← Chapters

မြွေနဂါးအားပိတ်ဆို့ခြင်း

Vol. 42 Ch. 581

မြွေနဂါးအားပိတ်ဆို့ခြင်း

Vol. 42 Ch. 581

ခြောက်ရောင်စဉ်ရေကန်အနီး၌ ဇူယွမ်နှင့် ကျင်ကျန်းတို့မှာ အစီအရင်အား ရေးဆွဲနိုင်ရန် ပြင်ဆင်နေကြသည်။ မူလမှော်စာလုံးများအား ဖန်တီးလျက် လေပြင်ရေပြင်တို့နှင့် ပေါင်းစည်းနေကြ၏။

ယောင်ယောင်၏ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်မှာ အလွန်ပင် ရှုပ်ထွေးလွန်းလှသည်။ ထို့ကြောင့် ဇူယွမ်မှာ ယင်းအစီအရင်နှင့် ရင်းနှီးကျွမ်းဝင်နေပါသော်လည်း သူမကဲ့သို့ အလုံးစုံ နားလည်သိရှိထားခြင်း မရှိချေ။ ကံကောင်းထောက်မစွာဖြင့် ယခုအချိန်သည် မူလရေကန်၌ ရှိစဉ်အချိန်ကဲ့သို့ လူဦးရေတစ်သောင်းကျော်မျှကို ပိတ်ပင်ထားရန် မလိုအပ်ပဲ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးကိုသာ ခေတ္တပိတ်ပင်နိုင်ရန် လိုအပ်ပေသည်။

ထိုသည်တောင်မှ ဇူယွမ်တို့မှာ အစီအရင်အား နေ့တဝက်ခန့် ရေးဆွဲလိုက်ရသည်။

အဝေးတွင်မူ ကလန်သုံးခုလုံး၏ တပည့်များမှာ ၎င်းတို့လုပ်ဆောင်ချက်များအား စိတ်ဝင်တစား ကြည့်ရှုနေကြ၏။

ဖန့်ယောင်မှာ လေထုထဲတွင် ပျံဝဲလျက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်နှင့် ကျင်ကျန်းတို့အား ကြည့်ရှုနေလေသည်။

ထန်းရှောင်ယန့်မှာလည်း ဇူယွမ်တို့အား ကြည့်ရှုနေရင်းဖြင့် စိတ်ဝင်စားစွာ စကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်ရဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်က မူလမှော်စာလုံးပညာရပ်မှာ ဒီလောက်ထိ ကျွမ်းကျင်နေလိမ့်မယ်လို့ ငါလုံးဝမထင်ထားမိဘူး။"

"အဲ့ဒါက အလုပ်ဖြစ်ပါ့မလားဆိုတာတောင် မသိရသေးပဲနဲ့။" ကျောက်ရူမှ အယုံအကြည်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် အေးစက်စွာ စကားဆိုလိုက်သည်။

"အဲ့ဒါ အလုပ်ဖြစ်ဖို့ ငါတို့ဆုတောင်းရလိမ့်မယ်။ အဲ့အစီအရင်ကမှ အလုပ်မဖြစ်ရင် ငါတို့မှာလည်း တခြားဘာနည်းလမ်းမှ ရှိတာမဟုတ်ဘူး။ သက်သက်မဲ့ ဒီကိုလာအချိန်ဖြုန်းနေသလိုပဲ ဖြစ်သွားမှာ။" ထန်းရှောင်ယန့်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။ ဇူယွမ်တို့၏ အစီအရင်သာ အလုပ်မဖြစ်ပါက ၎င်းတို့မှာလည်း ရွေးချယ်စရာမရှိပဲ လက်လျှော့လိုက်ရန်သာ ရှိ၏။

ကျောက်ရူမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ သူမသည် ဇူယွမ်အား မျက်မုန်းကျိုးနေပါသော်လည်း ယခုအချိန်တွင် ၎င်း၏အစီအရင် အလုပ်ဖြစ်ရန် အမှန်တကယ် လိုအပ်နေပေသည်။

ဤသို့ဖြင့် နေမင်းကြီးမှာ အနောက်အရပ်သို့ ဆင်းသက်လာပြီး ဆည်းဆာရောင်ခြည်များမှာလည်း လွမ်းမောဖွယ်ကောင်းလှစွာဖြင့် ခြောက်ရောင်စဉ်ရေကန်ပေါ်သို့ ဖြာဆင်းကျနေလျက် ရှိသည်။

"ပြင်ဆင်တာတော့ ပြီးသွားပြီ။"

"မင်းရဲ့ အစီအရင်က အလုပ်ဖြစ်ရောဖြစ်မှာလား။ အလုပ်သာမဖြစ်ရင် ငါတို့ဒီကို အလဟဿ လာရသလို ဖြစ်နေမှာနော်။" ဖန့်ယောင်မှ အစီအရင်အား ကြည့်ရှုရင်းဖြင့် စကားဆိုလိုက်သည်။

"မင်းအရင်စမ်းကြည့်မလား။" ဇူယွမ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။

ဖန့်ယောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ သူသည် အစီအရင် မယုံကြည်သော်လည်း စမ်းသပ်ခံရလောက်အောင် မရူးနှမ်းသေးပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းအစီအရင်သည် ပုံမှန်အစီအရင်များကဲ့သို့မဟုတ်ပဲ တစ်စုံတစ်ခု ထူးခြားနေသည်ကို ခံစားသိရှိနေမိသောကြောင့် ဖြစ်သည်။

"ကဲ..စလိုက်ကြရအောင်။" ဇူယွမ်မှာ ဖန့်ယောင်အား လျစ်လျူရှုလျက် ထန်းရှောင်ယန့်အားကြည့်ကာ ပြောလိုက်သည်။

ထန်းရှောင်ယန့်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် တပည့်ခေါင်းဆောင် ခြောက်ဦးလုံးမှာ ခြောက်ရောင်စဉ်ရေကန်အနီးသို့ ဖြည်းညင်းစွာ ချည်းကပ်လိုက်ကြ၏။ ထို့နောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ရေကန်ထံသို့ တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြသည်။

ဝုန်း....

ရေပြင်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီးနောက် မဟူရာအရိပ်မည်းကြီး နောက်ထပ်တစ်ကြိမ် ထပ်မံပေါက်ထွက်လာသည်။ ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးမှာ အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် တပည့်ခေါင်းဆောင် ခြောက်ဦးအား စူးရဲစွာ ကြည့်ရှုလိုက်သည်။

ရွှီး....

ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးမှာ ကျယ်လောင်စွာ တွန်မြည်လျက် အေးခဲနက်မှောင်သော ချီစွမ်းအင်များအား ခံတွင်းမှတဆင့် ထုတ်လွှတ်လိုက်၏။

တပည့်ခေါင်းဆောင် ခြောက်ဦးလုံးမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ လျင်မြန်စွာ ရှောင်ရှားလိုက်ကြသည်။ ထိုအချိန်မှာပင် ၎င်းတို့ ပစ်လွှတ်ထားသော ချီစွမ်းအင်များမှာလည်း ဝိဉာဉ်မြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းသို့ အညှာအတာကင်းမဲ့စွာ ထိုးဖောက်ဝင်ရောက်သွားတော့၏။

ဘန်း.....ဘန်း.....

ချီစွမ်းအင်များမှာ မြွေနဂါးကြီး၏ ကိုယ်ခန္ဓာပေါ်တွင် ပေါက်ကွဲကုန်ပြီးနောက် မဟူရာရောင်ကြေးခွံများ စတင်ကွာကျလာသည်။ တိုက်ခိုက်မှုမှာ ပြောပရလောက်အောင် မထိခိုက်စေပါသော်လည်း မြွေနဂါးကြီး၏ ဒေါသတရားများမှာ ပိုမိုခက်ထန်လာပြီပင် ဖြစ်သည်။

ဝိဉာဉ်မြွေနဂါးကြီးမှာ အမြှီးအား လေထုထဲတွင်ဝေ့ယမ်းလျက် အနက်ရောင်လျှပ်စီးများအား ဖြစ်ပေါ်စေပြီးနောက် တပည့်ခေါင်းဆောင်ခြောက်ဦးထံသို့ ဦးတည်ပစ်လွှတ်လိုက်သည်။

ဝိဉာဉ်မြွေနဂါးကြီး၏ ဘေးမှ ထွက်ပေါ်နေသော ပုံရိပ်ယောင်ဦးခေါင်းနှစ်လုံးထံမှလည်း ပြင်းထန်လှသော စွမ်းအင်ဖိအားများ ပေါ်ထွက်နေလျက် ရှိသည်။

စောင့်ကြည့်နေကြသော တပည့်များမှာမူ ပြင်းထန်လှသောတိုက်ပွဲအား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုနေမိကြသည်။ ၎င်းတို့သာ တိုက်ပွဲအတွင်း ရှိနေပါက ယခုအချိန်ဆိုလျှင် စိတ်ဝိညာဉ်များ ပျက်စီးနေလောက်ပြီပင် ဖြစ်သည်။

တပည့်ခေါင်းဆောင်ခြောက်ဦးမှာလည်း အလျင်စလို လှုပ်ရှားရဲခြင်းမရှိကြပဲ ဖြည်းညင်းစွာဖြင့် အစီအရင်ရှိရာနေရာသို့ ဆုတ်ခွာလာကြသည်။

ဝုန်း....ဝုန်း....

ခြောက်ရောင်စဉ်ရေကန်မှာ အလွန်ပင် လှုပ်ခတ်လှိုင်းထန်နေပြီး ကမ္ဘာမြေပြင် တုန်ဟီးမတက် ဖြစ်နေရလေသည်။

ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ဝိဉာဉ်မြွေနဂါးကြီးအား အဆက်မပြတ် စောင့်ကြည့်နေကြသည်။

၎င်းတို့အားလုံးမှာ ဝိဉာဉ်မြွေနဂါးကြီး၏ ခန္ဓာကိုယ်များအား မခွဲထုတ်သေးခင်၌ စွမ်းအင်အပြည့်အဝကို သုံးစွဲလိုက်ရန် မဝံ့မရဲ ဖြစ်နေကြရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့၏ တိုက်ခိုက်မှုကြောင့် ဝိဉာဉ်မြွေနဂါးကြီးမှ ၎င်း၏ဦးခေါင်းများအား ပေါင်းစည်းလိုက်မည်ကို စိုးရွံ့နေကြသောကြောင့်ပင် ဖြစ်သည်။

ယခုဆိုလျှင် တပည့်ခေါင်းဆောင်များအားလုံးမှာ အစီအရင်အနီးသို့ ရောက်ရှိနေကြပြီပင် ဖြစ်သည်။

သို့သော် ဝိဉာဉ်မြွေနဂါးကြီးမှာ တစ်စုံတစ်ခုအား အာရုံခံနေမိဟန်ဖြင့် အရှိန်အား သိသာစွာပင် လျှော့ချလိုက်လေသည်။

"မကောင်းတော့ဘူး။ ဝိဉာဉ်မြွေနဂါးက အရမ်းအသိဉာဏ်မြင့်လွန်းတယ်။"

ဝုန်း.....

ဖန့်ယောင်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ဝိဉာဉ်မြွေနဂါးကြီး၏ မျက်ဝန်းဆီသို့ ပျံဝဲသွားသည်။

ဝိဉာဉ်မြွေနဂါးကြီးမှာ အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် ဖန့်ယောင်အား ကြည့်ရှုလိုက်လေသည်။

ဖန့်ယောင်မှာ စိတ်နှလုံးများပင် တုန်ခါသွားရပြီးနောက် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ဇူယွမ်အားကြည့်ကာ အော်ဟစ်လိုက်သည်။ "ဇူယွမ်.....မင်းရဲ့အစီအရင်က အလုပ်မဖြစ်ဘူးလားကွ။"

ဝှစ်....

ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ပြင်းထန်လှသော အဖျက်စွမ်းအားတစ်ခု ကျဆင်းလာလေသည်။ ဝိဉာဉ်မြွေနဂါးကြီးမှာ ဖန့်ယောင်၏ တိုက်ခိုက်မှုကြောင့် အလွန်ပြင်းထန်သော အဖျက်စွမ်းအင်နှစ်ခုအား ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ဖန့်ယောင်မှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနောက်ကို အလျင်အမြန် ဆုတ်ခွာလိုက်သည်။

ဝိဉာဉ်မြွေနဂါးကြီးမှာလည်း ဖန့်ယောင်၏နောက်သို့ လိုက်လာရင်းဖြင့် အစီအရင်နယ်မြေအနီးသို့ ရောက်ရှိလာပြီပင် ဖြစ်သည်။

"ဇူယွမ် မင်းအစီအရင်က အသက်မဝင်သေးဘူးလား။" ဖန့်ယောင်မှ အော်ဟစ်လိုက်သည်။

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် စိတ်ဝိဉာဉ်စွမ်းအင်အား နိုးထစေကာ အစီအရင်အား သက်ဝင်စေလိုက်၏။ မူလမှော်စာလုံးများမှာ လင်းလက်တောက်ပလာပြီးနောက် အစီအရင်မှာ စတင်သက်ဝင်လာတော့သည်။

ဝိဉာဉ်မြွေနဂါးကြီးမှာ အခြားသော နေရာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရသည့်အလား ၎င်းနှင့်အမြဲအတူတကွ ရှိနေခဲ့သော ခေါင်းနှစ်လုံးမှာ မြွေနှစ်ကောင်အဖြစ်သို့ ကွဲကွာသွားလေသည်။

ရွှီး....

ဝိဉာဉ်မြွေနဂါးကြီးမှာ ဒေါသထွက်စွာဖြင့် မြည်တွန်လိုက်ပြီးနောက် အမြှီးအားယမ်းကာ မူလမှော်စာလုံးအစီအရင်အား ဖျက်စီးနိုင်ရန် ကြိုးပမ်းနေလေတော့သည်။

ဇူယွမ်မှလွဲ၍ အခြားသော တပည့်ခေါင်းဆောင်များမှာ မြွေနဂါးကြီးအား ကောင်းစွာပိတ်ဆို့ထားနိုင်သော အစီအရင်အား အံ့အားသင့်စွာ ကြည့်ရှုနေမိကြသည်။

ထန်းရှောင်ယန့်မှ ဇူယွမ်အားကြည့်ကာ တောက်ပစွာပြုံးရင်းဖြင့် စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ်က မူလမှော်စာလုံးပညာရပ်မှာ တော်တော်ကျွမ်းကျင်တာပဲ။"

ကျောက်ရူမှာလည်း မည်သည့်စကားမှပင် မဆိုနိုင်ပဲ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေမိသည်။

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ဖန့်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ဖန့်ယောင် ကျွန်တော်က ဝေစုကို လေးဆယ်ရာခိုင်နှုန်း ရသင့်တယ်မလား။"

ဖန့်ယောင်မှာ မည်သည့်စကားမှပင် မဆိုနိုင်တော့ပဲ မချိတင်ကဲစွာသာ ပြုံးပြလိုက်ရ၏။

ဇူယွမ်မှာ ထိုကိစ္စနှင့်ပက်သက်၍ ဆက်လက်ပြောဆိုခြင်း မပြုတော့ပဲ အစီအရင်အတွင်းရှိနေသော ဝိဉာဉ်မြွေနဂါးကြီးအားကြည့်ရှုကာ စကားဆိုလိုက်သည်။ "အစီအရင်က အကြာကြီးတော့ ပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူး။ ရေနွေးတစ်အိုးကျက်ချိန်လောက်ထိမှ သူ့ကိုမသတ်နိုင်သေးရင် ငါတို့အားလုံး နောက်ပြန်ဆုတ်ဖို့ပဲရှိတယ်။"

တပည့်ခေါင်းဆောင်များအားလုံးမှာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ဝုန်း.....

ထို့နောက် ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ အစီအရင်အတွင်းသို့ ဝင်ရောက်လိုက်ကြ၏။

တပည့်ခေါင်းဆောင်များအားလုံးမှာ စူးရဲနေသော မျက်ဝန်းများဖြင့် ဝိဉာဉ်မြွေနဂါးကြီးအား ကြည့်ရှုလိုက်ကြသည်။

ဝိဉာဉ်မြွေနဂါးကြီးသည် ခေါင်းသုံးလုံးဝိဉာဉ်မြွေနဂါးအဖြစ် ရှိမနေတော့သဖြင့် ယခုအချိန်၌ ၎င်းအား ကြောက်ရွံ့နေစရာအကြောင်း အနည်းငယ်မျှပင် မရှိနေတော့ပေ။

ဤအချိန်သည် ဝိဉာဉ်မြွေနဂါးကြီးအား ကောင်းမွန်စွာ သင်ခန်းစာပေးရမည့်အချိန်ပင် ဖြစ်လေတော့သတည်း။

All Chapters