ဧကရာဇ် ရောက်လာပြီလား
Vol. 24 Ch. 314
ဆယ်ရက်ကျော်ကြာ ခရီးသွားပြီးနောက် ကျန်းပေရန် နောက်ဆုံးတော့ ရှန့်တိုင်းပြည် နယ်နိမိတ်ထဲ ပြန်ရောက်လာသည်။
စနစ်က ဘာရွေးချယ်မှုမှ မပေးဘဲ ကီလိုမီတာ ပေါင်းများစွာ ပျံသန်းနေရတဲ့ ခံစားချက်ကို ရလိုက်တော့ ကျန်းပေရန် ချက်ချင်း အသက်ရှူချောင်သွားသည်။
{ထင်တဲ့အတိုင်းပဲ... ဒါကမှ ငါနဲ့ သင့်တော်တဲ့ နေရာ}
လွတ်လပ်တဲ့ လေထုကို ရှူရှိုက်ရင်း ကျန်းပေရန် စိတ်နှလုံးပြန်ဂိုဏ်း ဘက်ကို ဖြည်းဖြည်းချင်း ဦးတည် မောင်းနှင်လိုက်သည်။
ဒါပေမဲ့ လူလင် စီရင်စု အထက်ကို ဖြတ်ပျံနေတုန်းမှာပဲ အောက်မှာ ဒုက္ခသည်တွေ အများကြီး စုဝေးနေတာကို သတိထားမိလိုက်လို့ မျက်မှောင်ကြုတ်သွားသည်။
သူတို့က အဝတ်အစားတွေ စုတ်ပြတ်သတ်နေရုံတင် မဟုတ်ဘူး လူတိုင်းဆီကနေ သေခြင်းတရား အငွေ့အသက်တွေ ထွက်နေတယ်။
{ကပ်ရောဂါ ကျနေတာလား}
ဒီလို မြင်ကွင်းမျိုး အရင်က မြင်ဖူးတာ တစ်ကြိမ်မကတော့တဲ့ ကျန်းပေရန် တိမ်တိုက်ပေါ်ကနေ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။
မဆင်းခင် လင်ယုယန်ကို ပြောလိုက်သည်။
"မင်း အရင် ပြန်နှင့်လိုက်တော့"
လင်ယုယန် ပြန်ဖြေတာကို မစောင့်ဘဲ မင်္ဂလာတိမ်တိုက်ကို လေထဲ ပြန်တက်စေပြီး စိတ်နှလုံးပြန်ဂိုဏ်း ဘက်ကို ဆက်သွားခိုင်းလိုက်သည်။
"အရာရှိမင်းရယ် ကယ်ပါဦးရှင် ကျွန်မကို ပေးမဝင်ရင်တောင် သမီးလေးကိုတော့ ပေးဝင်ပါ သူက နှစ်နှစ်ပဲ ရှိပါသေးတယ် နှစ်နှစ်လေးပါ"
"အရာရှိမင်း ကျွန်တော် ဦးညွှတ်ပါ့မယ် တောင်းပန်ပါတယ် ကျွန်တော်တို့ကို ပေးဝင်ပါ ဒီ ပတ်လည် လီ တစ်ရာ အတွင်းမှာ ခင်ဗျားတို့ဆီမှာပဲ အသက်ရှင်နိုင်မှာမို့ပါ ကယ်ပါဦးဗျာ"
"မေမေ မေမေ မေမေ ထပါဦး ထပါဦး ကျွန်တော်တို့ ဝင်ရတော့မယ်လေ မေမေ"
...
ဒုက္ခသည်တွေ ကြားထဲ လျှောက်သွားရင်း ရင်ကွဲပက်လက် ငိုသံတွေကို နားထောင်ကာ ကျန်းပေရန် ဝိညာဉ်အာရုံနဲ့ သူတို့ ရောဂါလက္ခဏာတွေကို စစ်ဆေးလိုက်သည်။
{ကပ်ရောဂါ ဆိုတာ သေချာတယ် ဒါပေမဲ့... သာမန် ကပ်ရောဂါ မဟုတ်ဘူး}
ကျန်းပေရန် ကပ်ရောဂါ အမျိုးမျိုး မြင်ဖူးပေမယ့် ဒီလောက် ထူးဆန်းတာမျိုး ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ကပ်ရောဂါ ဆိုတာ ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေကို ခေါ်တာ။
ဒါပေမဲ့ ဒီအရပ်သားတွေဆီမှာ သွေးအန်တာ၊ အဖျားကြီးတာ၊ အရေပြား ညိုမည်းတာ စတဲ့ သိပ္ပံနည်းကျ ရှင်းပြလို့ ရတဲ့ လက္ခဏာတွေ အပြင် သူတို့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ရှင်းပြလို့ မရနိုင်တဲ့ အနက်ရောင် ချီ တစ်ခုလည်း ရှိနေသေးတယ်။
{အရင်တုန်းက အဆိပ်မြူတောရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများလား}
ရောဂါလက္ခဏာတွေကို စစ်ဆေးပြီးနောက် ကျန်းပေရန် ခေါင်းမော့ပြီး တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ မြစ်ဝါမြို့ တံခါးမကြီးကို လှမ်းကြည့်လိုက်သည်။
မြစ်ဝါမြို့ ဆိုတာ လူလင် စီရင်စုရဲ့ မြောက်ဘက်အကျဆုံး မြို့ကြီးဖြစ်ပြီး တောင်နဲ့မြောက် သွားလာသူတွေ အများဆုံး ဖြတ်သန်းရာ နေရာ။
အခုအချိန်မှာ တံခါးစောင့်တွေက မြို့တံခါးကို ပိတ်ထားကြပေမယ့် ဒုက္ခသည်တွေကို အကြမ်းဖက် မောင်းထုတ်တာမျိုးတော့ မလုပ်ကြဘူး။
မြို့ထဲကနေ အစားအသောက် တချို့တောင် ပစ်ချပေးနေကြသေးတယ်။
ဒေသခံ အရာရှိတွေက ရက်စက်လွန်းလို့ ဒုက္ခသည်တွေကို စွန့်ပစ်ထားတာ မဟုတ်ဘဲ ရွေးချယ်စရာ မရှိတော့လို့ ဆိုတာ ထင်ရှားနေသည်။
"ဧကရာဇ် ရောက်လာပြီ"
ကပ်ရောဂါရဲ့ ဇာစ်မြစ်ကို ဘယ်မှာ ရှာရမလဲ စဉ်းစားနေတုန်း စူးရှတဲ့ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
{ဘာကြီးလဲ... ငါက ဧကရာဇ် မဟုတ်ဘူးလား}
သေချာတာပေါ့ အဲဒီအသံက သူ့ကို ရည်ညွှန်းတာ မဟုတ်မှန်း သူ သိပါတယ် ဒါကြောင့် ဘယ် "ဧကရာဇ်" ရောက်လာတာလဲ ဆိုတာ သိချင်စိတ်နဲ့ ခေါင်းပြူကြည့်လိုက်သည်။
ဒုက္ခသည်တွေလည်း အဲဒီအသံကို ကြားလိုက်ကြသည်။
ကယ်တင်ရှင်ကို တွေ့လိုက်ရသလို သူတို့မျက်လုံးတွေ အရောင်တောက်လာပြီး နောက်ဆုံး ကျန်တဲ့ အင်အားနဲ့ မြေကြီးပေါ်ကနေ ကုန်းထကာ ဧကရာဇ် ယာဉ်တန်း ဆီ ပြေးသွားကြသည်။
{ဟိုက်... သူ ဖြစ်နေတာလား}
ဧကရာဇ် ဝတ်စုံ ဝတ်ဆင်ထားတဲ့ မုယောင် ကို မြင်လိုက်ရတဲ့အခါ ကျန်းပေရန် ကြောင်အ သွားသည်။
မုယောင် နန်းတက်တာကို သူ ထူးဆန်းတယ်လို့ ထင်တာ မဟုတ်ဘူး အကယ်၍ ဧကရာဇ်သစ် တစ်ပါးကို သူကိုယ်တိုင် ရွေးချယ်ရမယ် ဆိုရင် သူ သေချာပေါက် သူမကိုပဲ ရွေးမှာ။
ဒါပေမဲ့ ပထမအချက် အနေနဲ့ ရှန့်တိုင်းပြည်မှာ သာမန်လူတွေပဲ ဧကရာဇ် ဖြစ်ခွင့်ရှိတယ် ဆိုတဲ့ စည်းကမ်း ရှိတယ်။
ကျန်းပေရန်က အဲဒီစည်းကမ်းကို ဖောက်ဖျက်ခဲ့တယ် ဆိုပေမယ့် နည်းနည်းလေးပဲ ဖောက်ဖျက်ခဲ့တာပါ ဘာပဲပြောပြော သူက ချီသန့်စင်ခြင်း အဆင့်မှာ ငါးနှစ်လောက် သောင်တင်နေတဲ့ "ကျင့်ကြံခြင်း မသန်စွမ်းသူ" တစ်ယောက်ပဲလေ။
ဒါပေမဲ့ မုယောင်ရဲ့ ကျင့်ကြံခြင်း ပါရမီက ထူးကဲလွန်းတယ် သာမန်လူတွေပဲ ဧကရာဇ် ဖြစ်ရမယ် ဆိုတဲ့ ရိုးရာဓလေ့ကို လုံးဝ ချိုးဖျက်လိုက်တာပဲ။
ဒုတိယအချက် အနေနဲ့ မုယောင်က ယင်ကျန်းဟုန် ရဲ့ သမီးလေ…..
အဲဒီ ထိုက်ရင်းကျုံး... မဟုတ်ဘူး အဲဒီ ထိုက်ရင်းကျုံး က ဒါကို သဘောတူခဲ့တယ် ဟုတ်လား။
{တကယ် ထူးဆန်းတာပဲ}
"နောက်ဆုတ်နေ"
ဘေးဒုက္ခသည်တွေ ဧကရာဇ် ယာဉ်တန်း ဆီ ပြေးလာတာ မြင်တော့ နောက်တန်း အစောင့်တွေက လေးတွေ ဆွဲတင်လိုက်ကြပြီး ရှေ့တန်း အစောင့်တွေက လှံရှည်တွေ ထိုးထုတ်ကာ ဧကရာဇ်ကို ကာကွယ်ဖို့ စက်ဝိုင်းပုံစံ နေရာယူလိုက်ကြသည်။
လက်နက်တွေရဲ့ အေးစက်တဲ့ အရောင်အဝါကို မြင်လိုက်ရတဲ့အခါ ဒုက္ခသည်တွေ ခြေလှမ်း နှေးသွားကြပြီး တချို့က ဒူးထောက်ချကာ အသည်းအသန် ဦးညွှတ်တောင်းပန်ကြသည်။
"အရှင်မင်းကြီး ကယ်ပါဦး ကယ်ပါဦး"
"ဖယ်လိုက် ဘယ်သူက မင်းတို့ကို အကြမ်းဖက်ခိုင်းလို့လဲ"
မုယောင်ရဲ့ ပြတ်သားတဲ့ အမိန့်ပေးသံ ကြားတော့ အစောင့်တွေ သူမဘက် လှည့်ပြီး ချက်ချင်း ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ စိတ်လောသွားပါတယ် အပြစ်ပေးပါ အရှင်မင်းကြီး"
အဲဒီအချိန်မှာ မုယောင် ဘေးနားက ခုံချန်ချန် ရှေ့ထွက်လာပြီး လက်ဝှေ့ယမ်းကာ ဆူပူလိုက်သည်။
"အသိတရား ရှိစမ်းပါ နောက်ဆုတ်ကြ အခု"
"ဟုတ်ကဲ့ပါ"
အစောင့်တွေ ပြန်ဖြေပြီး စက်ဝိုင်းပုံစံ အကာအကွယ်ကို အမြန် ရုပ်သိမ်းလိုက်ကြသည်။
ဒုက္ခသည်တွေက အနားမကပ်ရဲသေးဘဲ နေရာမှာတင် ဆက်ပြီး ဦးညွှတ်နေကြတာ မြင်တော့ မုယောင် ကိုယ်တိုင် သူတို့ကြားထဲ လမ်းလျှောက်သွားပြီး ပြောလိုက်သည်။
"စိတ်ချကြပါ နန်းတော်က ကုသပေးဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် မျှော်လင့်ချက် မမဲ့ကြပါနဲ့"
"အရှင်မင်းကြီး"
"အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလိုက်တာ"
"အရှင်မင်းကြီးက ကောလာဟလတွေ အတိုင်းပဲ အရင် အရှင်မင်းကြီး လိုပဲ... ဧကရာဇ်ကောင်း တစ်ပါးပါပဲ"
...
မုယောင်ရဲ့ စကားတွေက ဒုက္ခသည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်ပြီး မျက်ရည်ကျစေသည်။
တချို့ဆိုရင် နဖူးပေါက်တဲ့အထိ ဦးညွှတ်နေကြသည်။
"အရှင်မင်းကြီး သမီးလေးကို ကယ်ပါဦး သမီးလေးကို ကယ်ပေးပါ"
အဲဒီအချိန်မှာ အဝတ်အစား မလုံမခြုံ ဖြစ်နေတဲ့ မိခင်တစ်ယောက်က ကလေးငယ် တစ်ယောက်ကို ပွေ့ချီပြီး မုယောင် ရှေ့မှာ ဒူးထောက်လိုက်သည်။
"ကောင်းပြီ စိတ်မပူနဲ့ ငါ ကြည့်ပေးမယ်"
မုယောင် ဝိညာဉ်အာရုံ သုံးပြီး ကလေးမလေးကို စစ်ဆေးလိုက်ကာ နဖူးပေါ် လက်တင်လိုက်သည်။
{ဒီ သေခြင်းတရားချီ က ပိုပိုပြီး ခေါင်းမာလာပါလား}
ကလေးမလေး ခန္ဓာကိုယ်ထဲမှာ သေခြင်းတရားချီ အမျှင်တန်းတွေ သောင်းကျန်းနေတာကို အာရုံခံမိလိုက်သဖြင့် မုယောင် မျက်မှောင်ကြုတ်လိုက်သည်။
သူမက အတွင်းအား တစ်မျှင်ကို ကလေးမလေး ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်း ထည့်သွင်းပေးလိုက်ရာ သေလုနီးပါး ဖြစ်နေတဲ့ ကလေးမလေး အသက်ရှူ ပြန်မှန်လာသည်။
"မေမေ... ဗိုက်ဆာတယ်"
သမီးလေး မျက်လုံးပွင့်လာတာ မြင်တော့ မိခင်ဖြစ်သူ ငိုကြွေးလိုက်ပြီး အော်ဟစ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ဒါပေမဲ့ မုယောင် သိတယ် ဒါက ယာယီ ကုသမှု သက်သက်ပဲ ဆိုတာ။
သူမ ထည့်ပေးလိုက်တဲ့ အတွင်းအားက ကလေးမလေးကို ခဏတာ အသက်ဆက်ရှင်အောင်ပဲ ကူညီပေးနိုင်တာ။
တကယ် ကယ်တင်ချင်ရင် ဒီကပ်ရောဂါအတွက် ကုဆေး ရှာမှ ရလိမ့်မယ်။
{သူသာဆိုရင်... ဘယ်လို လုပ်မလဲ}
ဒုက္ခသည်တွေ ပိုများလာပြီး ကယ်တင်ဖို့ တောင်းပန်လာကြတဲ့အခါ မုယောင် စိတ်ဓာတ်ကျလာပြီး ရုတ်တရက် မျက်လုံး ပြူးသွားသည်။
"ရှင်"
ဒူးထောက်နေတဲ့ ဒုက္ခသည်တွေ ကြားထဲမှာ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုက မတ်တပ်ရပ်ပြီး သူမကို ပြုံးကြည့်နေသည်။
မုယောင် စကားဆက်မပြောနိုင်ခင်မှာပင် ကျန်းပေရန်က နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တိတ်တိတ်နေဖို့ အချက်ပြလိုက်ကာ တခြားနေရာမှာ စကားပြောဖို့ လက်ဟန်ပြလိုက်သည်။
စိတ်တွေ ရှုပ်ထွေးနေပေမယ့် မုယောင်က ဂိုဏ်းသားတချို့ကိုခေါ်ပြီး ဒုက္ခသည်တွေကို အတွင်းအား ဖြည့်ပေးဖို့ မှာကြားကာ အားပေးစကား နည်းနည်း ပြောပြီးနောက် ကျန်းပေရန် ညွှန်ပြတဲ့ နေရာဆီ လျှောက်သွားလိုက်သည်။
ဧကရာဇ်ရဲ့ ကိုယ်ရေးအပျိုတော် ဖြစ်တဲ့ ခုံချန်ချန် ကတော့ မုယောင် ထွက်သွားတာ မြင်တာနဲ့ သဘာဝကျကျ နောက်က လိုက်သွားတော့သည်။
ကုန်းနိမ့်လေး တစ်ခုပေါ်မှာ နေ့ရောညပါ တမ်းတနေခဲ့ရတဲ့ သူကို မုယောင် ချက်ချင်း တွေ့လိုက်သည်။
ရင်ထဲမှာ ခံစားချက်တွေ လှိုင်းထသလို ဖြစ်လာပြီး ပြောစရာတွေ အများကြီး ရှိပေမယ့် နှုတ်ခမ်းဖျား ရောက်လာတဲ့ စကားက တစ်ခွန်းတည်းသာ ဖြစ်သည်။
"ဟွန်း ပြန်လာဖို့တော့ သတိရသေးတယ်ပေါ့"
မုယောင် စကားဆုံးတာနဲ့ အနောက်က အမီလိုက်လာတဲ့ ခုံချန်ချန်က အသံကုန် အော်လိုက်သည်။
"အရှင်မင်းကြီး အရှင်မင်းကြီး"
အံ့သြဝမ်းသာနေတဲ့ မျက်နှာထားနဲ့ ခုံချန်ချန် ကျန်းပေရန်ဆီ ပြေးဝင်သွားပေမယ့် သူက အသာလေး ရှောင်တိမ်းလိုက်သည်။
လေဟာနယ်ကို ဖက်လိုက်မိတဲ့ သူမကို ကြည့်ပြီး ကျန်းပေရန် ပြုံးလိုက်သည်။
"ပေါက်ကရတွေ မအော်နဲ့ အခု ငါက ဧကရာဇ် မဟုတ်တော့ဘူး"
"အော် ဟုတ်သားပဲ"
ခုံချန်ချန် ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး မုယောင်ကို ကြည့်လိုက်သည်။
"အရှင်မင်းကြီး လူမှားခေါ်မိလို့ အပြစ်ပေးခံရမလားဟင်"
လက်မလည်သလို ခေါင်းခါလိုက်ရင်း မုယောင် ပြောလိုက်သည်။
"နင် လူမှားခေါ်တာ မဟုတ်ပါဘူး ဘာအပြစ်ပေးစရာ ရှိလို့လဲ"
ပြီးတော့ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်သည်။
"အဖေက ပြောတယ် ရှင် ပြန်ရောက်တာနဲ့ ထီးနန်းက ရှင့်ဟာပဲတဲ့ ကျွန်မက မရှိမဖြစ်မို့လို့ ခဏ ယူထားပေးတာ ဧကရာဇ် ဖြစ်ရတာ လုံးဝ မကြိုက်ဘူး"
လူမှားခေါ်တာ မဟုတ်မှန်း သိလိုက်ရတဲ့ ခုံချန်ချန် ကျန်းပေရန်ဆီ ပြန်ပြေးသွားပြီး ပြောလိုက်သည်။
"အရှင်မင်းကြီး ဒီလောက်ကြာအောင် ဘယ်တွေရောက်နေတာလဲ တောင်ထွတ်ပြည်နယ် တစ်ခုလုံး အရှင်မင်းကြီးကို လိုက်ရှာနေကြတာ"
"ရှုပ်ထွေးတဲ့ ကိစ္စ တစ်ခုနဲ့ ကြုံပြီး ပိတ်မိနေလို့ပါ"
ပြောပြီးနောက် ကျန်းပေရန် မုယောင်ကို ကြည့်ပြီး မေးလိုက်သည်။
"လွန်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ပြောပြလို့ ရမလား ဥပမာ ဒီ ထူးဆန်းတဲ့ ကပ်ရောဂါ အကြောင်းပေါ့"
"အဟွတ်"
မုယောင် ချောင်းအသာဟန့်လိုက်သည်။
"ဇာတ်လမ်းက ရှည်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ အရာအားလုံး ကျွန်မ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်"
ခုံချန်ချန် မျက်တောင်ခတ်ပြီး မုယောင်ကို ကြည့်လိုက်သည်။
"အရှင်မင်းကြီး... အဲ အစ်မကြီး လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက စိတ်ပူလွန်းလို့ အိပ်တောင် မပျော်ဘူး ဆို ဘာလို့ ရုတ်တရက်... အား အား အား"
ခုံချန်ချန် စကားမဆုံးခင်မှာပင် မုယောင်က သူမ လည်ဂုတ်ကို ဖမ်းပြီး အနောက်ကို ပစ်ပို့လိုက်သည်။
ရင်းနှီးနေတဲ့ မြင်ကွင်းကို ကြည့်ရင်း ကျန်းပေရန် နွေးထွေးစွာ ပြုံးလိုက်မိသည်။အိမ်ပြန်ရောက်သလို ခံစားလိုက်ရသည်။
ခုံချန်ချန်ကို ရှင်းထုတ်ပြီးနောက် မုယောင် ကျန်းပေရန်ကို ပြောလိုက်သည်။
"ပြဿနာ သေးသေးလေးပါ ကျွန်မ ဖြေရှင်းနိုင်ပါတယ် ဒါပေမဲ့ ရှင် ပြန်ရောက်လာပြီ ဆိုတော့ ရှင့်ကို လွှဲပေးလိုက်တော့မယ် ဘာပဲပြောပြော ရှင်က ဧကရာဇ်ပဲလေ"
"ကောင်းပြီ ဒါပေမဲ့ ကပ်ရောဂါ အကြောင်း မပြောခင် လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရှန့်တိုင်းပြည်မှာ ထူးခြားဖြစ်စဉ်ကြီးတွေ ဖြစ်ခဲ့သေးလား ဆိုတာ ပြောပြပါဦး"
တစ်နာရီ ကြာပြီးနောက် ကျန်းပေရန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"မင်း ဧကရာဇ် တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ခဲ့တာပဲ ဒီရာထူးကို ဆက်ယူထားဖို့ စဉ်းစားသင့်တယ်"
ကျန်းပေရန် ချီတိုင်းပြည်ကို ထွက်သွားကတည်းက ရှန့်တိုင်းပြည်မှာ အဖြစ်အပျက်ကြီးတွေ အများကြီး ဖြစ်ပျက်ခဲ့သည်။
ပထမအချက်က စီရင်စုတွေနဲ့ မြို့တွေအနှံ့က ကျင့်ကြံသူတွေက အဆိပ်မြူ ပြန်မလာနိုင်အောင် အစီအရင်ကြီးတွေ တည်ဆောက်ခဲ့ကြသလို နောင်လာမယ့် တခြားလူမျိုးစု ကျူးကျော်မှုတွေကို ကာကွယ်ဖို့လည်း အစီအစဉ်သစ်တွေ ချမှတ်ခဲ့ကြသည်။
ဒုတိယအချက်က ဧကရာဇ် ရုတ်တရက် ပျောက်ဆုံးသွားတာက ဖြောင့်မတ်ဂိုဏ်းရော နတ်ဆိုးဂိုဏ်း ခေါင်းဆောင်ပိုင်းတွေကိုပါ ထိတ်လန့်သွားစေခဲ့သည်။ လန်ပြည်နယ်က လူကြီးလူကောင်း နှစ်ယောက်တောင် တုန်လှုပ်သွားကြသည်။
ဆိုရိုးစကား ရှိတယ်လေ "တိုင်းပြည် တစ်ပြည်မှာ အုပ်ချုပ်သူ မရှိဘဲ တစ်ရက်တောင် မနေသင့်ဘူး" တဲ့။ ယင်ကျန်းဟုန် က ကျန်းပေရန် အသက်အန္တရာယ် ရှိမယ်လို့ မယုံကြည်ပေမယ့် နန်းတော်ကတော့ ဦးဆောင်မယ့်သူ လိုအပ်နေသည်။
ဆွေးနွေးပြီးနောက် မုယောင်ကို ဒီရာထူး ယူခိုင်းလိုက်ကြသည်။
ပထမအချက်က သူမက ကျန်းပေရန်ဆီက အများကြီး သင်ယူခဲ့ပြီး အစီရင်ခံစာတွေကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်နေပြီမို့လို့ ယာယီ တာဝန်ယူတာ ပြဿနာ မရှိဘူး။
ဒုတိယအချက်က ဖြောင့်မတ်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းက "ပျားရည်ဆမ်း ကာလ" ရောက်နေပြီး ထိုက်ရင်းကျုံး ကလည်း ကျန်းပေရန် ထာဝရ ပျောက်ဆုံးသွားမယ်လို့ မယုံကြည်တာကြောင့် သဘောတူလိုက်ခြင်း ဖြစ်သည်။
တတိယ ကိစ္စကတော့ လူလင် စီရင်စု ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်တာပါပဲ။
ကျန်းပေရန်လိုပဲ ရုပ်ဖျက်ပြီး လှည့်လည်သွားလာရတာ ကြိုက်တဲ့ မုယောင် အတွက် ဒါက အထူးသဖြင့် စိတ်လှုပ်ရှားစရာ ကောင်းသည်။
လမ်းမပေါ်က လူတွေရဲ့ မျက်နှာပေါ်က အပြုံးတွေကို မြင်ရတာက သူမအတွက် အိပ်မက်လို ခံစားရစေသည်။
သူမရဲ့ အိပ်မက်က ဒီလို တိုင်းပြည်မျိုး တည်ထောင်ချင်ခဲ့တာ ဒါပေမဲ့ အိပ်မက် အဖြစ်ပဲ ရှိနေလိမ့်မယ်လို့ ထင်ခဲ့မိတယ်။
အခုတော့ တစ်ယောက်ယောက်က သူမအတွက် အကောင်အထည် ဖော်ပေးနေပြီ ပုံဖော်လို့ ရနေပြီ။
အံ့ဖွယ် အဆောက်အအုံ တစ်ခုပြီးတစ်ခု မြေကြီးထဲက ထွက်ပေါ်လာတာကို မြင်တော့ မုယောင် တစ်ကြိမ်မက ကျန်းပေရန် ခေါင်းကို ဖွင့်ပြီး အထဲမှာ ဘာရှိလဲ ကြည့်ချင်ခဲ့ဖူးသည်။
အစီရင်ခံစာက ဒီမှာတင် ပြီးသွားရင်တော့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်မယ်။
မုန်တိုင်းတွေ ပြီးသွားတဲ့နောက် ရှန့်တိုင်းပြည်က ပြန်လည် ထူထောင်ရေးနဲ့ ကြီးထွားရေး ကာလကို ရောက်ရှိလာခဲ့သည်။
ဒါပေမဲ့ လွန်ခဲ့တဲ့ လကမှ ကြောက်မက်ဖွယ် ကောင်းတဲ့ ကပ်ရောဂါ တစ်ခု တောင်ထွတ်ပြည်နယ် တစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။
သေဆုံးနှုန်း မြင့်မားရုံတင် မကဘူး အကြောက်စရာ အကောင်းဆုံး အချက်က ကျင့်ကြံသူတွေကိုပါ ကူးစက်နိုင်တာပဲ။
ကူးစက်ခံရတဲ့ ဂိုဏ်းသားတချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကုန်ကြပြီး ဂိုဏ်းချုပ်တွေတောင် မကယ်နိုင်ကြဘူး။
ကျင့်ကြံသူတွေရဲ့ အသက်ကိုပါ ယူနိုင်တဲ့ ကပ်ရောဂါက တောင်ထွတ်ပြည်နယ် သိုင်းလောကကို ချက်ချင်း ထိတ်လန့်သွားစေသည်။
အကြံပြုချက်တွေ တဖွဲဖွဲ ရောက်လာကြသည်။
တချို့က ဒီလို ထူးခြားတဲ့ အခြေအနေမျိုးမှာ သွေးအေးတဲ့ နည်းလမ်းတွေ လိုအပ်တယ်လို့ ယုံကြည်ကြသည်။ ကူးစက်ခံထားရတဲ့ အရပ်သား အားလုံးကို စုပြီး မီးရှို့ပစ်လိုက်ရင် ရောဂါပိုး အမြစ်ပြတ်သွားမယ်ပေါ့။
မုယောင် ပြောပြချက်အရ အစည်းအဝေးမှာ လူအများစုက ဒီအကြံပြုချက်ကို သဘောတူကြပေမယ့် မုယောင်က နောက်ဆုံးမှာ တားဆီးခဲ့သည်။
သူမရဲ့ အကြောင်းပြချက်က ရိုးရှင်းပါတယ်…… ရောဂါပျံ့နှံ့မှုက အရမ်း မြန်ဆန်လွန်းတယ်။
တောင်ထွတ်ပြည်နယ် ရဲ့ ထက်ဝက်လောက် ကူးစက်ခံထားရပြီးပြီ။
အကုန်လုံးကို မီးရှို့ပစ်လိုက်ရင် ပြည်နယ် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။
အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကို ပယ်ချလိုက်ပြီးနောက် ဖြောင့်မတ်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်း ခေါင်းဆောင်တွေက တခြား နည်းလမ်း ရှာရတော့သည်။
တချို့က ဇာစ်မြစ်ကို အရင်ရှာပြီးမှ ဖြေရှင်းနည်း ရှာဖို့ အကြံပြုကြသည်။
တချို့က ကုဆေး ဖော်ထုတ်မှု မြန်ဆန်စေဖို့ ဓာတုဗေဒ ပညာရှင် အဖွဲ့ ဖွဲ့စည်းဖို့ အကြံပြုကြသည်။
တချို့က အဆိပ်ကို အဆိပ်နဲ့ ကုဖို့တောင် အကြံပြုကြသည်။
နောက်ဆုံးတော့ ဒီနည်းလမ်းတွေ အကုန်လုံး သုံးခဲ့ပေမယ့် ရလဒ်က မပြောပလောက်ပါဘူး။
လူအများစုက ဒီကပ်ရောဂါဟာ အရင်က အဆိပ်မြူနဲ့ ဆက်စပ်နေမယ်လို့ သံသယ ရှိကြပေမယ့် ဇာစ်မြစ်ကို ရှာမတွေ့ကြသေးပေ။
ဓာတုဗေဒ ပညာရှင် အဖွဲ့ ဖွဲ့စည်းခဲ့ပေမယ့် ကျင့်ကြံသူတွေကို ကူးစက်နိုင်တဲ့ ကပ်ရောဂါမျိုး သူတို့ တစ်ခါမှ မကြားဖူးကြဘူး ဒီနေ့အထိ ထိရောက်တဲ့ ကုဆေး မထုတ်လုပ်နိုင်သေးဘူး။
အဆိပ်ကို အဆိပ်နဲ့ ကုမယ့် နည်းလမ်းကတော့ အခြေအမြစ် မရှိတဲ့ အကြံဉာဏ်မို့လို့ ဘေးဖယ်ထားလိုက်ရသည်။
"ကျင့်ကြံသူတွေကို သတ်နိုင်တဲ့ ကပ်ရောဂါက သာမန် အရပ်သားတွေကိုတော့ ချက်ချင်း မသေစေဘူး ဟုတ်လား"
မုယောင် ပြောပြတာ နားထောင်ပြီးနောက် ကျန်းပေရန် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်"
မုယောင် ခေါင်းညိတ်လိုက်သည်။
"အဲဒါ ကျွန်မ ထူးဆန်းတယ်လို့ ထင်တဲ့ အချက်ပဲ သေဆုံးနှုန်း မြင့်မားပေမယ့် အချိန်ကြာတယ် အရပ်သားတွေပဲ ဖြစ်ဖြစ် ကျင့်ကြံသူတွေပဲ ဖြစ်ဖြစ် အကြာကြီး ဝေဒနာ ခံစားပြီးမှ သေကြတာ"
ကျန်းပေရန် ခဏ စဉ်းစားလိုက်သည်။
ဒီကပ်ရောဂါက လူလုပ် ဆိုရင်တော့ တကယ် ယုတ်မာလွန်းရာ ကျတယ်။ ရှန့်တိုင်းပြည်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာ ထင်ရှားနေသည်။
အကယ်၍ ကပ်ရောဂါက သေဆုံးနှုန်း မြင့်ပြီး လျင်မြန်မယ် ဆိုရင် မြို့တစ်မြို့လုံးကို တစ်ညတည်းနဲ့ မျိုးဖြုတ်ပစ်နိုင်ပေမယ့် အနည်းဆုံးတော့ အဲဒီမှာတင် ပြီးသွားမယ်။
ဒါပေမဲ့ ဒီရောဂါက သေဆုံးနှုန်း မြင့်မားသလို နှေးကွေးတယ်… မျိုးဖြုတ် လက်နက် တစ်ခုပဲ။
နှေးကွေးလေ ပိုပျံ့နှံ့လေပဲ နောက်ဆုံးတော့ ပြည်နယ် တစ်ခုလုံးကို ဝါးမြိုသွားလိမ့်မယ်။
{တောင်ထွတ်ပြည်နယ် က ကံအဆိုးဆုံးပဲ ဒီလို ထူးဆန်းတဲ့ ကပ်ဘေးတွေနဲ့ချည်း ကြုံနေရတယ်}
စိတ်ထဲကနေ သက်ပြင်းချလိုက်ရင်း ကျန်းပေရန် တစ်ခုခုကို သတိရလိုက်သည်။
"ခုနက အရပ်သားတွေ ပြောတာ ကြားလိုက်တယ် လူလင် စီရင်စု က မကူးစက်ဘူး ဆို"
"ဟုတ်တယ်"
မုယောင် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"တောင်ထွတ်ပြည်နယ် တစ်ခုလုံး နီးပါး အကြောသေနေပေမယ့် လူလင် စီရင်စု ကတော့ ပျံ့နှံ့မှုကို မြန်မြန် ထိန်းချုပ်နိုင်ခဲ့တယ် အခုဆိုရင် တောင်ထွတ်ပြည်နယ် ရဲ့ တစ်ခုတည်းသော သန့်ရှင်းတဲ့ မြေနေရာ အဖြစ် ကျန်ရှိနေတာ"
"အင်း..."
ကျန်းပေရန် တစ်စုံတစ်ခုကို တွေးမိသွားသလို ခေါင်းညိတ်လိုက်သည်။