လက်ဖျစ်ဆယ်တွတ်အချိန် ... ။
Vol. 56 Ch. 672
“ သူ့ကိုသတ် ... ။ ”
ကျီးနက်က သတိဝင်လာပြီး ရုတ်တရက်ထအော်သည်။ များမကြာခင် လေဟာနယ် ပျက်ပြယ်လျက် ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။
“ ဟမ့် ... ။ ”
ဘုန်းကြီးတစ္ဆေနှင့် အပြစ်သား ကလေးငယ်တို့သည် အတူတကွ လှုပ်ရှား တိုက်ခိုက်တော့၏။
ဦးခေါင်းခွံ ဆုတောင်းပုတီး အသက်ဝင်လာကာ အပြစ်ကြာပန်းတစ်ပွင့် ရောင်ဝါများဖြာလျက် ပျက်ပြယ်နေသော လေဟာနယ်ကို ပိတ်ဆို့ရန်ကြိုးစားသည်။
“ ဝှစ် ... ။ ”
အပြစ်သား ကလေးတစ္ဆေသည် ကြေးဝါလွန်းပျံဆင့်ခေါ်ကာ ကောင်းကင်ပေါ် ပျံတက်သွား၏။
ဤနတ်ဆိုးနှစ်ကောင်သည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး ရွှမ်ယုအဆင့် ဧကရာဇ် ကိုပင် ခြိမ်းခြောက်နိုင်သည်။
သို့သော် စုရီသည် ထွက်ပေါ်လာသည်နှင့် ၎င်းတို့ကို တစ်ချက်မျှပင်မကြည့်ဘဲ သူ့ဓားကို လွှဲချလိုက်၏။
“ ဘန်း ... ။ ”
ဓားစွမ်းအင်များ လွင့်ဝဲလျက် ထောင်ပေါင်းများစွာသော အစိတ်အပိုင်းများ အဖြစ် ဦးခေါင်းခွံများနှင့် ပေါင်းစပ်ထားသော ပုတီးစေ့များ ပျက်စီးသွားသည်။
“ ခရစ် ... ။ ”
အပြစ်သားကလေးငယ် စီးနင်းနေသောကြေးလွန်းပျံသည်ပင် စက္ကူကဲ့သို့ အပိုင်းပိုင်းကွဲသွားခဲ့၏။
“ သေပြီလား ... ။ ”
ဘုန်းကြီးတစ္ဆေနှင့် အပြစ်သား ကလေးငယ်တို့ခမျာ အရိပ်အယောင်မျှပင် မကျန်ခဲ့ချေ။
၎င်းတို့သည် မရဏကမ္ဘာ၏ အပြင်းထန်ဆုံးနှင့် အဆိုးရွားဆုံးသော စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် နတ်ဆိုးများဖြစ်သည်။
သာမန် ဧကရာဇ်များသည် သူတို့ကို သတ်ရန်မဖြစ်နိုင်ချေ။ သို့သော် ဓားတစ်ချက်နှင့် လုံးလုံးလျားလျား ပျက်စီးခြင်းပေပင်။
တရားစီရင်ရေးဌာနကို အရူးအမူး တိုက်ခိုက်နေသော အမှောင်ညကျေးကျွန်သည် အခြေအနေကို နားလည်လိုက်ကာ၊
“ ကျီးနက် ... မင်းသွားပြီးတော့ တရားစီရင်ရေးဌာနရဲ့ တားမြစ်အစီရင်ကို ချိုးဖြတ်ပါ ငါတာဝန်ယူလိုက်မယ်။ ”
-ဟု ပြောကြားပြီး စုရီထံ တာအိုတံဆိပ်ဖြင့် လှည့်ရိုက်ချပစ်၏။
တာအိုတံဆိပ်သည် ချက်ချင်းပင် ပေတစ်ထောင်မြင့်သော သွေးတောင်တန်း အဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဝူး ... ။ ”
၎င်းတောင်တန်းသည် မျက်နှာပြင်၌ တာအိုရူရ်များတောက်ပလျက် စိတ်ကူးမယဉ်နိုင် လောက်အောင် ပြင်းထန်သော အမှောင် စွမ်းအားများ ဖြာထွက်လာ၏။
ထိုစွမ်းအားသည် အစောပိုင်းတွင် အရှေ့တံခါးအပြင်ဘက်၌ နဂါးအဖိုးအိုကိုပင် ကြောက်ရွံ့စေသူဖြစ်သည်။
မှားယွင်းစွာ သေဆုံးခြင်းမြို့တော်၏ တားမြစ်နယ်မြေမှ မွေးဖွားလာသောနတ်ဆိုးမှာ သာမန်မဟုတ်ကြောင်း မည်သူမဆိုပြောနိုင်၏။
ဆိုလိုသည်မှာ ဧကရာဇ်ဝိညာဉ်မှ အသွင်ပြောင်းခဲ့သော ဘေးဆိုးနှင့် ပရမ်းပတာ ကဲ့သို့ မယုံနိုင်စရာစွမ်းအားများ ကိုင်စွဲထားချေသည်။
ထို့ကြောင့် ရှေးခေတ်က သူ့ကို မရဏဘုရင်၏ ကျေးကျွန်တစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းပေပင်။
ခြိမ်းခြောက်မှု စွမ်းအားအရ ချွယ်ချန်ဟုန်ကဲ့သို့သော ဧကရာဇ်များထက် အဆများစွာ မြင့်မားသည်။
“ ရွှပ် ... ။ ”
သို့သော် ကံမကောင်းစွာဖြင့် သူ့ပြိုင်ဘက်သည် စုရီဖြစ်နေသည်။ စုရီက တုန့်ဆိုင်းခြင်းမရှိ အမှောင်တောင်တန်းကို ဓားဖြင့်ခုတ်ချလိုက်သည်။
“ ဓားတစ်လက်က နေနဲ့လကို ဖြိုခွင်းပြီး ကောင်းကင်ရဲ့အလင်းတွေအားလုံးကို ပယ်ရှား ပစ်မယ်။ ”
လေဟာနယ် ပျက်ပြယ်သွားကာ အဆုံးမဲ့ဓားစွမ်းအင်သည် ပင်လယ်ပြင်ကဲ့သို့ လှိုင်းထလာ၏။
ထိုလှိုင်းများအတွင်း နေနှင့်လများ ထွက်ပေါ်လာကာ ပြိုးပြိုးပြက်ပြက် လင်းလက် နေပြီး လွှမ်းမိုးလိုသောရောင်ဝါထွက်လာသည်။
“ ဝုန်း ... ။ ”
“ ခရစ် ... ။ ”
အမှောင်တောင်တန်းကြီးတစ်ခုလုံး ဓားစွမ်းအင်လှိုင်းများဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရ တော့၏။ မြေကြီးကွဲအက် ပေါက်ကွဲသံများကြား အမှောင်တောင်တန်းမှာ အက်ကြောင်းများ ပေါ်လာခဲ့သည်။
အမှောင်ညကျေးကျွန်မှ တစ်စုံတစ်ခုကို သတိပြုမိသလို အံ့သြမှုနှင့် သံသယစိတ်များ ပြသလာသည်။
“ မင်း ... အဲဒီလူ ... ။ ”
သို့သော် သူ့စကားမဆုံးခင် ပြိုးပြက် လင်းလက်သောဓားစွမ်းအင်များ လွှမ်းခြုံပြီး အမှောင်တောင်တန်းကြီး ပြိုကျသွား၏။
ဓားစွမ်းအင်သည် တိုး၍များပြားလာကာ အကန့်အသတ်မဲ့ဒီရေအလား ပတ်ဝန်းကျင်အနှံ့ ပျံ့ကားသွားချေပြီ။
“ ကျီးနက်၊ ပြေး ... ။ ”
အမှောင်ညကျေးကျွန်မှ အော်လိုက်ပြီး သူ့လက်များက တံဆိပ်တစ်ခု ဖန်တီးလေသည်။ ယင်းသည် လေဟာနယ် ပျက်ပြယ်စေသော အဖျက်စွမ်းအားတစ်ခုပေပင်။ ဆိုးရွားလှသော အငွေ့အသက်များ ရောထွေးနေ၏။
ဤကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော ကပ်ဆိုးကြီးတစ်ခု ဆင်းသက်နေ သကဲ့သို့ ပေပင်။ စုရီမှ မျက်ခုံးပင့်သွားသည်။
“ ဘေးဥပဒ်တာအို။ ”
ရှားပါးသော တာအိုဖြစ်၏။ မရဏကမ္ဘာ အတွင်း၌သာမြင်နိုင်ပြီး အမှောင်ညကျေးကျွန် များသာ ပိုင်ဆိုင်ပေမည်။ ထိုသို့သော တာအို စွမ်းအားသည် ရွှမ်ယုဧကရာဇ်များကို ချက်ချင်းပြာဖြစ်စေနိုင်၏။
“ ဝှစ် ... ဝှစ် ... ။ ”
စုရီက လရိပ်ဓားဖြင့် ပိုက်ကွန်တစ်ခု ယှက်လုပ်ကာ ဖမ်းယူသည်။ ကပ်ဘေးတာအိုမှ ဖြစ်ပေါ်လာသော အနက်ရောင်အငွေ့များသည် မမြင်နိုင်သောလက်ဖြင့် ဖိနှိပ်လိုက်သကဲ့သို့ ချက်ချင်းပင် အေးခဲသွား၏။
ထို့နောက် မရေမတွက်နိုင်သော ဓားကြိုးမျှင်များသည် အဆိုပါ စွမ်းအင်များကို အကွဲကွဲအပြားပြားဖြစ်သည်အထိ ဖြိုခွဲတော့သည်။
“ ဘောင်း ... ဘောင်း ... ။ ”
များမကြာခင် အနက်ရောင် အငွေ့အသက်များသည် တစ်လက်မချင်းစီ ပြိုကျကာ လုံးဝပျက်ပြယ်သွား၏။
ဓားစွမ်းအင်ရေလှိုင်း၏ ကျန်ရှိသော စွမ်းအားများသည် လျော့မသွားဘဲ အမှောင်ည ကျေးကျွန်ထံ ထိုးဝင်သွားခဲ့သည်။
“ အသက်ဝင် ... ။ ”
အမှောင်ညကျေးကျွန်ခမျာ ခန္ဓာကိုယ်ကြီးချက်ချင်း ပြိုကွဲကာ မီးခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲသွားတော့၏။ စုရီသည် သွေးမီးဖိုကိုထုတ်ယူလိုက်ကာ ၎င်းမီးခိုးများထံ ဦးတည်ကာ အသက်သွင်းလိုက်သည်။
“ ဝူး ... ။ ”
ကောင်းကင်သွေးမီးဖိုသည် ချက်ချင်း ပေတရာအရွယ်အစားအထိ ကျယ်ပြန့်လာပြီး မီးခိုးငွေ့များကို စုပ်ယူသွားတော့၏။
မျက်စိတစ်မှိတ်အတွင်း အမှောင်ည ကျေးကျွန်များကိုသတ်ကာ ကျန်ရစ်နေခဲ့သော ဘေးဆိုးနှင့်ဆိုင်သက်ဆိုင်သည့် စွမ်းအားကို သိမ်းဆည်းသွားချေပြီ။
“ သေစမ်း ... ။ ”
အမှောင်ညကျေးကျွန် သေဆုံးမှုကို သက်သေခံလျက် ငရဲကျီးကန်း၏ မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်လာပြီး အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ ရှောင်တိမ်းလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် စုရီသည် စကားလုံးများမဖြုန်းတီးတော့ဘဲ လက်ဖဝါးဖြင့် သူ့ကိုဖမ်းရန် ကြံရွယ်လာသောကြောင့် ဖြစ်၏။
လက်ဖဝါးတစ်ဖက်သည် အကန့်အသတ်မဲ့သော အလင်းနှင့်စွမ်းအားများ တဟုန်ထိုးခုန်တက်လျက် စကြဝဠာတစ်ခုလုံး ဖုံးအုပ်ထားသလိုထင်မှားစေသည်။
“ မြတ်ဗုဒ္ဓလက်ဝါး ... ။ ”
ဤသည်မှာ စုရီ၏ယခင်ဘဝက ကျင့်ကြံခဲ့သော ဗုဒ္ဓအမွေဖြစ်၏။ လက်ဖဝါး တစ်ချက်သည် အနန္တစကြာဝဠာကြီးကဲ့သို့ ဧကရာဇ်များအပေါ်ပင် မလွတ်မြောက် နိုင်လောက်အောင် ကြီးမားလှချေပြီ။
သူသည် ငရဲကျီးကန်းကိုင်စွဲထားသော စွမ်းအားကို အလွန်စိတ်ဝင်စားနေပြီး သဘာဝ အတိုင်း သတ်ပစ်မည်မဟုတ်ချေ။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး အလင်းနှင့်အမှောင် တလှည့်စီပြောင်းနေသဖြင့် ငရဲကျီးကန်းခမျာ အံ့အားသင့်သွားသည်။
“ ဟမ့် ... ဒီညရဲ့အဖြစ်အပျက်တွေကို နှောင့်ယှက်ဖို့သတ္တိရှိလား ... ဘယ်သူပဲဖြစ်ဖြစ် စျေးတစ်ခုကို မင်းပေးရလိမ့်မယ်။ ”
ငရဲကျီးကန်းမှ အော်ဟစ်လျက် တာအိုကိုအသက်သွင်းလိုက်၏။ ခန္ဓာကိုယ်တွင် အဖြူနှင့်အနက် မီးတောက်တစ်ခုပေါ်လာပြီး တားမြစ်ရူရ်များ လင်းလက်လာသည်။
ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော စက်ဝန်းတစ်ခုကဲ့သို့ ဖြစ်စဉ်များ ပေါင်းစပ်သွား တော့၏။
“ ဝုန်း ... ။ ”
ဓားစွမ်းအင်ဖြင့် ဖန်တီးထားသော ဗုဒ္ဓလက်ဖဝါးသည် ချက်ချင်း ပျောက်ကွယ် သွားလေသည်။ ထိုမြင်ကွင်းက စုရီကို မျက်ခုံးပင့်မိစေ၏။
တားမြစ်ရူရ်ဖြင့် ပေါင်းစပ်ထားသော အလင်းစက်ဝန်းသည် အလွန်ထူးဆန်းလှသည့် နိယာမအတက်အကျလှိုင်းများကို ထုတ်လွှတ်နေခဲ့သည်၊၊
“ ဟမ့် ... ။ ”
၎င်းစွမ်းအားသည် ငရဲကျီးကန်းနှင့် မသက်ဆိုင်ကြောင်း ထင်ရှားနေ၏။ လက်ဖဝါး ပျက်ပြယ်သည်နှင့် ထွက်ပြေးလွတ်မြောက် တော့မည်ကို မြင်လိုက်ရသဖြင့် စုရီမှ ချက်ချင်းဖမ်းဆွဲလိုက်ရသည်။
“ ဝူး ... ။ ”
လေထုအလယ် ရုတ်တရက် မြင့်မားလွန်းသော ဓားတောင်တန်းများသည် ကမ္ဘာပေါ်သို့ ကျဆင်းလာပြီး ပတ်ဝန်းကျင်ကို တောင်နံရံများလို ပိတ်ပစ်လိုက်၏။
ဒြပ်စင်ငါးပါးဖြင့် ဖန်တီးထားသော ဓားတောင်တန်းများပေပင်။ စကြာဝဠာတစ်ခွင် ဖြိုခွင်းနိုင်စွမ်း ရှိပုံပေါ်ချေ၏။
“ မဟာဒြပ်စင်ငါးပါး ဓားဒိုမိန်း။ ”
ဤသည်မှာ ယခင်ဘဝနှင့်မတူဘဲ စုရီ၏ပြန်လည်ဝင်စားခြင်း အနှစ်သာရဖြစ်ကာ ရွှမ်ယုအဆင့်ဧကရာဇ်ကို အလွယ်တကူ ချေမှုန်းပစ်ရန် လုံလောက်လေသည်။
“ ဘုန်း ... ။ ”
ဓားစွမ်းအင်များ ရောယှက်နေပြီး ပြိုင်ဘက်ကင်းအရှိန်အဟုန်နှင့် ငရဲကျီးကန်းထံ ကျဆင်းသွား၏။
“ သေစမ်း ... ။ ”
ငရဲကျီးကန်းက တူညီသောလှည့်ကွက်ကို ထပ်မံအသုံးပြုပြီး အဖြူ-အမည် နတ်မီးလျှံများ တဟုန်းဟုန်းတောက်လာခဲ့သည်။
တားမြစ်ရူရ်များ တစ်ခုနှင့်တစ်ခု ရောယှက်လာကာ လျှို့ဝှက်ဆန်းကြယ်သော စက်ဝန်းအသွင် ထပ်မံဖြစ်ပေါ်လာ၏။
ခဏချင်းမှာပင် ကမ္ဘာကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အဖျက်စွမ်းအားများစွာ ပြန့်ကားလာချေပြီ။
“ ဘောင်း ... ဘောင်း ... ။ ”
ထို့နောက်တွင် ငရဲကျီးကန်းခန္ဓာကိုယ် တစ်ခုလုံး တစ်လက်မမျှမကျန်ပေါက်ကွဲသွားပြီး တခဏချင်း ပျောက်ကွယ်သွားတော့၏။ ၎င်းမပျောက်ကွယ်မီ ကြိမ်းဝါးသံများ ကျန်ရစ်ခဲ့တော့သည်။
“ ဟမ့် ... မင်းစောင့်နေပါ မပြီးသေးဘူး။ ”
အကန့်အသတ်မဲ့ အမုန်းတရားများ ပြည့်နှက်နေခဲ့သည့် ငရဲကျီးကန်းအသံသည် ပျက်ပြယ်နေသော လေဟာနယ်အတွင်း ပဲ့တင်ထပ်သွား၏။
စုရီတစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လေဟာနယ် ငြိမ်သက်သွားသောအခါ တရားစီရင်ရေးဌာန မြေပြင်သည် မြေလှန်လိုက်သကဲ့သို့ လောင်မြိုက်ပျက်စီးသွားခဲ့၏။
အနီးနားရှိ ရှေးဟောင်း အဆောက်အဦးများသည် ဖယ်ရှားခံလိုက်ရ သကဲ့သို့ ပျောက်ကွယ်သွားချေပြီ။ ထိုအချိန်တွင် အနက်ရောင် ငှက်မွှေးတစ်ချောင်း လေထဲလွင့်ဝဲကျလာ၏။
၎င်းအမွေးအတောင်သည် အေးစက်ပြီး နက်မှောင်နေကာ သွေးများစွန်းထင်းနေခဲ့သည်။ စုရီက ဖမ်းယူလျက်၊
“ မထူးဆန်းပါဘူး ဒီငှက်ယုတ်ရဲ့နောက်မှာ ပိုလို့တောင် အစွမ်းထက်တဲ့ တစ်ကောင်ကောင် ရှိနေတာပဲ ... ။ ”
-ဟု မှတ်ချက်ပေး၏။
ငရဲကျီးကန်းသည် မသေလျှင်ပင် ပြင်းစွာဒဏ်ရာရသွားပြီးဖြစ်သည်။ နောက်ဆုံး အခိုက်အတန့်တွင် တားမြစ်နည်းလမ်းကို အသုံးပြုပြီး ထွက်ပြေးခဲ့ခြင်းပေပင်။
အဆိုပါ လျှို့ဝှက်နည်းစနစ်သည် အစားထိုးသေခြင်းစွမ်းအားဖြစ်၏။ ငရဲကျီးကန်း အနေဖြင့် သူ့ကိုယ်သူဖောက်ခွဲလျက် ကောင်းကင်နှင့် မြေကြီးကြား အစားထိုးလိုက်ခြင်းဖြစ်သည်။
“ အရင်ဘဝက ငါ့ရဲ့အထွတ်အထိပ် စွမ်းအားဆယ်ပုံတစ်ပုံကို ခံနိုင်ရည်ရှိဖို့ဆိုတာ ... ဒီငရဲကျီးကန်းရဲ့ နောက်ကွယ်မှာ ရွှမ်ဟဲအဆင့် တစ်စုံတစ်ယောက် ရှိနေရတယ်။ ”
စုရီမှ ရေရွတ်လျက် အနက်ရောင် ငှက်မွှေးအပိုင်းအစကို ကောင်းကင်သွေးမီးဖိုထဲ သိမ်းဆည်းလိုက်၏။
ဤငှက်မွေးသည် ကျိုးပဲ့ပြီး ပျက်စီးနေသော်လည်း သဘာဝတရားကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများအပေါ် ခန့်မှန်းရန် လုံလောက်နေဆဲဖြစ်သည်။
“ ခရစ် ... ။ ”
ထိုအချိန်တွင် လရိပ်ဓား အရိုး၌ မြှုပ်နှံထားသော တာအိုကျောက်တုံးသည် ကွဲအက်လျက် အမှုန်ဖြစ်သွားတော့၏။
အစမှအဆုံး လက်ဖျစ်ဆယ်တွတ်ခန့်သာ ကြာခဲ့ချေပြီ။ ထိုအချိန်လေးအတွင်း စွေ့မိသားစု အိမ်ကြီးရှေ့တွင် ဧကရာဇ်တစ်စုကို သတ်ပစ်သည်။
ထို့နောက် တရားစီရင်ရေးဌာန အပျက်အစီးများရှေ့၌ ဘုန်းကြီးတစ္ဆေနှင့် အပြစ်သားကလေးငယ်အပါအဝင် အမှောင်ညကျေးကျွန်ကို သတ်၏။
ဤအခိုက်တွင် စုရီ၏နတ်အာရုံသည် အနည်းငယ် မှေးမှိန်းသွားကာ ရောင်ဝါများ ကျဆင်းလာခဲ့သည်။
အဆိုပါခံစားချက်သည် နတ်ဘုရားအဆင့်မှသည် သေမျိုးတစ်ယောက် အဖြစ် ကျဆင်းသွားသကဲ့သို့ပေပင်။
“ ဟမ့် ... ငါသာ ဧကရာဇ်လမ်းကို ဝင်ရောက်နိုင်ရင် ဒီထက်အဆပေါင်းများစွာ သန်မာနိုင်လိမ့်မယ်။ ”
ဤသည်မှာ လူဝင်စားပြီး တစ်ဖန် ကျင့်ကြံရခြင်း၏ အဓိကရည်ရွယ်ချက်ပေပင်။ ထို့နောက်တွင် လက်နှစ်ဖက်နောက်ပို့လျက် အမှောင်ထဲ တိုးဝင်သွားတော့သည်။
***