ပြိုင်ဘက်ကင်းတာအို ကောက်ကြောင်း ... ။
Vol. 56 Ch. 662
သုံးရက်ကုန်လွန်ပြီးနောက် ကောင်းကင်ယံတွင် ထီးတစ်လက်ကဲ့သို့မိုးကာ ယိမ်းနွဲ့နေသော တာအိုတစ်သောင်းသစ်ပင်၏ အကိုင်းအခက်များသည် အလင်းတန်းများ ဖြာကျလျက် စုရီကိုရေချိုးပေးနေ၏။
သူ့တစ်ကိုယ်လုံး တာအိုအမှုန်များ ဝန်းရံလျက် တာအိုတေးသံများ ထုံမွှန်းနေကာ နတ်ဘုရားတစ်ဆူလို ထင်မှားစေသည်။
ဒါန်တမ်အတွင်းရှိ တာအိုဝိညာဉ်နန်းတော်၌ ဓမ္မပုံရိပ် အသစ်စက်စက်တစ်ခု တဖြည်းဖြည်း စုစည်းလာနေ၏။
၎င်းသည် နံနက်နေရောင်ခြည်ကဲ့သို့ တောက်ပကာ နေ၊လ၊ကြယ်များ ပျံဝဲနေသကဲ့သို့ အမည်မဲ့စွမ်းအင်အချို့ လိုက်ပါနေသည်။
တောင်နှင့် မြစ်များ၏ ဖြစ်ရပ်ဆန်းများ၊ ကောင်းကင်နှင့် မြေကြီးဆိုင်ရာ နိယာမများ စသည့် အရာအားလုံးပါဝင်သည်။
အဆုံး၌ တာအိုဓမ္မရုပ်ပုံအဖြစ် ပြတ်ထင်စွာတောက်ပလျက် မွှေးညှင်းပေါက် မှတဆင့် အလင်းများစိမ့်ကျနေ၏။
“ ချွင် ... ချွင် ... ။”
ထိုအချိန်တွင် အသိစိတ်ပင်လယ်ထဲရှိ ငရဲဘုံကိုးပါးဓားသည် ငိုက်မျဉ်းခြင်းမှ နိုးထပြီး အနည်းငယ် တုန်ခါလာလေသည်။
ဤသည်မှာ မကြုံစဖူးပေပင်။ ယခင်အချိန်များ၌ အဓိကနယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်နိုင်မှသာ မြည်သံပေးသည်။
ယခုမူ ထူးဆန်းနေ၏။ မှုန်ဝါးများ ပုံရိပ်များသည် တဖျပ်ဖျပ်ဖြစ်ပေါ် ပြောင်းလဲနေ ချေပြီ။
“ ဘာတွေလဲ ... ဒီလိုမြင်ကွင်းတွေက ဘာလို့ဒီလောက် ငါနဲ့ရင်းနှီးနေရတာလဲ။ ”
တိကျရေရာခြင်း မရှိသော်လည်း စုရီတစ်ယောက် အနည်းငယ် ရင်းနှီးနေသဖြင့် တုန်လှုပ်သွားသည်။
ဤသည်မှာ သူ့အတိတ်ဖြစ်ပုံရ၏။ သို့သော်လည်း ထိုရာများအပေါ် လုံးဝမှတ်မိခြင်း မရှိချေ။
“ ဟမ့် ... ။ ”
ဆက်၍ တွေးတောမနိုင်ခင်မှာပင် သဏ္ဍန်မဲ့စွမ်းအားတစ်ခု ဓားထံမှလွင့်ပျံလာပြီး တာအိုဓမ္မရုပ်ပုံထဲ တိုးဝင်လာ၏။
ထိုစွမ်းအင်သည် ဖရိုဖရဲနိုင်လှပြီး ဆူညံသောအသံဖြင့် တာအိုဓမ္မရုပ်ပုံအတွင်း ပဲ့တင်ထပ်ကာ စိတ်ဝိညာဉ်အပေါ် တုန်ရင်လာစေသည်။
ထာဝရအမှောင်ထုကို ဖောက်ထွင်း ဝင်ရောက်လာသော အာရုဏ်ဦးရောင်ခြည်ကဲ့သို့ လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်ချေ၏။
“ ဒါ ... ဘယ်လိုတာအိုလဲ။ ”
ဘေးမှ ငေးကြည့်နေသော ဖိုစုံ၏ ကြယ်ရောင်မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်နေသည်။ လွန်ခဲ့သည့် သုံးရက်လုံးလုံး စုရီ၏ အသွင်အပြင် အပြောင်းအလဲများကို သူမ စောင့်ကြည့်နေခဲ့သည်။
လက်ရှိအချိန်တွင် တင်ပျဉ်ခွေထိုင်နေသော စုရီ၏ အသွင်အပြင်သည် အလင်းအလွှာတစ်ခု လွှမ်းခြုံလျက် အမြင့်ဆုံးဖြစ်နေ၏။
နံနက်နေရောင်ခြည်ကဲ့သို့ ရွှေရောင် အလင်းတန်းများဝေ့ဝဲလျက် တာအိုအမှုန်များ စိမ့်ကျနေသည်။ ထိုဖြစ်စဉ်သည် ဒွိဟဖြစ်ပုံရပြီး လေဟာနယ်ကိုတုန်ခါစေကာ ထူးခြားနေ၏။
သူမဟူသည် တာအိုတစ်သောင်း သစ်ပင်ကြီး၏ မူလမှမွေးဖွားလာသော ဝိညာဉ် တစ်ကောင်ဖြစ်ပြီး တာအိုပေါင်းတစ်သောင်းကို နားလည်ထားသည်။
သို့သော် ဤတစ်ကြိမ်မြင်နေရသော ဖြစ်စဉ်များသည် သူမ လုံးဝနားမလည်နိုင်သည့် အဆင့်တွင်ဖြစ်၏။
များမကြာခင် စုရီခန္ဓာကိုယ်ထံပါးမှ အငွေ့အသက်များ တဖြည်းဖြည်း လျော့နည်းပြီး အဆုံးတွင် အလုံးစုံပျောက်ကွယ်သွားသည်။
“ မင်း ... သိလား။ ”
စုရီက မျက်လုံးများဖွင့်လျက် မေးမြန်းလိုက်သည်။ ဖိုစုံမှ ခေါင်းခါပြလိုက်ပြီး၊
“ ဟင့်အင်း ... ။ ”
-ဟု ပြန်ဖြေ၏။
စုရီနှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ ယနေ့ သူ ဖန်တီးနိုင်ခဲ့သော တာအိုကို ယခင်ဘဝက ငရဲဘုံကိုးပါးဓားမှ နားလည်သဘောပေါက်ခြင်းဖြစ်၏။
ထိုကြောင့် ဤကမ္ဘာကြီးတွင် မည်သူမျှ နားမလည်နိုင်သည်မှာ သဘာဝပေပင်။ ဖိုစုံက စားပွဲတွင်ထိုင်ကာ စုရီကိုရေနွေးကြမ်းတစ်ခွက် ဖျော်ပေးလိုက်သည်။
“ တာအိုစု ... ဒီတာအိုက ဘာလဲ။ ”
သူမဆံပင်ရှည်များသည် လေအဝှေ့တွင် လွင့်မျောလျက် နဖူးရှိသွေးအမှတ်အသားသည် ကျက်သရေရှိကာ ရင်သပ်ရှုမောနေ၏။ စုရီမှ ရေနွေးကြမ်းကို သောက်လိုက်ပြီး၊
“ ဒီတာအိုကို ဖန်ဆင်းရှင်တာအိုလို့ ခေါ်နိုင်တယ် စကြာဝဠာကြီးရဲ့ အထွတ်အထိပ် တာအိုတစ်ခုပဲ ... အရင် ဘယ်သူမှ မသိနိုင်ခဲ့ပေမယ့် ...
... အခုချိန်ကစပြီးတော့ သက်ရှိများရဲ့မူလဖြစ်တဲ့ ဒီဖန်ဆင်းရှင်တာအိုကို ကမ္ဘာကြီးတစ်ခုလုံး သိလာကြလိမ့်မယ် ... ။ ”
ဖိုစုံ၏ ကြယ်ရောင်မျက်လုံးများ တဖျပ်ဖျပ်ဖျပ်ခတ်လာပြီး၊
“ တာအိုစု ... မင်းငါ့ကို ပြနိုင်မလား။ ”
-ဟု မေး၏။
စုရီသည်လည်း ဖန်ဆင်းရှင်တာအို၏ လေးနက်သော အဓိပ္ပါယ်ကို စမ်းသပ်လိုသဖြင့်၊
“ ရွှမ်ကျောက်အဆင့်တာအိုကို ထုတ်ပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
ဖိုစုံက သဘောတူလိုက်ပြီး သူမ၏ ညာလက်ကိုဆန့်ထုတ်ကာ လက်ညိုး၊လက်မ ဖိကပ်လျက် တံဆိပ်ဖန်တီး၏။
“ ချီ ... ။ ”
ဒီရေလှိုင်းများကဲ့သို့ အနက်ရောင် တာအိုအလင်းများ ရုတ်တရက်ဖြစ်ပေါ်လာပြီး ခုနှစ်လက်မ ဓားတစ်လက်ဖြစ်လာသည်။
အနီးကပ်စစ်ဆေးကြည့်သောအခါ ထိုဓားအတွင်း ရေဒြပ်စင်သည် သမုဒ္ဒရာကဲ့သို့ ကျယ်ပြောနေ၏။
ရွှမ်ကျောက်အဆင့်ရှိ ရေတာအိုဖြစ်သည်။ စုရီက ညာလက်ဆန့်ထုတ်လိုက်ပြီး ထိုဓားကို လှမ်းယူလိုက်၏။
လက်ငါးချောင်းသည် ကြည်လင်သော ရွှေရောင်အလင်းများ ရစ်သိုင်းလျက်ဓားရိုးကို ဆုပ်ကိုင်ရန် ကြံရွယ်နေသည်။
စုရီ၏ ရဲရင့်သောလုပ်ရပ်ကြောင့် ဖိုစုံ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဤဓားသည် သာမန် ရွှမ်ကျောက်ဧကရာဇ်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲနိုင်သေးသည်။
သူမ အာရုံပျံ့လွင့်နေသည့် ထိုအခိုက်အတန့်တွင် စုရီလက်သည်ဓားကို ဆုပ်ကိုင်ထားပြီးဖြစ်၏။
“ ဘရူး ... ။ ”
ဓားရှိ ကြောက်မက်ဖွယ်ကောင်းသော ရေဒြပ်စင်များပေါက်ကွဲလျက် အလင်းများစွာ တဟုန်းဟုန်း တောက်လောင်တော့သည်။
သို့တိုင် ရွှေရောင်လက်ငါးချောင်း အတွင်းထံပါးမှ ဓားခမျာ မလွတ်မြောက်နိုင် ဖြစ်နေ၏။ အဆုံး၌ ဓားရှိရေတာအိုသည် ဖြည်းဖြည်းခြင်း ပြိုကျလာ၏။
“ ခရစ် ... ။ ”
ခုနစ်လက်မဓားခမျာ လက်ချောင်းများ အကြား ကွဲကြေလျက် ရောင်စုံရေမှုန်ရေမွှားများ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ ဒါ … ။ ”
ဖိုစုံတစ်ယောက် အံ့အားသင့်သွားပြီး သူမ၏ထိတ်လန့်မှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။ ဝိညာဉ်တာအိုအဆင့် တာအိုနိယာမတစ်ခုသည် ဧကရာဇ်အဆင့် နိယာမကို ဖြိုခွဲနိုင်သည်လော။
ယုံနိုင်စရာ မရှိချေ။ ဤမျှ ကောင်းကင်ကို အံတုနိုင်သောတာအိုသည် ကမ္ဘာကြီး၌ မည်သို့ ရှိနိုင်မည်နည်း။ စုရီမှ ခဏမျှစဉ်းစားပြီး၊
“ ငါ့တာအိုက ... ကနဦးရွှမ်ကျောက်အဆင့် ဧကရာဇ်တာအိုကိုယှဉ်နိုင်ပြီ ဒါပေမယ့် တကယ့် တိုက်ပွဲမှာ တာအိုတင်မကဘူး ...
... ကျင့်ကြံမှု ... ၊ နည်းစနစ်၊ မှော်ရတနာတွေနဲ့ တိုက်ပွဲဝင်စွမ်းအားတွေ အသုံးချကြတယ် ... ဒါကြောင့် ငါ့ကျင့်ကြံမှုသာ ...
... ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ရင် ကနဦးရွှမ်ကျောက်အဆင့်ဧကရာဇ် တစ်ပါးကို ဂရုစိုက်နေစရာ မလိုတော့ဘူး။ ”
ဤစကားများကို ကြားသောအခါ တာအိုတစ်သောင်းသစ်ပင်၏ သဘာဝိညာဉ်ပင် ခံစားချက်လှိုင်းလုံးများကို ငြိမ်းသက်ရန် ခက်ခဲလာတော့၏။
အချိန်အတော်ကြာပြီးနောက် သူမ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းရောင် တစ်ခု တောက်ပလာကာ သက်ပြင်းချလျက်၊
“ ဒီတာအိုအပေါ် ... ငါ့မျက်မြင်သာ မဟုတ်ရင် ဒီစကားတွေအပေါ် ... ငါဘယ်လိုမှ ယုံနိုင်တော့မှာမဟုတ်ဘူး။ ”
-ဟု ညည်းတွားလိုက်သည်။
အတိတ်ဘဝစုရွှမ်ကြွယ်သည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ယခုအခါတွင် အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦးမျှသာ ဖြစ်၏။
ထိုသို့သော အခြေအနေအောက်တွင် သူသည်နယ်ပယ်တစ်ခုလုံးကို ဖြတ်ကျော်ကာ ဧကရာဇ်ကို အနိုင်ယူနိုင်နေသည်။
ဤသည်မှာ မကြုံစဖူး မှတ်တမ်းတစ်ခု ဖန်တီးလိုက်သလိုပေပင်။ အံ့ဖွယ်တစ်ခု ဖြစ်၏။
“ ဟား ဟား ဟား ... ဒါက ငါလူဝင်စားပြီးပြန်လည်ကျင့်ကြံဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ အရင်တုန်းက ငါဟာ တာအိုတစ်သောင်းရဲ့ အုပ်စိုးရှင် ...
... ဖြစ်နေပေမယ့် ခရီးတစ်လျှောက် ချို့ယွင်းချက်တွေ အများကြီးရှိခဲ့တယ် ငါသာ ဆက်သွားနေရင် အဲ့ဒီချို့ယွင်းချက်တွေကြောင့် တစ်နေ့အတားအဆီး ကြုံလာရလိမ့်မယ် ...
... အခုတော့ ဧကရာဇ်လမ်းအပေါ် တစ်ဖန်ပြန်လျှောက်လှမ်းပြီး ပိုမြင့်မားနိုင်မဲ့ နယ်ပယ်ကို တက်လှမ်းရမယ်။ ”
ဖူစုံက သူမရှေ့မှ လူငယ်ကိုငေးကြည့်ကာ တိတ်ဆိတ်နေသည်။ ဝတ်ရုံစတဖျပ်ဖျပ်ခတ်ပြီး မာနကြီးကာ ကြီးစိုးနေသည့်သဘောထားကို ထင်ရှားစေ၏။
“ ဘယ်လိုလဲ မင်းစိတ်ဝင်စားရင် အရိုင်းမြေကိုးပါးကိုပြန်တဲ့အခါ မင်းငါ့နောက်ကို လိုက်ခဲ့လို့ရတယ်။ ”
စုရီမှ ပြုံးပြီး ထပ်ပြောလိုက်သည်။
“ ဒီအတွက် ငါသေချာပေါက်စဉ်းစားဖို့ လိုသေးတယ်။ ”
“ ဟမ့် ... မင်းဘာတွေ စိုးရိမ်နေတာလဲ မင်းက လူသားတစ်ယောက်မဟုတ်တာ ဘာလို့ အဲဒီမြေခွေးအိုကြီးစကားကို ထည့်တွက်ပြီး စဉ်းစားနေရတာလဲ။ ”
“ ငါ့ကို မလှည့်စားနဲ့ ... ငါက ဝိညာဉ်ဖြစ်နေရင်တောင် ဆယ့်ရှစ်နှစ်ပဲရှိနေတဲ့ ကောင်လေးတစ်ယောက်ကို စိတ်မဝင်စားသေးဘူး ... ။ ”
ထိုစကားကြောင့် စုရီမှပြုံးလေသည်။ သည့်နောက် စကားဆက်ပြောရန် ပြင်လိုက်စဉ် အဝေးမှ ပုံရိပ်တစ်ရိပ်ရွေ့လျားလာသည်ကို သတိထားမိလိုက်၏။
“ စွေ့ချောင်းအာရောက်လာပြီ ငါသွားရတော့မယ် သူရှိခိုးတာ ငါ မလိုချင်ဘူး။ ”
စကားဆုံးသည်နှင့် ဖိုစုံရုပ်သွင်သည် လေထုအလယ် ကွယ်ပျောက်သွားတော့သည်။ များမကြာမီ စွေ့ချောင်အာတစ်ယေက် အလျင်လိုဟန်ဖြင့် ရောက်ရှိလာ၏။
“ ဦးလေးစု ... မနေ့ညက မှားယွင်းစွာ သေဆုံးခြင်းမြို့တော်ရဲ့ အပျက်အစီးထဲကနေ ငရဲကျီးကန်းလို့ ယူဆရတဲ့ ငှက်တစ်ကောင် ပေါ်ထွက်လာတယ်ကြားပါတယ်။ ”
***