လိမ်ညာထွက်ဆိုခြင်း (2)
Vol. 31 Ch. 301
မိနစ်အနည်းငယ်ကြာပြီးနောက် သက်လတ်ပိုင်းလူမှာ စိတ်ငြိမ်လာသည်။
သူက မျက်ရည်များကို သုတ်ပစ်လိုက်ပြီး သူ့အမူအရာက အနည်းငယ် ထုံထုံထိုင်းထိုင်းဖြစ်နေသည်။ သူက အက်ကွဲနေသောအသံဖြင့် ထိုနေ့ကအဖြစ်မှန်ကို ပြောပြလာခဲ့သည်။
အစက သူ ထိုကောင်လေးကို ကူညီရန် စဉ်းစားခဲ့သေးကြောင်း ပြောပြ၏။
ကားက နေရာသို့ရောက်သွားသွားပြီးသည်နှင့် ပို့ဆောင်မှုကို အော်ဒါမှာသည့်သူမှ ပြီးစီးကြောင်း ပြောလာမည့်အချိန်ကို စောင့်ပြီး ရွှီရုန်ဟန်ကို ပြန်ခေါ်သွားရန်တွေးတောခဲ့သည်။
ရလဒ်အနေနှင့် သူ ဗီလာထဲမှထွက်လာပြီးသည်နှင့် ကားရှေ့ကို ပျင်းတိပျင်းရဲလျှောက်လာသည့် လူငယ်အတော်များများကို မြင်လိုက်ရသည်။
“မင်းတို့ ဒီလောက် နောက်ကျတဲ့ထိ ဘာလုပ်နေတာလဲ”
“သူက မင်းကို မျက်နှာသာမပေးဘူးလေ”
လူရမ်းကားတစ်ယောက်က ဂျက်စမင်၏ခင်ပွန်းကို ကြည့်လာသည်။
“ဒါ ဘယ်သူလဲ”
ကြမ်းတမ်းသန်မာသော လူရမ်းကားများက သူ့ကို စူးစူးရဲရဲစိုက်ကြည့်လာကြသည့်အချိန်တွင် ကားဆရာ၏ တရားမျှတမှုနှင့် သတ္တိတို့မှာ ထိုခဏတွင် ပျောက်ရှသွားလေတော့သည်။
သူ့ကို ရိုက်မည်ဟု ခြိမ်းခြောက်ခဲ့သော လူရမ်းကား၏ ဒေါသတကြီးပြောသံကို ကြားလိုက်ရသည်။
“နောက်ပိုင်းမှာ တခြားသူရဲ့ကိစ္စထဲဝင်ပါပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ရှုပ်မခံနဲ့.. ဝင်မပြောသင့်ဘူးဆိုရင် ပါးစပ်ပိတ်ထား.. ကျုပ်မှာ ခင်ဗျားရဲ့ ဖုန်းနံပါတ်ရှိတယ်.. လိုက်စစ်ဆေးကြည့်ချင်ရင် အလွယ်လေးပဲ အခု ဒီက ဒိုးလိုက်တော့!”
တက္ကစီ ပလက်ဖောင်းတွင် ကားမောင်းသူ၏ ဖုန်းနံပါတ်ရှိပြီး အော်ဒါတစ်ခုတင်ပြီးလျှင် ထိုဖုန်းနံပါတ်ကို မြင်နိုင်လေသည်။
ဂျက်စမင်၏ခင်ပွန်းက လီဗာကိုနင်း၍ ကားစမောင်းလိုက်သည့်အချိန်တွင် သူ့နှလုံးခုန်နှုန်းမှာ အနည်းငယ်မြန်နေခဲ့သည်။
လူရွယ်များက အလယ်မှကောင်လေးကို တွန်းထိုးလာကြပြီး သူ့ကို ကန်ကျောက်နေကြသည်ကို နောက်ကြည့်မှန်မှတစ်ဆင့် သူ မြင်ခဲ့ရသည်။
အပိုင်းနှစ်ခုစာမျှ မောင်းလာပြီးနောက်တွင် သူက ကားကို လမ်းဘေးတွင်ချရပ်လိုက်သည်။
တစ်ဖက်တွင် ထိုလူများ၏ရက်စက်သောခြိမ်းခြောက်မှုနှင့် အခြားတစ်ဖက်တွင် သူ့နှလုံးသားထဲက တရားမျှတမှုရှိနေသည်။
သူက ဖုန်းကို ကိုင်ပြီး ရဲခေါ်ရန်ရန် တုံ့ဆိုင်းနေခဲ့သော်လည်း ပြဿနာထဲသို့ တိုးဝင်မိမည်ကိုလည်း စိုးရိမ်နေသည်။
သူ ဖုန်းစခရင်ကို ဖွင့်ပြီးသည်နှင့် ပလက်ဖောင်းမှ သူ့ကို အခြားစာစောင်တစ်ခုပေးပို့လာပြီး အနီးနားမှ အော်ဒါကို အလိုအလျောက် လက်ခံလိုက်လေသည်။
ခရီးသည်က သူ့ကို ဖုန်းခေါ်လာပြီး ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် ထိုသူက အလျင်လိုနေကြောင်း ပြောကာ မြန်မြန်ရောက်လာခဲ့ပေးရန် တောင်းဆိုနေသည်။
ဖုန်းချလိုက်ပြီးနောက် ဂျက်စမင်၏အမျိုးသားမှာ မလွယ်ကူသည့်ခံစားချက်များကို ချိုးနှိမ်ကာ ခရီးသည်အသစ်ကို တင်ဆောင်ရန် ထွက်သွားခဲ့တော့သည်။
သူ ငယ်စဉ်အခါက လမ်းသလားခဲ့ပြီး အခြားသူများ၏ ရိုက်နှက်ခြင်းကိုလည်း ခံခဲ့ရဖူးသကဲ့သို့ အခြားသူများကိုလည်း ရိုက်နှက်ခဲ့ဖူးသည်။
အကယ်၍ ထိုစဉ်က စိတ်နှင့်သာဆိုလျှင် သူက ထိုကောင်လေးဘက်မှ ရပ်တည်မည်ဖြစ်၏။
သူ ညိုမည်းစွဲသည်ထိ ရိုက်ခံရလျှင်ပင် အခြားသူများနှင့် ရန်ဖြစ်နိုင်သေးသည်။ အများဆုံးရှိမှ တရားမျှတမှု၏ကောင်းကျိုးအတွက် သူ့ကိုယ်သူ စတေးလိုက်ရုံသာ။
သို့သော် ယခုတွင်တော့ ဘဝ၏
တိုက်ခိုက်မှုကြောင့် အားပျော့နေရပြီဖြစ်ကာ ထိုသို့မလုပ်နိုင်တော့ပါချေ။
ဂျက်စမင်၏အမျိုးသားမှာ သူ့ကိုယ်သူ စိတ်ထဲတွင်သာ နှစ်သိမ့်လိုက်သည်။
ထိုလူရွယ်များက အတိတ်က သူ့အတိုင်းပင်။ ကိစ္စအသေးလေးနှင့်လည်း ရန်ဖြစ်ကြသည်။
ထို့အပြင် သူတို့က အားလုံးယောကျာ်းလေးများသာဖြစ်ကြရာ ကြီးကြီးမားမားဖြစ်နိုင်မည်မဟုတ်ပေ။
သူက ထိုသို့တွေးလိုက်ပြီး သူ့စိတ်ထဲတွင် ထိုကိစ္စကို မေ့မေ့ပျောက်ပျောက်ထားလိုက်သည်။ နောက်တစ်နေ့တွင် ရဲစခန်းမှ သူ့ကိုဆက်သွယ်လာပြီး မနေ့က တိတ်ဆိတ်နေခဲ့သောကောင်လေးမှာ သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြား မလာခင်အထိပင်။
သူက အတွင်းပိုင်းအင်္ဂါများထိပါ သွေးထွက်သည်အထိ အရိုက်ခံရပြီး သေဆုံးသွားခဲ့သည်။
ဂျက်စမင်၏အမျိုးသားမှာ စိတ်ရှုပ်ထွေးသွားရပြီး မယုံကြည်နိုင်ခဲ့ပေ။
ထို့နောက်တွင်တော့ သူ့ထံတွင် ကြီးမားသော အပြစ်ရှိစိတ်နှင့် နောင်တတို့က တနင့်တပိုးလိုက်လာသည်။
စိတ်ခံစားချက်အားလုံးက သူ့အား ရောပြွန်းသွားပြီး သူသာ မနေ့က တားဆီးလိုက်နိုင်လျှင်၊ ပြဿနာထဲပါဝင်ကာ အရိုက်ခံရမည်ကို ကြောက်မနေခဲ့ဘဲ ကားကို လမ်းဘေးချရပ်ပေးခဲ့လျှင် ဆိုသည့်အတွေးများက သူ့တွင် တဝဲလည်လည်ဖြစ်နေခဲ့သည်။
ထိုကောင်လေးကို လိုက်ပို့ပေးခဲ့ပါက ယနေ့ကဲ့သို့ကိစ္စများ ဖြစ်လာပါမည်လော။
ရဲအရာရှိက မနေ့က သူ ပို့ဆောင်ပေးခဲ့သည့် သေဆုံးသူ ရွှီရုန်ဟန်က ကားထဲတွင် အခြားသူများနှင့် အချင်းများခဲ့ခြင်းရှိမရှိကို မေးလာသည်။
ထိုအချိန်က ဂျက်စမင်၏အမျိုးသားတွေးခဲ့သည်မှာ သူ တစ်ခါ သတ္တိနည်းပြီးဖြစ်၍ ဤတစ်ခါတော့ ထိုကောင်လေးအတွက် တရားမျှတမှု ပြန်ရှာပေးရမည်ဟုပင်။
သူ ဖြေတော့မည့်အချိန်တွင် ရဲအရာရှိတစ်ဦးက တံခါးခေါက်လာကာ သူ၏ အမျိုးသမီးရောက်လာကာ အလွန်စိတ်ပူနေကြောင်း လာပြောခဲ့ပြီး အပြင်သို့ အရင်ထွက်ကာ သူမကို အရင်နှစ်သိမ့်ရန် ပြောလာခဲ့သည်။
သူ ဟောခန်းထဲသို့ တွေတွေငေးငေးရောက်လာချိန်တွင် သူ၏ ဇနီးသည်က ရောက်လာကာ ပြော၏။
“ရှင် ကျွန်မကို လန့်ပြီးသေအောင် လုပ်နေတာပဲ”
အခြားတစ်ဖက်မှ ဆူညံသံများက သူ့အာရုံကို ဆွဲယူသွားသည်။ သူ လှမ်းကြည့်လိုက်သောအခါ ဟောခန်းထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားများနှင့် အမျိုးသမီးများကို တွေ့လိုက်ရ၏။
ထိုလူများမှာ ရာဇဝတ်မှုကျူးလွန်သည်ဟု သံသယရှိကလေးများ၏ မိဘများပင်ဖြစ်လိမ့်မည်။
သူတို့က ရဲသားနှစ်ယောက်ကို ဝန်းရံနေကြပြီး အပြစ်မရှိဟန်ဖြင့် အော်ဟစ်နေကြ၏။
သူတို့၏ ကလေးများက အသက်နှစ်ဆယ်သာရှိသေးကာ ကောင်းကောင်းမွန်မွန်ပြုမူတတ်ကြပြီး အလွန်နာခံတတ်သည်ဟုလည်း ပြောနေကြသည်။
သူတို့က အတန်းဖော်ကို သေသည်အထိ ရိုက်သတ်နိုင်မည်မဟုတ်ဘဲ လူမှားစွပ်စွဲခံရခြင်းပါဟုလည်း ပြောနေကြ၏။
ဂျက်စမင်နှင့် သူမ၏ အမျိုးသားတို့ကို ဟောခန်းထဲတွင် တွေ့လိုက်ရသောအခါ အမျိုးသမီးများထဲမှ တစ်ယောက်က ရုတ်တရက် ရောက်လာခဲ့သည်။
“ရှင်က မနေ့က ရဲအရာရှိပြောတဲ့ ကားမောင်းတဲ့အစ်ကိုကြီးပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား.. ကျွန်မရဲ့သားလေးအတွက် သက်သေခံပေးရမယ်
ကျွန်မရဲ့သားလေးက အတန်းပြန်လည်တွေ့ဆုံပွဲကို သွားလိုက်ရုံနဲ့ ဘာလို့ လူသတ်သမားဖြစ်လာရမှာလဲ.. ဒီရေဆိုးရေညစ်တွေကို ကျွန်မတို့ရဲ့ ခေါင်းပေါ်ကို သွန်ချလို့မဖြစ်ဘူးလေ”
အခြားသူများကလည်း အော်လာကြသည်။
“ရှင် ဘာစကားပြောတာလဲ.
ကျွန်သားလေးကလည်း ဒီလိုဟာမျိုး လုပ်မှာမဟုတ်ဘူး.. သူ့ကို စောစောမလွှတ်လိုက်သင့်ဘူး.. ကံဆိုးလိုက်တာ!”
“........”
ပထမဆုံး အော်လိုက်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကားထဲတွင် ကောင်လေးကို အပြင်းထန်ဆုံးရိုက်ခဲ့သည့် ကလေး၏ အမေပင်။
ဆူညံနေသော လူအုပ်ကြီးထဲတွင် ဂျက်စမင်၏ အမျိုးသားက သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်လိုက်ရပြီး ထိုအချိန်တွင်မူ မျက်ဆံတို့ကျုံ့သွားရကာ မသိလိုက်စွာနှင့် သူ့၏ဇနီးကို သူ့နောက်ကို ပို့လိုက်မိလေသည်။
သူက အကြည့်ကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်ပြီး သူ့လက်များမှာလည်း အနည်းငယ်တုန်ယင်နေခဲ့သည်။
ထိုလူကို သူသိသည်။
လွန်ခဲ့သည့်နှစ် ၂၀ က သူ့အနေဖြင့် ဂိုဏ်းစတားတစ်ယောက် ဖြစ်လာရန် အိပ်မက်ရှိခဲ့ပြီး အစ်ကိုကြီးတစ်ယောက်နောက်လိုက်ခဲ့ကာ ညီအစ်ကိုများက နေ့တိုင်း လမ်းသလားကြပြီး သောက်ကြ၊ ဆိုကြ၊ ဟန်ထုတ်ကြနှင့် ဂိုဏ်းဖွဲ့ရန်ပွဲများလည်း ဖြစ်ခဲ့ကြသည်။
ထိုအချိန်က သူ ထိုလူကို တွေ့ခဲ့ခြင်းဖြစ်၏။
သူ နောက်လိုက်လုပ်ခဲ့သည့် အစ်ကိုကြီးက ထိုလူ့ကိုမြင်လျှင် အစ်ကိုကြီးဟု ခေါ်ရသည်။
တစ်ချိန်က သူတို့ KTV တွင် သီချင်းသွားဆိုကြစဉ်က အခြားသူများနှင့် သူတို့ စကားများခဲ့ကြသည်။ ထိုလူက ဝိုင်ပုလင်းကို ချက်ချင်းကောက်ဆွဲလိုက်ကာ တစ်ဖက်လူ၏ခေါင်းကို တိုက်ရိုက်ထုလိုက်ပြီး ဖန်ကွဲစများဖြင့် အခြားသူ၏လက်မောင်းကို ထိုးစိုက်ခဲ့သည်။
သူက အမှန်ပင် ရက်စက်လွန်းလှ၏။
ယခုတွင် လူက အများကြီး အသက်ကြီးလာပြီဖြစ်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် သာမန်ဘဝကိုဖြတ်သန်းနေပုံရသော်လည်း ဂျက်စမင်၏အမျိုးသားမှာ သူ့၏လည်ပင်းဘေးက တက်တူးနှင့် ပတ်သက်၍လည်း မှတ်ဉာဏ်ခပ်နက်နက်တစ်ခုရှိခဲ့သည်။
ထိုလူက နီးကပ်လာကာ စိတ်ခံစားချက်ပြင်းထန်နေသည့် သက်လတ်ပိုင်းအမျိုးသမီးကို ကူညီပေးသည်ကို မြင်လိုက်ရသည်။
“အစ်မ သိပ်ပြီးလည်း စိတ်မလှုပ်ရှားပါနဲ့.. ကျွန်တော့်တူလေးက ဒီလိုမကောင်းတာမလုပ်မှန်း သိပါတယ် ရဲတွေက အမှန်တရားကို ရှာဖွေပေးမှာပါ”
ထိုလးက စကားပြောပြီးသည်သည်နှင့် ရင်းနှီးနေသောအမူအရာဖြင့် ဂျက်စမင်၏အမျိုးသားကို လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။
ဂျက်စမင်၏အမျိုးသားမှာ တောင့်တင်းနေဆဲဖြစ်ပြီး သူ့လက်ကို ထုတ်မလာပေ။
ထိုအချိန်တွင် ရဲအရာရှိက ထွက်လာပြီး ဆူပူလိုကိသည်။
“ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..
ဒါ ရဲဌာန၊ ဆူညံပူညံတွေ မလုပ်စမ်းနဲ့”
သူက ရဲအရာရှိ၏ နောက်ကိုလိုက်ကာ တွေဝေမိန်းမောနေခဲ့သည်။ သူ့၏ စိတ်ထဲတွင်တော့ အတိတ်ကမြင်ကွင်းများနှင့် ပြည့်နှက်နေကာ စိတ်များလည်း ရှုပ်ထွေးနောက်ကျိနေသည်။
ယခုအချိန်တွင် လူမှုဝန်းကျင်က တည်ငြိမ်နေပြီး နှိမ်နင်းရေးများကလည်း အားကောင်းသည်။ ထိုလူကလည်း ယခင်ကလောက် ပလွှားမှုမရှိတော့။ ထို့ကြောင့် သူ ထိုလူ့ကို ကြောက်ရန်မလိုတော့ပါ။
ထို့အပြင် သူက ထိုအချိန်က နောက်လိုက် အငယ်လေးတစ်ဦးသာဖြစ်ပြီး သူ့ကို မှတ်မိနိုင်မည်မဟုတ်ချေ။
ဂျက်စမင်၏အမျိုးသားမှာ ပိုကြောက်လေလေ၊ ပိုတွေးမိလာလေလေပင်ဖြစ်သည်။
သို့သော်လည်း အကယ်၍များ...?
ထိုလူက ကောင်းကောင်းမွန်မွန်ဝတ်စားထားသည်ကို ကြည့်ရလျှင် သူ ယခုချိန်တွင် အတော်လေးချမ်းသာနေလောက်မည် မဟုတ်ပါလော။
သူ့တွင် ထိုစဉ်ကကဲ့သို့ အာဏာမျိုးရှိနေသေးလျှင်ရော...?
သူက ကာကွယ်ကြေးများယူနေသည့် လူမိုက်တစ်ဦးဖြစ်နေသေးမည်ဆိုပါက သူ(ကားဆရာ)က ထိုလူ၏ တူကို သတင်းပေးလိုက်သောကြောင့် ဒေါသထွက်လာခဲ့လျှင်...?ထို့အပြင် သူ့၏မိသားစုဆိုင်လေးက ဆယ်နှစ်ကျော်ကြာအောင် ဖွင့်ထားပြီးဖြစ်ကာ သူ့သမီးသည်လည်း အလွန်ကောင်းမွန်သည့် တက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရတော့မည်။
သူ့ဇနီးကလည်း သာမန်အိမ်ရှင်မတစ်ယောက်သာ ဖြစ်ပေ၏။
သူကတော့ ဂိုဏ်းစတားတစ်ဦးမဟုတ်ဘဲ အကြွေးပတ်လည်ဝိုင်းနေကာ အားနည်းသော သာမန်သက်လတ်ပိုင်းလူတစ်ဦးသာဖြစ်သည်။
တစ်ဖက်လူက သူ့ကို အန္တရာယ်ပြုလိုပါက သူ သူ့မိသားစုကို ကာကွယ်နိုင်ပါ့မည်လော။
ရဲအရာရှိ၏အသံက သူ့နားထဲ ကြားယောင်နေဆဲ။
“ခင်ဗျား သက်သေတစ်ခုခုတွေ့ခဲ့တာရှိလား.. ကားထဲမှာတုန်းက သူတို့ အငြင်းပွားတာတွေဖြစ်ခဲ့လား”
အတန်ကြာ တိတ်ဆိတ်ပြီးနောက် ဂျက်စမင်၏အမျိုးသားက မသဲကွဲစွာဖြင့် ဆိုလာသည်။
“အငြင်းပွားတာ... မရှိပါဘူး”
“ကျွန်တော် ဘာမှလည်း မမြင်ခဲ့သလို ဘာမှလည်း မကြားခဲ့ဘူး”
“သူတို့တွေကို ကြည့်ရတာ သာမန်အတန်းဖော်တွေလိုပါပဲ.. တွန်းအားပေးတာလဲ မတွေ့ခဲ့ရဘူး..”
ရဲစခန်းမှ ထွက်လာပြီးနောက် ဂျက်စမင်၏ခင်ပွန်းမှာ အလွန်ခါးသီးစွာခံစားနေရ၏။ ထို့နောက် သူ့ဇနီး ရေရွတ်နေသည်ကို ကြားရသည်။
“သေသွားတဲ့ကောင်လေးရဲ့ အမေ ရဲစခန်းက ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ငိုယိုနေတာ ရှင်တွေ့ခဲ့လား.. သူမက ရိုးရိုးလေး ဝတ်ထားတာ.. ပြီးတော့ ဆံပင်တစ်ဝက်လောက်ကလဲ မရှိတော့ဘူး.. သနားစရာကောင်းလိုက်တာ...”
သူ စိတ်တိုလာတော့၏။
“စကားမပြောနဲ့တော့!”
သူ ဤကိစ္စနှင့် ပတ်သက်၍ မည်သည့် သတင်းမျှကိုလည်း မကြားလိုတော့။ ဤကိစ္စကို အမြန်ဆုံးလွှတ်ချချင်ကာ သာမန်ဘဝလေးကို ပြန်ရောက်ချင်ခဲ့သည်။
သို့မဟုတ်ပါက သူက ကြံရာပါတစ်ယောက်အတိုင်း ခံစားနေရမည်ဖြစ်ပေသည်...။
*