← Chapters

အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်

Vol. 1 Ch. 132

အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ်

Vol. 1 Ch. 132

"ခွပ် ... ခွပ် ... ခွပ်"

နောက်တစ်နေ့ နံနက်ခင်း စောစောတွင် နဂါးတစ်သောင်း တောင်ကြား၏ အပြင်ဘက်မှ ထိတ်လန့်ဖွယ် အသံများ ထွက်ပေါ် လာခဲ့သည်။ လူတိုင်းသည် ထိတ်လန့် မှင်သက် နေကြသည်။ အသံကို ကြားလျှင် ကြားချင်း ကျောင်းအုပ်ချီသည် စိုးရိမ်သော အမူအရာနှင့် သူမ၏ ရွက်ဖျင်တဲထဲမှ ထွက်လာခဲ့သည်။

အသံသည် ပို၍ ပို၍ ကျယ်လောင် လာခဲ့သည်။ မြေပြင်သည် စတင်တုန်ခါလာခဲ့ရာ တောင်ကြား၏ အနက်ရှိုင်းဆုံး အပိုင်းများတွင် ပုန်းအောင်းနေကြသော နဂါးအနွယ်ဝင် နတ်ဆိုး သားရဲများသည်ပင် ထိတ်လန့်တကြား ပျံသန်း ကြကုန်လေသည်။ သတ္တဝါတို့သည် အန္တရာယ် ကျရောက် လာမည်အား ကြောက်ရွံ့ကြဟန် တူလေသည်။

"စစ်တပ်"

ရွက်ဖျင်တဲ ထဲတွင် အိပ်နေသော ချမ်ဝမ်ကွမ်သည် လူးလှိမ့်ကာ ထထိုင်လိုက်သည်။ သူ၏ ဝိုင်းစက် ဖောင်းကားနေသော မျက်နှာထက်တွင် သံသယအချို့ ရှိနေခဲ့သည်။ နဂါးတစ်သောင်း တောင်ကြား၌ ဝင်ပေါက် တစ်ခုသာ ရှိသည်။ ဤကဲ့သို့ စစ်တပ်ကြီး တစ်ခုကသာ လာရောက်ဝန်းရံ တိုက်ခိုက်လျှင် မည်သူမှ လွတ်လမ်း မရှိပေ။

"ဝှစ်"

ချမ်ဂိုဏ်းမှ ကင်းထောက်သမားသည် အသားကုန် ပြေးလာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ရှေ့တွင် ဒူးထောက်လိုက်ပြီး ကျယ်လောင်စွာ တင်ပြလိုက်သည်။

"ခေါင်းဆောင်ငယ် ... အပြင်မှာ စစ်သည်တစ်သောင်းပါတဲ့ စစ်တပ် ရောက်နေပါတယ် ... အဲဒါက အနောက်ဘက် မြို့စောင့်တပ်ရဲ့ ကောင်းကင်အစောင့် စစ်သားတွေပါ"

"ကောင်းကင်အစောင့် စစ်သားတွေ"

ချမ်ဝမ်ကွမ်သည် မျက်လုံး ကစားကာ စဉ်းစားလိုက်ပြီး ပြုံးလာခဲ့သည်။ သူသည် လက်ယမ်းပြကာ ပြောလိုက်သည်။

"အားလုံးကို အေးအေးဆေးဆေးသာနေလို့ ပြောလိုက် ... ငါမမှားဘူးဆိုရင် ဒီအုပ်စုက အစ်ကိုကြီး လာခေါ်တာ ဖြစ်ရမယ် ... ဒါပေမဲ့ အစ်ကိုကြီးကတော့ ... အထဲမှာ ဘာတွေလုပ်နေမယ် မသိဘူး"

"ကျန်းရီကို လာခေါ်တာ"

ချမ်ဂိုဏ်း၏ ကင်းထောက်သည် မယုံကြည်နိုင်ဟန် ပေါ်နေသည်။ ကျန်းရီ၏ သရုပ်မှန်အား သူသိသည်။ သို့သော် ကျန်းပိုင်လီက သူ့ရဲ့ တရားမဝင် သားအတွက် ဒီလို စစ်တပ်ကြီး တစ်ခု လွှတ်ပါ့မလား ... ပြီးတော့ အနောက်ဘက် မြို့စောင့်တပ်ရဲ့ အားအကောင်းဆုံး ကောင်းကင်အစောင့် စစ်သားတွေတဲ့လား။

"အမှန်ပဲ"

ချမ်ဝမ်ကွမ်သည် အတော်လေး ယုံကြည်ချက် ရှိနေပေသည်။

"ကျန်းပိုင်လီရဲ့ ရင်ထဲမှာ ရီဖျောင်ဖျောင်ကို ဒီလောက်ထိ ဦးစား ပေးနေဦးမယ်လို့ ထင်မထားဘူး ... ကျန်းပိုင်လီက ကျန်းရီအတွက် ဒီလို ရုတ်ရုတ်သဲသဲ ဖြစ်အောင် တကယ်ကြီး လုပ်လာတယ် ... ဒါက ကျန်းရီကို ထိရဲတဲ့ သူတိုင်း သူ့အမျက်သင့်တာကို ခံရမယ်လို့ ကြေငြာ လိုက်တာနဲ့ အတူတူပဲ"

"ခွပ် ... ခွပ် ... ခွပ်"

မကြာခင်တွင် ကောင်းကင်အစောင့် စစ်သည် တစ်သောင်းသည် တောင်ကြား အတွင်းသို့ ဝင်ရောက် လာခဲ့သည်။ အနက်ရောင် စစ်မြင်းများ စီးနင်းလာသော စစ်သည်တို့သည် အနက်ရောင် သံချပ်များ၊ အနက်ရောင် ဓားများကို တူညီစွာ ဆင်မြန်း ထားကြသည်။ သူတို့ အားလုံးသည် အနီရောင် လေးများကို ချိန်ရွယ်ထားကြပြီး တောင်ကြား အတွင်းရှိ လူရာဂဏန်းလောက်ကို ကြည့်နေကြသည်။ တစ်ယောက်ယောက်ကသာ တစ်ခုခု လုပ်လာပါလျှင် သူတို့ချက်ချင်း လှုပ်ရှား လာကြပေလိမ့်မည်။

"မင်းတို့ ဘာလုပ်တာလဲ ... ငါက ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ပဲ ... အရှင်ကျန်းနဲ့ ငါတို့ကျောင်းအုပ်က ရင်းနှီးကြတယ် ... မင်းတို့ မဆင်မခြင် မလုပ်တာ ကောင်းလိမ့်မယ်"

ကျောင်းအုပ်ချီသည် ဒုကျောင်းအုပ် သုံးယောက်အား မရေမတွက်နိုင်သော မြားများ ချိန်ရွယ် ထားသည်ကို မြင်လျှင် အနောက်ဘက် မြို့စောင့်တပ်အား စူးစူးရဲရဲ စိုက်ကြည့်ကာ သတိပေးလိုက်သည်။ သူတို့၏ အဆင့်အတန်းနှင့် ဆိုလျှင် ကျန်းပိုင်လီတောင် မလေးမစား မလုပ်ဝံ့ပေ။ ဒီအရိုင်းအစိုင်း စစ်သားတွေက သူတို့ကို ဒီလိုမျိုး ပြုမူရဲတယ်လား။

သို့သော် သူတို့သည် ဘာမှ မလုပ်ရဲပေ။ ပထမအချက် ... သူတို့သည် ကျန်းပိုင်လီ၏ ဒေါသအား ဆွမိမှာ ကြောက်ရသည်။ ဒုတိယအချက် ... ထိုမြားများ တစ်ချိန်တည်း လွှတ်လိုက်လျှင် အသက် ရှင်မည်ဟု ယုံကြည်ချက် မရှိပေ။ ထိုမြားများသည် ကျော်ကြားလှသော နတ်ဘုရား သတ်ဖြတ်ခြင်း မြားများ မဟုတ်ပါလား။

"ခွပ် ... ခွပ်"

စစ်သည်များသည် ရုတ်တရက် နှစ်ခြမ်း ခွဲလိုက်ကြသည်။ စစ်သူကြီး ဝတ်စုံနှင့် ရှည်လျား သေးသွယ်သော ဓားတစ်ချောင်းအား ကိုင်ဆောင် ထားသည့် လူထွားကြီး တစ်ယောက်သည် စစ်မြင်းအား သူတို့ထံ ဦးတည်၍ မောင်းနှင် လာခဲ့သည်။ သူသည် အေးစက်သော မျက်လုံးများနှင့် လူတိုင်းအား ကြည့်လိုက်ပြီးနောက် ကျောင်းအုပ်ချီ၏ မျက်နှာအား စိုက်ကြည့်လိုက်သည်။ သူသည် တည်ကြည် အေးစက်သော လေသံနှင့် စကား စလာခဲ့သည်။

"ကျန်းရီ ဘယ်မှာလဲ"

"ကျန်းရီ"

လူအုပ်သည် ဆူဆူညံညံ ဖြစ်သွားခဲ့သည်။ သူတို့ အများစုသည် ကျန်းရီ ဘယ်သူမှန်း မသိကြပေ။ သင်တန်းကျောင်းမှ အစောင့်များနှင့် ဆရာများသည် အံ့အား သင့်သွားကြသည်။ သူတို့သည် ကျန်းရီနှင့် ကျန်းရိလျှို အကြားတွင် ရန်ငြိုးများ ရှိနေသည်ကို သိကြသော်လည်း ကျန်းပိုင်လီသည် ကျန်းရီအား သတ်ရန် ဤကဲ့သို့သော စစ်တပ်ကြီး လွှတ်လိမ့်မည်ဟု မထင်ထားမိပေ။

ကျောင်းအုပ်ချီသည် သဘောမကျဟန် ပေါ်လာသော်လည်း ဘာမှ ပြောမလာခဲ့ပေ။ အခြား ဒုကျောင်းအုပ် နှစ်ယောက်သည်လည်း ဒေါသ ထွက်နေကြသည်။ သို့သော် သူတို့သည် အံကိုသာ ကြိတ်၍ စကား မဆိုခဲ့ပေ။

"ကျွန်တော် သိတယ်"

လူသား ဘောလုံးကြီးသည် လူအုပ်ထဲမှ တလိမ့်လိမ့်နှင့် ထွက်လာခဲ့သည်။ ချမ်ဝမ်ကွမ်သည် မျက်လုံးများ မမြင်ရတော့သည် အထိ ပြုံးလိုက်ပြီး ကောင်းကင်အစောင့် စစ်သည်များ၏ စစ်သူကြီးအား စကား ပြောလိုက်သည်။

"စစ်သူကြီး ကျန်းရမ်ထူ ... ကျန်းရီက အခု ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းထဲမှာ ... နောက်လေးနာရီ ကြာရင် အပြင်ကို ရောက်လာလိမ့်မယ် ... သူသေမလား ရှင်မလားတော့ မပြောတတ်ဘူး"

"လေးနာရီ"

ကျန်းရမ်ထူ၏ ကျားရဲ ကဲ့သို့သော မျက်လုံးများသည် ဝေ့ကြည့်လိုက်ပြီး အမိန့် ပေးလိုက်သည်။

"စစ်သည်တော်တွေ ... ငါ့အမိန့်ကို နာခံ ... တောင်ကြား တစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး သတိနဲ့ စောင့်နေကြ ... တစ်ခုခု လှုပ်ရှားလာတဲ့ လူတိုင်းကို သတ်လိုက်"

"မင်း ... "

ကျောင်းအုပ်ချီသည် ဒေါသ ထွက်လွန်း၍ ခေါင်းမွေးများပင် ထောင်တော့မည်။ သို့သော် ရှေ့တွင် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများစွာက ရှိနေရာ စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ နေရာတွင်သာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

'ပညာရှိ တစ်ယောက်သည် စစ်သား တစ်ယောက်နှင့် ဆုံလျှင် ကျိုးကြောင်း ဆီလျော်အောင် ပြောနေ၍ မရပေ' ... ကျန်းရမ်ထူသည် သူ၏ ရက်စက်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ကျန်းပိုင်လီမှ လွဲ၍ ရှန်ဝူနိုင်ငံတော်၏ ဘုရင် ဆိုလျှင်တောင် သူသတ်ရဲ ပေလိမ့်မည်။

အချိန်သည် ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ လူများစွာသည်ကား လေးနာရီအား နှစ်နှစ်လောက် ကြာနေသည်ဟု ခံစားနေရသည်။ စစ်သည်တော်များသည် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ ထုတ်လွှင့်ရင်း မြားများကို ချိန်ရွယ်ထားရာ မည်သူမှ သက်သောင့်သက်သာ မခံစားရပေ။ အားလုံးသည် သူတို့ အချိန်မရွေး အသက်ဆုံးရှုံး သွားနိုင်ကြောင်း သိကြသည်။

"ရွှီ ... "

ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းရှိ ကျောက်နံရံကြီးမှ အလင်းတန်း တစ်ခုသည် ဖြာထွက် လာခဲ့သည်။ မကြာခင်တွင် တောင်ကုန်း တစ်ခုလုံး လင်းထိန် သွားခဲ့သည်။ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း ပွင့်သွား ခဲ့ပေပြီ ...

ဂူသင်္ချိုင်း တစ်ခုလုံးသည် တုန်ခါလာခဲ့သည်။ ပုံရိပ်များစွာ တို့သည် မြေပြင်ထက်ဝယ် ပေါ်ထွက် လာကြသည်။ မြင်ကွင်း တစ်ခုလုံးသည် ဆန်းကြယ် လွန်းသည်။ လူအများစုသည် ရုတ်တရက် လေဟာနယ်ထဲမှ ပေါ်ထွက်လာမှာ သရဲတစ္ဆေများ အလားပင် ...

"ဝှစ်"

လူများအားလုံး ထွက်မလာခင်တွင် ရှေးဟောင်းစစ်တပ်သုံး ရထားလုံးကြီးသည် ပေါ်ထွက် လာခဲ့ပြီး အရိပ်နှစ်ခုသည် ရထားလုံးထက် ကြောက်စရာ အမြန်နှုန်းနှင့် ခုန်တက် လိုက်ကြသည်။ ထို့နောက် ရထားလုံးကြီးသည် ကောင်းကင်ထက်သို့ ချက်ချင်း ပျံသန်း သွားခဲ့သည်။

ကပ်လျက်ပါရှိ လာသည်ကား ဂူသင်္ချိုင်း အပြင်ဘက်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည့် လူများအား လွှမ်းခြုံထားနိုင်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ထုတ်လွှင့်နေသော အစိမ်းရောင် ဝတ်စုံနှင့် လူငယ်လေး တစ်ယောက် ဖြစ်သည်။ ထိုလူငယ်သည် လျှပ်စီးအလျင်နှင့် ပြေးလာခဲ့ပြီး သူ့လက်ဝါးသည် အနက်ရောင် အလင်းများ တလက်လက် တောက်ပနေခဲ့သည်။ လူငယ်သည် သူ၏ လက်ဝါးအား ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ လူတစ်ယောက်အား ရိုက်ချတော့ပေမည်။

"ဝိုး"

အခြေအနေများ ရုတ်ချည်း ပြောင်းလဲသွားမှုသည် လူတိုင်းအား အံ့အား သင့်သွားစေခဲ့သည်။ ကျောင်းအုပ်ချီ၊ ဒုကျောင်းအုပ်များနှင့် ကျန်းရမ်ထူတို့သည် ဘာဖြစ်နေသည်ကို မသိသော်လည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ရပ်လိုက်စမ်း"

ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ်များသည် ဂူသင်္ချိုင်းထဲတွင် ဘာဖြစ်ခဲ့သည် ဖြစ်စေ ဂရုမစိုက်ပေ။ သို့သော် ရတနာ ရှာဖွေခြင်းသည် ပြီးဆုံးသွားပြီ ဖြစ်ရာ သူတို့တွင် တားဆီးပိုင်ခွင့် ရှိသွားပြီ ဖြစ်သည်။

အစိမ်းရောင်ဝတ် လူငယ်မှာ ကျန်းရီဖြစ်လေသည်။ သူသည် ဂူသင်္ချိုင်းထဲမှ ထွက်ထွက်ချင်း ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိအား ရှာဖွေခဲ့သည်။ သို့သော် ထိုနှစ်ယောက်၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းပေရာ သူသတ်ဖြတ်ရန် အခွင့်အရေး မရလိုက်ပေ။ ထို့ကြောင့် ဗိုလ်ချုပ်လျှိုအား ပစ်မှတ် ထားလိုက်ခြင်း ဖြစ်သည်။

"ဟမ့်"

ကျောင်းအုပ်ချီနှင့် ကျန်လူများ၏ အော်သံကို ကြားလိုက်ရသော အခါ ကျန်းရီသည် ပြင်းထန်သော ကြောက်စရာ အငွေ့အသက်တို့ သူ့ထံ ကျရောက်လာသည် ခံစားလိုက်ရသည်။ သို့သော် သူ့လက်သည် နှေးမသွားဘဲ ပို၍ ပြင်းထန်လာကာ ဗိုလ်ချုပ်လျှိုအား ရိုက်ချလိုက်သည်။

"ဗုန်း"

ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဗိုလ်ချုပ်လျှိုသည် လွင့်ထွက် သွားခဲ့သည်။ ပေါက်ကွဲမှူသည် ပြင်းထန်သောကြောင့် အနီးရှိ လူများသည်ပင် ခြေလှမ်းများစွာ နောက်ဆုတ် လိုက်ရသည်။

ကျန်းရီ၏ အင်အားအပြည့် ရိုက်ချက်အား ခံလိုက်ရသော ဗိုလ်ချုပ်လျှိုသည် အဝတ်အစားများ စုတ်ပြတ်သွားကာ ကိုယ်သည်လည်း သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့သည်။ သူသည် လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် အပတ်ပေါင်း များစွာ လိမ့်သွားပြီးမှ သေဆုံး သွားခဲ့သည်။

"ရဲတင်းလိုက်တာ"

ကျန်းရမ်ထူသည် ဒေါသထွက်သွားခဲ့ပြီး ကြောက်စရာ အရှိန်အဝါများသည် သူ့ကိုယ်မှ ဖြာထွက် လာခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်၏ အင်အားကို မှန်းဆ ကြည့်နိုင်ပေသည်။ သူသည် ရန်သူများစွာကို သတ်ဖြတ်၍ စစ်ပွဲများစွာကို ဆင်နွှဲလာခဲ့သော စစ်သူကြီး တစ်ဦး ဖြစ်သည်။ သူသည် အရှိန်အဝါဖြင့်ပင် လူတိုင်းအား တုန်လှုပ် ဖြူဖျော့ သွားစေနိုင်လေသည်။

"ဦးရီး ရမ်ထူ"

ကျန်းရိလျှိုသည် ကျန်းရမ်ထူနှင့် ကောင်းကင်အစောင့် စစ်သားများအား မြင်လိုက်သော အခါ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူသည် ရထားလုံးအား ကျန်းရမ်ထူ အနီးသို့ မောင်းနှင်လိုက်ပြီး အော်ပြောလိုက်သည်။

"ဦးရီး ရမ်ထူ ... ကျွန်တော့်ကို ကူပြီး သူ့ကို မြန်မြန် သတ်ပေးစမ်းပါ ... သူက ကျွန်တော်တို့ ကျန်းဂိုဏ်းက လူတွေ အများကြီးကို သတ်ထားတယ်"

"အမ်"

ကျန်းရမ်ထူသည် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ သူသည် ကျန်းရိလျှိုအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့ကိုယ်သည် လှုပ်ရှားမလာခဲ့ဘဲ ကျားရဲကဲ့သို့သော မျက်လုံးများသည် ကျန်းရီထံ ရောက်ရှိသွားခဲ့သည်။

"မင်းက ကျန်းရီလား"

ကျန်းရီသည် ဗိုလ်ချုပ်လျှိုအား သတ်လိုက်ပြီးနောက် တန်ပြန်အားကြောင့် ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူသည် ခပ်လှမ်းလှမ်းရှိ ကျန်းရမ်ထူအား တန်ပြန် ကြည့်လိုက်ပြီးနောက် ချက်ချင်း ခွန်းတုံ့ ပြန်လိုက်သည်။

"ကျွန်တော်က ကျန်းရီပဲ ... ဘာလို့လဲ ... ကျွန်တော့်ကို သတ်တော့မလို့လား"

"နေဦး"

ရထားလုံးထက်ရှိ ကျန်းစွန်းဝူကျိသည် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ ကျန်းရိလျှို သည်လည်း သဘော ပေါက်သွားခဲ့သည်။ ကျန်းရမ်ထူ၏ လေသံသည် ကြောက်စရာ ကောင်းမနေရုံသာမက ရင်းနှီးဟန်ပင် ပေါ်နေသေးသည်။ ထို့ပြင် သူနှင့် ကောင်းကင် အစောင့် စစ်သားများ ဤနေရာသို့ ရောက်နေခြင်းကလည်း ထူးဆန်း ပေသည်။

ကျန်းရိလျှိုသည် တစ်ခုခုအား တွေးမိသွားခဲ့သည်။ သူသည် ရထားလုံးအား လေထဲ၌ပင် ချက်ချင်း ရပ်တန့် စေလိုက်သည်။ သူ့မျက်မှာသည် စိမ်းတစ်လှည့် ဖြူတစ်လှည့်ဖြင့် ကျန်းရမ်ထူအား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။

"ဝှစ်"

ကျန်းရမ်ထူသည် စစ်မြင်းထက်မှ ခုန်ဆင်းလိုက်ပြီး ကျန်းရီရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် လေးနက်စွာ အော်ပြောလိုက်သည်။

"ကျန်းရမ်ထူက အရှင့်သားကို အရိုအသေ ပေးပါတယ် ... လော့ကဲအရှင်ရဲ့ အမိန့်အရ ... အရှင့်သား ကျန်းရိမြို့ဆီ အပြန်ကို ကြိုဆိုဖို့ ကျွန်တော် ရောက်ရှိလာခြင်းပါ"

"ဝှစ် ... ဝှစ် ... ဝှစ်"

စစ်သည် တစ်သောင်းသည် စစ်မြင်းများ အသီးသီးထက်မှ ခုန်ဆင်းကာ ဒူးထောက်၍ အော်ဟစ် လိုက်ကြသည်။

"အရှင့်သားကို နှုတ်ခွန်းဆက်ပါတယ် ... အရှင့်သားကို ကျန်းရိမြို့ကနေ ကြိုဆိုပါတယ်"

စစ်သည်တစ်သောင်း တစ်ပြိုင်နက် အော်ဟစ်လိုက်လျှင် အဘယ်မျှ ကျယ်လိမ့်မည်နည်း

အသံသည် လူများ၏ နားထဲတွင်သာမက စိတ်နှလုံးများထိပါ ပဲ့တင် ထပ်သွားစေနိုင်လေသည်။ သို့သော် သူတို့သည် အံ့အားသင့် တုန်လှုပ် နေကြသည်။ အထူးသဖြင့် ကျန်းရီကို သိသောသူများ ဖြစ်ပေသည်။ ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိ၏ လူများသည်မူ လုံးဝ ကြက်သေ သေသွားကြသည်။

ကျန်းရမ်ထူသည် အမှန်တကယ်ကို ကျန်းရိလျှိုအား ဒူးထောက်ကာ ပြန်လာရန် ကြိုဆိုခဲ့ခြင်း မဟုတ်ပေ။ သူသည် ကျန်းရီအား အထူးတလည် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ဟန် တူလေသည်။ ထိုပြင် သူသည် တော်ဝင် မင်းသား စစ်စစ် ဖြစ်သော ကျန်းရိလျှိုအား လုံးဝကို လျစ်လျူရှု ထားခဲ့သည်။

*****

All Chapters