ကျွန်တော့်ဟာ ကျွန်တော် အဆင်ပြေတယ်
Vol. 1 Ch. 133
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြပြီး စုလောရွှယ်သည် ဆွံ့အနေခဲ့သည်။ အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက်တွင် ကျန်းရီသည် တော်ဝင်မင်းသား တစ်ပါးအဖြစ် ပြောင်းလဲ သွားခဲ့သည်တဲ့လား ... ထိုသို့ဆိုလျှင် ကျန်းရီနှင့် ကျန်းရိလျှိုသည် ညီအစ်ကိုများ ဖြစ်နေသည်ပေါ့ ... ညီအစ်ကို နှစ်ယောက်သည် သူမကြောင့် ရန်ဘက်များ ဖြစ်သွားသည်နှင့်ပင် တူနေသေးသည်။
"အရှင့်သား"
သတင်းကို အထိတ်လန့် ရဆုံးသည်ကား ကျီထင်ယွီ၊ ကျန်းဟန်ရွှေ၊ လျှိုဟဲနှင့် လမ်ချမ်ချမ့်တို့ ဖြစ်လေသည်။ ကျီထင်ယွီသည် ကျန်းရီမှာ ကျန်းဂိုဏ်းနှင့် ဆက်နွယ် နေလိမ့်မည်ဟု ခန့်မှန်း ထားခဲ့သော်လည်း ကျန်းပိုင်လီ၏သား ဖြစ်နေလိမ့်မည်ဟု မထင်ထားမိပေ။ ကျန်းရီ၏ တိုက်ခိုက်သော အရည်အချင်းများကို ပြန်မြင်ယောင်မိသည့် အခါ ကျီထင်ယွီ၏ မျက်နှာမှာ ပျက်ယွင်း လာရသည်။ သူမသည် မိုက်မဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမိခဲ့မှန်း သဘော ပေါက်သွားခဲ့လေသည်။
ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့သည် သတိဝင်လာကာ မျက်နှာများ ဖြူဖျော့ သွားကြသည်။ ကျန်းပိုင်လီသည် ကျန်းရီအား ခေါ်ဆောင်ရန် ကောင်းကင်အစောင့် စစ်သည် တစ်သောင်းအား စေလွှတ် လိုက်မှတော့ အရာအားလုံးအား သိပြီး ဖြစ်ရပေမည်။
သို့သော် ထိုအရာသည် အဓိက အချက် မဟုတ်ပေ။ အရေးကြီးဆုံးသည်ကား ကျန်းရီအပေါ် ကျန်းရမ်ထူ၏ သဘောထား ဖြစ်သည်။
ရှန်ဝူနိုင်ငံတော်တွင် ဒဏ္ဍာရီတစ်ခု ရှိလေသည်။ ၎င်းမှာ ကျန်းရမ်ထူသည် ကျန်းပိုင်လီဟု အရိပ်ဟု ဆိုကြသည်။ သူသည် ကျန်းပိုင်လီ၏ သဘောထားကို ကိုယ်စား ပြုလေသည်။ ကျန်းရမ်ထူသည် တရားဝင်သား ဖြစ်သော သူ့အား အသိအမှတ် မပြုသည်မှာ ထင်ရှားသည်။ ထိုအစား သူသည် လူတိုင်းရှေ့တွင် တရားမဝင်သား ဖြစ်သော ကျန်းရီထံပါး ဒူးထောက်ခဲ့သည်။ ထိုအပြုအမူ၏ နောက်ကွယ်တွင် မည်သည့် အဓိပ္ပာယ် ရှိနေမှန်း ကျန်းရိလျှို ကောင်းကောင်း သိပေသည်။
လော့ကဲအရှင်က အဲဒီ မိန်းမပျက်မ ရီဖျောင်ဖျောင်ကို အရမ်းသစ္စာ ရှိလွန်းနေတာ မဟုတ်လား။
ကျန်းစွန်းဝူကျိ၏ မျက်လုံးများသည် အချိန်အတော်ကြာ ကျဉ်းမြောင်း နေခဲ့ပြီးမှ တစ်ခုခုကို သဘော ပေါက်သွားဟန် ပေါ်လာခဲ့သည်။ သူသည် အသာအယာ ရေရွတ်လိုက်သည်။
"ငါဒါကို စောစောထဲက သဘောပေါက်ခဲ့ရမှာ ... ရီဖျောင်ဖျောင် ထွက်သွားပြီးတဲ့နောက် လော့ကဲအရှင်က တစ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့တယ် ... သူကျင့်ကြံရာက ထွက်လာတော့ အနောက်ဘက် နယ်စပ်မြို့ရဲ့ နာမည်ကို ကျန်းရိမြို့လို့ ပြောင်းလဲခေါ်စေခဲ့တယ် ... ကျန်းရိမြို့ဆိုတာ ကျန်းပိုင်လီနဲ့ ရီဖျောင်ဖျောင်ရဲ့ နာမည်တွေကို ပေါင်းစပ် ထားတာပဲ မဟုတ်လား"
"ဝှစ်"
လူတိုင်းသည် ပေါ်ပေါက်လာသည့် ဖြစ်ရပ်အား ဆွံ့အမှင်သက်နေချိန်တွင် ကျန်းရမ်ထူသည် ဘာမှ မဖြစ်သလိုပင် ထရပ်လိုက်သည်။ သူ့ကိုယ်မှ အတွင်းအားများ ပေါ်ထွက်လာခဲ့ပြီး သားရဲတစ်ကောင် ကဲ့သို့ ရှေ့သို့ တိုးသွားခဲ့သည်။ ရက်စက်သော အလင်းတစ်ချက်သည် သူ့မျက်လုံးမှ ထွက်ပေါ် လာခဲ့ပြီး ကျန်းရိလျှိုအား စိုက်ကြည့်လိုက်ကာ ကျယ်လောင်စွာ ကြေငြာလိုက်သည်။
"လော့ကဲအရှင်ရဲ့ အမိန့်အရ မင်းသားရိလျှိုကို သူ့မယ်တော် အပြစ်ပေးလို့ ရအောင် ခေါ်ဆောင်သွားရပါမယ် ... မင်းသားရိလျှို ... ကျွန်တော့်ကို ခွင့်လွှတ်ပါ"
ကျန်းရိလျှိုသည် မြေပြင်နှင့် သိပ်မဝေးတော့ပေ။ ကျန်းရမ်ထူသည် အားကောင်းလွန်းရာ တစ်ချက်ခုန်လိုက်သည်နှင့် ရထားလုံးထက်သို့ ရောက်ရှိသွားခဲ့လေသည်။ သူတို့နှစ်ယောက် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ကျန်းရမ်ထူ၏ ခြေထောက် တစ်ဖက်သည် ရှေ့ထွက်လာခဲ့ပြီး ကျန်းရိလျို၏ ခြေထောက်များအား ရိုက်ခတ် သွားလေသည်။
"ခရက်"
အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့သည်။ အရိုးကျိုးသံနှင့် အတူ ကျန်းရိလျှို၏ ခြေထောက်များလည်း ကျိုးသွားခဲ့ပြီ ဖြစ်သည်။ ရထားလုံးထက်မှ ထိတ်လန့်ဖွယ် အော်ဟစ်သံများ ထွက်ပေါ် လာခဲ့သည်။
"ဝှစ်"
ကျန်းရမ်ထူ၏ မျက်နှာသည် တစ်ချက်လေးတောင် ပျက်မသွားခဲ့ပါပေ။ သူသည် ကျန်းရိလျှိုအား မကာ အောက်သို့ ပစ်ချလိုက်သည်။
ကောင်းကင်အစောင့် စစ်သားများ၏ လက်ထောက် စစ်သူကြီးသည် ကျန်းရိလျှိုအား ဖမ်းကာ သယ်ဆောင် သွားခဲ့သည်။ ထို့နောက် ကျန်းရမ်ထူသည် မျက်နှာ မဲပြာနေပြီ ဖြစ်သော ကျန်းစွန်းဝူကျိ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သခင်လေးဝူကျိ ... မင်းက ကျန်းစွန်းဂိုဏ်းကမို့ ငါမထိတော့ဘူး ... မင်းမှာ အချိန်ရှိရင် ကျန်းရိမြို့ကို သွားပြီး လော့ကဲအရှင်ဆီက ခွင့်လွှတ်မှုကို တောင်းဆိုသင့်တယ် ... သူ့ဒေါသက ဘယ်လို ဆိုတာ မင်းသိပါတယ်"
စကား ဆုံးသည်နှင့် ကျန်းရမ်ထူသည် ကျန်းစွန်းဝူကျိအား ရထားလုံး ထက်မှ တွန်းချလိုက်သည်။ သူသည် တစ်ချက် ခုန်လိုက်ကာ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား လက်တစ်ဖက်နှင့် ရိုက်လိုက်သည်။ ရထားလုံးသည် အရောင်များ မှိန်ဖျော့သွားကာ ကောင်းကင် အစောင့် စစ်သားများထံ ပျံသန်း သွားခဲ့သည်။ ကောင်းကင်အစောင့် စစ်သား အချို့သည် ရှေ့သို့ တက်လာကာ ရထားလုံးအား သယ်ဆောင် သွားခဲ့သည်။
"ဂရား"
ကျန်းစွန်းဝူကျိသည် မြေပြင်ပေါ်သို့ မဆင်းရဲပေ။ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသော ကျန်းရီသည် သူ့အား ချက်ချင်း သတ်ပစ် ပေလိမ့်မည်။ သူသည် အလျင်အမြန် နဂါးပြာကြီးကို ဆင့်ခေါ်ကာ ခုန်တက်၍ လေထုထဲသို့ ပျံသန်းစေလိုက်သည်။
"မင်းသားရိလျှိုနဲ့ သခင်လေးဝူကျိ ခေါ်လာခဲ့တဲ့ အစောင့်တွေကို လာပြီး စစ်ဆေးကြ ... သေသေချာချာစောင့်ကြပ်ပြီး ကျန်းရိမြို့ကို ခေါ်သွား ... ပြီးရင် လော့ကဲအရှင်ရဲ့ ညွှန်ကြားချက်ကို စောင့်နေကြ ... ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ရဲတဲ့ သူတိုင်းကို အသံ ထပ်မထွက်နိုင်အောင် သတ်လိုက်လို့ ရတယ် ... "
ကျန်းရမ်ထူသည် မြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တစ်ဆက်တည်း အမိန့် ချမှတ်လိုက်သည်။ ကောင်းကင်အစောင့် စစ်သားအချို့သည် ကျန်းရီရှိရာ ဘက်သို့ ပြေးထွက်လာကာ အသက်ရှင် ကျန်ရစ်သော သွေးနီစစ်သားများ အပါအဝင် ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ လူများကို အလွယ်တကူ ဖမ်းဆီး လိုက်ကြလေသည်။
ထိုတာဝန်များ ပြီးဆုံး သွားသည်နှင့် ကျန်းရမ်ထူသည် ကျန်းရီရှေ့တွင် ဒူးထောက်လိုက်ပြီး ထပ်မံပြောလာခဲ့သည်။
"အရှင့်သား ... ကျေးဇူးပြုပြီး ကျန်းရီမြို့ကို လိုက်ခဲ့ပေးပါ ... လော့ကဲအရှင်က အရှင့်သားကို အရမ်း တွေ့ချင်နေပါတယ်"
"ဟမ်"
လူတိုင်းသည် သတိများ ပြန်ဝင်လာကြသည်။ တစ်ယောက်မှ စကားကျယ်ကျယ် မပြောရဲ ကြသော်လည်း အများစုသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်ကြသည်။ သူတို့ လုံးဝကို ဆွံ့အ ကြရသည်။ အထူးသဖြင့် ဂိုဏ်းကြီးများမှ ဆင်းသက် လာသူများ ဖြစ်ကြသည်။ သူတို့သည် ကျန်းရမ်ထူ၏ အပြုအမူများမှ ရယ်ရွယ်ချက်အား မသိရလောက်အောင် တုံးအမနေချေ။
သူသည် ကျန်းပိုင်လီအား ကူညီ၍ ... ကျန်းရီအပေါ် ကောင်းမွန်သည့် သဘောထားအား ဖော်ပြနေခြင်းပါပေ။
ကျန်းပိုင်လီသည် ကျန်းရိလျှို၏ ခြေထောက်များအား ချိုးစေချင်လျှင်တောင် ကျန်းရမ်ထူသည် လူသူမရှိသော နေရာတွင် လုပ်၍ ရပေသည်။ သူ့အား လူတိုင်း၏ ရှေ့တွင် အပြစ် ပေးလိုက်ခြင်းသည် သူ့ဂုဏ်သိက္ခာ များအား မြောင်းထဲ လွှင့်ပစ် လိုက်သည်နှင့် အတူတူပင် ... ကျန်းရိလျှိုသည် တော်ဝင်မင်းသား တစ်ပါးအဖြစ် လူအများ၏ လေးစားမှုအား ရရှိနိုင်ပါဦးမည်လား ... အင်အား အကောင်းဆုံးသော အနောက်ဘက် မြို့စောင့်တပ်အား ဝံ့ကြွားစွာ အုပ်ချုပ် နိုင်ပါဦးမည်လား။
ကျန်းစွန်းဝူကျိ အားလည်း မေ့ထား၍ မရပါချေ။ ကျန်းရမ်ထူသည် ကျန်းစွန်းဝူကျိကို လော့ကဲအရှင်အား သွားရောက် တောင်းပန် ခိုင်းခဲ့သည်။ သူသည် ကျန်းစွန်းဂိုဏ်းအား အထင် မကြီးသည့် အပြင် ဂိုဏ်းသားများအား ဖမ်းဆီး ခေါ်ဆောင် သွားခိုင်းကာ ရန်စခဲ့သည်။ ထိုအပြုအမူ များသည် လွန်ကဲ နေသည်မှာ ထင်ရှားသည်။
အနောက်ဘက် မြို့စောင့်တပ်၏ အင်အား အကောင်းဆုံး စစ်သူကြီး ဖြစ်သော ကျန်းရမ်ထူသည် ကျန်းပိုင်လီနှင့် အကောင်း အဆိုးများစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ဤသို့ ရှန်ဝူနိုင်ငံတော်တွင် လူသိများ ကျော်ကြားသော စစ်သူကြီး ကျန်းရမ်ထူသည် ကျန်းရီရှေ့တွင် နှစ်ကြိမ်တိုင် ဒူးထောက်ခဲ့သည်။ ကျန်းရိလျှို မဆိုထားနှင့် ရှန်ဝူနိုင်ငံတော်၏ ကျန်းစွန်း ဂိုဏ်းချုပ်၊ ကျန်းစွန်းဝူကျိ၏ အဖေတောင် သူ့ရှေ့တွင် ကျန်းရမ်ထူ ဒူးထောက်ရန် စဉ်းစားဝံ့မည် မဟုတ်ချေ။
ကျန်းရမ်ထူ၏ အပြုအမူများ အားလုံးသည် ကျန်းရီထံတွင် အမြင်ကောင်းရရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ဟား ... ဟား ... ဟား"
အရာရာအား တိတ်တဆိတ်သာ စူးစမ်းနေသော ကျန်းရီသည် ရုတ်တရက် ထရယ် လိုက်လေသည်။ သူသည် မည်သည့် အမူအရာမှ မရှိဘဲ မျက်လုံးမှ မျက်ရည်များ ထွက်လာသည် အထိ ရယ်မော နေခဲ့သည်။ သူ့ရယ်သံတွင် ပျော်ရွှင်မှုတို့ စိုးစဉ်းမျှ ပါဝင်မနေခဲ့ဘဲ စိတ်ပျက်မှုများသာ အတိုင်းသား ထင်ဟပ် နေလေသည်။
သူသည် အချိန်အတော်ကြာ ရယ်မောနေခဲ့ပြီး နောက်ဆုံးတွင်မှ ကျန်းရမ်ထူအား ကြည့်လာ ခဲ့လေသည်။ သူသည် စကား တစ်လုံးချင်းစီ ပြောလာခဲ့သည်။
"ကျွန်တော့် နာမည်က ကျန်းရီ ... ဒါပေမဲ့ ကျွန်တော်က တော်ဝင်မင်းသား တစ်ပါး မဟုတ်ဘူး ... စစ်သူကြီး ... လူမှားနေပါပြီ ... ကျေးဇူးပြုပြီး ထပါတော့ ... ကျွန်တော် ခင်ဗျားရဲ့ ဒူးထောက်ခြင်းကို မခံယူဝံ့ပါဘူး"
"အမ်"
လူတိုင်းသည် ထပ်မံ ဆွံ့အ သွားရပြန်သည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ခါးသက်စွာ ရယ်မောလိုက်ကြသည်။ သူတို့နှစ်ယောက်သည် ကျန်းရီဤသို့ တုံ့ပြန်လိမ့်ကို ကြိုတင် မှန်းဆထားခဲ့ပြီး ဖြစ်သည်။ ကျန်းရီသည် သူ့သရုပ်မှန်ကို ဖော်ပြရန် ငြင်းဆို ချိန်တည်းက သိသာပေသည်။ ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိသည် သူ့အား လုပ်ကြံသတ်ဖြတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး သူအကြိမ်ကြိမ် သေလုမျောပါး ဖြစ်ခဲ့သော်လည်း သူသည် သူ၏ တော်ဝင်မင်းသား ဟူသော အဆင့်အတန်းအား ပြန်လည် ရယူရန် လုံးဝ စိတ်မဝင်စားခဲ့ပေ။
ကျန်းရမ်ထူသည် မတ်တတ် ရပ်လိုက်သော်လည်း သူ့နောက်မှ ကောင်းကင်အစောင့် စစ်သည်တော်များသည် မထကြပေ။ ကျန်းရီ၏ ရင့်ကျက်နေသော မျက်နှာထားအား ကြည့်ရင်း သူ၏ တည်ငြိမ်နေသော မျက်နှာသည်ပင် အနည်းငယ် အံ့အားသင့်ဟန် ပေါ်လာခဲ့သည်။ သူသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး အတွင်းအားသုံးကာ စိတ်ချင်း ဆက်သွယ်၍ ကျန်းရီအား စကားပြောလိုက်သည်။
"အရှင့်သား ... အဲဒီနှစ်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အရှင့်သား မသိပါဘူး ... အဲဒါက အရှင့်သား ထင်သလို မရိုးရှင်းပါဘူး ... အမှန်တရားကို သိချင်တယ်ဆိုရင် ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ ... လော့ကဲအရှင်က စိတ်ကျေနပ်လောက်မယ့် ဖြေရှင်းချက်တစ်ခု ပေးနိုင်မှာပါ"
ကျန်းရီ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးတက်သွားကာ လှောင်ပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။
"စစ်သူကြီး ... ကျေးဇူးပြုပြီး တော်လိုက်ပါတော့ ... ကျွန်တော် ကျန်းရီက အရင်တုန်းကလည်း မိဘမဲ့ပဲ ... အခုလည်း မိဘမရှိဘူး ... နောင်လည်း ရှိလာမှာ မဟုတ်ဘူး ... ကျေးဇူးပြုပြီး ပြန်ပါတော့ ... ကျွန်တော့်ဟာ ကျွန်တော် အဆင်ပြေတယ်"
နေရာတစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။ လူတိုင်းသည် ကျန်းရီအား ကြည့်နေကြသည်။ သူတို့သည် သူ့ထံမှ လာသော စိတ်ပျက်မှုများ၊ အထီးကျန်မှုများကို ခံစားနေရသည်။ သူသည် အသာအယာ ရယ်လိုက် ပါသော်လည်း အေးစက်သော အငွေ့အသက်တို့ကိုသာ ခံစားမိကြလေသည်။
စုလောရွှယ်သည် မသိလိုက်ခင်မှာပင် ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးသွားကာ ကျန်းရီ၏ လက်တစ်ဖက်အား တင်းကျပ်စွာ ဆုပ်ကိုင် မိလိုက်သည်။ ထိုအပြုအမူ၏ နောက်ကွယ်တွင် မည်သည့် အဓိပ္ပာယ်မှ ရှိမနေပေ။ သူမသည် ဤသနားစရာ အေးစက်စက် လူငယ်အား နွေးထွေးမှု တချို့ ပေးချင်လာ၍ ဖြစ်လေသည်။
"ဝှစ်"
ကျန်းရမ်ထူ၏ ကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားကာ ပုံရိပ်အသွင် ဖြစ်သွားခဲ့သည်။ သူသည် ကျန်းရီထံ လျှပ်စီးအလျင်နှင့် လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ ကျန်းရမ်ထူသည် ကျန်းရီအား ကျန်းရိမြို့သို့ အင်အားသုံး၍ ခေါ်သွားတော့ပေမည်။
သို့သော် ကျန်းရမ်ထူသည် ကျန်းရီအား သတိမေ့အောင် လုပ်နိုင်တော့မည့် အချိန်တွင် သူသည် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ ကျန်းရီ၏ လက်ထဲတွင် ပုလဲတစ်လုံး ထွက်ပေါ်လာခဲ့သည်။ ပုလဲသည် အနီရောင် အလင်းများ တောက်ပနေခဲ့ပြီး ပုလဲမှ အန္တရာယ် အငွေ့အသက်တို့ကို သူခံစားမိလေသည်။
ကျန်းရီ၏ မျက်နှာသည် တည်တင်းနေခဲ့ပြီး ကျန်းရမ်ထူအား စူးစူးရဲရဲ စိုက်ကြည့် နေခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ပေါ်ထွက် လာခဲ့ပြီး အော်ဟစ် လိုက်လေသည်။
"ခင်ဗျားရဲ့ စစ်သားတွေကို ခေါ်ပြီးပြန်ပါတော့ ... ထူးထူးဆန်းဆန်း အတွေးတွေ ရှိနေဦးမယ် ဆိုရင် ဒီသခင်လေးက အားလုံး သွားလို့ မရတော့အောင် လုပ်လိုက်မယ်"
***