ကောင်းကင်တာအို၏ ပျောက်ဆုံးနေသော အမိန့်တော်။
Vol. 56 Ch. 664
ဤအစီရင်၏ အကြီးမားဆုံးသော လုပ်ဆောင်ချက်မှာ နတ်ဆိုးများချေမှုန်းရန်နှင့် ဘေးဆိုးများ မောင်းထုတ်ရန်ဖြစ်သည်။
သမိုင်းတစ်လျှောက် မီးပုံးပွဲတော်အတွင်း စွေ့မိသားစု၏ဘေးဥပဒ်ကို ၎င်းမှအကြိမ်ကြိမ် အခါခါ ဖြေရှင်းပေး၏။
“ ဒါဆို ... ဒီဝင်္ကပါကို အသက်သွင်းပြီးရင် အရှေ့တံခါးကနေ ငါတို့စောင့်နေသရွေ့ မြို့က လုံခြုံနေမှာလား။ ”
စုရီကမေးသည်။
“ မှန်ပါတယ် ... မြို့တော်ဧရိယာက ကြီးမားလွန်းတော့ စွေ့မျိုးရိုးဘိုးဘေးတွေက ဒီဝင်္ကပါနဲ့ ရန်သူကိုဟန့်တားဖို့ ပြင်ဆင်ခဲ့တာပါ အနည်းဆုံးတော့ ငါတို့အရှေ့တံခါးကနေလာမဲ့ ရန်သူကိုသာ အာရုံစိုက်ဖို့လိုပါလိမ့်မယ်။ ”
ဧကရာဇ်မင်းတစ်ပါးပင် ဤဝင်္ကပါကို ဖြတ်ကျော်နိုင်ခြင်းရှိမည် မဟုတ်ချေ။ စုရီက အတွေးနက်သွားသည်။
“ ဒါဆို ... အရှေ့တံခါးက အကြီးမားဆုံး အားနည်းချက်ပေါ့ သူပွင့်သွားရင် မြို့တစ်ခုလုံး အကာအကွယ်မဲ့မှာ မဟုတ်လား။ ”
“ ဟုတ်ပါတယ် ... တကယ်လို့ ဒီလိုသာဖြစ်ခဲ့ရင် တာအိုတစ်သောင်းသစ်ပင်နဲ့ ငါ့စွေ့မျိုးနွယ်က အခြားကမ္ဘာကို လွတ်မြောက် နိုင်ခွင့် ရှိနေပါတယ်။ ”
“ ကောင်းပြီ ... ငါတို့က သူတို့ကို ထောင်ချောက်ထဲဝင်လာစေဖို့ အရှေ့တံခါးကို အဲဒီနေ့မှာဖွင့်ပေးလိုက်ပါ။ ”
ထိုစကားကြောင့် စွေ့ချောင်အာမှ မျက်ခုံးပင့်သည်။ ထို့နောက် တုန့်ဆိုင်းနေသည့် အသွင်ဖြင့်၊
“ ဦးလေးစု ... ဒီနည်းလမ်းကြောင့် မြို့ပျက်သွားလိမ့်မယ် ဒီမှာ အပြစ်မဲ့ပြည်သူတွေ အများကြီး ကျန်နေပါသေးတယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ ငါ့စကားကို နားထောင်ပါ။ ”
ဤသည်မှာ ဖြေရှင်းချက်များ တောင်းခံဆွေးနွေးနေခြင်းမျိုး မဟုတ်ချေ။ အမိန့်ဖြစ်၏။
“ ကောင်းကင် မပြိုသေးဘူး မင်းဘာကို စိုးရိမ်နေတာလဲ။ ”
ဤတစ်ကြိမ်တွင် စွေ့ချောင်အာခမျာ တခဏမျှထိတ်လန့်သွားပြီး နှလုံးသားအတွင်း ခံစားချက်များ တဟုန်ထိုးတက်လာ၏။ သူ ငယ်စဉ်က ဦးလေးစုသည် ပုခုံးပေါ်တင်ကာ၊
“ လူငယ်တစ်ယောက်ဟာ သတ္တိရှိပြီး ထက်မြက်တဲ့ နှလုံးသားရှိရမယ် ဒုက္ခမရှာနဲ့ ... ဒုက္ခရောက်လာရင်လည်း မကြောက်နဲ့ ...
... အနာဂါတ်မှာ ကြီးကြီးမားမား ဆူပူအုံကြွမှုတွေ ဖြစ်လာရင်တောင် မင်းသာ ဆိုးယုတ်ထားခြင်း မရှိသရွေ့ ... မင်းအပြစ်ကို ငါယူပေးမယ်။ ”
-ဟု ပြောကြားခဲ့ဖူးသည်။
ထိုစကားများအပေါ် ဦလေးစု မေ့ကောင်း မေ့နေနိုင်၏။ သူ့အတွက်မူ တာအိုလမ်းခရီး၌ မျိုးစေ့တစ်စေ့ ဖြစ်လာခဲ့သည်။
“ ငါဒီမှာ ... ဦးလေးစုနဲ့အတူ ကောင်းကင်ကြီး ပြိုကျနေရင်တောင် မကြောက် တတ်ပါဘူး။”
ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ မြို့တော်သည် လူသူကင်းမဲ့ကာ ဗလာမြေအဖြစ် ရှိနေ၏။
စွေ့မျိုးနွယ်စု အတွင်း၌ ကမောက်ကမဖြစ်နေကာ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လာသည်။ ရန်သူ အများအပြားသည် မြို့ကိုတပ်မက်စွာ စိုက်ကြည့်နေမှန်း မည်သူမဆို တွက်ဆနိုင်ကြ၏။
သို့သော် ဤစကားကိုဆိုပြီးနောက် စွေ့ချောင်အာအပေါ်ရှိ ဖိအားများအမှန်တကယ် လျော့ကျသွားတော့သည်။
ဇူလိုင်လ (၁၅)ရက်နေ့၊ တစ္ဆေပွဲတော်။ ၎င်းသည် နှစ်တစ်ထောင်အတွင်း တစ်ကြိမ်သာ ကျရောက်နိုင်မည့် မီးပုံးပွဲတော်ဖြစ်၏။
ဤနေ့တွင် နေ့လည်ခင်းအချိန်၌ပင် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်လာကာ ငရဲကမ္ဘာတစ်ခုလုံး လူဆိတ်ညံသွားသည်။
ထို့နေ့တွင် လူတိုင်းနေအိမ်၌ နေထိုင်ခြင်းသည် အန္တရာယ်အကင်းဆုံးပေပင်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင်မရဏကမ္ဘာ အပေါ် ကြောက်မက်ဖွယ်ကောင်းသော စွမ်အင်တစ်ခု ဖုံးလွှမ်းလာမည်ဖြစ်၏။
အထူးသဖြင့် မှားယွင်းစွာ သေဆုံးခြင်း မြို့တော်၊ အသက်ရေကန်၊ တရားစီရင်ရေးဌာန ကွပ်မျက်ခန်း၊ အပြစ်သွေးမြစ်၊ နာကျည်းခြင်း ပင်လယ် အစရှိသောနေရာများ ဖြစ်သည်။
စုရီက မဏ္ဍပ်အတွင်း အသစ်စက်စက် ကျောက်စိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ရှည်လျားသော အနက်ရောင်ဆံပင်များကို သစ်သားဆံထိုးဖြင့် ထုံးဖွဲ့ထား၏။
ကောင်းကင်သည် မီးခိုးရောင်ဖြစ်ပြီး တိမ်တိုက်များက တရွေ့ရွေ့ နိမ့်ဆင်းလာသည်။ စုရီက ကောင်းကင်ကို မော့ကြည့်၏။
“ ဒီလိုနေ့မျိုးမှာ ... သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေက ကောင်းကင်ပေါ် ပျံပြီး မသန့်ရှင်းတဲ့စွမ်းအင်တွေက ကမ္ဘာမြေကြီးထဲ စိမ့်ဝင်လာလိမ့်မယ် ...
... တာအိုနိယာမတွေအရ ဇူလိုင်လ (၁၅)ရက်နေ့ဟာ ကမ္ဘာပေါ်မှာ မသန့်ရှင်းတဲ့ စွမ်းအင်တွေအပေါများနဲ့ အပြင်းထန်ဆုံး နေ့ရက်တစ်ရက်ပဲ။ ”
ထို့နောက် လက်နှစ်ဖက်နောက်ပို့ပြီး၊
“ ဒါပေမယ့် မရဏကမ္ဘာကတော့ အခြားကမ္ဘာတွေနဲ့မတူဘူး ရှေးခေတ်တည်းက တည်ရှိတာမို့ ကမ္ဘာအသီးသီးနဲ့ ဆက်သွယ်မှု ရှိနေတယ် ... ဒါကြောင့် အချိန်စက်ဝန်းထဲမှာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေနဲ့ ...
... နတ်ဘုရားတွေရဲ့ အမျိုးမျိုးသော ဆိုးယုတ်ခြင်းစွမ်းအင်တွေ စုဆောင်းခဲ့မိတယ် နောက်ဆုံးမှာတော့ ပြဿနာက မရဏကမ္ဘာရဲ့ မူလအစမှာကို ရှိနေပါတယ်။”
“ ဦးလေးစု မရဏကမ္ဘာရဲ့ မူလမှာ တစ်ခုခုမှားနေလို့လား။ ”
ဘေးမှနားထောင်နေသော စွေချောင်အာမှ စိတ်ဝင်တစားဖြစ်လာသည်။ စုရီတစ်ယောက် ခဏမျှစဉ်းစားလျက်၊
“ ငါ့ရဲ့တွက်ချက်မှုသာ မှန်နေရင် မရဏကမ္ဘာရဲ့ ကောင်းကင်မှာအမိန့်တစ်ခု ပျောက်ဆုံးနေတယ်။ ”
-ဟု ပြန်ဖြေလိုက်၏။
“ ဘာအမိန့်လဲ ဦးလေးစု ... ။ ”
“ လူဝင်စားခြင်းအမိန့် ... ။ ”
“ ဒါ ... ။ ”
ထိုအဖြေကိုကြားလိုက်ချိန်၌ စွေ့ကျင်းယန်တစ်ယောက် ထိတ်လန့်သွားပြီး တဆတ်ဆတ်တုန်လာ၏။
ဤသည်မှာ အမှန်ဖြစ်သော် ကောင်းကင်တာအိုသည် သေလွန်ခဲ့ပြီးနောက် လူပြန်ဝင်စားခြင်းကို ခွင့်မပြုတော့ဟု အဓိပ္ပါယ်ရသည်။
ယင်းသို့ဆိုသော် ဦးလေးစုသည် လူပြန်ဝင်စားထားသဖြင့် မည်မျှဒဏ္ဍာရီဆန် နေကြောင်း နားလည်လိုက်၏။ ကောင်းကင်ကို အံတုခြင်းပေပင်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် အဝေးမှ လူရိပ်များပျံသန်းလာကာ မြို့တံခါးနှင့်ပေတစ်ရာအကွာ၌ ရပ်တန့်လိုက်ကြသည်။ စွေ့ချောင်အာက မျက်မှောင်ကြုတ်လျက်၊
“ ညအထိ မစောင့်နိုင်ရအောင် ဒီကောင်တွေက အရမ်းအလျင်လိုနေပုံပဲ။ ”
-ဟု ရေရွတ်လိုက်တော့၏။
ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အနီရောင်ဝတ်လုံနှင့် ချွယ်ပိုဟွာဟုခေါ်ဆိုသော ချွယ်မျိုးရိုးမှအမျိုးသားတစ်ဦးဖြစ်၏။
ကျန်သူများမှာ လက်နှစ်ဖက်တွင် မီးနဂါးတစ်ကောင်စီ ရစ်ပတ်ထားသည့် မုတ်ဆိတ်ဖြူ အဘိုးအို။
ဓားရှည်ကိုကိုင်ဆောင်ကာ ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့် အခြားသော ဧကရာဇ်လေးပါး ပေပင်။
ထိုသို့ ဧကရာဇ်ခုနစ်ပါးအတူတကွ ရောက်ရှိလာခြင်းသည် စွေ့မျိုးနွယ်စုအပေါ် ကောင်းစွာဖိအားပေးနိုင်၏။
၎င်းတို့အင်အားဖြင့် မရဏကမ္ဘာတွင် လွတ်လပ်စွာ သွားလာရန် လုံလောက်ပေသည်။ ထိုစဉ် ခေါင်းဆောင်မျိုးသားက အေးစက်သော အသွင်ဖြင့် မြို့တော်ကိုစိုက်ကြည့်ကာ၊
“ စွေ့ချောင်းအာ ... မင်းစဉ်စားပြီးပြီလား။ ”
-ဟု မေးခွန်းထုတ်လာတော့၏။
“ ခဏစောင့်ကြည့်ပါ ... ။ ”
စွေ့ချောင်းအာမှ ထိုသူနှင့် ရင်ဆိုင်ရန်ပြင်လိုက်လေသည်။ သို့သော် စုရီက ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ကို ထုတ်ယူလျက် လက်ပြလာတော့၏။
စွေ့ချောင်းအာခမျာ ပါးစပ်ပိတ်ကာ ရပ်တန့်သွားချေပြီ။ ထိုစဉ် စုရီမှကြာပန်းမီးအိမ် တံဆိပ်ကို ဖြေလျော့လိုက်သည်။
“ ဝှစ် ... ။ ”
များမကြာခင် ကြာပန်းမီးအိမ်အတွင်းမှ အလင်းများတိုးထွက်လာပြီး အမျိုးသမီးတစ်ဦး အသွင်အပြင် ထွက်ပေါ်လာ၏။
သူမ အသားအရေသည် နှင်းကဲ့သို့ဖြူဆွတ်လျက် အနက်ရောင်ဆံပင်များ ရေတံခွန်အလား ဖြာဆင်းနေသည်။
သိမ်သိမ်မွေ့မွေ့ဖြင့် ဆွဲဆောင်မှုရှိသော ထိုအသွင်အပြင်သည် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးအလား ထင်မှားစေ၏။
သူမ၏ ခရမ်းရောင်၀တ်စုံသည် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ထိုအလှကို ဖုံးကွယ်ထား၍မရပေ။
ဤသည်မှာ နှစ်ပေါင်း(၆၀၀၀)တိုင် ဖိနှိမ်ခံထားရသော ကောင်းကင်မိစ္ဆာဧကရီ တျန်ကျိဖြစ်သည်။ ကောင်းကင်မိစ္ဆာဧကရီက စုရီထံရိုသေစွာ ဦးညွှတ်လိုက်ပြီး၊
“ သခင်စု ... အမိန့်ရှိပါ။ ”
-ဟု အမိန့်တောင်းခံတော့၏။
သူမ ထွက်လာသောအခါ ပြင်းပျသော သွေးညှီရနံ့များကြောင့် ချွယ်ပိုဟွာနှင့်အဖွဲ့က ထိုအရပ်ထံ လှမ်းကြည့်လိုက်ကြသည်။
“ အဲဒါ ဘယ်သူလဲ။ ”
ဤမျှသော ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော မကောင်းဆိုးရွား ရောင်ဝါပိုင်ရှင် အမျိုးသမီးသည် ဝိညာဉ်တာအိုနယ်ပယ်ထံပါး အစေခံနေ၏။ မယုံနိုင်စရာပေပင်။
“ သူတို့ကို သွားသတ်လိုက်... မင်းရဲ့ အုတ်မြစ်အတွက် သွေးအနှစ်သာရနဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်ကို ဝါးမျိုခွင့်ပြုမယ်။ ”
စုရီအမိန့်ကြောင့် ကောင်းကင်မိစ္ဆာ ဧကရီမျက်လုံးများ လင်းလက်တောက်ပလာပြီး သွေးလွှမ်းသွားတော့၏။
***