်တာ ဒီနေ့ကစပြီး ငါ သတ်မှတ်ထားတဲ့ စည်းဝိုင်းထဲမှာပဲ နေရမယ်"
ငုံ့ကြည့်လိုက်တော့ အစ်ကိုကြီး တားထားတဲ့ စည်းကို လင်ယုယန် ချက်ချင်း တွေ့လိုက်သည်။
"သဘောပေါက်ပါပြီ အစ်ကိုကြီး"
လင်ယုယန် လိမ္မာစွာ ဦးညွှတ်လိုက်သည်။
လင်ယုယန် ကိစ္စ ပြီးသွားတော့ ကျန်းပေရန် ပိုကြီးမားတဲ့ ပြဿနာတွေကို စဉ်းစားလိုက်သည်။
ပထမ တစ်ချက်က လုံခြုံရေး။
ဝိညာဉ်သွေးကြော အသစ်က ဓာတ်ကြီးငါးပါး သွေးကြောမှန်း သိသွားကြပြီဆိုတော့ အနက်ရောင် သူတော်စင် အဆင့် ဘိုးတော်ကြီးတွေက ထိန်းသိမ်းမနေတော့ဘဲ အစွမ်းကုန် တိုက်ကြတော့မှာ။
မြေအောက် နက်နက်ထဲမှာ ပုန်းနေပြီး အလွှာသုံးထပ် အစီအရင်ကြီးနဲ့ ကာကွယ်ထားပေမယ့် အနက်ရောင် သူတော်စင်တွေ ဆိုတာက သူ့အတွက် လုံးဝ မသိနားမလည်တဲ့ အရာတွေ သူတို့သာ အစွမ်းကုန် ထုတ်သုံးရင် ဖျက်ဆီးနိုင်စွမ်း ဘယ်လောက်ကြီးမားမလဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူး။
ဒါပေမဲ့ အခုချိန်မှာ ဒါကို စိတ်ပူနေလို့လည်း အလကားပဲ။
ဒီအစီအရင် သုံးခုက သူ စီစဉ်နိုင်သမျှ အကောင်းဆုံး ဖြစ်နေပြီ။
တားလို့မရရင်လည်း မရဘူးပေါ့။
ဒါကြောင့် ဒုတိယ ပြဿနာက ပိုအရေးကြီးတယ် - သူက သစ်သား ဝိညာဉ်သွေးကြော ပေါ်မှာ ထိုင်နေတာပြီးတော့ နိုင်ငံကြီး ခြောက်နိုင်ငံတောင် အသေအကြေ လုနေကြတဲ့ အရာလေ။
ဒီအတိုင်း အလဟဿ ဖြစ်ခွင့်ပေးလိုက်ရင် ကောင်းကင်ဘုံကို ပြစ်မှားရာ ကျလိမ့်မယ်။
ဒီ သစ်သား ဝိညာဉ် စွမ်းအင် ကို ဘယ်လို အသုံးချမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပထမဆုံး လုပ်ရမှာက ကိုယ်တိုင် အများဆုံး စုပ်ယူပြီး သစ်သား ဝိညာဉ် စွမ်းအင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပစ်ဖို့ပဲ။
ဒုတိယ ကတော့ သိုလှောင်ဖို့ နည်းလမ်းရှာရမယ်။
ဒါက တစ်သက်မှာ တစ်ခါကြုံရမယ့် အခွင့်အရေး။
ဒီဝိညာဉ်သွေးကြောကို နိုင်ငံတစ်နိုင်ငံက ပိုင်ဆိုင်သွားပြီး ဂိုဏ်းကြီးတစ်ခု တည်ထောင်လိုက်ရင် နောက်နောင် ဒီနေရာလာပြီး သန့်စင်တဲ့ သစ်သား ဝိညာဉ် စွမ်းအင်ကို စုပ်ယူဖို့ ဆိုတာ အိပ်မက်ပဲ မက်နေလိုက်တော့။
ဒါပေမဲ့ ဘယ်လို သိုလှောင်မလဲ အဲဒါက ခက်ခဲတဲ့ အပိုင်းပဲ။
ဝိညာဉ် စွမ်းအင်ကို သိုလှောင်ဖို့ အကောင်းဆုံး နည်းလမ်းက ဝိညာဉ်ကျောက်တုံးတွေ သုံးတာပဲ။
ဒါပေမဲ့ ကျန်းပေရန် ယူလာတဲ့ ဝိညာဉ်ကျောက်တုံး အများစုက အဆင့်နိမ့် နဲ့ အလယ်အလတ် အဆင့်တွေ။
ဒီကျောက်တုံးတွေကို သုံးပြီး သစ်သား ဝိညာဉ် စွမ်းအင် သိုလှောင်ရင် အရည်အသွေး ကျသွားမှာ သေချာတယ် အလဟဿ ဖြစ်တာနဲ့ ဘာမှ မထူးဘူး။
ခဏလောက် စဉ်းစားပြီးနောက် ကျန်းပေရန် လင်ရှီယွင်ကို ကြည့်လိုက်သည်။
"ခင်ဗျားဆီမှာ ဝိညာဉ်ကျောက်တုံးတွေ ပါလား အရည်အသွေး မြင့်လေ ပိုကောင်းလေပဲ"
လင်ရှီယွင် ခဏတာ ကြောင်သွားပြီးနောက် ကျန်းပေရန် ဘာလုပ်မလို့လဲ ဆိုတာ ချက်ချင်း သဘောပေါက်လိုက်သည်။
"မင်း ဝိညာဉ် သွတ်သွင်းခြင်း နည်းစနစ် ကို တတ်တယ်လား"
သူမ အံ့သြစွာ မေးလိုက်သည်။
"အင်း"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"မင်းက တကယ်ပဲ... နှံ့စပ်တာပဲ"
အံ့သြပြီးနောက် လင်ရှီယွင် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အဝတ်အိတ် အများအပြားကို တစ်ပြိုင်နက် ထုတ်ယူပြီး ကျန်းပေရန်ထံ ကမ်းပေးလိုက်သည်။
"ဒါတွေက ငါ့ဆီမှာ ရှိသမျှ အကုန်ပဲ လောက်ပါ့မလား"
သူမ ကမ်းပေးသော ကျောက်စိမ်းအိတ်ကို ဖွင့်ကြည့်လိုက်ရာ ကျန်းပေရန် မျက်စိကျိန်းမတတ် ခံစားလိုက်ရသည်။
အထဲမှာ တစ်ခုမကျန် အကုန်လုံးက ၁၂ မျက်နှာပါ မြေကမ္ဘာအဆင့် ဝိညာဉ်ကျောက်တုံးတွေ ချည်းပင်။
{သူဌေးမလေး ကျွန်တော့်ကို...}
အတွေးကို ခေါင်းထဲက ထုတ်လိုက်ပြီး ကျန်းပေရန် အမြန် ရေတွက်ကြည့်လိုက်သည်။ စုစုပေါင်း မြေကမ္ဘာအဆင့် ဝိညာဉ်ကျောက်တုံး ၅၈ တုံး။
ဒါက ဂိုဏ်းတစ်ခုလုံးကို ဝယ်လို့ရတဲ့ ပမာဏ ဆိုတာ သူ သေချာသည်။
"နောက်ထပ် ရှိသေးလား"
မြေကမ္ဘာအဆင့် ဝိညာဉ်ကျောက်တုံး ၆၀ နီးပါး ကိုယ်နဲ့မကွာ သယ်ဆောင်ထားတာက ကျန်းပေရန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း ဒီအချိန်မှာ များလေ ကောင်းလေပဲ။
"အင်း..."
လင်ရှီယွင် သူ့ကို စိုက်ကြည့်နေပြီး တွန့်ဆုတ်နေပုံရသည်။
"အပြင်ရောက်ရင် ဝိညာဉ်ကျောက်တုံးတွေကို ၃၀-၇၀ ခွဲကြမယ်"
ကျန်းပေရန် တိုက်ရိုက် ကမ်းလှမ်းလိုက်သည်။
"ငါ့အတွက် ၇၀ ရာခိုင်နှုန်းလား များလွန်းပါတယ် ဝိညာဉ်ကျောက်တုံးတွေက ငါ့ဟာ ဆိုပေမယ့် မင်းသာ မရှိရင်..."
ကျန်းပေရန်က သူမကို အရူးတစ်ယောက်လို စိုက်ကြည့်နေတာ တွေ့လိုက်ရတော့ စကားရပ်သွားသည်။
"ဟေး ရှင်က ကျွန်မ ၃၀ ပဲ ရမယ်လို့ ပြောတာ မဟုတ်ပါဘူးနော်"
လင်ရှီယွင် အော်ဟစ်လိုက်သည်။
"ဟုတ်တယ်လေ"
"ရှင်... ဒါ ဓားပြတိုက်တာပဲ"
"ပထမအချက် ငါသာ မပါရင် ခင်ဗျား သစ်သား ဝိညာဉ်သွေးကြောနားကို ဒီလောက် ကပ်နိုင်မှာ မဟုတ်ဘူး။ ဒုတိယအချက် ခင်ဗျားကိုယ်တိုင် သစ်သား ဝိညာဉ် စွမ်းအင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲနိုင်မယ်။ တတိယအချက် သစ်သား ဝိညာဉ် စွမ်းအင် ဖြည့်သွင်းထားတဲ့ ဝိညာဉ်ကျောက်တုံး ၃၀ ရာခိုင်နှုန်းက ခင်ဗျား အရင်က ရှိတာတွေထက် အများကြီး တန်ဖိုးပိုရှိတယ်... ခင်ဗျား အမြတ်တွေပဲနေရတာပါ"
ကျန်းပေရန်၏ ယုတ္တိရှိလှသော အကြောင်းပြချက်တွေကို နားထောင်ပြီးနောက် လင်ရှီယွင် ခဏ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။
"ကောင်းပြီလေ ဘာပဲပြောပြော မင်းက ငါ့ကို နှစ်ကြိမ်တောင် ကယ်ခဲ့တာဆိုတော့ ဒါကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"
"ဟေ ကျေးဇူးဆပ်တာ ဆိုရင်တော့ ၉၀-၁၀ လုပ်ကြမလား"
"ဟေး"
လင်ရှီယွင် မနေနိုင်တော့ဘဲ အော်လိုက်သည်။
"ဘာဖြစ်လို့လဲ ငါ သတ်မှတ်တဲ့ ဈေးနှုန်းက တရားမျှတပါတယ်"
"ငါ ငါ"
ညှိနှိုင်းဖို့ ဘာအင်အားမှ မရှိတော့မှန်း သိလိုက်တဲ့ လင်ရှီယွင် နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ ကျေးဇူးဆပ်တယ်လို့ သဘောမထားတော့ဘူး... ၃၀-၇၀ ပဲ လုပ်ကြတာပေါ့"
"သဘောတူတယ် ဒါဆို နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေ ရှိသေးလား"
"ဒီမှာ ခဏစောင့်..."
လင်ရှီယွင် ထောင့်တစ်နေရာသို့ ပြေးသွားပြီး ခဏကြာတော့ ကျန်းပေရန် ဘေးနား ပြန်ရောက်လာကာ လက်ဖြန့်ပြလိုက်သည်။
"ရှင်းရှင်းလင်းလင်း ပြောရအောင်... ဒီ ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ငါတို့ တစ်ယောက် တစ်တုံးစီ ယူမယ် မဟုတ်ရင် ငါပြန်ရောက်တဲ့အခါ ဖြေရှင်းချက်ပေးလို့ ရမှာ မဟုတ်ဘူး"
{မျက်နှာပြင် ၂၀ ပါ... ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံးတွေ ဟုတ်လား}
ထိပ်တန်းအဆင့်ထက်ပင် သာလွန်သော ကျောက်တုံး နှစ်တုံးကို သူမ ထုတ်ပြလာတာ မြင်တော့ ကျန်းပေရန် မျက်နှာထား ပျက်ယွင်းလုနီးပါး ဖြစ်သွားသည်။
{စစ်ပွဲကနေ အမြတ်ထုတ်တဲ့ မိသားစု ပီသပါပေတယ်... ချမ်းသာလွန်းတယ်}
လင်ယုယန် ပြောပြချက်အရရော၊ လင်ရှီယွင်၏ ကျင့်ကြံခြင်းအရရော ကြည့်မယ်ဆိုရင် သူမက ဂိုဏ်းချုပ်ရဲ့ ညီမအရင်း ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အဓိက အဖွဲ့ဝင် မဟုတ်တာ သေချာတယ် - အလွန်ဆုံးမှ အလိုလိုက်ခံထားရတဲ့ ညီမလေး တစ်ယောက်ပဲ။
ဒါတောင်မှ အဲဒီလို အလိုလိုက်ခံထားရတဲ့ ညီမလေး တစ်ယောက်က ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးတောင် ကိုယ်နဲ့မကွာ ဆောင်ထားတယ်တဲ့လား။
{မနာလိုလိုက်တာ}
ခံစားချက်တွေကို ဖိနှိပ်လိုက်ပြီး ကျန်းပေရန် ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ယူလိုက်သည်။
"သဘောတူတယ်"
ကျန်းပေရန် ကျောက်တုံးတွေနဲ့ ချက်ချင်း တင်ပျဉ်ခွေ ထိုင်လိုက်တာ မြင်တော့ လင်ရှီယွင်က "နတ်ဘုရား စစ်ပွဲ" ကြားညပ်မှာကို စိုးရိမ်နေဆဲ ဖြစ်သော်လည်း ထပ်မေးရဲတဲ့ သတ္တိ မရှိတော့ပေ။
သူမလည်း တင်ပျဉ်ခွေ ဝင်ထိုင်လိုက်ပြီး အခွင့်အရေး ရှိတုန်း သစ်သား ဝိညာဉ် စွမ်းအင်တွေ စုပ်ယူထားဖို့ ဆုံးဖြတ်လိုက်သည်။
နှစ်ဝက် ကြာပြီးနောက်...
{တကယ်ကြီးလား... ဒီဘိုးတော်ကြီးတွေ ရပ်ကော ရပ်ကြဦးမှာလား}
ကောင်းကင်မျက်လုံး အစီအရင် က ပြသနေတဲ့ မြင်ကွင်းကို ကြည့်ရင်း အပေါ်က မိုးထိအောင် မြင့်မားတဲ့ တောင်တန်းကြီးတွေ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လီ တစ်ထောင် ပတ်လည်မှာ မြက်ပင်တစ်ပင်တောင် မကျန်တော့ဘူး။
အနက်ရောင် သူတော်စင် အဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်လောက်ကပဲ သူတို့ရဲ့ အတွင်းအားတွေကို အကန့်အသတ်မရှိ ထုတ်လွှတ် တိုက်ခိုက်နေကြတုန်း ဖြစ်သည်။
အနက်ရောင် သူတော်စင်တွေရဲ့ တိုက်ပွဲကို နှစ်နဲ့ချီပြီး တိုင်းတာရမယ်လို့ ကျန်းပေရန် တစ်ခါမှ မထင်ထားခဲ့ဘူး။
သူတို့က ကမ္ဘာမြေကြီးရဲ့ ဝိညာဉ် စွမ်းအင်ကို ဆွဲယူသုံးစွဲဖို့တောင် မလိုအပ်သလိုပဲ အတွင်းအား ပမာဏ အများကြီးကို သူတို့ဘာသာ အဆက်မပြတ် ထုတ်လုပ်နေကြတာ။
အရင်တုန်းကလို ဝိညာဉ်သွေးကြောကို မတော်တဆ ဖျက်ဆီးမိမှာ စိုးရိမ်လို့များလား မသိဘူး သူတို့က ကောင်းကင် အမြင့်ကြီးမှာပဲ တောက်လျှောက် တိုက်ခိုက်နေကြပြီး သူတို့ရဲ့ နည်းစနစ်တွေ မြေကြီးနဲ့ မထိတွေ့အောင် ရှောင်ရှားနေကြသည်။
ဒါကြောင့်လည်း ကျန်းပေရန် ဒီလောက်ကြာအောင် ပုန်းအောင်းနိုင်ခဲ့တာ ဖြစ်သည်။
ကောင်းကင်မျက်လုံး အစီအရင် ကို ပိတ်လိုက်ပြီး ကျန်းပေရန် ခေါင်းခါလိုက်ကာ သူ အခုလေးတင် စိုက်ပျိုးထားတဲ့ မဟာ ဆင့်ကဲပြောင်းလဲခြင်း ဆန်းကြယ် ပန်းပွင့် ကို ပြုစုဖို့ ဒူးထောက်ထိုင်လိုက်သည်။
"ပိတ်မိနေတာ" နှစ်ဝက် ရှိပြီ ဆိုပေမယ့် ဒီကာလအတွင်း သူ့အကျိုးအမြတ်တွေက ကြီးမားလှသည်။
ပထမအချက် သူ့ခန္ဓာကိုယ်က သစ်သား ဝိညာဉ် စွမ်းအင် ခန္ဓာကိုယ် အဖြစ် လုံးဝ ပြောင်းလဲသွားပြီ။ သန့်စင်တဲ့ သစ်သား ဝိညာဉ် စွမ်းအင် အစစ်ပေါ့။
နောင်တစ်ချိန် သာမန် ဝိညာဉ် စွမ်းအင် ကို စုပ်ယူရင်တောင် ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ သစ်သား ဝိညာဉ် စွမ်းအင် အဖြစ် ချက်ချင်း ပြောင်းလဲသွားလိမ့်မယ်။
ဒုတိယအချက်က ကောင်းကင်ဘုံအဆင့် ဝိညာဉ်ကျောက်တုံး ၂ တုံးနဲ့ မြေကမ္ဘာအဆင့် ၅၈ တုံးလုံး သစ်သား ဝိညာဉ် စွမ်းအင် ပြည့်ဝနေပြီ။ နောက်ထပ် ကျင့်ကြံသူ အများအပြားကို ပြောင်းလဲပေးဖို့ လုံလောက်တယ်။
ဝိညာဉ်ကျောက်တုံးတွေ ပြည့်သွားတဲ့အခါ နေ့စဉ် စီးဆင်းနေတဲ့ သစ်သား ဝိညာဉ် စွမ်းအင်တွေ အလဟဿ မဖြစ်ရအောင် ကျန်းပေရန် သူယူလာတဲ့ ကောင်းကင်ရတနာ အကုန်လုံးကို ထုတ်ပြီး သစ်သား ဝိညာဉ် စွမ်းအင် စုပ်ယူစေခဲ့သည်။
ဒီရတနာ အများစုက စုပ်ယူပြီးနောက် အဆင့်မြှင့်တင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပြီး ပိုမို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်လာကြသည်။
လင်ရှီယွင်လည်း သစ်သား ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။
သူမ လင်မိသားစုက ချီတိုင်းပြည်မှာ ချမ်းသာပြီး သြဇာကြီးပေမယ့် ဓာတ်ကြီးငါးပါး ဝိညာဉ်သွေးကြော ဆိုတာ သူတို့တောင် ဝယ်မရနိုင်တဲ့ နိုင်ငံတော် ရတနာလေ။
ဒါကြောင့် သူမ အလွန် စိတ်လှုပ်ရှားနေသည်။
ခရီးသွားတုန်းက လျှို့ဝှက်နယ်မြေ မတွေ့ခဲ့ရပေမယ့် ဒီအတွေ့အကြုံက အဲဒါနဲ့ ညီမျှလုနီးပါး ဖြစ်နေပြီ။ အစားထိုးဖို့ လုံလောက်ပါပြီ။
{နှစ်ဝက်လောက် တိုက်နေကြတာ... ရူးနေကြတာပဲ}
စိတ်ထဲကနေ သက်ပြင်းချလိုက်ရင်း ကျန်းပေရန် သူ့ရဲ့ "ကန်း" စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်လိုက်သည်။
အစကတည်းက သစ်သား ဝိညာဉ် စွမ်းအင်တွေ ဖြုန်းတီးမှာ စိုးရိမ်လို့ သူတို့ခန္ဓာကိုယ်တွေ ပြောင်းလဲပြီးသွားရင်၊ ဝိညာဉ်ကျောက်တုံးတွေ ပြည့်သွားရင် ဘာဆက်လုပ်မလဲ ဆိုတာ သူ တွေးထားခဲ့သည်။
ဒီလိုနဲ့ "ကျာ၊ ယိ၊ ဘင်း၊ တင်း၊ ဝူ၊ ဂျီ၊ ကန်း" စီမံကိန်းတွေ မွေးဖွားလာခဲ့တာ။
ပထမ လေးခုလောက်ကပဲ လက်တွေ့ကျတာ။
"ဝူ၊ ဂျီ၊ ကန်း" က ဖြစ်နိုင်ခြေ အနည်းဆုံး အခြေအနေတွေအတွက် အရန် အစီအစဉ်တွေ။
အနက်ရောင် သူတော်စင်တွေက နှစ်ဝက်လောက်ထိ တိုက်ခိုက်ကြလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး ရလဒ်အနေနဲ့ "အပိုဘီးရဲ့ အပိုဘီး" ဖြစ်တဲ့ ကန်း စီမံကိန်းကိုတောင် ထုတ်သုံးရတော့မယ့် အခြေအနေ ဖြစ်လာတယ်။
အစောပိုင်း စီမံကိန်းတွေက သူ့ရဲ့ ကောင်းကင်ရတနာတွေကို ဘယ်လို စီစဉ်ပြီး သစ်သား ဝိညာဉ် စွမ်းအင် စုပ်ယူခိုင်းမလဲ ဆိုတာနဲ့ ပတ်သက်တယ်။
ကန်း စီမံကိန်း ကတော့ ရတနာတွေ အကုန်လုံး ပြည့်ဝသွားပြီး ထွက်သွားလို့ မရသေးတဲ့ အချိန်ကျမှ သုံးဖို့။
{ဒါကို သုံးရလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး}
သိုလှောင်လက်စွပ်ထဲက အဆင့်နိမ့် နဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး အားလုံးကို ထုတ်လိုက်ပြီး ကျန်းပေရန် လေးလေးနက်နက် စဉ်းစားလိုက်သည်။
သူ့စိတ်ကူးက ရိုးရှင်းတယ်။ ဝိညာဉ်ကျောက်တုံး အားလုံးကို ပေါင်းပြီး သစ်သား ဝိညာဉ် စွမ်းအင် သိုလှောင်မယ့် "အိုး" တစ်လုံး လုပ်မယ်။
စိတ်ကူးက ရိုးရှင်းပေမယ့် လက်တွေ့လုပ်ဖို့က ယုတ္တိမရှိလောက်အောင် ခက်ခဲတယ်။
ကျောက်တုံးတွေကို စုပြီး အိုးလုပ်ဖို့က ဖြစ်နိုင်သေးပေမယ့် ချီတိုင်းပြည် ဝိညာဉ်ကျောက်တုံးတွေပေါ်ကလို အသေးစား အစီအရင်တွေ ထွင်းထုဖို့ကတော့ ကြီးမားတဲ့ စိန်ခေါ်မှုပဲ။
ချီတိုင်းပြည်မှာ ရှိနေတုန်း ကျွမ်းကျင်မှု အမှတ်တွေ အများကြီး ရခဲ့ပေမယ့် အတိတ်က အတွေ့အကြုံအရ ရာဂဏန်းလောက် မရှိရင် သိပ်ထူးခြားမှာ မဟုတ်ဘူး။
ဒါကြောင့် သူ့ရဲ့ လက်ရှိ အနက်ရောင်အတတ်ပညာ ဗဟုသုတကိုပဲ အားကိုးပြီး စမ်းသပ် ထွင်းထုရတော့မယ်။
အောင်မြင်ရင်တောင် ဒီအိုးက ကောင်းကင်ဘုံအဆင့် (သို့မဟုတ်) မြေကမ္ဘာအဆင့် ဝိညာဉ်ကျောက်တုံးတွေလောက် သစ်သား ဝိညာဉ် စွမ်းအင်ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။
အကောင်းဆုံး အနေနဲ့ ယာယီပဲ သိုလှောင်ထားနိုင်မယ် နောက်ကျမှ ပြန်ထုတ်သုံးရင် အာနိသင် အများကြီး လျော့နည်းသွားလိမ့်မယ်။
ဒါပေမဲ့ ဆုံးရှုံးမှု ရှိရင်တောင် အလဟဿ ဖြစ်သွားတာထက်တော့ သာပါသေးတယ်။
ဒါကြောင့် ကျန်းပေရန် မြေကြီးပေါ်မှာ အစီအရင်တွေ ရေးဆွဲပြီး စတင် လေ့လာလိုက်သည်။
သူ အလုပ်ရှုပ်နေတာကို မြင်တော့ ချက်ပြုတ်နေတဲ့ လင်ရှီယွင် သက်ပြင်းချလိုက်သည်။
ကျန်းပေရန်ရဲ့ အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေနဲ့ မတူဘဲ လင်ရှီယွင်ကတော့ ခန္ဓာကိုယ် ပြောင်းလဲမှု ပြီးသွားကတည်းက ပျင်းလွန်းလို့ သေမတတ် ဖြစ်နေရသည်။
သူမက ဝိညာဉ်ကျောက်တုံးတွေ အများကြီး ယူလာပေမယ့် ကောင်းကင်ရတနာကျတော့ နည်းနည်းလေးပဲ ပါလာတယ်။ ဘာလို့လဲဆိုတော့ သူမက လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး ကို မကျွမ်းကျင်တော့ ရတနာတွေ့ရင် သန့်စင်ဖို့အတွက် အနက်ရောင် အတတ်ပညာရှင်တွေဆီ ပေးလိုက်လေ့ရှိလို့ပဲ။
ဒါကြောင့် ကျန်းပေရန် နေ့တိုင်း အလုပ်ရှုပ်နေတာကို ကြည့်ရင်း သူမလည်း တစ်ခုခု သင်ယူဖို့ ဆုံးဖြတ်လိုက်သည်။သူမ စိတ်သဘောထား ပြောင်းသွားလို့ မဟုတ်ဘူး။ အရမ်း ပျင်းလွန်းလို့ပဲ။
လင်ယုယန် ကတော့ လက်ရေးလှ လေ့ကျင့်လိုက်၊ အစ်ကိုကြီးကို ငေးမောလိုက်နဲ့ သူမနည်း သူမဟန် ပြီးပြည့်စုံတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေသည်။
နောက်ထပ် တစ်လ ကုန်ဆုံးသွားပြန်သည်။
ကျောက်စိမ်းအိုးကို လက်ထဲ ကိုင်ထားရင်း ကျန်းပေရန် ရယ်ချင်သလိုလို ငိုချင်သလိုလို ခံစားလိုက်ရသည်။
ရယ်ချင်တာက သူ တကယ်ပဲ သစ်သား ဝိညာဉ် စွမ်းအင် သိုလှောင်နိုင်တဲ့ အိုးတစ်လုံးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လို့၊ ငိုချင်တာက အနက်ရောင် သူတော်စင်တွေ အခုထိ တိုက်နေကြတုန်းမို့လို့။
အိုးပေါ်မှာ သူထွင်းထုထားတဲ့ အသေးစား အစီအရင်တွေကို ကြည့်ရင်း အောင်မြင်မှု ပီတိတစ်ခု ဖြတ်စီးသွားသည်။
ဒါကို ဖော်ထုတ်နိုင်ဖို့ တော်တော် ကြိုးစားခဲ့ရတာ။
အိုးကို အစီအရင်ရဲ့ အဓိက နေရာမှာ ထားလိုက်တော့ ပတ်ဝန်းကျင်က သစ်သား ဝိညာဉ် စွမ်းအင်တွေကို ဖြည်းဖြည်းချင်း စုပ်ယူနေပြီ။
ကောင်းကင်ဘုံအဆင့် မြေကမ္ဘာအဆင့် ကျောက်တုံးတွေလောက် ပြီးပြည့်စုံအောင် မထိန်းသိမ်းနိုင်ပေမယ့် သူ့ရဲ့ အားသာချက်က ပမာဏ များများ ဆံ့တာပဲ။
"ဟူး"
သက်ပြင်း မှုတ်ထုတ်လိုက်ပြီး ကန်း စီမံကိန်း ပြီးသွားတဲ့ ကျန်းပေရန် တကယ် ဘာလုပ်စရာမှ မရှိတော့။
သိုလှောင်လက်စွပ်ထဲက ဆုတောင်းဗေဒင်ကျည်တောက် ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး နောက်ထပ် လုပ်စရာ တစ်ခုခု ရှိသေးရင် ဒါ့အပေါ်မှာပဲ မူတည်တော့မယ်လို့ တွေးလိုက်သည်။
ဒါပေမဲ့ အိုးလုပ်ဖို့အတွက် လိုအပ်တဲ့ ဖြည့်စွက် ပစ္စည်းတွေနဲ့ ရတနာတွေ ပျိုးထောင်ဖို့အတွက် လိုအပ်တာတွေ တောင်းဆိုတုန်းက အလွန်အကျွံ သုံးစွဲထားပြီးသား။
ဆုတောင်းဗေဒင်ကျည်တောက် ကို အစီအရင် အဓိက နေရာမှာ ထားလိုက်ပြီး သစ်သား ဝိညာဉ် စွမ်းအင်တွေ ပိုစုပ်ယူရင် ဘာဖြစ်မလဲ ဆိုတာ စဉ်းစားနေမိသည်။
"လူငယ်သူရဲကောင်း"
လင်ရှီယွင် ရုတ်တရက် အနားရောက်လာပြီး မေးလိုက်သည်။
"ပြော"
မြေကြီးပေါ်က ဆုတောင်းဗေဒင်ကျည်တောက် ကို ကြည့်ရင်း လင်ရှီယွင် မေးလိုက်သည်။
"လူငယ်သူရဲကောင်းက ဗေဒင်ပညာ ကိုလည်း တတ်ကျွမ်းတာလား"
ကျန်းပေရန် မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"တတ်ပါတယ် မိန်းကလေးလင် ဗေဒင်မေးချင်လို့လား"