လိမ်ညာထွက်ဆိုခြင်း (3)
Vol. 31 Ch. 302
ဤအကြောင်းတို့ကို ပြန်တွေးချိန်တွင် ဂျက်စမင့်အမျိုးသားက ကြာကြာ မပြောနိုင်ခဲ့ချေ။ သူက ဗလာအကြည့်ဖြင့် ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်ပြီး သူ့ကိုယ်သူရေရွတ်၏။
“ငါ လူသတ်သမားမဟုတ်ဘူး.. ငါ ဘယ်သူ့ကိုမှလည်း အန္တရာယ်မဖြစ်စေခဲ့ဘူး မင်း ဘာလို့ ငါ့ကို အမြဲတမ်းအနှောင့်အယှက်ပေးနေရတာလဲ
မင်းကို သတ်ခဲ့တဲ့လူတွေဆီကို ဘာလို့ မသွားတာလဲ.. ငါက ကြောက်တတ်တယ်၊ ငါက အားနည်းတဲ့လူပေါ.. ငါ့မှာ ကလေးတွေလည်း ရှိတယ်၊ စိတ်ပူစရာတွေလဲ ရှိတယ်.. ဒါ က ငါ့အပြစ်လား”
ထိုအဖြစ်အပျက် ဖြစ်ပြီးချိန်မှစ၍ သူ တစ်ရက်မှ ကောင်းစွာအိပ်မပျော်ခဲ့။
နောက်တော့ သူ ညလယ်တွင် ဖြေးဖြေးချင်းနိုးလာပြီး အားနည်းသလို ခံစားရကာ၊ လည်ချောင်းမှာ ခြောက်ကပ်ကပ်နှင့် အသက်ရှု၍လည်း မရနိုင်ပေ ။
ထို့နောက်တွင်တော့ သူ့ကို ဖြူဖျော့သောမျက်နှာ၊ မည်းမှောင်သည့်အကြည့်ဖြင့်ကြည့်နေသော သေသွားသည့်လူငယ်လေးကို မကြာမခဏ အိပ်မက်မက်လာသည်။
သူက ထိုကောင်လေးကို နောက်ကြည့်မှန်မှတစ်ဆင့် နှစ်ခါသာ ကြည့်ခဲ့ဖူးခြင်းဖြစ်၏။ သို့သော် ထိုကောင်လေး၏မျက်နှာပုံစံတို့က အိပ်မက်ထဲတွင် လုံးဝရှင်းလင်းပြတ်သားနေခဲ့သည်။
နောက်ဆုံးတွင် တစ်စုံတစ်ခုက သူ့ကို မရပ်မနားနှောင့်ယှက်နေမှန်း ဂျက်စမင်၏အမျိုးသား သဘောပေါက်လာသည်။
သေသွားသည့်ကောင်လေးက သူ့ကို မုန်းတီးနေပြီး လက်စားချေလိုသည်။
သူက မှားယွင်းခံရသည်ဟု ခံစားရပြီး ပဟေဠိလည်း ဖြစ်နေ၏။ သူ ကြောက်တတ်ကာ လိမ်ညာပြောခဲ့သော်လည်း သေဖို့ထိတော့ မထိုက်တန်သေးဟု သူ ခံစားရသည်။
ဤရက်များအတွင်း သူက အင်တာနက်ပေါ်မှ တစ္ဆေသရဲများကို နှင်ထုတ်နိုင်ရန် နည်းလမ်းများကို အပူတပြင်း ရှာဖွေနေခဲ့သည်။
သူက မေတ္တသုတ်နှင့် ဝဇီရာကျမ်းတို့ကိုလည်း ထပ်ကာတလဲလဲ ရွတ်ဆိုခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။
သူက ဖိုရမ်တစ်ခုကို မတော်တဆနှိပ်မိသွားပြီး ပို့စ်တင်သူက သူ့တွင် အထူးနည်းလမ်းရှိဖူးသည်ဟု ပြောလာသည်။
သူက သရဲများကိုမြင်ရသည်ကို ကြောက်တတ်သည်၊ သို့သော် ကျုံခွေ့တက်တူးကို ထိုးပြီးနောက် သူ့ခန္ဓာကိုယ်မှာ အရင်ကထက် ပိုကောင်းလာခဲ့သည်။
လူများကလည်း ပြောကြသည်။
ကျုံခွေ့ဆိုသည်မှာ တစ္ဆေဖမ်းနတ်ဘုရားဖြစ်ပြီး သရဲများအကြောက်ဆုံးနတ်ဘုရားလည်း ဖြစ်သည်။
သို့သော် နောက်ကျောဘက်တွင်သာ တက်တူးထိုးနိုင်သည်ဟု ဆို၏။
ရှာဖွေမှုများ ပြုလုပ်ပြီးသည့်နောက်တွက် ဂျက်စမင်၏ခင်ပွန်းက သီးသန့်ခွဲထွက်ကာ သူ့ကိုခြောက်လှန့်နေသော တစ္ဆေကို မောင်းထုတ်ဖို့ရန်အတွက်နှင့် နောက်ကျောမှ သည်းမခံနိုင်စရာ နာကျင်မှုများနှင့် ရောင်ရမ်းနာများကို မမှုဘဲ တက်တူးပုံ ပြောင်းထိုးခဲ့သည်။
ကုကျစ်စုန့်က သက်ပြင်းဖျော့ဖျော့ချကာ ပြောလိုက်သည်။
“ရှင်တစ်ယောက်ပဲ မဟုတ်ဘူး၊ တခြားသူတွေလည်း အခြောက်ခံနေရတယ်.. ပြီးတော့ သူတို့ရဲ့အခြေအနေက ရှင့်ထက် ပိုဆိုးတယ်”
‘ဝိညာဉ်ဖမ်းစာအုပ်’အရဆိုလျှင် လူနှစ်ယောက်မှာ သေသွားပြီဖြစ်၏။
ကျန်လူများမှာ ဒဏ်ရာအမျိုးမျိုးခံစားနေရကာ ယင်စွမ်းအင်၏ ထိုးဖောက်မှုကိုလည်း ခံစားနေရသည်။
ထိုလူများက ရိုက်နှက်ကာ လူသတ်မှုထဲတွင် ပါဝင်နေကြသော လူများပင်ဖြစ်လိမ့်မည်။
ဂျက်စမင်၏ခင်ပွန်း ပြောသည့်အတိုင်းဆိုလျှင် သူ့တွင် စိတ်မချနိုင်စရာများရှိပြီး သူ့မိသားစုပါ ထိုသို့ခံရမည်ကို ကြောက်နေခဲ့သည်။
ကမ္ဘာလောက၏ စည်းမျဉ်းနိယာမအတိုင်းဆိုလျှင် သူက လူသတ်မှုတွင် မပါဝင်ခဲ့ဘဲ ဖုံးကွယ်ခဲ့ရုံသာဆိုသည့်အချက်ကြောင့် လိမ်လည်ထွက်ဆိုချက်အဖြစ် သတ်မှတ်ရန်ခက်သည်။
သို့သော် စာရိတ္တရှုထောင့်ကမူ သူက သေဆုံးသူ ရွှီရုန်ဟန် ခံစားခဲ့ရသည့် နာကျင်မှုကို ဖုံးကွယ်ထားပြီး လူသတ်သမားကိုလည်း ဖုံးကွယ်ထားခဲ့သည်။
ဂျက်စမင်၏ခင်ပွန်းမှာ ခေါင်းတွင်တွင်ခါနေဆဲပင်။
“ငါ ပြစ်မှု မကျူးလွန်ခဲ့ဘူး.. ဘာလို့ မင်း ငါ့ကို အဆက်မပြတ်နှောင့်ယှက်နေတာလဲ... ဘာလို့လဲ...”
ကုကျစ်စုန့်က မျက်မှောက်ကြုတ်ကာ အတန်ကြာသည်အထိ မည်သည့်စကားမှမဆိုချေ။
လူသားများ၏ အရေးကိစ္စများမှာ အမြဲတစေ ရှုပ်ထွေးခဲ့ပြီး လူတိုင်းတွင် မတူညီသော ဆုံးဖြတ်ချက်များ ရှိကြသည်။
ဤအဖြစ်အပျက်က အရင်အဖြစ်များထက် ဆွေးနွေးမှုပိုများစေကာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်များသည် အထင်အမြင် အမျိုးမျိုးဖော်ပြလာကြသည်။
သူမက ကင်မရာကို ကြည့်ကာ ပြောသည်။
“အပြစ်ရှိလား မရှိဘူးလား၊ ဆုပေးသင့်လား၊ ဒဏ်ပေးသင့်လားဆိုတာကို ကျွန်မ လုပ်ဆောင်လို့မရဘူး”
နောက်ဆုံး ခွဲခြမ်းစိတ်ဖြာပြီးသွားသည့်နောက်တွင် သူမက ဤအဖြစ်အပျက်များ၏ ပွဲကြည့်သူသက်သက်သာဖြစ်၏။
လူ့လောက၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူလည်း မဟုတ်သလို၊ မြေအောက်လောက၏ ယမမင်းလည်း မဟုတ်၏။
“ဒါပေမဲ့ သူ ဘာလို့ ရှင့်ကို နှောင့်ယှက်နေရတာလဲဆိုတာကိုတော့ သိတယ်”
ဂျက်စမင်၏အမျိုးသားက ရီဝေဝေနှင့် ခေါင်းမော့ကာ အသံထွက်ပေါ်ရာ အရင်းအမြစ်ဖြစ်သည့် သူ့၏ဇနီးဆီကို လှမ်းကြည့်လိုက်သည်။
သူက တိုက်ရိုက်ထုတ်လွှင့်ခန်းဆီမှ အမျိုးသမီး လှမ်းပြောသည်ကို ကြားလိုက်ရသည်။
“ရှင့်မှာ အရင်က ဓားပုံကိုင်ထားတဲ့ကွမ်ကုန်းတက်တူးထိုးခဲ့တယ်မဟုတ်လားသူက တရားမျှတမှု၊ ရဲရင့်ခြင်းနဲ့ ဇွဲလုံ့လတို့ရဲ့ ပြယုဂ်ပဲ.. ဓားကိုင်ထားတဲ့ကွမ်ကုန်းကတော့ သစ္စာရှိခြင်းနဲ့ ရဲရင့်ခိုင်မာခြင်းဆိုတာပါ ပါဝင်ပြီးတော့ ‘ကမ္ဘာပေါ်က မတရားမှုတွေကို သုတ်သင်ပြီး အန္တရာယ်ရှိတဲ့လူတွေကို ဖယ်ရှားမယ်’ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်တယ်”
“သူက အမှန်တရားဘက်က နတ်ဘုရားပဲ.. ရှင်က သူ့ကို တက်တူးထိုးမယ်ဆိုရင် ရှင့်ရဲ့ကံကြမ္မာ ဘယ်လောက်လက်ခံနိုင်လဲဆိုတဲ့ပေါ်မှာ မူတည်တယ်.. ရှင်က အဲဒီလိုလူမျိုး မဟုတ်ခဲ့ရင်တော့ စွမ်းအင်က ရှင်နဲ့ မတည့်တော့ဘဲ ရှင့်ကို စိုးမိုးသွားလိမ့်မယ်”
ကုကျစ်စုန့်၏ လေသံက နက်နဲနေပြီး သူမက ဆက်ပြောသည်။
“သူ့ကို တက်တူးထိုးလိုက်တယ်ဆိုတော့ ဒီအဓိပ္ပာယ်တွေနဲ့ အရိပ်အမြွက်တွေကို ကြားဖူးခဲ့မှာပဲ.. အဲ့ဒီအချိန်က ရှင် ကတိကဝတ်ပြုတာလိုမျိုး တစ်ခုခုတော့ လုပ်ခဲ့ရလိမ့်မယ်.. ဒါမှ ရှင့်စကားတွေကို ပေါင်းထည့်ပြီး ‘ဓားကိုင်ထားတဲ့ကွမ်ကုန်း’ရဲ့ လွှမ်းမိုးမှုကို ပိုထိရောက်စေမှာ”
ကုကျစ်စုန့်၏ စကားကို နားထောင်ပြီးနောက် ဂျက်စမင်၏ ခင်ပွန်းက လွန်ခဲ့သည့်အနှစ် ၂၀ က အဖြစ်ကို ပြန်တွေးမိသွားသည်။
သူ၏ ညီအစ်ကိုအဖွဲ့နှင့် တက်တူးထိုးရန်သွားခဲ့စဉ်က ကွမ်ကုန်းက သစ္စာရှိပြီး ရဲရင့်ကာ သူ့အဓိပ္ပာယ်က ကောင်းမွန်ခြင်းဟု တက်တူးဆရာပြောသည်ကို သူကြားခဲ့ရသည်။
ထိုစဉ်က သူ့တွင် တွေးတောစိတ်ပူစရာများများစားစားလည်း မရှိသလို စိတ်အားထက်သန်မှုနှင့် တရားမျှတမှုအပြည့် ရှိနေခဲ့ချိန်ဖြစ်ကာ ဇာတ်ကားများထဲမှ သူရဲကောင်းတို့၏ သစ္စာရှိခြင်းနှင့် ရဲစွမ်းသတ္တိကို တောင့်တနေချိန်လည်း ဖြစ်သည်။
သူ ဇာတ်လမ်းများကြည့်တိုင်း၊ သို့မဟုတ် စားပွဲသောက်ပွဲတွင် သောက်ကြတိုင်း သူက သူ့အပေါင်းအသင်းများကို မာန်ပါပါပြောတတ်သည်။
“ငါသာ အဲဒီလို ကြုံရရင် လူတွေကို ကယ်လိုက်မှာကွ!”
သူ မသိခဲ့သည်က သူက သစ္စာရှိပြီး ရဲရင့်ရမည်ဟု အခါခါ
ပြောနေခဲ့သည့်အတွက်ကြောင့် မမျှတမှုများတွေ့ပါက ကူညီနိုင်ရန်အတွက် ဆွဲထားခဲ့သော ‘ဓားကိုင်ထားသော ကွမ်ကုန်း’က သူ့ကို အလွန်တရာ လွှမ်းမိုးလာနိုင်ခဲ့သည်ကိုပင်။
သို့သော်လည်း သူက ရွှီရုန်ဟန်၏ကိစ္စကို တွေ့ကြုံရပြီး ခေါင်းရှောင်ခဲ့ချိန်တွင် စကားများနှင့် မြှင့်တင်ခဲ့သော လွှမ်းမိုးနိုင်စွမ်းအားက ဆန့်ကျင်ဘက်သို့ ပြောင်းသွားခဲ့ရသည်။
သေလွန်ပြီး တစ္ဆေတစ်ကောင်ဖြစ်လာသော ရွှီရုန်ဟန်က အင်္ကျီကို ဖောက်ထွင်း၍ သူ့နောက်ကျောမှ ကွမ်ကုန်းပုံဖျော့ဖျော့ကို မြင်နိုင်ခဲ့ကာ သူ့ဝိညာဉ်လွှမ်းမိုးနိုင်သည့် အမှတ်အသားကို တွေ့ခဲ့လေ၏။
ရဲစခန်းတွင် ဂျက်စမင်၏ ခင်ပွန်းပြောခဲ့သည့် အလိမ်အညာများကို နားထောင်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ကွမ်ကုန်း၏လွှမ်းမိုးမှုကို ကြည့်ကာ ရွှီရုန်ဟန်က သူ့အတွေ့အကြုံကို တွေးပြီးနောက် ဤလူမှာ သူတော်ကောင်းယောင်ဆောင်နေသော ကြောင်တောင်တောင်နိုင်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူက ကွမ်ကုန်းတက်တူးနှင့် မည်သို့များ ထိုက်တန်ပါမည်နည်း။
မည်သို့များ သူက သစ္စာရှိကာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်ဟု ပြောရဲရပါသနည်း။
နာကျည်းချက်ကြောင့် ကျိုးကြောင်းစီလျော်မှုများ ဖယ်ရှားလိုက်ရသော တစ္ဆေမှာ ထိုလူ၏အရှက်မရှိသောမျက်နှာကို ဆွဲခွာချင်လာကာ သေလုမတတ်ကြောက်နေသည်ကို မြင်ရခြင်းက သူ့ကို ပျော်ရွှင်လာစေသည်။
အစပိုင်းတွင် သူက ဂျက်စမင့်ခင်ပွန်း၏ အသက်ကို လိုချင်ခဲ့ခြင်းမဟုတ်ဘဲ သူ့၏နာကျည်းချက်များနှင့် ဒေါသများကို ပေါက်ကွဲစေလိုခဲ့ပြီး သူ့ကို တောင်းပန်လာစေရန်နှင့် အလိုတူအလိုပါဖြစ်ခဲ့သည်ကို နောင်တရစေချင်ရုံသာဖြစ်နိုင်သည်။
သို့သော် ထိုလူက ကျုံခွေ့တက်တူးကို ညတွင်းချင်း သွားထိုးလာမည်ဟု မည်သူက တွေးမိနိုင်ပါအံ့နည်း။
သူက ဂျက်စမင့်၏ခင်ပွန်းနားသို့ ကပ်လာသောအခါ ကျုံခွေ့အစီအရင်ကြောင့် တိုက်ရိုက်ထိခိုက်သွားပြီး မိစ္ဆာဆန်သော ဒေါသများနှင့် မှားယွင်းစွာသေဆုံးခဲ့ရခြင်းအပေါ်
နာကျည်းမှုများကို မြင့်တက်လာစေကာ ထိုလူ့ကိုသတ်ရန်အတွက် သဲကြီးမဲကြီး လိုက်လံတိုက်ခိုက်တော့သည်။
ကုကျစ်စုန့်က ဟောပြောအပြီးတွင် ထိုလူမှာ အချိန်ကြာအောင် ဆိတ်ဆိတ်သွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်ဆွေးနွေးမှုများမှာတော့ ပို၍ပင် ပြင်းထန်လာခဲ့သည်။
တချို့လူများက ဂျက်စမင့်ခင်ပွန်းက မှားခဲ့သည်မဟုတ်ဘဲ သူ့တွင် မိသားစုနှင့် စိတ်ပူစရာများရှိခြင်းက ရှောင်လွှဲ၍ မရနိုင်ဟု တွေးကြသည်။
ဆန့်ကျင်ဘက်အားဖြင့် တစ္ဆေကတော့ ရက်စင်လွန်းပြီး တရားလွန်သည်ဟု ထင်ကြသည်။
တချို့လူများကတော့ သူက လူသတ်မှုအပေါ် လီဆယ်ပြောဆိုခဲ့သောကြောင့် ပြန်ဖုံးကွယ်ပေး၍မရဟု တွေးသည်။
ထို့အပြင် ထိုသရဲက အကြောင်းပြချက်မဲ့စွာ သေဆုံးသွားရပြီး အငြိုးကြီးတစ္ဆေလည်း ဖြစ်လာသည်။ သူ မည်သို့ ယုတ္တိကျကျ တွေးနိုင်ပါမည်နည်း။
ခဏကြာပြီးနောက် ဂျက်စမင်၏အမျိုးသားက စိတ်ပျက်အားလျော့စွာဖြင့် မျက်နှာကို ဖုံးအုပ်လိုက်လေတော့သည်။
လောကဓံ၏ပြကွက်များက လူတစ်ယောက်၏ အနားသတ်စည်းမျဉ်းများကို ဆုံးရှူံးသွားစေခဲ့ပုံပေါ်သည်။
နောက်ဆုံးတွင်တော့ သူက သူ ငယ်စဉ်က အမုန်းတီးဆုံးဖြစ်ခဲ့ဖူးသည့် သတ္တိကြောင်သော သာမည လူတစ်ဦးသာဖြစ်နေခဲ့၏။[ငါ ဒါကို ဘယ်လိုမှတ်ချက်ပေးရမှန်းတောင် မသိတော့ဘူး.. လူသားရော၊ သရဲကပါ သူတို့အကြောင်းပြချက်နဲ့သူတို့ ရှိကြတာပဲ..
အကူအညီတောင်းတဲ့ အစ်မရဲ့ယောကျာ်းက ဘာလို့နောက်ဆုတ်ဖို့ ရွေးလိုက်တာလဲဆိုတာ ငါ နားလည်တယ်.. ဘာလို့လဲဆိုတော့ ငါ့မှာလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေရတော့မဲ့ သမီးတစ်ယောက်နဲ့ ထောက်ပံ့ကျွေးမွေးရမဲ့ မိသားစု ရှိလို့ပဲ]
[အရိုးသားဆုံးပြောရရင် မကောင်းမှုကို အပြစ်ပေးပြီး ကောင်းမှုကို ကောင်းချီးပေးရမယ်.. တကယ်လို့ ငါသာ တစ်နေ့နေ့ အရိုက်ခံရမယ်ဆိုရင် ပြန်တိုက်ခိုက်ဖို့ကို နှစ်ခါပြန်စဉ်းစားမိမှာပဲ]
[အမလေး.. သူ လိမ်ခဲ့လား၊ လီဆယ်ပြောဆိုခဲ့လားဆိုတာ အရေးမကြီးတော့ဘူး.. သူ ဘယ်လောက်ပဲ ကြောက်နေနေ၊ နောက်တော့ ရဲခေါ်လိုက်ရင် ရတယ်လေ
သူ့မှာ ရဲဌာနရဲ့ တရားဝင်အကာအကွယ်ပေးတာကို ခံရပြီး အမှန်တရားကိုလည်း ပြောနိုင်ခဲ့မှာပဲ.. ဟုတ်တယ်မလား တစ်လောကလုံးမှာ ဘယ်သူမှ ကူညီဖို့ ရှေ့ထွက်မလာနိုင်ခဲ့ရင် ဒီကမ္ဘာကြီး ကျိန်းသေပေါက် ပျက်စီးလိမ့်မယ်]
[ရွှီရုန်ဟန်က သနားစရာကောင်းတယ်.. အကြမ်းဖက်မှုမှာ ပါခဲ့တဲ့လူတွေနဲ့ ပတ်သက်ပြီး ငါ မကောင်းပြောချင်တယ်.. အဲ့ကောင်တွေက တိရိစ္ဆာန်တွေပဲ!
သူတို့က လူတစ်ယောက်ရဲ့ အတွင်းအင်္ဂါတွေကို ဖျက်ဆီးပစ်ခဲ့ပြီး သေအောင်ရိုက်သတ်ခဲ့တယ်.. အဲဒီလိုကောင်တွေကို ‘ကလေးတွေ’လို့တောင် ခေါ်နိုင်သေးတယ်ပေါ့.. ချီးပဲ!]
[အပေါ်က ကလေးက ဒါကို လွယ်လွယ်နဲ့ ပြောနိုင်တယ်၊ ဒါပေမဲ့ လူ့အသိုင်းအဝိုင်းရဲ့ အမှောင်ဘက်ခြမ်းကိုတော့ မသိနိုင်လောက်ဘူး
အပေါ်ယံလေးတင် ကြည့်ရင် လူတိုင်းက တာဝန်သိတဲ့နိုင်ငံသားကောင်းတွေ ဖြစ်နေကြတာ.. ဒါပေမဲ့ တကယ်တမ်းက ငွေတိုးချေးစားတဲ့သူတွေနဲ့ အဆောက်အအုံဖြိုတဲ့အလုပ်သမားတွေလို ‘ဓားပျော့’တွေလဲ အများကြီးရှိတာပဲ
သူတို့က မင်းရဲ့ဆိုင်ကို နေ့တိုင်းသွားပြီး လုပ်ငန်းဆက်လုပ်လို့မရတော့အောင် အနှောင့်အယှက်တွေ ပေးလာနိုင်တယ်.. ကျောင်းကနေ အိမ်ပြန်တဲ့လမ်းမှာ မင်းရဲ့သမီးကို လမ်းပိတ်ထားပြီး ပညာရေးကို လျော့ကျလာအောင် လုပ်နိုင်တယ်..
မိသားစုတွေကို ဖျက်ဆီးဖို့ နည်းလမ်းတွေအများကြီး ရှိနေတာပဲမဟုတ်ဘူးလား!!]
(T//n: ဓားပျော့ - မသိမသာနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ နည်းလမ်း)
*