လုပ်ငန်းလည်ပတ်နေသော ဓာတ်လှေကား
Vol. 82 Ch. 1181
ပတ်ဝန်းကျင်တစ်ခုလုံးက ကျောချမ်းဖွယ် အငွေ့အသက်တွေ လွှမ်းခြုံနေသော်လည်း ဒီနေရာရဲ့ ဖွဲ့စည်းပုံက ဆီဇာဟိုတယ်နှင့် တစ်ထပ်တည်း တူညီနေသည်။ ထို့ကြောင့် လမ်းပျောက်သွားမည့် အန္တရာယ်တော့ မရှိနိုင်ပေ။
သို့သော် ဒီနေရာတွင် ထွက်ပေါက် ဟူ၍ မရှိချေ။ လွတ်မြောက်လမ်း မရှိသော အခန်းပိတ်ကြီး တစ်ခုသာ ဖြစ်သည်။
သက်ရှိလူသားများ မဆိုထားနှင့် တစ္ဆေများပင်လျှင် ဒီနေရာ၌ ပိတ်မိနေကြရ၏။
ထိုအချိန်တွင်အာနန်က အမျိုးသမီး လူသေခေါင်းတစ်လုံးကို ရင်ခွင်ပိုက်လျက် ရှေ့မှ ဦးဆောင်လမ်းပြနေသည်။
သူသည်လည်း ဒီနေရာနှင့် ရင်းနှီးကျွမ်းဝင်နေပုံရသည်။ ခြေလှမ်းများက မြန်လွန်းခြင်း မရှိသလို နှေးလွန်းခြင်းလည်း မရှိပေ။ ဘေးဘီဝဲယာကို လှည့်ကြည့်နေခြင်းလည်း မရှိဘဲ စိတ်ထဲတွင် ဘေးကင်းသော လမ်းကြောင်းတစ်ခု ရှိနေသည့်ပုံပင်။
တစ်ခါတစ်ရံတွင် ရှေ့တည့်တည့်သို့ ဆက်သွား၍ ရသော်လည်း အာနန်က တမင်တကာ ကွေ့ဝိုက်ပြီး သွားနေတတ်သည်။
ထိုသို့သွားခြင်းက အချိန်ကုန်စေသော်လည်း အနည်းဆုံးတော့ လမ်းတစ်လျှောက်တွင် သဘာဝလွန် တိုက်ခိုက်မှုများနှင့် မကြုံရသဖြင့် ထိုလမ်းကြောင်းက ဘေးကင်းကြောင်း သက်သေပြနေသည်။ သို့သော် ထိုအပြုအမူက ယန်ကျန့်ကို သံသယဝင်စေ၏။
အာနန်က သူတို့ကို တမင်တကာ လမ်းကွေ့လမ်းကောက် ခေါ်သွားနေခြင်း ဖြစ်နိုင်သည်ကို ထည့်မတွက်ဘဲ နေ၍မရပေ။
အကယ်၍ သူသာ ဒီနေရာကို အမှန်တကယ် ကျွမ်းကျင်နေပါက အန္တရာယ်ရှိသော နေရာများကို အသုံးချပြီး တစ်ဖွဲ့လုံးကို ဒုက္ခပေးရန် မခဲယဉ်းလှပေ။
သို့သော် လောလောဆယ်တွင် အာနန်၌ မသမာသော ရည်ရွယ်ချက်ရှိကြောင်း သက်သေပြစရာ မရှိသေးသဖြင့် ယန်ကျန့်က မသိချင်ယောင် ဆောင်နေလိုက်သည်။
ငါ သူ့စိတ်ကို ဖတ်ကြည့်ချင်လိုက်တာ ဒီတစ်ခေါက် သူပြန်လည်ရှင်သန်လာတာ ဘယ်လောက်ကြာပြီလဲ ခေါင်းထဲမှာ မှတ်ဉာဏ်တွေ ဘယ်လောက်များများ ကျန်နေသေးလဲ ဆိုတာကိုပေါ့
ယန်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
စိတ်ချအရဆုံး နည်းလမ်းကတော့ သူပြောတဲ့ ၁၀၂ အခန်းကို သွားစစ်ဆေးကြည့်တာပဲ လွန်ခဲ့တဲ့ ရှစ်ဆယ့်နှစ်နှစ်လုံးလုံး သူကြုံခဲ့သမျှ အတွေ့အကြုံတွေကို အဲဒီမှာ ထားခဲ့တယ်ဆိုတော့ ဒီနေရာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ အမှန်တရားတွေ အများကြီး ရှိနေမှာ သေချာတယ်
ဒါပေမဲ့ ၁၀၂ အခန်းက ငါ့ကို မျှားခေါ်တဲ့ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်တာကိုလည်း မေ့ထားလို့မရဘူး
ဒီနေရာက အရာအားလုံး ပုံမှန်ပဲ ထူးခြားတာ ဘာမှမတွေ့ရဘူး
ထုံချန်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ သူမ၏ မျက်နှာသုံးဖက်လုံးက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း သတိဝီရိယ အပြည့်ရှိနေကြ၏။
သူတို့ လမ်းလျှောက်လာကြရာတွင် ဖိစီးမှုများပြီး ကျောချမ်းဖွယ်ကောင်းသော ပတ်ဝန်းကျင်မှလွဲ၍ တကယ့် ရက်စက်ကြမ်းကြုတ်သော တစ္ဆေဆိုးကြီးများ ပေါ်မလာခဲ့ပေ။
လီယန်က နောက်ဆုံးမှ ပိတ်လိုက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
ငါ မင်းတို့ကို ဘေးကင်းတဲ့လမ်းကြောင်းတွေကနေပဲ ခေါ်လာခဲ့လို့ အန္တရာယ်ရှိတဲ့နေရာတွေကို ရှောင်ကွင်းနိုင်ခဲ့တာ မဟုတ်ရင် ခုနက လမ်းတစ်ပိုင်းမှာတင် မင်းတို့ အနည်းဆုံး တစ္ဆေတိုက်ခိုက်မှု သုံးကြိမ်လောက် ကြုံရလိမ့်မယ် ပထမအကွေ့က လမ်းဆုံပဲ အဲဒီလမ်းဆုံရဲ့ အလယ်တည့်တည့်မှာ မမြင်ရတဲ့ တစ္ဆေတစ်ကောင် ရှိနေတယ် အဲဒီနေရာကို ဖြတ်မိတဲ့ ဘယ်သူမဆို လမ်းပျောက်ပြီး ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး
ဒုတိယလမ်းကြားရဲ့ ထောင့်ချိုးတစ်ခုမှာ ဘောလုံးတစ်လုံး ရှိတယ် အဲဒါလည်း တစ္ဆေပဲ ဘောလုံးနားကို ကပ်သွားတာနဲ့ အဲဒီဘောလုံးက သူ့အလိုလို မင်းဆီ လှိမ့်လာလိမ့်မယ် ဘောလုံးက သတ်မှတ်ထားတဲ့ အကွာအဝေးတစ်ခုအတွင်း ရောက်လာတာနဲ့ မင်း တစ္ဆေအသတ်ခံရပြီပဲ
တတိယတစ်ခုကတော့ မှန်ပြတင်းပေါက်ပဲ အပြင်ပန်းကြည့်ရင် ပုံမှန်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မှန်ထဲမှာ တစ္ဆေတစ်ကောင်ရဲ့ ပုံရိပ် ရှိနေတယ် အဲဒီပြတင်းပေါက်နား ဖြတ်သွားတာနဲ့ တစ္ဆေပုံရိပ် ပေါ်လာပြီး မင်းကို ပစ်မှတ်ထားလိမ့်မယ်
အာနန်က လမ်းလျှောက်ရင်း သူတို့ သတိမထားမိလိုက်သည့် ဖုံးကွယ်နေသော အန္တရာယ်များကို ပြောပြနေသည်။ သူသည် ထိုအန္တရာယ်ရှိသော နေရာများနှင့် တစ္ဆေဆိုင်ရာ အချက်အလက်များကို ရှေးဟောင်းနှောင်းဖြစ် ဇာတ်လမ်းများ ပြောပြနေသကဲ့သို့ အလွန်နှံ့စပ် ကျွမ်းကျင်နေပုံရ၏။
တကယ်လား
ထုံချန်က တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။
သူမ ထိုနေရာများကို သတိထားကြည့်ခဲ့သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ခဲ့ရပေ။
ယန်ကျန့်က မှတ်ဉာဏ်စွမ်းအား ကောင်းမွန်သူပီပီ ခုနက သူတို့ ရှောင်ကွင်းလာခဲ့သည့် နေရာများကို ချက်ချင်း ပြန်စဉ်းစားလိုက်သည်။ လမ်းဆုံတစ်ခု၊ လမ်းကြားထဲတွင် စွန့်ပစ်ထားသော ဘောလုံးတစ်လုံးနှင့် ရှေးဟောင်း မှန်ပြတင်းပေါက်တစ်ခု... ထိုအရာအားလုံးက အာနန် ပြောပြသော အန္တရာယ်များနှင့် ကိုက်ညီနေသည်။
သူပြောတာ အမှန်ဖြစ်ဖို့များတယ်။
ဒီလို သဘာဝလွန် အန္တရာယ်များတဲ့နေရာကို ဒီလောက်ထိ စေ့စေ့စပ်စပ် သိထားတယ်ဆိုတော့ ဒီမှာ အသက်ရှင်နေထိုင်နိုင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပဲ
ယန်ကျန့်က ပြောလိုက်သည်။
အာနန်က လှည့်မကြည့်ဘဲ လမ်းလျှောက်ရင်း ပြန်ပြောလိုက်သည်။
ဒါတွေအားလုံးက အကြိမ်ကြိမ် အသက်စွန့်ပြီးမှ ရလာတဲ့ အတွေ့အကြုံတွေပဲ ဒါပေမဲ့ ရှောင်လွှဲလို့မရတဲ့ နေရာတချို့တော့ ရှိတယ် အဲဒီနေရာတွေမှာ တစ္ဆေတွေ နေရာယူထားပြီး ဖြတ်သွားတိုင်း စွန့်စားရမှုတချို့တော့ ရှိတတ်တယ်
သူ ခြေလှမ်းကို ရပ်လိုက်သည်။
ဒီနေရာလိုမျိုးပေါ့
သူ့ရှေ့တွင် ဟိုတယ်ဓာတ်လှေကား တစ်စင်း ရှိနေပြီး တံခါးများက ပွင့်လျက်သား ဖြစ်နေသည်။ အတွင်းမှ မီးရောင်က တဖျပ်ဖျပ် လက်နေပြီး ဒီလိုပတ်ဝန်းကျင်မျိုးမှာတောင် ဆက်လက် အလုပ်လုပ်နေနိုင်သေးပုံ ရ၏။
ငါတို့သွားရမယ့်နေရာက လေးလွှာပဲ အဲဒီကိုရောက်ဖို့ ဓာတ်လှေကား စီးမှရမယ် ဘာလို့လဲဆိုတော့ သုံးလွှာကို တစ္ဆေတွေ ပိတ်ဆို့ထားလို့ပဲ ဒုတိယထပ်နဲ့ လေးလွှာကို ဆက်သွယ်ပေးထားတာ ဒီဓာတ်လှေကား တစ်ခုပဲ ကျန်တော့တယ်
အာနန်က ဓာတ်လှေကားကို လက်ညှိုးထိုးပြလိုက်သည်။
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်၏။
“ဒီလိုပတ်ဝန်းကျင်မျိုးမှာတောင် အလုပ်လုပ်နေတဲ့ ဓာတ်လှေကား ရှိနေသေးတာလား ပြောစရာတောင် မလိုဘူး ဓာတ်လှေကားထဲမှာ သေချာပေါက် တစ္ဆေရှိနေမှာပဲ”
“ဟုတ်တယ် တစ္ဆေရှိတယ် ဒါပေမဲ့ အဲဒီတစ္ဆေက လူတိုင်းကို မသတ်ဘူး ကံတရားပေါ် မူတည်တယ် ဒါပေမဲ့ မင်းတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် တစ္ဆေရဲ့ တိုက်ခိုက်မှုကို ဖြေရှင်းဖို့က ပြဿနာ မရှိလောက်ဘူးလို့ ငါယုံကြည်တယ်”
အာနန်က ဆက်ပြောသည်။
သုံးလွှာကို အတင်းတိုးဝင်ပြီး ဖြတ်သွားတာထက်စာရင် ဒါက ပေးဆပ်ရမှု ပိုနည်းတယ်
လီယန်က ရှေ့သို့တိုးလာပြီး ဝင်ပြောလိုက်သည်။
"ဒီဓာတ်လှေကားက အန္တရာယ်အကင်းဆုံးဖြစ်ပြီး အန္တရာယ်အများဆုံး မဟုတ်ဘူးလို့ ဘယ်လိုလုပ် သိနိုင်မှာလဲ တကယ်လို့ ငါတို့လေးယောက်လုံး အထဲရောက်နေတဲ့အချိန်မှာ ဓာတ်လှေကား ပျက်သွားရင် ငါတို့သုံးယောက်လုံး သေရလိမ့်မယ် မင်းကတော့ ၁၀၁ အခန်းမှာ ပြန်ရှင်လာနိုင်ပေမယ့်ပေါ့"
"မင်းရဲ့ ပြန်လည်ရှင်သန်ခွင့် တစ်ကြိမ်ကို ငါတို့ အသက်သုံးချောင်းနဲ့ လဲရတာ တန်တဲ့ အရောင်းအဝယ်ပဲ"
လီယန်က အများကြီး တွေးတောနေသည်။ ဒါသည် ထောင်ချောက်တစ်ခု ဖြစ်နိုင်ပြီး ယခင်က လမ်းကွေ့လမ်းကောက် ခေါ်လာခြင်းများသည်လည်း ဒီအခြေအနေသို့ ရောက်လာစေရန် ခင်းကျင်းထားခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေသည်။
"မင်းတို့ ငါ့ကို မယုံရင် လှေကားကနေ သွားပြီး သုံးလွှာကို ဖြတ်သွားလို့ရတယ် ငါကတော့ ဓာတ်လှေကားနဲ့ပဲ လေးလွှာကို တက်မယ် ငါတို့ လေးလွှာကျမှ ပြန်ဆုံကြတာပေါ့ ဒါပေမဲ့ မင်းတို့ မြန်မြန်လုပ်မှရမယ် ငါ သိပ်အကြာကြီး စောင့်မနေနိုင်ဘူး ဒီမှာက နေရာတိုင်း အန္တရာယ်ရှိတယ် အဲဒီမှာ ရပ်စောင့်နေရင်းနဲ့ တစ္ဆေတစ်ကောင်ကောင်ရဲ့ ပစ်မှတ် မဖြစ်ချင်ဘူး"
အာနန်၏ လေသံက အေးစက်နေပြီး ဂရုမစိုက်သော ပုံစံပေါက်နေသည်။ ယန်ကျန့်နှင့် အဖွဲ့ လှေကားမှ သွားမည်ဆိုလျှင်လည်း စိတ်ဆိုးမည့်ပုံ၊ ကန့်ကွက်မည့်ပုံ မပေါ်ပေ။
လီယန်က ယန်ကျန့်ကို ကြည့်ရင်း နှုတ်ဆိတ်နေလိုက်သည်။ ဆုံးဖြတ်ချက်ကို ခေါင်းဆောင်ကသာ ချမှတ်ရမည် ဖြစ်သည်။
သူ့စကားများသည် အာနန်ကို တကယ် သံသယဝင်နေခြင်း မဟုတ်ဘဲ တစ်ဖက်လူ၏ တုံ့ပြန်မှုကို သိရရန် ဆွပေးလိုက်ခြင်းသာ ဖြစ်သည်။
အမှန်အမှား ခွဲခြားရန်မှာမူ ယန်ကျန့်၏ ဆုံးဖြတ်ချက်သာ လိုအပ်သည်။
"ဓာတ်လှေကားထဲက တစ္ဆေက အစစ်ပဲ သုံးလွှာက တစ္ဆေကလည်း အစစ်ပဲ ဓာတ်လှေကားထဲက တစ္ဆေရဲ့ အန္တရာယ်က သုံးလွှာက တစ္ဆေထက် အများကြီး လျော့နည်းတယ်လို့ မင်းပြောမှတော့ ဒီတစ်ကြိမ် မင်းကို ယုံပြီး ငါတို့ လိုက်စီးကြည့်မယ်"
ယန်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်နှာတွင် မည်သည့် ခံစားမှုကိုမျှ မတွေ့ရပေ။
အာနန်က ဘာမှပြန်မပြောဘဲ လူသေခေါင်းကို ပိုက်လျက် ဓာတ်လှေကားထဲသို့ ဝင်သွားသည်။
ထုံချန် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ယန်ကျန့် ဆုံးဖြတ်လိုက်သည်ကို မြင်သဖြင့် ဘာမှမပြောတော့ဘဲ လီယန်နှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်လိုက်ကြသည်။
ဒါသည် ခေတ်မီ ဓာတ်လှေကားတစ်စင်း ဖြစ်သည်။
သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အလွန်အမင်း ဟောင်းနွမ်းဆွေးမြေ့နေပြီး အပုပ်နံ့များဖြင့် ပြည့်နှက်နေ၏။ မျက်နှာကျက်ဆီမှ ရေများက တတောက်တောက် ကျဆင်းနေသည်။ နံရံများပေါ်တွင် ခြောက်သွေ့နေသော သွေးကွက်များနှင့် လက်သည်းဖြင့် ကုတ်ခြစ်ထားသောရာများ ရှိနေသည်။
ဒီနေရာတွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး လူတစ်ယောက်ယောက်က သဘာဝလွန် အရာတစ်ခု၏ တိုက်ခိုက်မှုကို ခံခဲ့ရပုံပေါ်သည်။
သို့သော် အာနန်ကတော့ ကျင့်သားရနေပြီ ဖြစ်သည်။ သူက ကျွမ်းကျင်စွာဖြင့် လေးလွှာ ခလုတ်ကို နှိပ်ပြီးနောက် တံခါးပိတ်ခလုတ်ကို နှိပ်လိုက်သည်။
ဓာတ်လှေကားသည် "ကျွီ... ကျွီ..." မြည်သံများနှင့်အတူ စတင် လည်ပတ်လာသည်။ ထိုအသံများ ဘယ်က ထွက်လာမှန်း မသိရသော်လည်း ဓာတ်လှေကား တံခါးကတော့ ပိတ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် တံခါးက အပြည့်အဝ ပိတ်သွားခြင်း မဟုတ်ပေ။ တစ်ဖက်က ပျက်စီးနေပုံရပြီး စောင်းနေသဖြင့် မညီမညာ ဟာပေါက်ကြီး ဖြစ်နေသည်။
ယန်ကျန့်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သူ့နဖူးပေါ်မှ တစ္ဆေမျက်လုံးက တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ဂနာမငြိမ် လှုပ်ရှားလာသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။
ထုံချန်နှင့် လီယန်တို့ နှစ်ယောက်လုံးလည်း သူတို့ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်က ဓာတ်လှေကားထဲတွင် သူတို့ကို တိတ်တဆိတ် ချောင်းကြည့်နေသကဲ့သို့ ခံစားရပြီး နေရထိုင်ရ ခက်လာစေသည်။
ကံကောင်းသည်မှာ သူတို့သည် အတွေ့အကြုံရင့် တစ္ဆေဆရာများ ဖြစ်ကြသဖြင့် ထိုခံစားချက်ကြောင့် ထိတ်လန့်မသွားကြပေ။ သူတို့သည် တည်ငြိမ်စွာဖြင့် မည်သည့်အခြေအနေကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားကြသည်။
ဓာတ်လှေကား ရွေ့လျားသွားသည်။
သို့သော် အပေါ်သို့ တက်သွားခြင်း မဟုတ်။ အောက်သို့ ဆင်းနေခြင်း ဖြစ်သည်။
"ဒါ လေးလွှာကို သွားနေတာ မဟုတ်ဘူး"
ယန်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
အာနန်က ပြန်ဖြေသည်။
"လေးလွှာကို သွားနေတာပါ"
"လေးလွှာက အောက်ဘက်မှာလား"
ယန်ကျန့်က သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ငါ ပြောသားပဲ ဒီဓာတ်လှေကားထဲမှာ တစ္ဆေရှိတယ်လို့ ဒီလို သဘာဝလွန် နှောင့်ယှက်မှုတွေ ကြားထဲမှာ ဓာတ်လှေကားက အပေါ်တက်နေတာလား အောက်ဆင်းနေတာလားဆိုတာ မင်း ဘယ်လိုလုပ် သေချာပေါက် ပြောနိုင်မှာလဲ မင်းရဲ့မျက်လုံးတွေက ဓာတ်လှေကားထဲကိုပဲ မြင်ရတာ အပြင်ကို မြင်ရတာမှ မဟုတ်တာ လူ့အာရုံခံစားမှုဆိုတာ ပြောင်းပြန်ဖြစ်သွားနိုင်တယ် အပေါ်နဲ့အောက်ကို မင်း ဘာနဲ့ဆုံးဖြတ်မှာလဲ"
အာနန်က ပြန်ပက်လိုက်သည်။
ယန်ကျန့် မျက်လုံးကို အနည်းငယ် မှေးလိုက်၏။
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ် သဘာဝလွန်အရာတွေက အာရုံခံစားမှုကို ပြောင်းပြန်လှန်ပစ်နိုင်တယ် ဒါပေမဲ့ ဒီဓာတ်လှေကားထဲမှာ တစ္ဆေရှိတယ်လို့ မင်းပြောနေတာ ဘယ်မှာလဲ"
အာနန်က ပြန်မဖြေဘဲ အပေါ်သို့ အနည်းငယ် မော့ကြည့်လိုက်သည်။
တောက်တောက်... တောက်တောက်...
ဓာတ်လှေကား မောင်းနှင်နေချိန်တွင် အပေါ်မှ ကျဆင်းနေသော အသံများက ဆက်တိုက် ထွက်ပေါ်နေသည်။
ထုံချန် မော့ကြည့်ရန် ပြင်လိုက်စဉ်မှာပင် အာနန်က သူမကို တားလိုက်သည်။
"အပေါ်ကို မကြည့်နဲ့ မင်းကြည့်လိုက်ရင် ဓာတ်လှေကား ရပ်သွားပြီး မျက်နှာကြက်ပေါ်ကနေ အလောင်းကောင်တစ်လောင်း ပြုတ်ကျလာလိမ့်မယ် ပြီးရင် တစ္ဆေက စပြီး သတ်တော့မှာ တကယ်လို့ မင်း တစ္ဆေကို နိုင်သွားရင်တောင် ဓာတ်လှေကားက မီးပြတ်သွားပြီး ငါတို့ကို လေးလွှာဆီ ပို့ပေးတော့မှာ မဟုတ်ဘူး ဒါကြောင့် တစ္ဆေကို ကြည့်ခွင့်ပေးထားလိုက်"
"ငါတို့ လိုချင်တဲ့နေရာ ရောက်တာနဲ့ ဓာတ်လှေကားထဲက ထွက်ပြီး တစ္ဆေတိုက်ခိုက်လာရင် ထွက်ပြေးလို့ရပြီ"
"သူက ဓာတ်လှေကားနဲ့ ဝေးဝေး မသွားနိုင်ဘူး"
အာနန်က သူ့အတွေ့အကြုံနှင့် ကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းများကို မျှဝေလိုက်သည်။
သူသည် တစ္ဆေ၏ သဘာဝလွန် ရှိရင်းစွဲအရှိန်အဝါကို သုံးပြီး ဓာတ်လှေကားကို ဆက်လက် မောင်းနှင်စေချင်ခြင်း ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် တစ္ဆေက ဓာတ်လှေကားကို ရပ်တန့်ပြီး လမ်းတစ်ဝက်တွင် သတ်ဖြတ်ခြင်း မပြုနိုင်ရန် တစ္ဆေ၏ အကြည့်ကို သည်းခံနေရခြင်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ထုံချန်က အပေါ်သို့ မော့မကြည့်တော့ဘဲ နေလိုက်သော်လည်း ဓာတ်လှေကား၏ အပေါ်ဘက်တွင် တစ်စုံတစ်ခု ခိုအောင်းနေကြောင်း ပို၍ သေချာသွားသည်။
မဟုတ်ဘူး။
ဒါက စိတ်ထင်ယောင်ထင်မှား ဖြစ်ခြင်း မဟုတ်ဘဲ လက်တွေ့အစစ်အမှန် ဖြစ်သည်။
တောက်တောက်... ပျစ်ချွဲသော သွေးတစ်စက် အပေါ်မှ ကျလာသည်။
စေးကပ်သော သွေးစက်သည် သူမ၏ မျက်စိရှေ့တွင်ပင် လျှောကျလာပြီး ကြမ်းပြင်ပေါ်သို့ ကျသွားကာ သွေးပန်းပွင့်လေးများ ဖြစ်ပေါ်သွားသည်။
"အပေါ်မှာ တကယ်ပဲ တစ္ဆေရှိနေတာပဲ"
လီယန်က အန္တရာယ်ကို အာရုံခံမိသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ဓာတ်လှေကားက ဆက်လက် မောင်းနှင်နေဆဲဖြစ်သည်။
တစ်ဖွဲ့လုံး တိတ်ဆိတ်နေကြပြီး အန္တရာယ်ကို သတိပြုမိနေကြသည်။
သို့သော် မကြာမီမှာပင် ဓာတ်လှေကား မောင်းနှင်နေသည်မှာ သုံးမိနစ်တိတိ ရှိသွားပြီ ဖြစ်ကြောင်း သူတို့ သတိထားမိလိုက်ကြသည်။ လေးလွှာသို့ ရောက်ရန် လိုအပ်သော အချိန်ထက် များစွာ ပိုကြာနေပြီ ဖြစ်သည်။
သူတို့၏ အာရုံခံစားမှုများ နောက်တစ်ကြိမ် ပြောင်းပြန်လှန် ခံလိုက်ရပြီလား။
သူတို့ အီလက်ထရောနစ် ဒိုင်ခွက်ပြားကို ကြည့်လိုက်ကြသည်။
ပြသထားသော ဂဏန်းများမှာ ဖရိုဖရဲဖြစ်နေပြီး မှန်ကန်သော အထပ်ကို မပြသနိုင်တော့ပေ။ ဂဏန်းများက ရူးသွပ်မတတ် တဖျပ်ဖျပ် ပြောင်းလဲနေသည်။
"အခု ငါတို့ သုံးလွှာကို ရောက်နေပြီ ဒီအထပ်က အန္တရာယ်အများဆုံးပဲ ဓာတ်လှေကားက ဖြတ်သွားရုံပဲ ရှိသေးပေမယ့် တစ္ဆေတွေ ဝင်ရောက်စီးနင်းတာ ခံရနိုင်တယ် ဒါပေမဲ့ ဓာတ်လှေကားရဲ့ အကာအကွယ် ရှိနေသရွေ့တော့ ငါတို့ ဘေးကင်းလောက်ပါသေးတယ်"
အာနန်က ထပ်ပြောလိုက်သည်။
ဓာတ်လှေကားက သုံးလွှာရောက်နေပြီ ဆိုတာကို သူ ဘယ်လိုဆုံးဖြတ်လိုက်သလဲ ဆိုတာတော့ မရှင်းလင်းပေ။
သို့သော် သူ့စကားသံ ဆုံးခါနီးမှာပင် အောက်သို့ ဆင်းသက်နေသော ဓာတ်လှေကားသည် ရုတ်တရက် တစ်စုံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ "ဒိုင်း" ကနဲ မြည်သံကျယ်ကြီး ထွက်ပေါ်လာပြီး ပြင်းထန်စွာ လှုပ်ခါသွားသည်။
ဓာတ်လှေကား အတွင်းရှိ မီးရောင်များမှာ မသေချာမရေရာ လင်းတစ်ချက် မှိန်တစ်ချက် ဖြစ်သွားပြီး တစ်နေရာရာတွင် ညပ်နေသကဲ့သို့ ကြိတ်ချေသံများ ထွက်ပေါ်လာကာ ဆက်လက် မလုပ်ဆောင်နိုင်တော့ပေ။
ရုတ်တရက် တစ်ဝက်သာ ပွင့်နေသော ဓာတ်လှေကား တံခါးကြားမှ အေးစက်ပြီး မဲခြောက်နေသော လက်တစ်စုံ အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ဓာတ်လှေကား တံခါးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
မဟုတ်ဘူး၊ လက်တစ်စုံတည်း မဟုတ်။
နှစ်စုံ၊ သုံးစုံ၊ လေးစုံ... မရေမတွက်နိုင်အောင် ထူထပ်လှသော လက်များစွာသည် အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး ဓာတ်လှေကား တံခါးကို ဆွဲကိုင်ထားကြသည်။ မူလက ခိုင်ခံ့သော ဓာတ်လှေကား တံခါးသည် ဟာပေါက်ဖြစ်နေသော နေရာမှ စတင်ကာ တွန့်လိမ်ကွေးကောက် လာတော့သည်။
ဓာတ်လှေကား တံခါးကို အတင်းအဓမ္မ ဆွဲဟလိုက်သဖြင့် တဖြည်းဖြည်း ကျယ်လာသည်နှင့်အမျှ ပြတ်သားသော ခြေသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာပြီး သူတို့ရှိရာသို့ တည့်တည့်လျှောက်လှမ်းလာသည်။
ဓာတ်လှေကားသည် သဘာဝလွန် ဖိနှိပ်မှုကို ခံလိုက်ရပြီး မူလကတည်းက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်များသည် ယခုအချိန်တွင် အလွန်မှိန်ဖျော့သွားတော့သည်။
သတိပြုရမည်မှာ ဓာတ်လှေကား ကိုယ်တိုင်ကလည်း တစ္ဆေတစ်ကောင် ခိုအောင်းရာနေရာ ဖြစ်ပြီး သဘာဝလွန် ဂုဏ်သတ္တိများ ရှိနေသည်။ သို့သော် ယခုအချိန်တွင် အပြင်ဘက်မှ တစ္ဆေက ပိုမို ကြမ်းကြုတ်ခက်ထန်နေပြီး ဓာတ်လှေကား အတွင်းရှိ တစ္ဆေကိုပါ ဖိနှိပ်ထားနိုင်သည်မှာ ထင်ရှားနေသည်။
အာနန် ပြောတာ မမှားပေ၊သုံးလွှာရှိ တစ္ဆေက တကယ်ကို ပိုမို ကြောက်မက်ဖွယ် ကောင်းလှပြီး ဓာတ်လှေကား စီးရန် ရွေးချယ်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
"ကျူးကျော်လာတဲ့ တစ္ဆေကို မောင်းထုတ်ဖို့က မင်းတို့တာဝန်ပဲ မဟုတ်ရင် ဓာတ်လှေကားက ပုံမှန် ဆက်သွားနိုင်မှာ မဟုတ်ဘူး"
သူက မလှုပ်မယှက် ရပ်နေရင်း ပြောလိုက်သည်။