← Chapters

လရိပ်ဓား ... ။

Vol. 56 Ch. 670

လရိပ်ဓား ... ။

Vol. 56 Ch. 670

တရားစီရင်ရေးဗျူရို၏ အပျက်အစီးများရှေ့တွင် မနှစ်မြို့ဖွယ်ရာ ဒဏ္ဍာရီများဖြစ်သည့် အနက်ဝတ်လူနှင့် ငရဲကျီးကန်း ထွက်ပေါ်လာသည်။

ထိုစဉ် အမှောင်ညကျေးကျွန်က ရုတ်တရက်ခေါင်းကို လှည့်လိုက်ပြီး စွေ့မိသားစု ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ ခဲညိုရောင် မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပနေ၏။

“ ဒီည ဧကရာဇ်တွေ ... ဘာလို့ ဒီလောက်အများကြီး ပေါ်လာရတာလဲ။ ”

သူ့ပခုံးပေါ်တွင် တွယ်ကပ်နေသော ငရဲကျီးကန်းက ရယ်မောလျက်၊

“ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီ အင်အားစုတွေနဲ့ ငါသဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ ဒါက ဘာလဲဆိုတော့ ရှင်းပါတယ် ဒီနေ့ညမှာ ခရမ်းရောင်မြို့ရိုးကို ငါဖျက်ဆီးဖို့ နတ်ဆိုးတွေရဲ့စွမ်းအားကို သုံးမယ် ...

... သူတို့တွေက စွေ့မိသားစုကို ကိုင်တွယ်ရမယ် ဒီနည်းနဲသူတို့က စွေ့မိသားစု အပေါ် ထိန်းထားနိုင်ရင် တရားစီရင်ရေးဌာ အပျက်အစီးထဲမှာ ငါတို့ အချိန်ပိုရမယ် မဟုတ်လား။ ”

“ ငရဲဌာန၊ နတ်ဆိုးဌာနနဲ့ သားရဲဌာနကို ချုပ်ကိုင်ခွင့်ရခဲ့တဲ့ ဒီလူတွေဆိုတာ တချိန်က တရားစီရင်ရေးဌာန လက်အောက်မှာ အမှုထမ်းခဲ့တယ် ... အခုတော့ ...

... တရားစီရင် ရေးဌာနကို ကိုင်တွယ်ဖို့ မင်းနဲ့လက်တွဲတယ် ... ဒီကမ္ဘာကြီးက တကယ် အပြောင်းအလဲမြန်နိုင်တာပဲ။ ”

မှောင်ညကျေးကျွန်က သက်ပြင်းချကာ မှတ်ချက်ပေးလိုက်၏။ လူသားများသည် သစ္စာ မရှိကြချေ။

သူတို့ကဲ့သို့ နတ်ဆိုးများသည်သာ ကမ္ဘာကြီးကိုအဆုံးထိဖျက်ဆီးရန် တသားတည်း တည်ရှိချေပြီ။ ထို့နောက် အပျက်အစီး နယ်မြေထံ ပြန်ကြည့်ကာ၊

“ မရဏကမ္ဘာကြီးက ပျက်စီးသွားတာ ကြာပြီ ... ငါတို့သာ အဲဒီရတနာကို ပြန်ရနိုင်ရင် မှားယွင်းစွာသေဆုံးခြင်း မြို့တော်အတွင်း ပုန်းနေစရာ မလိုတော့ဘူး။ ”

-ဟု ရေရွတ်လိုက်၏။

“ ဝုန်း ... ။ ”

ထိုစဉ် ဝေးကွာနေသော စွေ့မိသားစုအိမ်ကြီးမှ တုန်လှုပ်ချောက်ချားဖွယ် လှိုင်းတစ်ခုထွက်ပေါ်လာကာ ငွေအလင်းများ ကောင်းကင်ပေါ် ပျံတက်လာသည်။

အမှောင်ညကျေးကျွန်နှင့် ငရဲကျီးကန်းတို့သည် စွေ့မိသားစုကို ဧကရာဇ် တစ်စုမှ စတင်တိုက်ခိုက်နေပြီမှန်း နားလည်လိုက်၏။

“ ငါတို့ မြန်မြန်လုပ်သင့်တယ်။ ”

အမှောင်ည ကျေးကျွန်က လက်ဖဝါးကို ဖွင့်လိုက်ရာ သွေးနီရောင်တာအိုတံဆိပ် ပြန်ပေါ် လာသည်။ ထို့နောက် ပိတ်ဆို့ထားသော တရားစီရင်ရေး ခန်းမတံခါးထံ မျှော်ကြည့်ကာ၊

“ တစ်နာရီရဲ့ လေးပုံတစ်ပုံ အတွင်းမှာ ဒီအကာအကွယ်ခင်းကျင်းမှုကို ငါတို့ ချိုးဖျက် နိုင်မှာပါ။ ”

-ဟု ကတိပေးလိုက်၏။

“ ဘုန်း ...။ ”

စကားဆုံးသည်နှင့် သွေးနီရောင် တာအိုတံဆိပ်ထံမှ ကြက်သွေးရောင်အလင်းများ ဖြာထွက်ကာ ပျံသန်းသွားသည်။ တိုက်မိသံကြီး ညံသွား၏။

အစီရင်ထံမှ အလင်းများစွာ တောက်ပသက်ဝင်လျက် တောင်တန်းကြီးကို ချေဖြတ်လေသည်။

“ ဘရူး ... ။ ”

ထိုစဉ် ရုတ်တရက် ခရမ်းရောင်မြို့တော်အတွင်း ထူးဆန်းသော ဓားမည်သံတစ်သံ ထွက်ပေါ်လာသည်။

“ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ဓားလဲ။ ”

အမှောင်ညကျေးကျွန်နှင့် ငရဲကျီးကန်းမှ မော့ကြည့်၏။ ဘုန်းကြီးတစ္ဆေနှင့် အပြစ်သား ကလေးတစ္ဆေမှာ ပြင်းစွာတုန်ယင်လာသည်။

အဆုံးတွင် တရားစီရင်ရေးအပျက်အစီးများ အနီးတွင် အမှောင်ညကျေးကျွန်နှင့် ငရဲကျီးကန်း အပါအဝင် ကြောက်စရာကောင်းသော သတ္တဝါ များစွာတို့သည် တုန်လှုပ်သွားကာ ၎င်းတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

***

ဤမတိုင်မီ ဖေးကောင်တုံသည် အဝေးတွင်ရပ်နေသော ဧကရာဇ်များထံ တစ်ချက်ကြည့်လိုက်၏။ ထိုအတွင်း လူအုပ် အတွင်း ပန်းတောင်းကိုင်ထားသော အမျိုးသမီးသည် သူ့တူမဖြစ်သည်။

“ ဟမ့် ... သူတို့က ငါ့ကိုမမေ့သေးဘူး ငါ့ကိုတရားစီရင်ရေးဌာန အကျဉ်းထောင်ကနေ လွတ်မြောက်အောင်ကူညီပေးဖို့ တချိန်လုံး စဉ်းစားနေတာပါလား ... ။ ”

ထိုအတွေးက ဖေးကောင်တုံကို နှလုံးခုန်သံမြန်လာ၏။ သို့သော် တစ်စုံတစ်ရာ သတိရလျက် သက်ပြင်းချလိုက်တော့သည်။

သူတူမ အပါအဝင် တခြားသူများကို ပေါင်းလျှင်ပင် ဤညအနိုင်ရရန် အလားအလာ မရှိကြောင်း သူ အသိဆုံးဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ထိုသူ ရှိနေသောကြောင့်ပေပင်။ ဤအဖိုးကြီးစုသည် လိမ္မာပါးနပ်ပြီး ရက်စက်ချေ၏။ နတ်ဆိုးများ ကြမ်းကြုတ်မှုသည် သူ့ကို မမှီချေ။

ယခုပင် သူတို့အားလုံးကို အိုးထဲမှ လိပ်များအဖြစ် ယူဆထားသည်။ လက်ရှိဖြစ်စဉ် အရ အခွင့်အရေးရမည်ထင်ကာ ကျူးကျော်လို သူတိုင်း ရှင်းလင်းခံရပေမည်။ ဤသည်မှာ ထောက်ချောက်တစ်ခုဖြစ်၏။

နှစ်ပေါင်းသောင်းချီနေထိုင်ခဲ့သော သူသည်ပင် လှည့်စားခံရလုနီးပါးဖြစ်ခဲ့သည်။ ထိုအကြောင်းကို သူ့တူမထံ သတိပေးလိုသဖြင့် နည်းလမ်းတစ်ခု အမြန်စဉ်းစားရပေမည်။

“ ဝုန်း ... ။ ”

ထိုစဉ် ဧကရာဇ်များသည် ရတနာများထုတ်ယူပြီး စွေ့မိသားစု၏ ဝင်္ကပါကို စတင် တိုက်ခိုက်လာပြီဖြစ်၏။

“ မကောင်းတော့ဘူး။ ”

ဖေးကောင်တုံ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ ထို့ကြောင့် သူ့တူမကို တားဆီးရန် အလျင်လိုသွား၏။ သို့သော် အချိန်တွင် ဓားမြည်သံသည်လည်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

***

“ ကျန်တဲ့လူတိုင်း အရှေ့တံခါးကို သွားပြီးတော့စောင့်နေပါ မြို့ထဲက ဘယ်သူမှ မလွတ်မြောက်စေနဲ့။ ”

“ ဟုတ်ကဲ့ သခင်စု။ ”

ဤဓားမြည်သံ မတိုင်မီ စုရီက ထရပ်ကာ အမိန့်ပေးလိုက်သည်။ နဂါးအဖိုးအို၊ မိစ္ဆာဧကရီ တျန်ကျိနှင့် စာပေသမားက အမိန့်ကိုလက်ခံပြီး ချက်ချင်းထွက်သွားကြ၏။

“ ဦးလေးစု ... ငါကော။ ”

စွေ့ချောင်အာမှ မေးလိုက်သည်။

“ ရန်သူ ထွက်ပြေးချင်တဲ့အခါ ... ရွှေကျီးကန်းနှိမ်နင်းရေးဝင်္ကပါထဲ နတ်ဆိတ်နဲ့ ... နဂါးသားတော်ရုပ်တုရဲ့ စွမ်းအားကိုပေါင်းပြီး တားဆီးပါ။ ”

ထို့နောက် စုရီက စစ်တုရင်ခုံကို ပစ်ပေးလိုက်ပြီးနောက် အဝေးမှစွေ့မိသားစုကို တိုက်ခိုက်နေသည့် ဧကရာဇ်များထံကြည့်ကာ အေးစက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

“ ချွင် ... ။ ”

တစ်ဆက်တည်းမှာပင် ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ကို ထုတ်ယူလျက် အရိပ်ဓားကိုဆွဲလိုက်၏။

“ လရိပ်ဓား ။ ”

စွေ့ချောင်အာတစ်ယောက် အံ့အားသင့်နေသောအကြည့်ကို ပြသလာသည်။ စုရီလက်ထဲတွင် ဓားသည် လရောင်အရိပ်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နေ၏။

ခရမ်းရောင် မြို့တစ်ခုလုံးသည် ချက်ချင်း လင်းထိန်သွားပြီး လရောင်အလား အုံ့မှိုင်းမှုကို တွန်းလှန်ပေးတော့သည်။

“ ဒါ ... လရိပ်ဓားပဲ နောက်ဆုံးတော့ အဖိုးကြီးစု လှုပ်ရှားတော့မယ် ... ။ ”

နဂါးအဘိုးအို၊ ကောင်းကင်ဘုံနတ်ဆိုး ဧကရီနှင့် စာပေသမားတို့က အရှေ့ဘက်တံခါး ထံပါးသို့ အပြေးအလွှားသွားနေရာမှ ရပ်တန့်ကာ ခေါင်းလှည့်ကြသည်။

ထိုစဉ်က ဘီလူးစုသည် ဤဓားဖြင့် မရဏကမ္ဘာကို စိုးမိုးခဲ့၏။ ယခု ဝိညာဉ်တာအို နယ်ပယ်ဖြင့် ထိုအရည်အချင်းမျိုး ရှိနေသေး သည်လောဟု သံသယဝင်လာသည်။

စွေ့မိသားစု စံအိမ်ကြီးအတွင်း ဧကရာဇ်တစ်စု၏ ဝိုင်းရံခံနေရသော ပုဂ္ဂိုလ်များ အားလုံးသည် ဤဓားမြည်သံများ မတိုင်မီ အလွန်စိုးရိမ်နေခဲ့ကြသည်။

သို့သော် ထိုဓားမြည်သံများ ထွက်ပေါ်လာချိန်၌ အလင်းရောင်သည်မြို့ကို လရောင်ကဲ့သို့ တောက်ပစေခဲ့သည်။ လူတိုင်းက တုန်လှုပ် ချောက်ချားကုန်ကာ ဖော်မပြနိုင်သော ဖိအားများကို ခံစားလိုက်ရ၏။

“ ဒါဘာလဲ ... ။ ”

ဓားမြည်သံကြောင့် ရတနာများနှင့် လျှို့ဝှက်နည်းပညာများကို ထုတ်လွှတ်နေသော ဧကရာဇ်များသည် အေးခဲသွားကြသည်။

“ ဟိုမှာကြည့်စမ်း ... ။ ”

ဧကရာဇ်များသည် တညီတညွတ်တည်း ခေါင်းလှည့်ကာ အုံ့ဆိုင်းနေသောလရောင်ကဲ့သို့ ပြန့်ကားလာနေသည့် ဓားရောင်ဝါထံသို့ သတိထားမိသွားသည်။

ဓားအလင်း ထွန်းတောက်လာသည့် နေရာတိုင်းတွင် အမှောင်သည် ဖုံးကွယ်ရန် နေရာ မရှိချေ။

မရေမတွက်နိုင်သော နတ်ဆိုးများသည် လမ်းမများနှင့်လမ်းကြားများတွင် ပြန့်ကျဲလျက် မီးခိုးမည်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အဲဒါဘယ်သူလဲ ... ။ ”

လူတိုင်း ဓားအလင်း၏ ရင်းမြစ်ဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်စိမ်းရောင်၀တ်လုံ တဖျပ်ဖျပ်လွင့်နေသော အသွင်အပြင်ကို ခပ်ဝါးဝါးမြင်လိုက်ရသည်။

ယင်းသည် လူငယ်တစ်ယောက် ဖြစ်ပုံရချေ၏။ အသွင်အပြင်သည် ဓားအလင်း ရောင်ဝါကြောင့် ဝိုးတဝါးဖြစ်နေသည်။

“ သတိထား ... ဒီကောင်က နည်းနည်း ထူးဆန်းနေတယ်။ ”

ရွှမ်ယုအဆင့် ကျွမ်းကျင်သူလေးဦးသည် တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိလာကြ တော့သည်။

“ ဒီကောင် ဘယ်သူလဲ။ ”

တရားစီရင်ရေး အပျက်အစီးနေရာရှိ ငရဲကျီးကန်းသည် သံသယနှင့် မသေချာမှုများ ပြည့်နှက်လာ၏။

အမှောင်ညကျေးကျွန်၏ ပုံမှန်အားဖြင့် လျစ်လျူရှုသော မီးခိုးရောင် မျက်ဝန်းများသည် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု ပြသလာသည်။

“ ဦးလေးစု … ။ ”

အနီးကပ်ဆုံးဖြစ်သော စွေ့ချောင်းအာက စိတ်လှုပ်ရှားရွှင်လန်းနေပြီး သူ့မျက်လုံးများပင် နီရဲလာသည်။ ဤသည်မှာ ငယ်ရွယ်စဉ်ကပင် ရိုသေလေးစားခဲ့ရသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်ချေ၏။

ထိုအချိန်တွင် စုရီသည် ဓားအရိုးရှိ တာအိုကျောက်တုံးကို အသက်သွင်းလိုက်သဖြင့် အတိတ်ဘဝက တံဆိပ်ခတ်ထားသည့် စွမ်းအင် အချို့ ခန္ဓာကိုယ်အတွင်း စီးဝင်လာသည်။

ဤသည်မှာ အရင်းနှီးဆုံးသော စွမ်းအားဖြစ်သည်။ ယခင်ဘဝ ကျင့်ကြံမှု၏ ဆယ်ပုံတစ်ပုံမျှသာရှိ၏။

သို့သော် ဤသည်မှာ အထွတ်အထိပ် ဧကရာဇ်တစ်ပါး၏ခွန်အားပေပင်။ ဤကမ္ဘာကြီး အတွင်း အဆုံးစွန်သော တည်ရှိမှုဖြစ်၏။

“ ဘရူး ... ။ ”

စုရီက ဓားကို လေထဲလွှဲလိုက်သည်။ မြို့တော်အနှံ့ ထောင့်တိုင်းတွင် ပြန့်ကျဲနေသော နတ်ဆိုးများ ပြာကျကုန်သည်။

မြို့အပြင်ဘက်တွင် တဟုန်းဟုန်း ပြေးဝင်လာနေသော နတ်ဆိုးစစ်တပ်သည်ပင် ထိုအလင်းကြောင့် အုံ့ဆိုင်းသွားသလိုမျိုး ချက်ချင်း အငွေ့ပျံသွားသည်။

ဓားအလင်းအောက်၌ ကောင်းကင်ရှိ မရေမတွက်နိုင်အောင် လောင်ကျွမ်းနေခဲ့သော ကောင်းကင်တာအိုမီးပုံးများသည် ပိုးစုန်းကြူး အလားမှေးမှိန်သွားချေပြီ။

ဤအခိုက်တွင် စုရီသည် သူ့လက်ထဲရှိ ဝိုင်အိုးကို အကုန်မော့သောက်လျက် ပစ်ချပြီး လရိပ်ဓားထံငုံ့ကြည့်ကာ၊

“ ဒီညတော့ ငါတို့ပျော်ရွှင်ဖို့အတွက် သတ်လိုက်ကြရ‌အောင်။ ”

-ဟု တိုးတိုးလေး ပြောကြားလိုက်လေသည်။

***

All Chapters