ဒဏ္ဍာရီသားရဲဂိုဏ်းသို့ သွားရောက်လည်ပတ်ခြင်း
Vol. 11 (A) Ch. 137
အားလပ်ရက် တစ်လအတွင်းတွင် အန်လင်း၏ သူငယ်ချင်းများ အားလုံးသည် ကိုယ်ပိုင် ကိစ္စရပ်များနှင့် အသီးသီး ရှုပ်ထွေး နေကြလေသည်။
စုချန်းရန်သည် သစ်တောစိမ်း အင်ပါယာမိသားစုသို့ပြန်ကာ မင်းသမီးတစ်ဦး၏ တာဝန်များ ထမ်းဆောင်လျက်ရှိသည်။ ရွှမ်ယွမ်ချန်သည်လည်း အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်းသို့ ပြန်ကာ သူ၏ သခင်လေး ဟူသည့် ဖြစ်တည်မှုအား ပြန်လည် ခံစားနေလေသည်။ စုရှောင်လန်သည် ပင်လျှင် အချို့သော ကိစ္စရပ်များအား တင်ပြရန်အတွက် ဇာမဏီငှက် ဂိုဏ်းသို့ ပြန်သွားသည်။
အန်လင်း၏ အဖွဲ့ဝင်အဟောင်းများမှာမူ သူတို့ အားလုံးတို့သည်လည်း အိမ်များ သက်ဆိုင်ရာ ဂိုဏ်းများသို့ ပြန်သွားကြလေသည်။ လူအနည်းငယ် သာလျှင် ကျောင်းတော်တွင် နေထိုင်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။
ရှောင်ချိုးနှင့် ရှောင်းဟုန် ရှိနေ၍သာ ကံကောင်းတော့သည်။ မဟုတ်လျှင် အေးစက်စက်နှင့် အထီးကျန်နေ ရပေလိမ့်မည်။
ကျောင်းတော်တွင် နေထိုင်ရသည်မှာ အတော်လေး ပျင်းစရာ ကောင်းလွန်းလှသည်။ အန်လင်းသည် နေ့စဉ်နေ့တိုင်း သူ၏သားရဲအမြုတေအား ထိန်းချုပ်လျက် ရှိသည်။
အင်မော်တယ်ဆေးလုံး ၅ လုံးအား ဆက်တိုက်စားသောက်ပြီးသည့်နောက်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အလတ် အဆင့်အား မည်ကဲ့သို့ ချိုးဖြတ်ဝင်ရောက် ရမည်ကို မသိနိုင်ဘဲ ရှိနေလေသည်။
သူမသိလိုက်ခင်မှာပင် ရက်အနည်းငယ် ကုန်လွန်သွားပြီ ဖြစ်သည်။ လူတစ်ယောက်၊ မျောက်တစ်ကောင်နှင့် ပန်းပွင့်လေးတို့သည် ‘မြေရှင်အား တိုက်ခိုက်ခြင်း’ ဟူသည့် ကစားနည်းအား ဆော့ကစားရသည်မှာ ပျင်းရိနေပြီ ဖြစ်သည်။
အန်လင်းသည် သူ၏ အားလပ်ရက်များအား ပိုမိုကောင်းမွန်လာစေဖို့ ပြုလုပ်သင့်ပြီဟု ခံစားနေမိသည်။
သို့သော်လည်း မည်သို့ပြုလုပ်ရမည်နည်း။
ထိုအခိုက်အတန့်တွင် အဖြူရောင်ပုံရိပ်တစ်ခု သူ၏စိတ်အတွင်း ဝင်ရောက်လာသည်။
အာ အာ.. ဒဏ္ဍာရီသားရဲဂိုဏ်းကို သွားရမယ်။
တုံ့ဆိုင်းခြင်း မရှိဘဲနှင့် အန်လင်းသည် ကျောင်းတော်၏ တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ဝင်္ကဘာသို့ ရောက်ရှိလာကာ ကျောက်နဂါးပြည်နယ် အတွင်းရှိ စီရင်စုတစ်ခုသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းလိုက်သည်။
ဒဏ္ဍာရီ သားရဲဂိုဏ်းသည် ကျောက်နဂါးပြည်နယ်၏ ကန်ဖြူစီရင်စုတွင် တည်ရှိသည်။
အန်လင်းသည် တပိုင်ထံသို့ ယခင်ကတည်းက သွားရောက်လည်ပတ်လိုခြင်း ဖြစ်သည်။ သို့သော်လည်း နှစ်ဆုံးစာမေးပွဲကြောင့် မသွားရောက်နိုင်ခဲ့ပေ။
ယခုအခါတွင် အချိန်ရလာပြီဖြစ်သည့်အတွက် တပိုင်လုပ်ဆောင် နေသည်များကို မြင်တွေ့ဖူးချင်သည်။ ထိုသည်ကို အခွင့်ကောင်းယူကာ ပုံပြင်ထဲမှ ဒဏ္ဍာရီ သားရဲဂိုဏ်းအား လှည့်လည် ကြည့်ရှုနိုင်သေးသည် မဟုတ်ပါလား။ အကယ်၍ တပိုင်နှင့် ကိုယ်ပိုင်စိတ်ဝိညာဉ် သားရဲအဖြစ် ချုပ်ဆိုမည်ဆိုလျှင် ပိုမိုကောင်းမွန်သေးသည်။
ကောင်းကင်ဘုံ ၁ ခု၊ ဂိုဏ်းကြီး ၄ ဂိုဏ်း၊ အင်ပါယာမိသားစု ၉ ခု။ ဂိုဏ်းကြီး ၄ ဂိုဏ်းဟူသည်မှာ အင်မော်တယ် စိတ်ဝိညာဉ် တစ်သောင်း ဂိုဏ်း၊ ဇာမဏီ ဂိုဏ်း၊ မြင့်မြတ်ဓား ဂိုဏ်းနှင့် ဒဏ္ဍာရီသားရဲ ဂိုဏ်းတို့ ဖြစ်ကြသည်။
ထိုဂိုဏ်းကြီးလေးဂိုဏ်းသည် ကိုးပြည်ထောင် နိုင်ငံတစ်ဝှမ်းရှိ အခြားဂိုဏ်းများ၏ အထက်တွင် ရှိကြသည်။ သူတို့သည် အလွန်အမင်း စွမ်းအားကြီးကြပြီး နိုင်ငံတစ်ဝှမ်းလုံးသို့ လွှမ်းမိုးနိုင်စွမ်း ရှိသည်။
အန်လင်း သွားရောက်လိုသည့် ဒဏ္ဍာရီသားရဲဂိုဏ်းမှာ ကျင့်ကြံခြင်းလောက၏ အထင်ကရဂိုဏ်းကြီး ဖြစ်သည်။ ထို့အပြင် ဂိုဏ်း၏ အခရာသည် သားရဲမျိုးနွယ်စု ဖြစ်သည်။ ဤဂိုဏ်းတွင် လူသားများ၏ ဖြစ်တည်မှုသည် သားရဲများထက် နိမ့်ကျပေသည်။ ဒဏ္ဍာရီသားရဲ ဂိုဏ်းတွင် လူသားများအား အထွေထွေလုပ်သားများ သို့မဟုတ် ချေးကျုံး အစေခံများဟု သတ်မှတ်ကြသည်။
ဒဏ္ဍာရီသားရဲဂိုဏ်းသည် မျက်စိပသာဒဖြစ်လှသော လှပသည့် အင်မော်တယ် တောင်တစ်လုံး ပေါ်တွင် တည်ရှိသည်။ အလွန်အံ့ဩဖွယ် အားလပ်ရက် ဖြစ်မည်မှာ အသေအချာပင်။
မြေပုံအတိုင်း လျှောက်လှမ်းရင်းဖြင့် အန်လင်းသည် ဒဏ္ဍာရီသားရဲဂိုဏ်း၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။
အဓိကဝင်ပေါက်၏ ဘေးတစ်ဖက် တစ်ချက်စီတွင် ဧရာမ လိပ်ကျောက်တုံးကြီး နှစ်ခုရှိသည်။ အဆိုပါ လိပ်ကျောက်တုံးများသည် တလက်လက် တောက်ပကာ အသက်ဝင်လှသည်။ ထို့အပြင် သူတို့ထံမှ စိတ်ကြီးဝင်နေသည့် အငွေ့အသက်များလည်း ရရှိနေလေသည်။
ယင်းတို့၏ မျက်လုံးများကို ကြည့်လိုက်သည့် အခါတွင် အန်လင်း၏ စိတ်ထဲတွင် သိမ်ငယ်စိတ်များ ဝင်ရောက်လာတော့သည်။
အဓိကဝင်ပေါက်တွင် လူနှစ်ဦး စောင့်ကြပ်နေသည်။ ထိုလူများသည် အမူအရာ ကင်းမဲ့လျက်ဖြင့် အန်လင်းအုတ်ခဲပျံ စီးနင်းလာသည်ကို ကြည့်နေကြသည်။
“ဘာလာလုပ်တာလဲ” အစောင့်တစ်ယောက်မှ မေးသည်။
အန်လင်းသည် တပိုင်အား လာရှာခြင်းဟု ပြောမိလုနီးနီးဖြစ်သည်။ သို့သော်လည်း တပိုင်သည် အမွေအနှစ်အား လက်ခံနေဆဲအချိန် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် “ကျောက်ဟွိုင်ရင်ကို လာရှာတာပါ”
အစောင့်သည် ခေါင်းညိတ် လိုက်ပြီးနောက် ဘေးသို့ လျှောက်သွားလိုက်သည်။ အသံလွှင့် အဆောင်လက်ဖွဲ့အား ထုတ်ယူပြီးနောက် အသံပို့လိုက်သည်။
များမကြာမီမှာပင် လူငယ်အမျိုးသားတစ်ဦး အလျင်စလို ပြေးလာသည်။
“အန်လင်းရေ မတွေ့ရတာတောင် ကြာပြီ” ကျောက်ဟွိုင်ရင်သည် အန်လင်းအား အပြုံးများဖြင့် နှုတ်ဆက်လေသည်။
ကျောက်ဟွိုင်ရင်၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေသည်ကို မြင်ရသဖြင့် အန်လင်းသည်လည်း တက်ကြွစွာဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဟမ် မင်းပုခုံးပေါ်က မျောက်ကလေးက ဘယ်သူလဲ” ကျောက်ဟွိုင်ရသည် ချစ်စဖွယ် မျောက်ရုပ်ဆိုးလေးအား မြင်လိုက်သည့်အခါတွင် စူးစမ်းလိုသည့် မျက်လုံးများဖြင့် ကြည့်လေသည်။
“သူ့နာမည်က ရှောင်ချိုးလေ။ ငါ့ရဲ့ညီလေးပေါ့” အန်လင်း ဖြေလိုက်သည်။
“အိုး မင်္ဂလာပါ ရှောင်ချိုးရေ” ကျောက်ဟွိုင်ရင်သည် ရှောင်ချိုးအား ဝမ်းမြောက်စွာဖြင့် လက်ဆွဲနှုတ်ဆက် လေသည်။
ကျောက်ဟွိုင်ရင်၏ သာမာန်အပြုအမူနှင့်အတူ အန်လင်းသည် အကျည်းတန်လှသည့် မျောက်တစ်ကောင်အား ညီလေးဟု ညွှန်းဆိုခြင်းအားလည်း အံ့ဩဟန်မပြချေ။ ထိုသည်ကား ရှောင်ချိုးအတွက် ဒဏ္ဍာရီသားရဲဂိုဏ်းအပေါ် အတော်လေး အထင်ကြီး လေးစားခြင်းအား ဖြစ်ပေါ်စေသည်။
ထို့နောက်တွင် ကျောက်ဟွိုင်ရင်သည် အန်လင်းနှင့် ရှောင်ချိုးတို့၏ လမ်းပြအဖြစ် ပြုလုပ်ကာ ဒဏ္ဍာရီ သားရဲဂိုဏ်းအား လိုက်လံပြသလေသည်။
“ကိုးပြည်ထောင်နိုင်ငံတော်ထဲမှာ ဒဏ္ဍာရီသားရဲဂိုဏ်းဆိုတာ သားရဲမျိုးနွယ်တွေ တည်ထောင်ထားတဲ့ အကြီးဆုံးသော ဂိုဏ်းပဲလေ”
“ဒီမှာရှိတဲ့ သားရဲမျိုးနွယ်တွေက အသင်္ချေ တောင်တန်းနယ်မြေမှာရှိတဲ့ စုတ်ပဲ့တဲ့ မျိုးမစစ်ကောင်တွေနဲ့ လုံးဝကို ကွဲပြားတယ်။ ဒီမှာဆို စနစ်တကျ ဖွဲ့စည်းပြီး ထိန်းသိမ်းထားရှိတယ်။ ပြီးတော့ သဘာဝတရားကြီးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက် ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ငါတို့တွေက အဆက်မပြတ် စွမ်းအားကြီးမား ကျယ်ပြန့်လာတယ်”
“အဲဒီအပြင် ဒီနှစ်အတောအတွင်းမှာ ပါရမီရှင်အများအပြားလည်း ပေါ်လာသေးတယ်။ သားရဲမျိုးနွယ်က နဂါးပေါက်စ ၄ ကောင်၊ နယ်မြေအုပ်ချုပ်သူ အင်မော်တယ်သားရဲ သုံးကောင် စသဖြင့်ပေါ့။ မင်းလည်း ဒီအကြောင်းတွေကို ကြားပြီးသား ဖြစ်မှာပါ ဟုတ်တယ်မလား”
ကျောက်ဟွိုင်ရင်သည် ဒဏ္ဍာရီသားရဲဂိုဏ်းအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် မိတ်ဆက်လေသည်။ ဤနေရာတွင် နေထိုင်ရခြင်းအပေါ် ကောင်းမွန်သည့်အမြင် ရှိပုံရသည်။
အန်လင်းသည် သားရဲမျိုးနွယ်၏ နဂါးပေါက်စ ၄ ကောင်အကြောင်းနှင့် အခြားသော အကြောင်းအရာများအား သိရှိခြင်း မရှိသော်လည်း သူတို့၏ လမ်းပြအား ကိုးရို့ကားယားနိုင်သည့် အခြေအနေမှ ရှောင်ကြဉ်နိုင်ရန် အတွက် အလွန်အံ့ဩသည့်ဟန် ပြုမူနေဆဲဖြစ်သည်။
“လေ့ကျင့်ရေးကွင်းပြင်က အရှေ့မှာလေ” ကျောက်ဟွိုင်ရင်သည် သူတို့အရှေ့ရှိ နေရာအား ညွှန်ပြလေသည်။
အန်လင်း ကြည့်လိုက်သည့်အခါတွင် ကြီးမားကျယ်ပြန့်သည့် မြေကွက်လပ်ကြီးတွင် ကျင့်ကြံသူများစွာသည် သူတို့၏ အကောင်ငယ်လေးများနှင့်အတူ လမ်းလျှောက်နေလေသည်။
ထူးဆန်းပြီး အံ့ဩဖွယ်သားရဲများ ဖြစ်ကြသည်။ ကြွက်၊ ခွေး၊ ကြောင် ကဲ့သို့သော အကောင်ငယ်လေးများ အပြင် မိကျောင်းပေါက်၊ ဆင်ပေါက်၊ ခြင်္သေ့ပေါက်၊ ကျားပေါက်ကဲ့သို့သော အကောင်ကြီးများပါ ပါဝင်သည်။
သူစဉ်းစားကြည့်ရုံသာ တတ်နိုင်သည့် သားရဲများလည်း ရှိနေသေးသည်။ ဥပမာဆိုရလျှင် တောင်ပံပါ ဝံပုလွေများ၊ အမွေးပွလုံးများ၊ ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်နိုင်သည့် ရေခဲတုံးများ ဖြစ်ကြသည်။
ကျင့်ကြံသူများသည် ပြေးလွှားနေသည့် ထိုသားရဲများ၏အနောက်မှ လိုက်ပါလျက် ရှိကြသည်။ ထိုသားရဲများသည် ကျင့်ကြံသူများနှင့် လမ်းလျှောက်နေကြခြင်းသာ ဖြစ်သည်။
အန်လင်းသည် ကျောက်ဟွိုင်ရင်အား ဂရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း ကျောက်ဟွိုင်ရင်သည် အလွန်ပျော်ရွှင် နေဟန်ရှိသည်။
“သွားကြစို့။ ငါမင်းကို အတွင်းစည်းကို ခေါ်သွားပေးမယ်” ကျောက်ဟွိုင်မှ ပြောသည်။
“ဒီနေရာကို အတွင်းစည်း အပြင်စည်းဆိုပြီး ခွဲထားသေးတာလား”
“သေချာတာပေါ့” ကျောက်ဟွိုင်ရင် ပြန်ဖြေသည်။ “အပြင်စည်းဆိုတာက သားရဲအမြုတေ ဖြစ်တည်ခြင်းမရှိသေးတဲ့ သားရဲတွေ နေရတဲ့အပိုင်း။ ဒီမှာရှိတဲ့ လူသား ကျင့်ကြံသူတွေက ကူညီထောက်ပံ့ဖို့ တာဝန်ရှိတယ်။ အတွင်းစည်းက သားရဲအမြုတေ ဖြစ်တည်ပြီးတဲ့ သားရဲတွေ ကျင့်ကြံတဲ့နေရာပေါ့။ တပိုင်က အဲဒီမှာ ရှိနေတာလေ”
ကျောက်ဟွိုင်ရင်၏ စကားကို ကြားလိုက်ရသည့်အခါတွင် အန်လင်းသည် ချက်ချင်းဆိုသလို မျှော်လင့်တကြီးဖြင့် စိတ်အား ထက်သန်လာလေသည်။ အန်လင်းမှာ အနည်းငယ် စိတ်လှုပ်ရှား နေမိသည်။ ယောက္ခမများနှင့် တွေ့ဆုံရန် သွားရောက်နေရသလိုမျိုး ခံစားချက်ဖြစ်သည်။
အတွင်းစည်းသို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် ချစ်စဖွယ် သားရဲပေါက် လေးများအား တွေ့ရသော်လည်း ထွေးပွေ့ရန် ခက်ခဲလှသည်။
သို့သော်လည်း ထိုသားရဲ အားလုံးတို့သည် အန်လင်းအား အထင်အမြင်သေးသည့်ပုံဖြင့် ကြည့်ကြသည်ကြောင့် အန်လင်းမှာ အတော်လေး နာကျင်ရသည်။
“မကြောက်ပါနဲ့ ဒီကောင်စုတ်လေးတွေက လူစိမ်းတွေကို ကြောက်တယ်။ အဲဒါက သူတို့ရဲ့ ပုံစံပဲ” အန်လင်း၏ မျက်နှာရှိ စိတ်ဓာတ်ကျမှုများအား မြင်လိုက်ရသဖြင့် ကျောက်ဟွိုင်ရင်သည် နှစ်သိမ့်ရန် ကြိုးစားလေသည်။
“မဖြစ်နိုင်ဘူး။ တပိုင်ကျတော့ လူစိမ်းကို ဘာလို့ မကြောက်လဲ။ သူက ငါ့ရဲ့ သားရဲတောင် ဖြစ်ချင် နေသေးတာလေ” အန်လင်းသည် အနည်းငယ် စဉ်းစားမရနိုင်အောင် ရှိနေလေသည်။
အန်လင်း၏ ပြောစကားကို ကြားလိုက်ရသည့် အခါတွင် ကျောက်ဟွိုင်ရင်မှာ နှလုံးသားလေးအား ဓားနှင့်ထိုးစိုက် သကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းပြီ။ သူစိတ်ဓာတ် ကျရမည့် အလှည့်ဖြစ်သည်။
ကြည်လင်နေသည့် စမ်းချောင်းတစ်ခုအား ဖြတ်ကျော်ပြီးသည့် နောက်တွင် ကြီးမားလှသော ဝင်ပေါက်တစ်ခု ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ဝင်ပေါက်အား စောင့်ကြပ်နေသူများမှာ လူသားများ မဟုတ်ကြချေ။ သန်မာတုတ်ခိုင်သည့် ကျားနှစ်ကောင် ဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်များမှ အားကောင်းသည့် အော်ရာများ ထုတ်လွှတ်လျှက်ရှိပြီး စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် သားရဲများဖြစ်ကြောင်း သိသာလှသည်။
အန်လင်းသည် အံ့အားသင့်မှုကြောင့် လျှာပင် ကိုက်မိသွားသည်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒဏ္ဍာရီသားရဲဂိုဏ်းက။
အသင်္ချေ တောင်တန်းနယ်မြေတွင် ကျားများသည် များပြားလှစွာသော သားရဲများကို အုပ်ချုပ်နိုင်ကြသည်။ ဤနေရာတွင်မူ သူတို့သည် တံခါးစောင့်များသာလျှင် ဖြစ်ကြသည်။
အန်လင်း၏ စိတ်ထဲတွင် အခြားမေးခွန်းတစ်ခု ပေါ်လာပြန်သည်။
ကျားနှစ်ကောင်က တစ်ဂူတည်းမအောင်းဘူးလို့ ပြောကြတယ် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ကျားနှစ်ကောင်က တံခါးပေါက်တစ်ခုတည်းကို စောင့်နေကြတာလဲ။
ဒါက အရမ်းကို သဘာဝတရားကြီးနဲ့ ဆန့်ကျင်နေတာ မဟုတ်ဘူးလား။
အန်လင်းသည် အတွေးများဖြင့် ရှုပ်ယှက်ခပ်လျက် ကျောက်ဟွိုင်ရင် အနောက်သို့ လိုက်လာခဲ့သည်။
ကျောက်ဟွိုင်ရင်နှင့်အတူ လျှောက်လာရင်းနှင့် ရုတ်တရက်ဆိုသလို အခြားတဖက်မှနေ ကြီးမားလှသည့် ခွေးဖြူကြီးတစ်ကောင် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
တပိုင်ဟု ယူဆမိသည်ကြောင့် အန်လင်းသည် ရုတ်တရက်ဆိုသလို ပျော်ရွှင်သွားမိသည်။ အနီးကပ် မြင်လိုက်ရသည့်အခါတွင်မူ ထိုခွေးသည် တပိုင်နှင့် လုံးလုံးလျားလျား ကွဲပြားသည်ကို တွေ့လိုက်ရသည်။
ထိုခွေး၏ အမွေးသည် တပိုင်ကဲ့သို့ လှပသည်။ သို့သော်လည်း ယင်း၏ခန္ဓာကိုယ်မှာ ပိန်သွယ်သည်။ မျက်နှာသည်လည်း နူးညံ့ကာ တင့်တယ်သည်။ ထိုသည်မှာ တပိုင်၏ နှစ်လိုဖွယ်ကောင်းသော ခန့်ညားမှုနှင့် သိသိသာသာ ကွာခြားလေသည်။
အန်လင်းတို့အာ မြင်လိုက်သည့်အခါ ထိုခွေးဖြူကြီးသည် ရပ်တန့်သွားသည်။
“ကျောက်ဟွိုင်ရင် နင့်ဘေးက လူသားက ဘယ်သူလဲ” ထိုခွေး၏လေသံမှာ နူးညံ့ကာ အမျိုးသမီး တစ်ဦးကဲ့သို့ ဖျော့တော့လှသည်။
ထိုခွေးကြီးကို မြင်လိုက်သည့်အခါ ကျောက်ဟွိုင်ရင်မှာ ချက်ချင်းဆိုသလို စိတ်ဖိစီးလာပြီး ယခင်က ရှိခဲ့သည့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားရသည်။
ထိုခွေးကြီး၏ အကြည့်ကို မခံနိုင်တော့သည့်အတွက်ကြောင့် တီးတိုး ပြောလိုက်လေသည်။ “သ.. သူက အဲဒီ အန်လင်းလေ”
“ဘာဖြစ်တယ်။ နင်က အန်လင်းလား”
ကျောက်ဟွိုင်ရင်၏ အဖြေကို ကြားလိုက်ရသည့်အခါတွင် ထိုခွေးဖြူကြီးသည် အမွေးများ ထောင်လာပြီး မျက်လုံးများပြူးလျက် အန်လင်းအား ကြည့်လာသည်။
အန်လင်းသည် ကျောရိုးအတွင်းမှနေ အေးစက်မှုများ ခံစားနေရသည်။
သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတွေပါလား။
***