← Chapters

ခြောက်ရောင်စဉ်ရေကန်

Vol. 42 Ch. 579

ခြောက်ရောင်စဉ်ရေကန်

Vol. 42 Ch. 579

ဝှစ်....ဝှစ်....

ပုံရိပ်အများအပြားမှာ မြူခိုးများ ရစ်သိုင်းနေသော တောအုပ်အတွင်းသို့ ပျံသန်းဝင်ရောက်နေလျက် ရှိသည်။

ကလန်ကြီးသုံးခုမှ တပည့်များမှာ အတူတကွ သွားရောက်နေကြပါသော်လည်း တစ်ဦးနှင့်တစ်ဦး အပြည့်အဝ ယုံကြည်မှုမရှိကြသေးသောကြောင့် သိသိသာသာပင် နေရာခြားထားဆဲ ဖြစ်သည်။

"သွား...သွား..."

အော်ဟစ်သံအချို့နှင့်အတူ အခြားကလန်များမှ တပည့်များမှာလည်း ပျံသန်းနေသောအရှိန်အာမြှင့်တင်ကာ ၎င်းတို့၏နောက်မှ လျင်မြန်စွာ လိုက်ပါလာကြသည်။

အတွင်းပိုင်းသို့ရောက်လေ မြူခိုးများ ပိုမိုထူထဲလာလေ ဖြစ်နေပါသော်လည်း စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် အကွာအဝေးတစ်ခုမျှထိ မြင်တွေ့နေရဆဲ ဖြစ်သည်။

ဇူယွမ်မှာ တပည့်အုပ်စု၏ အရှေ့ဆုံးတွင် နေရာယူထားလျက် စိတ်ဝိဉာဉ်စွမ်းအင်အား ဖြန့်ကျက်ကာ ပတ်ဝန်းကျင်တလျှောက် ကြည့်ရှုစစ်ဆေးနေလေသည်။

"ဒီပတ်ဝန်းကျင်တဝိုက်မှာ ပြင်းထန်တဲ့ စွမ်းအင်ဖိအားတွေကို ခံစားနေရတယ်။ ကြည့်ရတာ တောအုပ်ထဲက မူလသားရဲတွေကလည်း ငါတို့ရောက်လာတာကို သိနေတဲ့ပုံပဲ။ အဲ့ဒါ​ကြောင့် လူတိုင်း သတိအပြည့်ထားကြပါ။" ဇူယွမ်မှ ကန်ရွှမ်းကလန်၏ တပည့်များအား သတိပေးစကားဆိုလိုက်သည်။

တပည့်များမှာ ဇူယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်ကြ၏။

ဝုန်း....

ထို့နောက် မကြာမီမှာပင် တောအုပ်အတွင်းပိုင်းမှ ကျယ်လောင်လှသော ဟိန်းဟောက်သံများနှင့် မရေမတွက်နိုင်သော မြည်တွန်သံများ ထွက်ပေါ်လာလေတော့သည်။

ဝုန်း.....

ချုံနွယ်ပိတ်ပေါင်းများအကြားမှ သွေးနီရောင်ရဲရဲ မျက်ဆံကြီးများအား မြင်တွေ့လိုက်ရပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော မူလသားရဲကြီးများမှာ အရပ်မျက်နှာအစုံမှ ထွက်ပေါ်လာ၏။

"တိုက်ခိုက်ကြ။"

အုပ်စုသုံးခုလုံးမှ တပည့်များမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ သားရဲကြီးများအား တိုက်ခိုက်လိုက်ကြသည်။

ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လွှမ်းခြုံသွားသည်။

သွေးစများမှာလည်း နေရာအနှံ့ ပြန့်ကျဲသွား၏။

ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်သံများမှာလည်း ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်မတက် ရှိနေသည်။ အခြားကလန်များမှ တပည့်များမှာ မူလသားရဲများနှင့် တွေ့ဆုံရမည်ကို ကြိုတင်သိရှိထားခြင်း မရှိသောကြောင့် သွေးပျက်ကာ ထိတ်လန့်နေကြပြီ ဖြစ်၏။

ကလန်ကြီးသုံးခုမှ တပည့်များမှာမူ စွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်သောကြောင့် မူလသားရဲများအား အနည်းငယ်မျှ ကြောက်ရွံ့ထိတ်လန့်မှုမရှိပဲ အညှာအတာမဲ့စွာ သတ်ဖြတ်နေကြသည်။

မူလသားရဲများ သေဆုံးကုန်သည်နှင့်အတူ ၎င်းတို့ခန္ဓာကိုယ်မှ ထူးခြားဆန်းကြယ်သော ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများမှာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ရှန်းဟွချန်ယင်းအဆီအနှစ်များ ဖြစ်နေ၏။

ဤပတ်ဝန်းကျင်တွင် နေထိုင်ကျက်စားနေကြသော မူလသားရဲများမှာ ရှန်းဟွချန်ယင်းအဆီအနှစ်များအားစုပ်ယူနိုင်ကြဟန် ရှိသည်။

"တပည့်အယောက်နှစ်ဆယ်လောက်က ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို သွားစုဆောင်းလိုက်။" ဇူယွမ်မှ အမိန့်ပေးလိုက်သည်။ ၎င်းမှာ မူလသားရဲများထံမှ ထွက်ပေါ်လာသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား  တပ်မက်ခြင်းမရှိပါသော်လည်း တပည့်များအတွက်မူ ရတနာအလား အဖိုးတန်လှပေလိမ့်မည်။

ထို့ကြောင့် ဇူယွမ်၏အမိန့်အား ကြားလိုက်ရသည်နှင့်တကွ တပည့်ဦးရေအနည်းငယ်မှာ တိုက်ခိုက်နေရာမှ ထွက်ခွာကာ မူလသားရဲများထံမှ ထွက်ပေါ်လာသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား အလျင်အမြန် သွားရောက်ရယူလိုက်ကြသည်။

ဤသို့ဖြင့်ပင် ကလန်ကြီးသုံးခုမှ တပည့်များမှာ သားရဲများကို ဆက်လက်တိုက်ခိုက်နေရင်းဖြင့် တောအုပ်အတွင်းပိုင်းဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာကြ၏။

တောအုပ်အတွင်းပိုင်းသို့ ရောက်ရှိလာသည်နှင့်အမျှ ကြုံတွေ့ရသော မူလသားရဲများမှာလည်း ​ပိုမိုခက်ထန်ကြမ်းတမ်းလာသည်။ အချိန်များကုန်ဆုံးသည်နှင့်အတူ ကလန်ကြီးသုံးခုမှ တပည့်များမှာလည်း ပိုမိုကြမ်းတမ်းလာသော မူလသားရဲများအား တိုက်ခိုက်လာရသည့်အတွက် စိတ်ဖိစီးမှုများပင် စတင်ဖြစ်ပေါ်လာရပြီ ဖြစ်သည်။

အရှေ့ဆုံးတွင် ရှိနေကြသော တပည့်များမှာ စတင်၍ ထိခိုက်ဒဏ်ရာများ ရရှိလာသောကြောင့် ဇူယွမ်မှ ရှေ့တန်းအား တာဝန်ယူရန် ဆုံးဖြတ်လိုက်ပါသော်လည်း ဂူဟွမ်ချီမှ ဝင်ရောက်တားဆီးလိုက်သည်။

ဂူဟွမ်ချီမှ တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။ " ဒီနေရာမှာ နင့်ရဲ့ချီစွမ်းအင်တွေကို မဖြုန်းတီးပစ်နဲ့။ တကယ့်တိုက်ပွဲက လာတော့မှာ။ နင့်ရဲ့အခြေအနေက အကောင်းဆုံးမှာ ရှိနေဖို့လိုတယ်။ တခြားအုပ်စုနှစ်ခုကို ကြည့်လိုက်။ သူတို့ဆီက တပည့်ခေါင်းဆောင်တွေဆို အခုချိန် နည်းနည်းလောက် လှုပ်ရှားဖို့တောင် စိတ်မဝင်စားတဲ့ပုံပဲ တွေ့လား။"

ဇူယွမ်မှာ အလှပန်းတစ်ရာနန်းတော်နှင့် မြင့်မြတ်သောနန်းတော်အုပ်စုတို့အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။ ဖန့်ယောင်နှင့် ထန်းရှောင်ယန့် နှစ်ဦးစလုံးမှာ လုံခြုံသော နေရာ၌သာနေ၍ တပည့်များကိုသာ အမိန့်ပေးလျက်ရှိလေသည်။

ဂူဟွမ်ချီ ပြောသည့်အတိုင်းပင် ၎င်းတို့မှာ ချီစွမ်းအင်များကို အနည်းငယ်မျှပင် မဖြုန်းတီးပဲ သက်တောင့်သက်သာ အနေအထား၌သာ ရှိနေကြခြင်း ဖြစ်သည်။

"ဟုတ်ပါပြီ။ ငါ့ရဲ့ချီစွမ်းအင်ကို မဖြုန်းတီးရဘူးဆိုတော့ မူလမှော်စာလုံးနဲ့ တပည့်တွေကို ကူညီပေးရမှာပေါ့။" ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်သည်။

ဂူဟွမ်ချီမှ စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ "နင့်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အသုံးပြုတာလည်း မကောင်းဘူး ထင်တယ်နော်။"

"ပြဿနာ မရှိပါဘူး။ ငါ့ရဲ့တိုက်ခိုက်ပုံအများစုက ချီစွမ်းအင်ကိုပဲ သုံးတာပါ။ စိတ်ဝိဉာဉ်စွမ်းအင်ကို အဲ့လောက်ကြီး သုံးရတာမျိုး မဟုတ်ဘူး။" ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ သူသည် ကျင်ကျန်းနှင့် ကွဲပြားခြားနားနေသည်မှာ ထိုအရာပင် ဖြစ်သည်။ ကျင်ကျန်းသည် မူလမှော်စာလုံးပညာရပ်၌ အလွန်အမင်း ထူးချွန်ပါသော်လည်း ချီစွမ်းအင်ပိုင်းတွင်မူ သာမန်မျှသာ ရှိ၏။ ထို့ကြောင့် ကျင်ကျန်းမှာ ယခုအချိန်တွင် စိတ်ဝိဉာဉ်စွမ်းအင်အား အသုံးပြုလိုက်ရန် မဝံ့မရဲ ဖြစ်နေခြင်းပင် ဖြစ်သည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် မူလမှော်စာလုံးများအား ရေးဆွဲလိုက်လေတော့သည်။

ဝှစ်....ဝှစ်....

မူလမှော်စာလုံးများမှာ ကန်ရွှမ်းတပည့်များ တိုက်ခိုက်ရာနေရာသို့ ဦးတည်ပျံဝဲသွားပြီးနောက် အကာအကွယ်အလွှာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ အချို့မှော်စာလုံးများမှာမူ အလင်းတန်းများအဖြစ်သို့ပြောင်းလဲကာ တပည့်များ၏ လက်နက်များအတွင်းသို့ စီးဝင်ကာ တိုက်ခိုက်နိုင်စွမ်းအား တိုးမြှင့်ပေးလိုက်၏။

ဇူယွမ်၏ လုပ်ဆောင်ချက်ကြောင့် ကန်ရွှမ်းကလန်မှ တပည့်များ၏ တိုက်ပွဲစွမ်းရည်မှာ လွန်စွာတိုးမြင့်သွားသည့်အတွက် အထိအခိုက် နည်းပါးလာကြသည်။

ကန်ရွှမ်းကလန်၏ တပည့်များမှာ ဇူယွမ်အား ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ ဤသို့ဖြင့် မူလသားရဲများအား ဆက်လက်တိုက်ခိုက်နေရင်းဖြင့်ပင် တောအုပ်အလယ်သို့ ရောက်ရှိလာကြလေသည်။

အခြားကလန်နှစ်ခုမှ တပည့်များမှာလည်း ရုတ်တရက်ဆိုသလို အလွန်တိုးမြင့်လာသော ကန်ရွှမ်းကလန်မှ တပည့်များ၏ တိုက်ပွဲစွမ်းရည်များအား သတိပြုမိသွားကြသည်။ ထို့နောက် ကန်ရွှမ်းကလန်မှ တပည့်များအား အကာအကွယ်ပေးထားသော မူလမှော်စာလုံးများအား သတိပြုမိလိုက်ကြ၏။

အလှပန်းတစ်ရာနန်းတော်နှင့် မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ အားကျမနာလိုသော မျက်ဝန်းများဖြင့် ကန်ရွှမ်းကလန်မှ တပည့်များ၏ အလယ်တွင်ရှိနေသော ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။ ယခုကဲ့သို့ အချိန်မျိုး၌ မူလမှော်စာလုံးများဖြင့် အထောက်အပံ့ပေးထားခြင်းမှာ ကန်ရွှမ်းကလန်မှ တပည့်များအား အထိအခိုက် အလွန်နည်းပါးသွားစေသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ တပည့်ခေါင်းဆောင်များမှာ ယခုအချိန်တွင် အားအင်ချွေတာရန် လိုအပ်ကြောင်းကိုလည်း သိရှိနားလည်နေကြ၏။ မူလမှော်စာလုံးများကိုသာ အသုံးပြု၍ အထောက်အပံ့ပေးနေစေကာမူ ဇူယွမ်၏ စိတ်ဝိဉာဉ်စွမ်းအင်အား အသုံးပြုရန် လိုအပ်နေမည်ပင် ဖြစ်သည်။

"အဟက်....ဒီလိုအချိန်မှာတောင် နာမည်ကောင်းယူဖို့ စဉ်းစားနေတာလား။" ဖန့်ယောင်မှ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုကာ ရေရွတ်လိုက်သည်။ "မင်းအခုလို အပိုတွေလုပ်နေတာအတွက် နောက်မှနောင်တရလိမ့်မယ်။"

ထန်းရှောင်ယန့်မှာမူ ဇူယွမ်အားကြည့်ကာ တိုးညင်းစွာ မှတ်ချက်ပြုလိုက်၏။ "ဇူယွမ်က မဆိုးဘူးပဲ။"

ကျောက်ရူမှ မျက်မှောင်ကျုံ့ကာ စကားဆိုလိုက်သည်။ "အဟက်....သူက တကယ်အရေးကြီးတာ ဘာလဲဆိုတာတောင် မဝေခွဲတက်ဘူးလေ။ အခုသူသုံးလိုက်သမျှ စွမ်းအင်တွေက ဆုံးရှုံးမှုပဲ။ ခြောက်ရောင်စဉ်ရေကန်ကို ရောက်တဲ့အချိန်ကြရင် ဘာမှသုံးစားရမှာ မဟုတ်တော့ဘူး။ ဒီလိုအချိန်မှာတောင် အားအင်ချွေတာရမှန်းမသိပဲ နာမည်ကောင်းလိုချင်နေတဲ့ အရူးကောင်။"

ထန်းရှောင်ယန့်မှ ကျောက်ရူအားကြည့်ကာ ပြောလိုက်သည်။ "သူ့ကိုယ်သူ ယုံကြည်ချက်ရှိလို့ ဒီလိုသုံးတာရော မဖြစ်နိုင်ဘူးလား။"

ကျောက်ရူမှာ အနည်းငယ်မျှ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလျက် စကာဆိုလိုက်သည်။

"ဟင်းဟင်း......နင်ကသူ့ကို တော်တော်အထင်ကြီးနေတာပဲ။"

.......

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ တောအုပ်အတွင်းပိုင်းသို့ အတော်လေး ဝင်ရောက်နိုင်လာပြီပင် ဖြစ်သည်။ ထို့ကြောင့် အလွန်စွမ်းအားကြီးသော မူလသားရဲများနှင့် စတင်တွေ့ဆုံလာရ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကလန်သုံးခုမှာ သားရဲများအားတိုက်ခိုက်လျက် တောအုပ်အတွင်းသို့ ဆက်လက်တိုးဝင်နိုင်နေဆဲပင် ဖြစ်သည်။

တောအုပ်အတွင်းပိုင်း တစ်နေရာသို့ ရောက်ရှိလာပြီးနောက် ဇူယွမ်၊ ထန်းရှောင်ယန့်နှင့် ဖန့်ယောင်တို့မှာ အရပ်မျက်နှာတစ်ခုသို့ အတူတကွ ကြည့်ရှုလိုက်ကြသည်။ ထိုနေရာမှ ရောင်စဉ်ခြောက်သွယ် အလင်းတန်းများ ထွက်ပေါ်နေလျက်ရှိကာ လေထုအတွင်းရှိ ချီစွမ်းအင်များမှာလည်း အတော်ပင် သန့်စင်နေလေသည်။

ကလန်သုံးခုမှ တပည့်များမှာ တိုက်ခိုက်နှုန်းအား ပိုမိုတိုးမြှင့်လိုက်ပြီးနောက် တောအုပ်အတွင်းပိုင်းသို့ အလျင်အမြန် ဝင်ရောက်လိုက်ကြသည်။ ထို့နောက် ကြယ်တံခွန် ကျရောက်ထား၍ ချိုင့်ဝှမ်းအလား ဖြစ်ပေါ်နေသော ကန်ကြီးတစ်ခုအား တွေ့မြင်လိုက်ကြရလေသည်။

ထိုရေကန်ကြီးအတွင်းမှ လှပဆန်းကြယ်လှသော ရောင်စဉ်​ခြောက်သွယ် အလင်းတန်းများ ပေါ်ထွက်နေလျက် ရှိသည်။ ပတ်ဝန်းကျင်ရှိ အပူရှိန်မှာလည်း ဖြည်းညင်းစွာဖြင့် စတင်မြင့်မားလာသည်ကို ၎င်းတို့အားလုံး ခံစားမိလိုက်၏။

ယခုဆိုလျှင် ခြောက်ရောင်စဉ်ရေကန်အား ၎င်းတို့၏ မျက်ဝန်းရှေ့၌ပင် တွေ့မြင်နေရပြီ ဖြစ်လေတော့သတည်း။

All Chapters