မီးပုံးပွဲတော် ရောက်ရှိလာခြင်း။
Vol. 56 Ch. 665
မြို့ရိုးအပြင်ဘက် လေဟာနယ်အတွင်း ရပ်တန့်နေသော ဧကရာဇ်ခုနစ်ပါးမှာ အမူအရာ အနည်းငယ်ပြောင်းလဲလျက်၊
“ စွေ့ချောင်အာ ... မင်းတကယ်ပဲ ငါတို့နဲ့ ဒီဆက်ဆံရေးကို လုံးဝဖြတ်ပစ်ချင်နေတာလား မင်းလှုပ်ရှားပြီးတာနဲ့ နောက်ကြောင်းပြန် လှည့်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါ ... ။ ”
-ဟု အော်ဟစ် သတိပေးလိုက်၏။
စွေ့ချောင်အာက စုရီစကားအတိုင်း တုန့်ပြန်ခြင်းမပြုဘဲ သူတို့အပေါ် လျစ်လျူရှု ထားလေသည်။
“ ဝှစ် ... ။ ”
ထိုစဉ် ကောင်းကင်မိစ္ဆာဧကရီပုံရိပ်သည် စုရီအနားမှပျောက်ကွယ်သွားကာ မြို့ရိုးအထက် လေဟာနယ်အတွင်း ထွက်ပေါ်လာ၏။ သူမက လူတိုင်းကို ဝေ့ကြည့်ကာ၊
“ ဟမ့် ... မင်းတို့ခုနစ်ယောက်လုံး တစ်ယောက်မှ ရွှမ်ယုအဆင့်ကို မရောက်နိုင် သေးဘူးလား ပျင်းစရာကောင်းလိုက်တာ။ ”
-ဟု ညည်းညူလိုက်တော့သည်။
ကောင်းကင်မိစ္ဆာဧကရီတျန်ကျိ၏ မျက်ဝန်းများသည် သိမ်မွေ့ပြီး နှင်းခဲကဲ့သို့ ဖြူစင်ကာ စွဲမက်ဖွယ်ကောင်းသည်။
ခြေလှမ်းတိုင်းတွင် ကြောက်မက်ဖွယ် အနက်ရောင်ပန်းများလိုပ်ပါလျက် ပွင့်ချပ်များ တဝိုက်မြူများ ဝေ့ဝဲနေသည်။
သူမ ရပ်တန့်နေရာ ပတ်ဝန်းကျင် လေဟာနယ်၌ ထူထဲသောအနက်ရောင်မြူများ ချက်ချင်းဖွဲ့တည်လာ၏။
“ ရွှမ်ယုအဆင့် ဧကရာဇ် ... ။ ”
တစ်ဖက်အမျိုးသမီး၏ ကျင့်ကြံမှုကို အတည်ပြုပြီးနောက် သူတို့ခုနစ်ယောက်သည် ပြိုင်ဘက်မဟုတ်ကြောင်း နာလည်လိုက်၏။
“ မြန်မြန် ... ။ ”
ထို့ကြောင့် ချွယ်ပိုဟွာနှင့် ကျန်သော ဧကရာဇ်များမှာ အလင်းတန်းသဖွယ် ချက်ချင်း လှည့်ပြေးတော့သည်။
တျန်ကျိက ပြုံးလျက် လေထဲ လှမ်းတက်လိုက်၏။ ရုတ်ချည်း တျန်ထိုက်ယွီ အမည်ရှိ ဧကရာဇ်အနားတွင် ပြန်ပေါ်လာပြီး လက်ဖြင့်ဖမ်းဆုပ်လိုက်လေသည်။
“ ဝှစ် ... ။ ”
ဓားသွားများကဲ့သို့ ထက်မြက်သော လက်ငါးချောင်းသည် ကြောက်မက်ဖွယ်ရာ အနက်ရောင်အလင်းတန်းများ ရစ်ပတ်လျက် လေဟာနယ်ကို ဖြတ်သန်းလာ၏။
“ ဟမ့် ... ။ ”
တျန်ထိုက်ယွီက အန္တရာယ်အပေါ် ခံစားသိရှိနိုင်သောကြောင့် တာအိုအုတ်မြစ်ကို အသက်သွင်းကာ လင်းဒိုင်းဖန်တီး၏။
တစ်ဆက်တည်းမှာပင် ညာလက်သည် ရုတ်တရက်ကြီးထွားပြီး ရွှေရောင်အလင်းများ ဖြာလျက် လက်သည်းထံ ထိုးနှက်ရန် ကြံတော့သည်။
“ ဘောင်း ... ။ ”
သို့သော် သွယ်လျသောလက်ချောင်းများ ရှေ့တွင် ရွှေရောင်အလင်းဒိုင်းသည် စက္ကူကဲ့သို့ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာ၏။
“ စွပ် ... ။ ”
အဆုံး၌ လက်ငါးချောင်းသည် တျန်ထိုက်ယွီ၏ ကျောပြင်မှဖောက်ဝင်လာကာ နှလုံးသားထံ ဆွဲကိုင်လာတော့သည်။
တျန်ထိုက်ယွီတစ်ယောက် ခန္ဓာကိုယ်သည် ဆတ်ခနဲတောင့်တင်းလျက် မျက်နှာအနှံ့နာကျင် ကိုက်ခဲနေသည့်အကြည့်နှင့် လက်သီးချက်သည် လေထုအလယ် ပျက်ပြယ်သွား၏။
“ ဝေါ့ ... ။ ”
သွေးများအန်လိုက်ပြီးနောက် ကျောက်စိမ်းနှင့်တူသော လက်တစ်ဖက်ပေါ်ရှိ သွေးစွန်းနေသောနှလုံးသားတစ်ခုကို မော့ကြည့်လိုက်လေသည်။
ထိုလက်ချောင်းများ၌ အနက်ရောင် အလင်းများရစ်သိုင်းကာ ပြည့်လျှံနေခဲ့သော အသက်စွမ်းအင်သည် ချက်ချင်းညှိုးနွမ်းလျက် ပြာဖြစ်သွားတော့၏။
“ နင် ... ။ ”
တျန်ထိုက်ယွဲ့တစ်ယောက် တျန်ကျိ၏မူလကို သိရှိသွားကာ တုန်လှုပ်လျက် မျက်လုံးများ ပြူးကျယ်သွားသည်။
တျန်ကျိက အနည်းငယ် ပြုံးပြပြီး အနက်ရောင်မျက်ဝန်းတစ်စုံသည် မီးလျှံများ ပြည့်နှက်လာကာ တျန်ထိုက်ယွီကို ပြာအဖြစ် လောင်ကျွမ်းပစ်လိုက်တော့၏။
“ အလယ်အလတ် ရွှမ်ယုဧကရာဇ်။ ”
ကျန်သူများမှာ လှည့်မကြည့်ဘဲ ခြေသုတ်တင်တော့သည်။ သူတို့သည် တိုက်ရန် လာခြင်း မဟုတ်ချေ။ ဆွေးနွေးရန်လာခြင်းသာ ဖြစ်၏။
ထို့ကြောင့် ရွှမ်ယုအဆင့် နတ်ဆိုးတစ်ကောင်ကို မြင်သောအခါတွင် အသက် မပေးလိုသည်မှာ သဘာဝပေပင်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသော သူတို့ထံသို့ တျန်ကျိမှ မျှော်ကြည့်ပြီးနောက် စုရီထံ ပြန်လှည့်ကြည့်လျက်၊
“ သခင်စု ... ။ ”
-ဟု အမိန့်တောင်းခံလိုက်သည်။
အနှစ် (၆၀၀၀၀) ဖိနှိပ်ခံခဲ့ရသော သူမအနေဖြင့် သတ်ဖြတ်ခြင်းအပေါ် တောင့်တ နေမိချေပြီ။
“ မင်းရဲ့လက်ရှိကျင့်ကြံမှုက ကနဦး ရွှမ်ယုအဆင့် ခွန်အားပဲရှိတယ် ... မင်းသူတို့ကို လိုက်ဖမ်းလို့ ... မင်းနဲ့အဆင့်တူတစ်ယောက်ကို ကြုံတွေ့တဲ့အခါ အရင်ဆုံး မင်းက သေလူဖြစ်မယ်ဆိုရင် မင်းယုံလား။ ”
ထိုစကားကြောင့် တျန်ကျိခမျာ ခန္ဓာကိုယ်သည် အနည်းငယ်အေးခဲသွားသည်။ နှစ်ပေါင်း(၆၀၀၀၀) ဖိနှိပ်ခံရသဖြင့် ကျင့်ကြံမှု ဆယ်ပုံတစ်ပုံခန့် ပျက်စီးသွားခဲ့ချေပြီ။
“ ပြန်လာခဲ့ ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့ကြောင့် စုရီအမိန့်ကိုလက်ခံပြီး သူမရုပ်သွင်သည် မြို့ရိုး၌ပျောက်ကွယ်သွားကာ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ဆီသို့ ဝင်ရောက်လာ၏။
“ ဦးလေးစု၊ ဒီရတနာက တကယ့်ကို ထူးခြားတယ်။ ”
စွေ့ချောင်အာက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ စုရီမှ ရှင်းပြချက် မပေးတော့ချေ။ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်သည် အစွမ်းထက်သော်လည်း ဖိုစုံသည်သာ ပြုပြင် ပေးလိုခြင်းသော် ထိုနတ်ဆိုးများကို အမိန့်ပေးနိုင်မည် မဟုတ်ချေ။
ထို့နောက်တွင် မျက်လုံးများမှိတ်လျက် ကြိမ်ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားဟန် ကိုယ်ဟန်အနေအထား ပြေလျော့သွား၏။
သက်တောင့်သက်သာ အမူအရာပေပင်။ စွေ့ချောင်အာသည်သာ ရံဖန်ရံခါကောင်းကင်ကို မော့ကြည့်ပြီး လက်နှစ်ဖက်နောက်ပို့ကာ တိတ်တဆိတ်ရပ်နေခဲ့ချေပြီ။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာကာ တိမ်ထူထပ်လာ၏။ လေထုသည် လေးလံလျက် အသက်ရှူရခက်ခဲကုန်သည်။
များမကြာခင် ကောင်းကင်သည် အမှောင်ထုထဲ ထိုးကျသွား၏။ တောင်တန်းနှင့် မြစ်ချောင်းများသည် မှိန်ဖျော့လျက် ထာဝရ အမှောင်ညမျိုးပေပင်။
“ မီးထွန်းလိုက် ... ။ ”
အမှောင်ထဲတွင် ငြိမ်သက်နေသော စုရီ၏အသံထွက်ပေါ်လာသည်။ စွေ့ချောင်အာမှ ချက်ချင်း ထပ်ဆင့်အမိန့်ပေးလိုက်၏။
“ မီးထွန်းပါ ... ။ ”
အသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော တာအို မီးအိမ်များသည် ပုံသဏ္ဍာန်မျိုးစုံဖြင့် ထွန်းတောက်လာတော့သည်။
များမကြာခင် နဂါးငွေ့တန်းတစ်ခုကဲ့သို့ ခရမ်းရောင်မြို့တော်အထက်၌ မီးအိမ်ပေါင်း ထောင်ဂဏန်းခန့် လွင့်မျောလာ၏။
ဤမီးအိမ်များသည် မဟာတာအိုဖြင့် ဖန်တီးထားသော မီးအိမ်များပေပင်။ အမှောင်ထု ဖယ်ရှားခြင်းအပြင် ကပ်ဘေးများအပေါ် ငြိမ်းသတ်ပေး၏။
သမိုင်းတစ်လျှောက် နှစ်စဉ်နှစ်တိုင်း မီးပုံးပွဲတော်အတွင်း ဘေးဥပဒ်များရှောင်ရှားရန် အင်အားစုတိုင်းသည် မီးပုံးများစွာကို အလုံအလောက်ပြင်ဆင်ထားကြသည်။
ရှေးကျသော မျိုးနွယ်တစ်ခုအနေနှင့် စွေ့မိသားစုသည်လည်း သဘာဝအတိုင်း တာအို မီးအိမ်များ ပြတ်လပ်မှုမရှိချေ။
ဤအခိုက်တွင် မရေမတွက်နိုင်သော မီးအိမ်များကြောင့် မြို့တော်၏ ထောင့်တိုင်းတွင် အမှောင်များ ဆုတ်ခွာကုန်၏။ မြို့ပြင်တွင် မြို့တော်ထံ ဦးတည်နေသော တစ္ဆေများကို မီးရောင်အောက်၌ မြင်နေရသည်။
၎င်းတို့သည် မြူခိုးများရစ်သိုင်းလျက် ကြီးမားသော စစ်တပ်အဖြစ် ဖွဲ့စည်းလိုက်ကာ ဒီရေကဲ့သို့ ဝင်ရောက်လာချေပြီ။
“ အရမ်းများတယ်။ ”
အမှောင်ထုအတွင်း မျက်စိတဆုံး မြင်နိုင်သလောက် နတ်ဆိုးများဖြင့် ပြည့်နှက် နေ၏။ သူတို့၏ ရောင်ဝါများသည် သွေးဆာနေသော အရိပ်အမြွက်များ ပြသနေသည်။
“ ထိတ်လန့်နေစရာ မလိုပါဘူး ... ဒီနတ်ဆိုးတွေက အဲဒီထူးဆန်းတဲ့စွမ်းအားကနေ ဖြစ်ပေါ်လာတဲ့ ယုတ်ညံ့တဲ့ဆန္ဒတွေပဲ။ ”
စုရီက ကုလားထိုင်မှ ထရပ်လိုက်ကာ လက်နှစ်ဖက်နောက်ပို့လျက် မျှော်ကြည့်သည်။ စွေ့ချောင်အာတစ်ယောက် အသက်ပြင်းပြင်း ရှူလျက် တဖြည်းဖြည်း ငြိမ်သက်သွား၏။
ထိုနတ်ဆိုးများက မြို့ရိုးနှင့် ပေတစ်ထောင်အကွာ ရောက်ရှိသောအခါ ရွှေကျီးကန်းဖျက်ဆီးခြင်း ဝင်္ကပါ အသက်ဝင်လာသည်။
ရွှေရောင်ရူရ်များ တောက်ပလာကာ ကောင်ကင်ကြီးတစ်ခုလုံး ရွှေရောင်ပြောင်းသွား တော့သည်။ မြို့တော်သည် နေ့ကဲ့သို့လင်းလျက် အဖျက်စွမ်းအားတစ်ခု အရပ်ရပ်သို့ ပြန့်ကားသွား၏။
ကမ္ဘာကြီးကို လွှမ်းခြုံထားသော ကြက်သွေးရောင် မကောင်းဆိုးရွားရောင်ဝါမှာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
မြို့တော်နှင့် ပေသုံးထောင် အကွာအဝေးအတွင်း နတ်ဆိုးများစွာတို့သည် ချက်ချင်း လောင်မြိုက်ပြာကျကုန်၏။
သို့သော် ကမ္ဘာအရပ်ရပ်မှ နှစ်ပေါင်း တစ်ထောင်အကြာ စုဆောင်းသော နာကျည်းမှု၊ ယုတ်ညံ့မှုများမှုမှ ဖြစ်ပေါ်လာကြသောကြောင့် နတ်ဆိုးများသည် အရမ်းများချေ၏။
၎င်းတို့သည် အစွမ်းထက်လှသည် မဟုတ်သော်လည်း အသိဉာဏ်ကင်းမဲ့နေကာ ဒီရေလှိုင်းအလား နောက်ထပ်တစ်သုတ် ဝင်ရောက်လာချေပြီ။
ဤဖြစ်စဉ်သည် တစ်ညလုံး ဒီရေတက်နေသကဲ့သို့ အဆုံးမရှိ ရောက်ရှိလာ နိုင်၏။ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ကြောက်စရာကောင်းသော နတ်ဆိုးများလည်း ထွက်ပေါ်လာပေလိမ့်မည်။
ထို့ကြောင့် ဤညမျိုးကို မည်သူမဆို လျစ်လျူရှုနိုင်ခြင်း မရှိသည်မှာ သဘာဝပေပင်။ စုရီနှင့် စွေ့ချောင်အာသည်ပင် မသက်မသာ ဖြစ်လာတော့၏။
***