ဖမ်းစားခံထားရခြင်း(2)
Vol. 31 Ch. 307
ကုကျစ်စုန့်က စခရင်ပေါ်မှ ပြုံးယောင်သန်းနေသောမျက်နှာကိုကြည့်ကာ စိတ်ဝင်စားလာရသည်။
ထို့အပြင် ဤလူနှင့်ပတ်သက်၍ တစ်ခုခုလွဲမှားနေသည်ကို သူမ ခံစားမိသည်။
သူ့၏ခေါင်းပေါ်တွင် မီးခိုးရောင်ဖျော့ဖျော့မြူထုတစ်ခုရှိနေကာ သူ့၏အနာဂတ်က လျော့ကျနိုင်ပြီး ပြဿနာဖြစ်နိုင်သည်ကို ဖော်ပြနေသည်။
ထို့အပြင် သူ့၏မျက်နှာမှာ မှုန်မှိုင်းနေပြီး ညာဘက်မျက်ခုံးပေါ်မှ မီးခိုးရောင်က အသိပ်သည်းဆုံးဖြစ်သည်။
စကားအနည်းငယ် ပြောပြီးသည့်နောက် ကုကျစ်စုန့်က မေးလိုက်သည်။
“ရှင့်ရဲ့မျက်နှာသွင်ပြင်ကို အရင်ဆုံးဖတ်ကြည့်လိုက်ကြမလား”
ရှီကျန်းဝူ : “ကောင်းပါပြီ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါအုံး ကုတောက်ကျန့်”
ကုကျစ်စုန့်က အနည်းငယ်ခေါင်းငြိမ့်လိုက်ပြီး ဖြည်းဖြည်း ပြောလာသည်။
“ရှင် ဒီနှစ်မှာ အသက် ၂၇ ရှိပြီ.. ၁၉၉၅ ခုနှစ်က မွေးတာ.. ကျွန်မကို ရှင့်မွေးသက္ကရာဇ် မပေးပေမဲ့ ရှင့်မွေးနေ့က အတော်လေးထူးခြားပြီး တွက်ဖို့လွယ်တယ်”
“ရှင်က နွေလယ်မှာ မွေးခဲ့ပြီး၊ လအစမှာမွေးတာ.. ဒြပ်စင်ငါးခုထဲမှာ သစ်သား၊ ရွှေနဲ့ ရေကို ပိုင်ဆိုင်တယ်.. ပြီးတော့ ဇာတာခွင်က ကျန်း၊ ကြယ်စင်တာရာခွင်မှာ သက်ဆိုင်ရာကြယ်က ‘နဂါးချိုကြယ်’ပဲ၊
ဆိုလိုတာက နွေဦးနဂါးက သူ့ရဲ့ ကိန်းဝပ်နေတဲ့အခြေအနေကို ပြီးဆုံးစေပြီး မျက်နှာပြင်ပေါ် စတင်ပေါ်ထွက်လာမယ်၊ ကြီးထွားမှုရဲ့ အစပဲ”
“ဒီတော့ ရှင့်မွေးနေ့က လပြက္ခဒိန်ရဲ့ ဒုတိယလရဲ့ ဒုတိယနေ့မှာ မွေးဖွားတာပဲ၊ လူတွေကတော့ ဒါကို ‘နဂါးဦီးမော့ခြင်း’လို့ ခေါ်ကြတယ်”
လူအများ ပြောနေကြသည့် “နဂါးဦးမော့ခြင်း” ဆိုသည်မှာ နွေဦးကောက်သစ်ပွဲတော်ကို ရည်ညွှန်းပြီး နွေဦးနဂါးပွဲတော်ဟုလည်း သိကြသည်။
နှစ်တိုင်း လပြက္ခဒိန်၏ ပထမလအစတွင် ကြယ်စင်စုရှိ နဂါးချိုကြယ်တာရာက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာကာ ကမ္ဘာမြေ၏ နှစ်သစ်တွငိ ရှင်သန်မှုနှင့် ယန်စွမ်းအင်များကို ဖြန့်ကျက်လိမ့်မည်။ ထို့ကြောင့် “နဂါးဦးမော့သည်”ဟု ဆိုခြင်းဖြစ်သည်။
ထိုမှစပြီး နွေဦးရာသီက ပို၍အားကောင်းလာကာ လူများအတွက် ကြီးကျယ်သောနေ့ဖြစ်လာသည်။ သူတို့က ရာသီဥတုကောင်းနှင့် နှစ်တစ်နှစ်၏ အဆက်မပြတ်ကောင်းချီးများအတွက် တောင်းဆုပြုကြသည်။
ထိုနေ့တွင်မွေးသော ကလေးများက အားကောင်းသောယန်စွမ်းအင်နှင့် ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြမည်ဟု ယုံတမ်းတစ်ခုရှိသည်။
ကုကျစ်စုန့်က ပြောသည်။
“ထပ်ပြောရရင် ရှင့်ရဲ့အသက်နန်းတော်မှာ ယန်မီးတောက်အများကြီးရှိတယ်၊ ဆိုလိုတာက ရှင်က မွန်းတည့်ချိန်နောက်ပိုင်း မွေးဖွားတာ၊ ရှင့်မှာ သန့်စင်တဲ့ယန်ဖွဲ့စည်းပုံမရှိပေမဲ့ သာမန်လူတွေနဲ့စာရင်တော့ တော်တော်လေး ကျန်းမာတယ်လို့ ပြောရမယ်”
“ရှင်က ငယ်ငယ်လေးကတည်းက ရဲရင့်တယ်၊ တည်ငြိမ်တယ်၊ အလုပ်လုပ်တဲ့အခါ အလေးအနက်ထားတယ်၊ ပြီးတော့ ရှင်က တစ္ဆေသရဲတွေကို ယုံကြည်တာ၊ ကြောက်တာမျိုးလဲ မရှိဘူး”
ရှီကျန်းဝူက ဤသည်ကို ကြားတော့ သူ မသိလိုက်စွာနှင့် ခေါင်းငြိမ့်မိသည်။
ကုကျစ်စုန့် ဟောသမျှအချက်တိုင်းက မှန်နေသောကြောင့် ဖြစ်သည်။
သူက ယခင်က တစ္ဆေသရဲများကို အယုံအကြည်မရှိ၊ သို့သော် သူ့မိသားစုထဲမှ အဖြစ်အပျက်က သူ့ကို ဖြည်းဖြည်းချင်း သံသယဝင်လာစေကာ ယုံကြည်လာတော့သည်။
ကုကျစ်စုန့်က ဆက်ပြောသည်။
“လက္ခဏာရှစ်ခုနဲ့ နတ်ဘုရားဆယ်ပါးအရ ရှင့်ရဲ့ ရေ လက္ခဏာက သစ်သားကိုဖြစ်စေတာ၊ ကောင်းမွန်တဲ့လက္ခဏာပဲ.. ချမ်းသာမှုရော၊ ပညာရေးထူးချွန်မှုရော ရှိလိမ့်မယ်.. ကြယ်စင်စုထဲက ကြယ်တာရာကလည်း တောက်ပတယ်
ဒီအချက်တွေအရ ရှင့်ရဲ့မိဘတွေ၊ ဒါမှမဟုတ် အရင်မျိုးဆက်တွေက ဂုဏ်သရေရှိလူတွေနဲ့၊ ပညာတတ်တွေပဲ
သူတို့ပညာရေးကလည်း အတော်မြင့်မားတယ် ၊ပြီးတော့ ရှင့်အပေါ်ထားတဲ့ သူတို့ရဲ့ စည်းမျဉ်းတွေနဲ့ လိုအပ်ချက်တွေကလဲ တော်တော်လေးမြင့်တယ်”
“ရှင်ကတော့ ဒီလိုမိသားစုအနာဂတ်ရဲ့ လွှမ်းမိုးမှုအောက်မှာ၊ ပြီးတော့ ကိုယ်ပိုက်ကံကြမ္မာလက္ခဏာတွေအရရော ရှင့်မှာ ချောမွေ့တဲ့ ပညာရေးလမ်းကြောင်းရှိပြီး ကောင်းမွန်တဲ့ကံကြမ္မာရှိတယ်”
ရှီကျန်းဝူကတော့ ခါးသက်စွာပြုံးပြီး ပြောသည်။
“ကုတောက်ကျန့် ၊ ခင်ဗျားက တော်တော်တိကျတာပဲ.. ကျွန်တော့်မိသားစုထဲက အကြီးအကဲတွေက တကယ့် ဂုဏ်သရေရှိလူကြီးလူကောင်းတွေ၊ အထူးသဖြင့် ကျွန်တော့် အဘိုးအဘွားတွေပေါ့ ..
သူတို့က ၁၉၆၀ လောက်က ပြည်ပမှာ ပညာသင်ခဲ့ပြီး မိသားစုနောက်ခံကောင်းလဲ ရှိတယ် ၊ ကျွန်တော့်အဘွားကတော့ ကျွန်တော့်အမေအပေါ် တော်တော်လေးတင်းကြပ်တယ်၊ ကျွန်တော့်အမေကတော့ ကျွန်တော့်ကို တင်းကြပ်တာပေါ့.. ငယ်ငယ်လေးကတည်းကပါပဲ”
“ဒါပေမဲ့ ခင်ဗျား တစ်ခုတော့ မှားသွားတယ်.. ကျွန်တော်ရဲ့ပညာရေးခရီးလမ်းက သိပ်မချောမွေ့ဘူး.. ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်က ကျွန်တော်က ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ပဲ
ရှားကောမှာရှိတဲ့ ထိပ်ဆုံးနံပါတ် ၂ ဖြစ်တဲ့ တက္ကသိုလ်ကို သွားဖို့ အိပ်မက်မက်ခဲ့တယ်၊ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်ကျခဲ့တယ်.. အတိုချုံးပြောရရင်တော့ ကျွန်တော့်အမှတ်တွေက ဆိုးဝါးပြီး သာမန်ဒုတိယအဆင့်တက္ကသိုလ်တစ်ခုကိုပဲ တက်လိုက်ရတော့တယ်”
ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျရှုံးခဲ့သည့်အကြောင်းဆီသို့ ရောက်လာလျှင် ရှီကျန်းဝူမှာ ခါးသက်စွာ ခံစားလိုက်ရသည်။
ဤအဖြစ်အပျက်က သူ့နှလုံးသားထဲတွင် ဆူးတစ်ချောင်းကဲ့သို့ဖြစ်နေကာ သူ့ဘဝ၏ အကြီးမားဆုံးသော အရိပ်မည်းကြီးဆိုလည်း မမှားပါချေ။
နောက်ပိုင်းနှစ်များတွင် သူ့အနေဖြင့် ထိုကျရှုံးမှုကို ခံသာနိုင်ရန် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သည်။
ကုကျစ်စုန့်က ပြောလိုက်သည်။
“ကျွန်မ သိတယ်.. ဒါကြောင့်ပဲ ‘ဖြစ်သင့်တယ်’လို့ ပြောခဲ့တာလေ”
“ရှင့်ရဲ့ ကြမ္မာအလှည့်အပြောင်းက ရုတ်တရက်ကြီးဖြစ်လွန်းလို့ ကျွန်မတောင်အံ့ဩသွားတယ်.. နောက်တစ်ခုက ရှင့်မိဘကြမ္မာတွေကလဲ တော်တော်ထူးဆန်းတယ်..
ရှင့်မှာ ချမ်းသာမှုရော၊ ကောင်းမွန်တဲ့ပညာရေးရောရှိတယ်လို့ ကျွန်မ ပြောခဲ့တယ်မလား ရှင့်ရဲ့ အပြုသဘောလက္ခဏာတွေက ကောင်းမွန်တဲ့ပညာရေးတွေပဲ
မူလကြမ္မာလမ်းကြောင်းအရ ရှင့်မိဘကြမ္မာရဲ့ မိသားစုဆက်ဆံရေးက တော်တော်ပျော်စရာကောင်းသင့်တာ”
“ဒါပေမဲ့ တကယ်တန်းကျတော့ ရှင့်ရဲ့နဖူးဘယ်ဘက်ဘေးက ဖူထန်က နည်းနည်းပြားနေတယ်.. အမေနဲ့သားကြားက တော်စပ်ပုံက ရှင် ခြောက်နှစ်သားကတည်းက ကျိုးပျက်လုနီးနီးပဲ”
“ဆိုလိုတာက ရှင့်မိဘတွေက ရှင် အသက်ခြောက်နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြတယ်.. ပြတ်တောက်သွားတာမျိုးတော့ မဟုတ်ပေမဲ့ တချို့ပြင်ပအရာလေးတွေက ဝင်စွက်ဖက်နေတယ်
အတိုပြောရရင်တော့ သူတို့မှာ ပျော်ရွှင်တဲ့ဆက်ဆံရေးမရှိကြဘူး.. အဲဒီအချိန်ကတည်းက ရှင်က ရှင့်အဖေနဲ့ပဲ နေရပြီး အမေကိုတော့ အတော်ကြာမှတစ်ခါ မြင်ရတယ်”
ရှီကျန်းဝူမှာ မတ်မတ်ထိုင်ကာ ခေါင်းငြိမ့်ရုံသာ တတ်နိုင်ခဲ့သည်။
“အဲဒါက ဒီလိုပါ ကုတောက်ကျန့်.. ကျွန်တော့်ရဲ့မိဘတွေကြားမှာ ဆက်ဆံရေးကောင်းရှိပေမဲ့ မိသားစုနှစ်ခုကြားမှာရှိတဲ့ ပဋိပက္ခလေးတွေက အတော်လေးကြီးမားတယ်လေ..
ကျွန်တော်ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ရဲ့အဘွားမှာလည်း ထူးဆန်းတဲ့စိတ်နေသဘောထားရှိတယ်.. ကျွန်တော့်မိဘတွေ ကွာရှင်းလိုက်ရတာလည်း အဘွားကြောင့်ပဲ”
ကုကျစ်စုန့်က ခေါင်းငြိမ့်ကာ တစ်ခဏမျှ တွေးဆလိုက်သည်။
သူမ ရှီကျန်းဝူ၏မျက်နှာကို မြင်စဉ်က ဤလူငယ်က ကံဆိုးမှုနှင့် ကြုံရတော့မည်ဟုသာ တွေးခဲ့သည်။
သို့သော် သေသေချာချာလေ့လာပြီးနောက်တွင် သူ့ကံကြမ္မာမျဉ်းကြောင်းနှင့် သူ့မိဘများ၏ ကံကြမ္မာမျဉ်းကြောင်းများသည်ပင် အနည်းငယ်ထူးဆန်းနေကြောင်းကို သူမ သိလိုက်ရသည်။
ကြွယ်ဝသော ပညာရေးအသက်မွေးမှုနှင့် ထူးချွန်သောပညာရေးရှိသင့်သော်လည်း သူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဆိုးရွားစွာကျရှုံးခဲ့၏။
သို့သော် သူ့နောက်ပိုင်းကြမ္မာလမ်းကြောင်းတွင်မူ သာမန်ဒုတိယအဆင့်တက္ကသိုလ်၏ ဘွဲ့လွန်စာမေးပွဲကို အောင်ရန်ပင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး သူ့၏ပညာအရည်အချင်းများ အတင်းအကျပ်မြှင့်တင်ခဲ့ရသည်။
သို့သော် အပြိုင်အဆိုင်များလွန်းသော ပထမအဆင့်မြို့ကြီးများတွင် ကုမ္ပဏီကြီးများက အလုပ်သမားများ၏ ပထမအဆင့်ပညာအရည်အချင်းကိုသာ ဦးစားပေးကြသည်။
အစပထမတွင် သူ့ဒုတိယအဆင့်ပညာရေးက သူ့ကို မှိန်ဖျော့စေကာ တာထွက်တွင်ပင် အကြိမ်ရေများစွာ ပယ်ချခံခဲ့ရသည်။
လက်ရှိ ရှီကျန်းဝူတွင် အလုပ်အကိုင်ကောင်းကောင်းရှိသော်လည်း သူ့မူလကြမ္မာလမ်းကြောင်းထက် အတန်ပင်အားပျော့နေသေးသည်။
တစ်ချိန်ထဲတွင်ပင် သူက ယနေ့ဤအခြေအနေထိရောက်နိုင်ရန် သူ့ရွယ်တူများထက် များစွာကြိုးစားခဲ့ရ၏။
ပျော်ရွှင်၍ ကျန်းမာသောမိသားစုဘဝကို ပိုင်ဆိုင်သင့်သော်လည်း မိသားစုက ပြိုကွဲကာ ပလိပ်ရောဂါအတိုင်းပင် ရှောင်ရှားကြသည်။
ထိုသို့သော ထူးဆန်းသည့် ကံကြမ္မာက လက်ရှိအခြေအနေနှင့် ကွဲပြားလွန်းနေသည်ဖြစ်ရာ ကုကျစ်စုန့်က စိတ်ထဲတွင်ခန့်မှန်းလိုက်သည်။
တစ်စုံတစ်ယောက်က ဤမိသားစု၏ကံကောင်းမှုနှင့် ကံကြမ္မာများကို စုပ်ယူနေခြင်းပင်ဖြစ်နိုင်သည်။
ထိုအချိန်တွင် ရှီကျန်းဝူက တုံ့ပြန်ပြီး မေးလိုက်သည်။
“ကုတောက်ကျန့် ဆိုလိုတာက ကျွန်တော်တို့မိသားစုကို ဒီလိုဖြစ်အောင် တစ်ယောက်ယောက်က လုပ်ထားတယ်လို့ ပြောချင်တာလား”
“အဲလိုမျိုးပဲ”
ကုကျစ်စုန့်က အသာခေါင်းငြိမ့်ကာ မှန်သားပြင်ပေါ်မှ ရှီကျန်းဝူ၏အသွင်အပြင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မ တွေးနေတဲ့ ပိုအရေးကြီးတဲ့အရာက ရှင့်ရဲ့ပြဿနာပဲ”
“ရှင်ဒုက္ခရောက်တော့မယ်ဆိုတာ သိလား”
ရှီကျန်းဝူက ဇဝေဇဝါဖြစ်သွားပုံရသည်။
“ကျွန်တော်လား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကုကျစ်စုန့်က ပြောသည်။
“ရှင့်ရဲ့လက်ရှိအခြေအနေက ပိုရှုပ်ထွေးတယ်.. ရုပ်လွန်ပညာမှာ အဲ့ဒါကို ရှောင်ရှန်းသော့ရှီလို့ခေါ်တယ်။ ရှေ့တန်းနိမိတ်ကြီးတစ်ခုဖော်ပြတာလိုမျိုးပဲ”
ရှောင်ရှန်းက အကောင်းလက္ခဏာအရင်းအမြစ်ဖြစ်သည့် ဖျန့်ယင်ဖြစ်ပြီး ရှီကျန်းဝူ၏မိဘများက အရေးတကြီးပြဿနာတစ်ခုရှိနေကြောင်း ပြသနေသည်။
သူတို့၏ရှင်သန်နိုင်မှု၊ ကံနှင့် ကျန်းမာရေးတို့က ပြင်းထန်သောအခြေအနေတစ်ခုသို့ ရောက်နေကာ သူတို့သယ်ဆောင်လာသည့် မကောင်းသည့်လေထုက သူတို့ကလေးများအထိပါ သက်ရောက်လာပြီး ကလေးများ၏ လက္ခဏာရှစ်ခွင်နှင့် နတ်ဘုရားဆယ်ပါးရှိ ဖျန့်ယင်ကို အားကောင်းလာစေသည်။
ယခုတွင်တော့ ရှီကျန်းဝူ၏ အသက်နန်းတော်ရှိ ကံနတ်ဘုရားက ဘေးကပ်ရပ်မှ ဇီးကွက်နတ်ဘုရား၏ အကောင်းလက္ခဏာ၏ စွန်းထင်းခြင်းခံနေရသည်။
ယင်းက ပုံသဏ္ဌာန်ကို ရုပ်လုံးကြွစေကာ အသုံးချခံရသည်ဖြစ်သောကြောင့် အလွန်ပင်ဆိုးဝါးလှ၏။
အကယ်၍ သားဖြစ်သူက ဆွေမျိုးများ၏ စွန်းထင်းခြင်းခံရလျှင် ထိုလူ၏အလုပ်အကိုင်က အောက်ဆုံးထိ ထိုးကျသွားပြီဖြစ်ကာ ယခင်အားထုတ်မှုများက အလဟဿဖြစ်သွားမည်ဖြစ်သည်။
အကယ်၍များ ရှီကျန်းဝူက ကုမ္ပဏီပိုင်ရှင်ဖြစ်ခဲ့လျှင် သူ့ကုမ္ပဏီက ဒေဝါလီခံရကာ အကြွေးများစွာတင်မည်ဖြစ်၏။
အကယ်၍ သူက ဆုံးဖြတ်ချက်ချသူဖြစ်ခဲ့လျှင် တာဝန်များကျရှုံးပြီး လက်လွှတ်ရမည်ဖြစ်သည်။
အတိုချုံးပြောရလျှင် ‘ကံဖမ်းသည့်ဇီးကွက်နတ်ဘုရား’ရှိနေခြင်းမှာ အသက်မွေးဝမ်းကျောင်းလမ်းက ဖျက်ဆီးခံရပြီး ဆက်တိုက်အဖြစ်အပျက်များနှင့် ရိုက်ခတ်မှုများအားလုံးကို မလွဲမရှောင်သာ သယ်ဆောင်လာပေလိမ့်မည်။
ဥပမာပြောရလျှင် မိတ်ဆွေနှင့် ဆွေမျိုးများ၏ သစ္စာဖောက်ခံရခြင်း၊ ဇနီးနှင့်ကလေးများနှင့် ကွေကွင်းရခြင်း၊ စိတ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးခြင်းစသည်တို့ဖြစ်၏။
အကယ်၍ သူ အသက်ရှင်နိုင်လျှင် အစကပြန်စရမည့် ဖြစ်နိုင်ချေတစ်ခုရှိသည်။ သို့သော် သူ မရှင်သန်နိုင်ပါက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းဖြင့် အဆုံးသတ်သွားပေလိမ့်မည်။
ရှီကျန်းဝူ၏ ကံဆိုးမှုကို သုံးသပ်ရလျှင် နိမိတ်ကြီးပြမည့်အချိန်က တစ်ပတ်အတွင်းဖြစ်သည်။
*