မိဘ အတုနဲ့ မိဘအစစ်
Vol. 31 Ch. 309
ထိုသို့သောအခြေအနေအောက်တွင် သူ့အနေဖြင်် အဘွားဖြစ်သူ၏ အိမ်တွင် နှစ်ရက်မျှနေခဲ့ပြီး သူ့အမေ ၏အခြေအနေ တည်ငြိမ်သွားပြီဟု အတည်ပြုပြီးမှသာ အလုပ်သွားရန် အိမ်မှထွက်လာခဲ့သည်။
ရှီကျန်းဝူက နာကျင်သည့် အရိပ်အယောင်တစ်စွန်းတစ်စဖြင့် ဆိုသည်။
“ကျွန်တော် အဘွားအိမ်မှာ နေတုန်းက စားတဲ့အစားအစာတွေ၊ အဝတ်အစားတွေ၊နေထိုင်တဲ့နေရာတွေ၊ သွားလာရေးတွေကအစ သူမရဲ့စိတ်ကြိုက် စီစဥ်ခဲ့တာတွေချည်းပဲ.. သူမက ညစာစားနေရင်း ကျွန်တော့်ကိုပြောခဲ့တယ်၊
ကျွန်တော့်အမေရဲ့အခြေအနေက ပိုပိုပြီးဆိုးလာတယ်တဲ့.. ကျွန်တော် အလုပ်ကနေထွက်ပြီး ဇာတိမြို့ဆီပြန်ပြီးတော့ ကျွန်တော့်အမေကို ပြန်စောင့်ရှောက်ပေးဖို့လည်း သူမက ပြောခဲ့သေးတယ်”
“ကျွန်တော်က အလုပ်များနေသေးတယ်လို့ပဲ အေးအေးဆေးဆေး ပြောခဲ့တယ်.. ဒါပေမဲ့ ကျွန်တော် အမေ့အတွက် သူနာပြုငှားပေးဖို့ ပိုက်ဆံအများကြီးသုံးခဲ့တယ်..
ဒီတော့လည်း သူက သားသမီးဝတ္တရားမကျေပွန်တဲ့သူလို့ ဆူပူပြန်ရော၊ ကျွန်တော့်အဖေက ကျွန်တော့်ကို ဒီလောက်နှစ်ပေါင်းများစွာကြာအောင် ကျေးဇူးမသိတတ်တဲ့ သူအဖြစ် ပျိုးထောင်လာပြီး ကိုယ့်အမေကိုယ်တောင် ဂရုမစိုက်တော့ဘူးတဲ့”
ထိုအချိန်တွင် ရှီကျန်းဝူတစ်ယောက် သူ့အဘွား၏ တစ်ဇွတ်ထိုးဒေါသနှင့် ရင်ဆိုင်ခဲ့ရပြီး အလွန်စိတ်ရှုပ်သွားခဲ့ကာ နစ်နာသည်ဟုပင် ခံစားခဲ့ရ၏။
သူ့အဘွားက သူနှင့်သူ့အဖေတို့ ကို သူ့၏အမေကို ခေါ်မသွားစေခဲ့သကဲ့သိုး သူတို့မိသားစုသုံးယောက်ကိုပင် မကြာခဏလေးပင် မတွေ့စေခဲ့ချေ။
ယခုအချိန်တွင်တော့ သူမက သူသည်က သားသမီးဝတ္တရားမကျေပွန်ဟု ပြောကာ အလုပ်ထွက်ရန်အတွက်ပင်ခေါင်းမာနေသည်ဟူ၏။
ထိုစဉ်က ရှီကျန်းဝူ တစ်ယောက် သူ၏အဘွားက သူ့အမေကဲ့သို့ဖြစ်နေလောက်ပြီး မျိုးရိုးလိုက်ခြက်းကြောင့် ဖြစ်လာသော စိတ်မကျန်းမာမှုတချို့လည်း ရှိနေသည်ဟူ၍တွေးမိခဲ့သည်။
ထို့ကြောင့် သူက အရာအားလုံးကို အပြုံးတစ်ခုနှင့် သည်းခံခဲ့သည်။
ယခု ထိုအကြောင်းကို ပြန်တွေးမိချိန်တွင်တော့ ထူးဆန်းလာရသည်။
အဘယ့်ကြောင့် သူ့အဘွားက သူ့ကို အလုပ်ထွက်စေချင်ရပါသနည်း။
စေတနာပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်သည့်သူက ပို၍ အာရုံစိုက်ထားပြီး သူ့အမေကို ပိုစောင့်ရှောက်နိုင်မည် မဟုတ်ပါလော။
ရှီကျန်းဝူက ပြောသည်။
“အဲဒီနေ့နောက်တော့ ကျွန်တော့်အဘွားက မကြာခဏဖုန်းဆက်ပြီး အလုပ်ထွက်ဖို့ကိုပဲ ပြောနေခဲ့တယ်..
ဒါပေမဲ့ ကျွန်တော် လက်မခံခဲ့လို့ သားသမီးဝတ္တရားမကျေပွန်ဘူးဆိုပြီး နေ့တိုင်းအဆူခံခဲ့ရတယ်”
“ကျွန်တော် တစ်ခုမှတ်မိတာရှိတယ်.. ကျွန်တော့်ကောလိပ်ဝင်ခွင့်မတိုင်ခင် နှစ်လလောက်ကလည်း ကျွန်တော့်အဘွားက ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ဆိုပြီး ခဏလာနေခဲ့တယ်
သူမက ကျွန်တော့်ရဲ့ပြန်လည်လေ့ကျင့်ခန်းတွေကို ကြပ်မတ်ပေးပြီး မပျင်းဖို့လည်း ပြောခဲ့တယ်”
ထိုအချိန်က သူနှင့်သူ့အဖေတို့ ဇဝေဇဝါဖြစ်ခဲ့ရ၏။
နှစ်ပေါင်းများစွာကြာအောင် မဆက်သွယ်ခဲ့သော အဘွားအိုက သူတို့၏အိမ်ကိုလာပြီး ကလေး၏ စာကြည့်ခြင်းကို စောင့်ကြပ်နေသော်ငြား သူမ သဘောထားသည်က ယခင်ကအတိုင်း အေးစက်နေဆဲပင်။
ထိုအချိန်က အဘွားဖြစ်သူ၏စိတ်ထဲတွင် မြေးတစ်ယောက်ရှိနေသေးသည့်အတွက် ရှီကျန်းဝူကို ဂရုစိုက်ခြင်းဖြစ်မည်ဟု သူ့အဖေက ထင်နေခဲ့သည်။
ကောလိပ်ဝင်ခွင့်ပြီးသည့်နောက်တွင် သူ၏ အဘွားက သူတို့မိသားစုကို ပြန်လည်ပေါင်းစည်းစေမည်ဆိုသည်ကိုလည်း အံ့ဩနေခဲ့ကြကာ သူလည်း ဖြည်းဖြည်းချင်း သဘောတူခဲ့သည်။
အဘွားဖြစ်သူက အေးတိအေးစက်သဘောထားဖြင့် ထိုနှစ်လအတွင်း ထူးမခြားနားသာဆက်ဆံခဲ့သော်လည်း သူမက သူ့အတွက် စွပ်ပြုတ်များ ချက်ပေးသည်။
ကောလိပ်ဝင်ခွင့်ကျ ပြီးနောက်တွင်တော့ အဘွားဖြစ်သူက စကားတစ်ခွန်းမှ မဆိုဘဲ ပြန်လည်ထွက်ခွာသွားတော့သည်။ ရှီကျန်းဝူက သူ့အဖေနှင့် အဘွားတို့အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားခဲ့ရ၏။
ဤကဲ့သို့ သံသယများတိုးပွားလာသည့်နောက်တွင် ထိုအသေးစိတ်အချက်လေးများက လူများကို စိတ်ရှုပ်ထွေးစေကာ ပို၍ပင် ထူးဆန်းသကဲ့သိာ့ ခံစားရလာစေခဲ့သည်။
ရှီကျန်းဝူတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေဟန်ဖြင့် ဆိုလာသည်။
“ဒါပေမဲ့ ဘာလို့ဒီလိုဖြစ်တာလဲ.. ကျွန်တော်က သူ့ရဲ့တစ်ဦးတည်းသောမြေးလေ.. သူမ ဒီလိုလုပ်လို့ ဘာအကျိုးရှိမှာလဲ”
ကုကျစ်စုန့်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ရုတ်တရက် မေးလာသည်။
“ရှင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ပို့စ်တင်ခဲ့တုန်းက နတ်ဆိုးတစ်ကောင်က ရှင့်မိသားစုဝင်တစ်ယောက်ကို ဝင်စီးထားတယ်လို့ ပြောတာ.. အဲဒါရှင့်အမေလား”
ရှီကျန်းဝူက ခဏမျှ ကြောင်အမ်းသွားပြီး ခေါင်းငြိမ့်၍ ဝန်ခံသည်။
“တောက်ကျန့် ဘယ်လိုသိတာလဲ”
ကုကျစ်စုန့်က ပြောသည်။
“ရှင့်ရဲ့ဘယ်ဘက်နဖူးမှာရှိတဲ့ ဖူထန်က မည်းမှောင်ပြီး အရောင်အဆင်းမရှိ ဖြစ်နေတယ်.. ပြီးတော့ သိပ်သည်းတဲ့မိစ္ဆာစိတ်ဝိညာဉ်အလွှာနဲ့ ဖုံးလွှမ်းခံထားရတယ်
ရှင့်ကံကြမ္မာကို သက်ရောက်နေတဲ့ ဇီးကွက်နတ်ဘုရားလဲ ရှိတယ်.. ဆိုလိုတာက ရှင့်အမေက အခြေအနေသိပ်မကောင်းဘဲ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေတဲ့ တချို့အရာတွေနဲ့ ချိတ်ဆက်ခံနေရတယ်”
ရှီကျန်းဝူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“တော်လောက်ပြီ... အဲဒီနတ်ဆိုးက လုပ်နေခဲ့တာလား.. ကျွန်တော့်အမေ ဒီလိုဖြစ်နေခဲ့တာ အဲဒါကြောင့်လား”
ထို့နောက် ရှီကျန်းဝူက သူ့အမေအကြောင်း စပြောတော့သည်။
သူ့၏ပြောပြချက်အရ သူ့ကလေးဘဝက အတော်လေးပျော်ရွှင်ခဲ့ရသည်ပင်။
သူ့မိဘများက လက်ထပ်ပြီးနောက်တွင် သူ့အမေ၏စိတ်ကျန်းမာရေးက သိပ်မကောင်းကြောင်း သူ့အဖေက သိလိုက်သည်။ သို့သော် သူ့၏အဖေက သူ့အမေကို ချစ်သည့်အတွက် ထိုကိစ္စများကို ဂရုမစိုက်ခဲ့ပါချေ။
သူ့ အသက်ခြောက်နှစ်မတိုင်ခင်အထိ သူ့အဘွားက သူ့အဖေနှင့်ပတ်သပ်၍ မကျေနပ်သော်လည်း သူ့မိဘနှစ်ပါးက အချင်းချင်းချစ်ခင်စုံမက်ကြသည်ဖြစ်သောကြောင့် သူတို့မိသားစုက ပျော်ရွှင်ခဲ့သည်ဟု ဆိုရပေမည်။
တစ်နေ့တွက်တော့ သူ့အမေ၏နာမကျန်းမှုမှာ ရုတ်တရက် ဆိုးဝါးလာတော့သည်။
သူမက အိပ်ရာထဲတွင် လဲလျောင်းရင်း အော်ဟစ်လိုက်၊ လှိမ့်လိုက်၊ ငိုလိုက်ဖြင့် ကြောက်စရာကောင်းသောနတ်ဆိုးတစ်ကောင်ကို တွေ့ခဲ့သည်ဟု ပြောကာ အိပ်ရာဘေး ထရပ်၍ နေရာတိုင်းကို ပစ္စည်းများနှင့် ပစ်ပေါက်တော့သည်။
အသက်ငယ်ငယ်သာ ရှိသေးသည့် ရှီကျန်းဝူမှာ သူ့နဖူးတွင် အမေဖြစ်သူ၏ သံဘူးတစ်ခုနှင့် ပစ်ပေါက်ခံရသည်။ ထို့နောက် သူမက နာကျင်ကြောက်လန့်စွာ အော်ဟစ်ငိုယိုခဲ့သည်။
ကုသမှုအတွက် ဆေးရုံသွားပြီးသောအချိန်တွင် သူ့အမေ၌ ဝက်ရူးပြန်ရောဂါရှိနေသည်ဟု ဆရာဝန်က ပြောခဲ့လေ၏။
နေမကောင်းဖြစ်ပြီးနောက် သူ့အမေ၏ စိတ်အခြေအနေက ပို၍ပင်ဆိုးရွားလာခဲ့သည်။ သူမ အပြောအများဆုံးစကားသည်ကား..
“နတ်ဆိုးက ငါ့ဘေးမှာ ရှိတယ်.. ငါ့ကို နှိပ်စက်နေတာ!”
ဆရာဝန်နှင့်ပြသော်လည်း မအောင်မြင်ခဲ့သည့်နောက်တွင် သူ့အဖေမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်၏။
သူ့၏ဇနီးမှာ တစ်ခုခုဝင်စီးခြင်းခံနေရသည်ဟု စတင်သံသယရှိလာသည်။
သူ့ဇနီး၏တုံ့ပြန်မှုများမှာ အစစ်အမှန် ဆန်လွန်းနေသည်။ သူမက အလွန်ကြောက်ရွံ့နေသကဲ့သို့ နာကျင်နေပာံလည်းရလေ၏။
သူ့အမေက အိပ်ရာပေါ်တွင် လှဲနေရင်း သူမမျက်နှာက ပြုံးဖြဲဖြဲဖြစ်လာကာ သူမ၏ နှုတ်မှ ထွက်လာသည့်အသံများသည်လည်း သူမအသံမဟုတ်တော့ဘဲ သူတို့နားမလည်နိုင်သည့် ကြောက်စရာကောင်းသော ဟိန်းဟောက်နေသည့် အမျိုးသားအသံဖြစ်နေသည့်အချိန်တွင် သူ့အဖေက တောက်ကျန်းတစ်ယောက်နှင့် ပြသရန် သူ့ဇနီးကို ခေါ်သွားခဲ့သည်။
ရလဒ်အနေဖြင့် အဘွားဖြစ်သူက သူ့ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တော့သည်။
ခရစ်ယာန် တစ်ယောက်အနေဖြင့် သူမသမီးက ဝက်ရူးပြန်ရောဂါဖြစ်နေသည်ဟု အခိုင်အမာပြောနေခဲ့ကာ ကမ္ဘာကြီးထဲတွင် မည်သည့်နတ်ဆိုးမကောင်းဆိုးရွားမှမရှိဘဲ ရှီကျန်းဝူ၏အဖေကသာ အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်ဟု စွပ်စွဲပြောဆိုတော့သည်။
နောက်ပိုင်းတွင် အဘွားအိုက ရဲကို တိုက်ရိုက်ခေါ်လိုက်ကာ အိမ်တံခါးဝတွင်ထိုင်ပြီး ရှီကျန်းဝူ၏အဖေက သူမ၏ သမီးကို အန္တရာယ်ပြုချင်နေပြီး ကံကျွေးချ အယူသီးခြင်းမျိုးနှင့် ဆက်စပ်နေပါသည်ဟု အော်ဟစ်ငိုယိုတော့သည်။
သူမက သူမ၏သမီးနှင့် သားမက်တို့ကို ကွာရှင်းစေချင်ခဲ့ပြီး သမီးဖြစ်သူကို ဆရာဝန်ပြရန် ကိုယ်တိုင်ခေါ်သွားချင်ခဲ့သည်။
ဤအဖြစ်က ရှီကျန်းဝူ၏ အဘိုးနှင့်အဘွားတို့ကို အလွန်ဒေါသထွက်သွားစေခဲ့ပြီး တစ်ဖက်မှဆွေမျိုးများက အလွန်ရက်စက်သည်ဟု ခံစားခဲ့ရသည်။
သူတို့၏သားက တစ်ဖက်လူဒသမီးကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့ပြီး သူ့၏ကိုယ်ပိုင်မိသားစုကိုပင် မျက်နှာသာမပေးခဲ့ချေ။
သို့သော် လူအိုကြီးစုံတွဲမှာ အကြိမ်များစွာပင် သူတို့ခမည်းခမက်က သူ့သားကို ပြစ်မှုကျူးလွန်သူတစ်ယောက်ကဲ့သို့ ဆူပူနေသည်ကို မြင်ခဲ့ရသည်။
သူတို့ချွေးမက သနားစရာကောင်းပြီး သူတို့ကိုလည်း သိတတ်သောကြောင့်သာ မဟုတ်လျှင် သူတို့ ထိုအခြေအနေကို သည်းခံနိုင်မည်မဟုတ်ပေ။
အကြိမ်တွင်မူ သူတို့ချွေးမက ရုတ်ခြည်း နေမကောင်းဖြစ်ကာ လူတိုင်းကို ပင်ပန်းစေခဲ့ပြီး ရှီကျန်းဝူလေးကိုပင် ထိခိုက်စေခဲ့သည်။
တိုတိုပြောရလျှင် အမျိုးမျိုးသော ဖိအားနှင့် နှစ်ဖက်မိသားစုထံမှ ဖိအားများကြောင့် ရှီကျန်းဝူ၏မိဘများလည်း ကွာရှင်းလိုက်ရသည်။
နောက်ပိုင်းနှစ်များတွင် သူ့အမေ၏အခြေအနေသည်က ပိုပိုဆိုးလာပြီး သူမပုံစံက မျက်တွင်းများချောင်လာကာ အရိုးစုကဲ့သို့ပင် ပိန်ပါးလာခဲ့သည်။
ထိုအချိန်ပိုင်းအတွင်း သူ့အဘွားက သူ့အမေကို ဝက်ရူးပြန်ကုသရေးအတွက် ဆေးရုံသို့လည်း ခေါ်သွားခြင်းမရှိခဲ့ပေ။
ရှီကျန်းဝူကို ဒေါသအထွက်ဆုံး၊ လက်သင့်မခံနိုင်ဆုံးဖြစ်စေခဲ့သည်က လွန်ခဲ့သည့် ၇ နှစ်က သူက ကောလိပ်ဝင်ခွင့်ကျခဲ့ပြီး အခြားစီရင်စုတွင် ပညာသင်ရန်သွားခဲ့ရခြင်းကိုပင်။
သူ့ထံတွင် သူ့အမေကို ဂရုစိုက်ရန် အချိန်ရော၊ အင်အားပါ ရှိမနေခဲ့။
ထိုနှစ်က သူ့အမေကို စိတ်ကျန်းမာရေးမကောင်းဘဲ ဝက်ရူးပြန်နေသည်ဟုသာ စွဲမြဲစွာယုံကြည်နေခဲ့သော သူ့အဘွားက အမှန်တကယ်ပင် ဆေးရုံသို့သွားကာ ဦးခေါင်းခွံခွဲစိတ်ရေးနှင့် သူ့အမေ၏ ရှေ့ဘက်ဦးနှောက်အခြမ်းနှင့် အခြားသော ဦးနှောက်အပေါ်လွှာများကိုပါ ဖယ်ထုတ်ရန် လုပ်ခဲ့သည်။
သူ သိလိုက်သည့်အချိန်တွင် သူ၏အမေမှာ ခွဲစိတ်မှုပြီး၍ ချုပ်ရိုးများကိုပင် ချုပ်ပြီးသွားပြီဖြစ်ကာ အိပ်ရာပေါ်တွင်သာ ကြောင်စီစီနှင့် လှဲနေခဲ့ပေပြီ။ သူမက ပိုကောင်းမလာသည့်အပြင် ပိုဆိုးသွားသည်ကိုသာ တွေ့လိုက်ရသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ဝက်ရူးပြန်ရောဂါ၏ ဦးတည်ရာက ရှေ့ဘက်ဦးနှောက်အခြမ်းတွင်ဖြစ်သည်ဟု အကြောင်းပြနေခဲ့ပြီး သူ့အမေ၏ ကုသမှုပြီးသွားသည့်တိုင်အောင် နာကျင်နေရဆဲဖြစ်ကာ အားဖျော့မှိန်လျော့သောမျက်ဝန်းများဖြင့် ကြည့်နေတတ်ပြီး နတ်ဆိုးထံတွင် သူမကိုလွှတ်ပေးဖို့ ရေရွတ်နေဆဲပင်။
ယခင်က သရဲတစ္ဆေများကို မယုံကြည်ရာမှ ယခုတွင်တော့ သူ့အမေတွင် ပုံမှန်မဟုတ်သည့်စွမ်းအားအချို့နှင့် ပတ်သက်နေကြောင်း ရှီကျန်းဝူ စတင်ယုံကြည်လာသည်။
သို့သော် သူ့ဘက်မှ သူ့၏အဘွားကို မည်မျှပင် သိမ်းသွင်းနေပါစေ၊ သူမ၏ သဘောထားမှာ “မဖြစ်နိုင်၊ နတ်ဆိုးဆိုတာမရှိ၊ သူမ နေမကောင်းဖြစ်ရုံသာ” ဟု တွေးနေဆဲပင်။
သူနှင့် သူ့အဖေက လူများကို တိတ်တိတ်လေးခေါ်ကာ သူ့အဘွားအိမ်သို့ သွားပြီး သူ့အမေ၏ အခြေအနေကို ကြည့်ချင်ခဲ့သည်။
သို့သော်ငြား အဘွားဖြစ်သူမှာ သူ့အမေနှင့်ပတ်သက်၍ အလွန်စည်းကမ်းတင်းကြပ်ထားပြီး သူတို့သည်လည်း အကြိမ်ပေါင်းများစွာ ရှာတွေ့ခံရ၍ ကန်ကျောက်ဆူပူခံရကာ အိမ်မှမောင်းထုတ်ခံရသည်။
ရှီကျန်းဝူ၏အမြင်တွင်မူ သူ့အဘွားသည်လည်း စိတ်ကျန်းမာရေးမကောင်းဟု ထင်ခဲ့သည်။
သူ မှတ်မိတတ်သည့်အရွယ်မှစ၍ သူ့အမေက သူ့အဘွား၏ ထိန်းချုပ်မှုအောက်တွင် နေခဲ့ရသည်။ ဤကဲ့သို့ “လွန်ကြူးသည့်မိခင်မေတ္တာ”မျိုးက သူ့အမေကို တောင်ကြီးတစ်လုံးနှင့် ဖိနှိပ်ထားသည့်နှယ်ပင်။
မေးခွန်းထုတ်ခွင့်မရှိ၊ ခုခံခွင့်လည်း မရှိ။ ကျန်းမာအောင် မည်သည်တို့ကို စားရမည်၊ အပြင်ထွက်လျှင် မည်သူနှင့်တွေ့ရမည်၊ မည်သည့် အင်္ကျီကို ဝတ်ရမည် စသည်ဖြင့် သူ့အဘွားက နေရာတကာ ချုပ်ချယ်ကာ သူတို့၏မိသားစု ကိစ္စများတွင်ပါ ဝင်ရောက်ချုပ်ချယ်ခဲ့သည်။
ထိုသို့မိသားစုပတ်ဝန်းကျင်နှင့် ကြီးပြင်းလာရသည့်အတွက် သူ့အမေမှာ နေမကောင်းဖြစ်မနေလျှင်ပင် တစ်ချိန်ချိန်တွင် စိတ်ရောဂါဖြစ်လာနိုင်သည်ဟု သူခံစားရသည်။
လတ်တလောတွင် သူ့အနေဖြင့် အိမ်တွင်ရော၊ အလုပ်မှာပါ စိတ်ပင်ပန်းနေရသည်။
ကုကျစ်စုန့်၏တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်ပြီးနောက် သူ့အမေ၏ အခြေအနေကို ရုတ်တရက်တွေးမိလိုက်ပြီး အစမ်းသဘောဖြင့် မှတ်ချက်နေရာတွင် စာတစ်စောင်ပို့ခဲ့ခြင်းပင်။
မျှော်လင့်မထားစွာ.. သူက အရွေးခံခဲ့ရ၏။
*