← Chapters

မိဘအတုနဲ့အစစ်(2)

Vol. 31 Ch. 310

မိဘအတုနဲ့အစစ်(2)

Vol. 31 Ch. 310

ရှီကျန်းဝူ၏ အမေဖြစ်သူအကြောင်း နားထောင်ပြီးနောက် ကုကျစ်စုန့်က အသာခေါင်းငြိမ့်၍ သူမ၏ ဖုန်းကို ပိတ်လိုက်သည်။

သူမက “ဦးနှောက်အခြမ်း”နှင့် ဖယ်ထုတ်သည့်ခွဲစိတ်မှုကို အင်တာနက်တွင် ရှာဖွေကာ ဖတ်ရှုပြီးနောက် အေးခဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရှီ‌ကျန်းဝူ၏အမေတွင် တစ်စုံတစ်ခုသော အရာက ကပ်တွယ်နေကြောင်း သေချာသွား၍ပင်။

ဤသို့သော ခွဲစိတ်မှာမျိုးက သက်ရောက်မှုမရှိရုံတင်မျှမက ရှီကျန်းဝူမိခင်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ပို၍ထိခိုက်စေနိုင်သည်။

ကုကျစ်စုန့်က မေးလာသည်။

“ရှင့်မှာ ရှင့်အမေရဲ့ပုံ၊ ဒါမှမဟုတ် ရှင့်အဘွားရဲ့ပုံရှိလား.. ရှိရင် ပို့ပေးလို့ရမလား”

ရှီကျန်းဝူက ပြောလာခဲ့သည်။

“ကျွန်တော်ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ မိသားစုပုံပဲရှိတယ်.. အဆင်ပြေပါ့မလားမသိဘူး”

“ပြေတယ်”

ကုကျစ်စုန့်က ပြန်ဖြေလိုက်သည်။

ပုံကို ကြည့်ပြီးနောက် သူမ မျက်ခုံးများကို အနည်းငယ်တွန့်ချိုးမိ၏။

ထပ်မံအတည်ပြုပြီးနောက်တွင် သူမနှုတ်ခမ်းထောင့်စွန်းတွင် သရော်ပြုံးတစ်ခုချိတ်ဆွဲလာပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“ဒီအမျိုးသမီးနှစ်ယောက်က သွေးချင်းဆက်နွယ်နေတာ မဟုတ်တဲ့အကြောင်းကို ရှင်နဲ့ ရှင့်အဖေတို့ မသိဘူးလား”

“သူတို့က သားအမိတွေ မဟုတ်ဘူး”

ရှီကျန်းဝူ : “??!”

“ကုတောက်ကျန့် ၊ ဘာကို ပြောချင်တာလဲ..ကျွန်တော့်ရဲ့အမေနဲ့ အဘွားက သားအမိတွေမဟုတ်ဘူးလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကုကျစ်စုန့်ဘက်မှ ရဲတင်းစွာ ပြောလာသည်ကို ကြားချှင် ရှီကျန်းဝူတစ်ယောက် လုံးဝကြောင်အသွားတော့သည်။

“ကျွန်တော့်ကို မပြောနဲ့.. ကျွန်တော့်ရဲ့အဖေတောင် ဒီလိုမျိုးမကြားဖူးဘူးရယ်..တကယ်လို့ ကျွန်တော့်အမေကသာ မွေးစားသမီးဆိုရင် သူတို့လက်ထပ်ပြီး မိသားစုထူထောင်လိုက်တုန်းက ဘာလို့ တစ်ယောက်ကမှ အဲဒီအကြောင်းကို မပြောလာကြတာလဲ.. လက်ထပ်မှတ်ပုံတင်ပြီးမှ ဒါကို သိကြလို့လား”

“ဟုတ်သားပဲ”

ရှီကျန်းဝူက ရုတ်တရက်မှတ်မိသွားပြီး ထပ်ပြောသည်။

“ကျွန်တော့်အဘိုးက အစောကြီး ကွယ်လွန်သွားခဲ့တာမဟုတ်ဘူး.. သူက ကျွန်တော့်အဘွား ကိုယ်ဝန်ရှိပြီး လနည်းနည်းလောက်ကြာမှ ဆုံးပါးသွားတာ..

ကျွန်တော့်အမေကို မမွေးခင်ပေါ့.. ဒီတော့ ကျွန်တော့်အဘွားက ကလေးမွေးကတည်းက ပြုစုပျိုးထောင်တဲ့အထိ အရာအားလုံးကို သူပဲ စောင့်ရှောက်ခဲ့ရတာ.. အဲဒီရက်တွေတုန်းက တော်တော်ခက်ခဲခဲ့တယ်တဲ့”

“ကျွန်တော် ငယ်ငယ်တုန်းက တရုတ်နှစ်သစ်ကူးချိန်မှာ ကျွန်တော် အဘိုးအဘွားတွေရဲ့ ဆွေမျိုးတွေနဲ့တွေ့ဖူးတယ်.. သူတို့ညစာစားပွဲလာတိုင်း ကျွန်တော်တို့မိသားစုသုံးယောက်ကို ပြောတဲ့စကားတွေက ကျွန်တော့်အဘွား အဲ့ရက်တွေမှာ ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာချည်းပဲ”

ထိုဖော်ပြချက်များက ထင်ရှားပြီး အသေးစိတ်ကျလွန်းသည်။ သူ့အမေမှာ အသက်နှစ်နှစ်ကျော်လောက်က အဖျားကြီးနေခဲ့ပြီး သူ့အဘွားက ဆရာဝန်နှင့်ပြရန်အတွက် ညတွင်းချင်း ဆွေမျိုးများဆီက ငွေချေးခဲ့ရကြောင်းများပင် ပါဝင်၏။

ထို့ပြင် အခြားသော ပင်ပန်းဆင်းရဲမှုများနှင့် ခက်ခဲမှုပါ အပါအဝင်။

သူတို့ ပြောပြီးတိုင်း ထိုဆွေမျိုးများက သက်ပြင်းချကာ ရှီကျန်းဝူတို့သားအမိကို ပြောသည်။

“မင်းရဲ့အမေနဲ့ အဘွားက အရမ်းခက်ခဲတဲ့ဘဝမှာနေခဲ့ရတာ..မင်း သူမကို အနာဂတ်မှာ သားသမီးဝတ္တရားကျေပွန်ရမယ်နော်”

သို့သော်လည်း ရှီကျန်းဝူက သူ့အတိတ်တုန်းက ထိုအကြောင်းများကို ပြောနေသော်လည်း ကုကျစ်စုန့် ပြောသမျှမှာ မှန်သည်ဟု သူ ယုံကြည်လာသည်။

သားသမီးကိုချစ်သည့် မိခင်တစ်ယောက်က တစ်ဖက်လူ နာကျင်ခံစားနေရသည်ကို သက်သာအောင် မကြိုးစားပေးဘဲ ဤအတိုင်းထိုင်ကြည့်နေနိုင်မည်လော။

ကုကျစ်စုန့်က ရှီကျန်းဝူ သီးသန့်ပို့လိုက်သည့် ဓာတ်ပုံကို ကြည့်လိုက်သည်။

ကလေးလူကြီး အစုံပါနေသည့်ပုံထဲတွင် ဆံပင်တိုတိုနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ပုံအလယ်တွင် ရပ်နေသည်။

ထိုအမျိုးသမီးက ရင်ထဲမှ မပါသောအပြုံးကို ပြုံးကာ ကင်မရာကို ကြည့်နေသည်။

၎င်းက ရှီကျန်းဝူ၏ အဘွားပင်ဖြစ်၏။

သူမ၏ ဘေးတွင် အသက်နှစ်ဆယ်လောက်ရှိသည့် မိန်းမငယ်တစ်ဦးရပ်နေသည်။ သူမက မိခင်တစ်ဦးဖြစ်နေသည့်တိုင်အောင် သေးသေးသွယ်သွယ်ရှိပြီး နူးညံ့သောအပြုံးတစ်ခုရှိနေခဲ့သည်။

သူမက ရှီကျန်းဝူ၏ အမေဖြစ်ပေသည်။

သာမန်လူများအတွက် မျိုးဆက်သုံးဆက်၏ပုံက သာမန်ဆန်နေမည်ဖြစ်သော်လည်း ကုကျစ်စုန့်၏မျက်လုံးထဲတွင်မူ တစ်စုံတစ်ခုထူးဆန်းနေသည်ကို အာရုံခံမြင်နိုင်သည်။

အမျိုးသမီးနှစ်ဦး၏နောက်မှ နေရာအဟလေးတွင် သာမန်မျက်စိနှင့် မမြင်ရသော မီးခိုးရောင်ရှိ ရှည်လျားသည့် အရိပ်မည်းက ရပ်နေသည်။ ကြည့်ရသည်မှာ အပြည့်အဝပုံမပေါ်သေးသည့်နှယ် မှိန်ဖျော့ဖျော့ ဖြစ်နေသည်။

ကုကျစ်စုန့်က အဖြစ်အပျက်ကို သိသွားပြီး ရှီကျန်းဝူကို ပြောလိုက်သည်။

“ရှင့်အမေရဲ့မျက်နှာအရ သူမက ၁၉၇၅ နှောင်းပိုင်းမှာ မွေးတာ.. လက္ခဏာရှစ်ပါးနဲ့ နတ်ဘုရားဆယ်ပါးအရ သူမရဲ့ လအစဉ်က တိုက်ခိုက်ခံရပြီး ကြွယ်ဝမှုကြယ်နဲ့ အကာခွံကြယ်တို့က တစ်တန်းတည်းရှိနေတယ်.. ဆိုလိုတာက သူမမှာ မတည်ငြိမ်တဲ့မိသားစုရှိပြီး သူမကလေးဘဝကတည်းက မိဘမရှိခဲ့ဘူး”

“ဒီလိုကံကြမ္မာမျိုးနဲ့ လူတွေက ငယ်ငယ်ကတည်းက စွန့်ပစ်ခံထားရတဲ့မိဘမဲ့ကလေးတွေ၊ ဒါမှမဟုတ် ပြန်ပေးဆွဲခံရတာမျိုး၊ ခွဲခြားခံတာမျိုး၊ ဒါမှမဟုတ်လဲ မိဘတွေ ရုတ်တရက်ကွယ်လွန်သွားကြတာမျိုးတွေဖြစ်တတ်တယ်”

“ပြီးတော့ သူမရဲ့အကြည့်က သူမဘဝက ပြောင်းလဲနေပြီး ချောမွေ့မှုမရှိဘူးလို့ ပြနေတယ်.. သူမရဲ့ မိဘနန်းတော်ကိုပဲ ကြည့်ရင်တောင် သူမရဲ့ ‘ဖူထန်’က ပြည့်ပြီး လုံးတယ်..

ဆိုလိုတာ သူမရဲ့ မိဘတွေက သက်ရှိထင်ရှားရှိနေသေးပြီး၊ ချမ်းသာကျန်းမာကြတယ်.. ဒါပေမဲ့ မိဘအစစ်ကံကြမ္မာက ကံကြမ္မာအတုကြောင့် ဖုံးအုပ်ခံထားရတယ်”

ရှီကျန်းဝူက မေးလိုက်သည်။

“ဘာကိုဆိုလိုတာလဲ”

ကုကျစ်စုန့်က ပြော၏။

“ဆိုလိုတာက သူမ မိဘလို့ သတ်မှတ်ထားတဲ့သူက သွေးချင်းဆက်နွယ်တဲ့တကယ့်မိဘအစစ်မဟုတ်ဘူး.. ရှင့်အမေ၊ ရှင်နဲ့ တခြားဆွေမျိုးနဲ့ သူငယ်ချင်းတွေက ရှင့်အဘွားကို သူမရဲ့အမေလို့ပဲ သတ်မှတ်ထားကြတာ”

“သူမနဲ့ ရှင်တို့အားလုံးက သူမရဲ့မိဘအစစ်တွေက တခြားတစ်ယောက်ဖြစ်နေမယ်လို့ တွေးမိကြမှာမဟုတ်ဘူး”

“သူမ ဘာလို့သွေးချင်းမိဘတွေဆီကနေ ခွဲခြားခံလိုက်ရတာလဲဆိုတာကတော့ တစ်စုံတစ်ယောက်က သေသေချာချာ စီစဉ်ထားတဲ့အကြံအစည်နဲ့ ကြံစည်ခဲ့လို့ပဲ”

ကုကျစ်စုန့်က သက်ပြင်းချကာ ဆက်ပြောသည်။

“သာမန်မိသားစုကို ဖျက်ဆီးပြီးတော့ ရှင့်အမေနဲ့ ရှင့်ကံကြမ္မာကို ပြောင်းလဲခဲ့တဲ့သူက ပုံထဲက ဒီအမျိုးသမီးပဲ”

လက်သည်တရားခံမှာ ရှီကျန်းဝူ တွေးနေသည့် သူ့၏အဘွားပင် ဖြစ်တော့၏။

သူမ၏ကောက်ချက်စကားများကို ကြားရပြီးနောက် ရှီကျန်းဝူက အနည်းငယ်စိတ်ထင့်သွားသည်။

သို့သော် တစ်ချိန်ထဲမှာပင် အလွန်ကျိုးသင့်ကြောင်းသင့်ရှိသည်ဟုလည်း ခံစားရ၏။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များမှာ တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ တချို့မှာ စိတ်ခံစားမှုပြင်းထန်နေလျက်၊ တချို့မှာတော့ မခံမရပ်နိုင်ဖြစ်လျက် ရှိနေပေသည်။

[ဘုရားရေ! ဒီမိန်းမကြီးက ရွံစရာကောင်းလိုက်တာ.. သူတို့ဘဝနဲ့ကံကြမ္မာကို ခိုးယူတဲ့သူက သူတို့ရဲ့ဆွေမျိုးထဲကပဲ ဖြစ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ]

[ပြောရရင် ရှီကျန်းဝူရဲ့အမေက အဲ့အဘွားကြီးခိုးတာကို ခံလိုက်ရတာ.. သူမက သူခိုးကို အမေထင်နေခဲ့တာပဲ]

[ဒီအဘွားက ရှီကျန်းဝူရဲ့အမေကို တောက်ကျန့်တစ်ယောက်နဲ့ တွေ့ဖို့ ကန့်ကွက်တာက အံ့ဩစရာမရှိတော့ဘူး..

သူမက သူတို့မိသားစု ကောင်းစားနေတာမမြင်ချင်ဘူး.. သူမက ရှီကျန်းဝူရဲ့အမေကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာများ ဖြစ်နိုင်မလား

သူမရဲ့ကျန်းမာရေးကို ကုတယ်ဆိုပြီးတော့တောင် ဦးခေါင်းခွံရိုးဖယ်ရှားမှုတောင် လုပ်ခဲ့သေးတယ်.. စက်ဆုပ်စရာကောင်းလိုက်တဲ့အဘွားကြီး]

[လူတွေက သူမကို ဆွေမျိုးသားချင်းအနေနဲ့ ဆက်ဆံတယ်.. ဒါပေမဲ့ အဲဗီအဘွားကြီးကတော့ သူတို့ကို ရန်သူလိုတွေးနေတာ.. ကြောက်စရာပဲ]

ကုကျစ်စုန့်က ဆက်ပြောသည်။

“ဘာလို့ ဒီအဘွားက ဒါကိုလုပ်ခဲ့လဲဆိုတော့ သူမမှာ ကလေးမရှိလို့ မဟုတ်ဘူး.. ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မရဲ့တွက်ချက်မှုအရတော့ သူမမှာ သက်ရှိထင်ရှားရှိနေသေးတဲ့ သမီးတစ်ယောက်ရှိတယ်”

“အချိန်တစ်ခုကလွဲရင် ကလေးရဲ့မွေးရက်က ရှင့်အမေနဲ့ အတူတူပဲ.. လွန်ခဲ့တဲ့ ၄၈ နှစ်က တစ်ရက်ထဲ၊ တစ်နေရာထဲမှာ မွေးခဲ့တာ.. အဲဒီနောက်မှာ ဒီအဘွားအိုက ကလေးတွေရဲ့မိဘနဲ့ ဘဝတွေကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်တယ်”

ရှီကျန်းဝူ၏ အဘွားကိုယ်တိုင်မှလွဲ၍ မည်သူကမှ ဤအကြောင်းကို မသိခဲ့ချေ။

ဆွေမျိုးနှင့် မိတ်ဆွေများ၏အမြင်တွင် သူမက အမှန်တကယ် ကိုယ်ဝန်ရှိခဲ့ပြီး ခက်ခက်ခဲခဲနှင့် ကလေးတစ်ယောက်မွေးခဲ့ကာ ကလေးကို တစ်ယောက်တည်းပြုစုပျိုးထောင်ခဲ့သည်။

သို့သော်လည်း ထိုနေ့က ဆေးရုံမှ ဖြူဖျော့သောမျက်နှာနှင့် ထွက်လာခဲ့သည့်အမျိုးသမီး၏ လက်မောင်းအတွင်း ပွေ့ချီလာသည့် ကလေးငယ်မှာ သူမ၏သမီးအရင်း မဟုတ်ခြင်းကိုတော့ မည်သူကမှသိရှိခဲ့ခြင်းမရှိခဲ့ပေ။

ရှီကျန်းဝူက ထိတ်လန့်တုန်လှုတ်စွာ မေးမိသည်။

“ဘာလို့လဲ”

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ်များကလည်း ‘သမီး အတုနှင့် အစစ်’ကို သိချင်နေကြသည်။

အဘွားအတုက ဤသို့လုပ်ခဲ့ရခြင်းမှာ ရှီကျန်းဝူအမေ၏ သွေးရင်းမိဘများမှာ ချမ်းသာသောကြောင့်၊ သို့မဟုတ် အဘွားတုက ရှီကျန်းဝူအမေ၏ သွေးရင်းအဖေကြောင့် ဖောက်ပြန်ပြီး ကလေးနှစ်ယောက်ကို လဲထားလိုက်ခြင်းဖြစ်မည်ဟု တွေးတောနေကြသည်။

အချိန်တစ်ခုထိ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သွေးသံရဲရဲဇာတ်လမ်းဇာတ်ကွက်များဖြင့် ပြည့်နှက်သွားသည်။ အင်တာနက်အသုံးပြုသူများမှာ သူတို့စိတ်များကို အတော်လေးကွန့်မြူးထားပုံရ၏။

သို့သော် ကုကျစ်စုန့်က ပုံထဲမှ သက်လတ်ပိုင်းအမျိုးသမီးကို ကြည့်လိုက်ကာ ခေါင်းခါ၍ပြောသည်။

“ အသေးစိတ်အချက်အလက်က ဒီတစ်ပုံထဲနဲ့တင် မရဘူး..

ဒါပေမဲ့ သေချာတာကတော့ သူမက ရှင့်အမေ ဒါမှမဟုတ် ရှင့်အမေရဲ့ သွေးရင်းမိဘတွေပေါ်မှာ နက်ရှိုင်းတဲ့အမုန်းတရားတွေရှိနေတာပဲ”

“အစကနေ အဆုံးထိ ရှင့်အမေက ဝက်ရူးပြန်နေတာမဟုတ်ဘဲ မကောင်းဆိုးဝါးနဲ့ ဆက်စပ်နေတာ.. ဒါ့အပြင့် ရှင့်အမေဆီမှာ နတ်ဆိုးခြောက်လှန့် ခံနေရတဲ့အကြောင်းကိုလည်း သူမ သိပြီးသားပဲ"

“ရှင့်ရဲ့ပညာရေးနဲ့အလုပ်အကိုင်ကို ပြောင်းလဲ အစားထိုးခဲ့တာလည်း သူမပဲ”

ရှီကျန်းဝူက ရုတ်တရက် ထရပ်လိုက်ပြီး စားပွဲပေါ်မှ ဖုန်းကို ကောက်လိုက်သည်။

သူက ပြောသည်။

“ကျွန်တော် အခုပဲ သူမကို သွားရှာပြီး မေးလိုက်မယ်”

“ကုတောက်ကျန့်၊ ကျွန်တော်ငှားထားတဲ့အိမ်က ကျွန်တော့်ရဲ့အဘွားအိမ်နဲ့ နီးတယ်.. မီတာ ၂၀၀၀ လောက်ပဲ ဝေးတော့ ကျွန်တော့်အမေဆီကို သွားလည်ဖို့လည်း အဆင်ပြေတယ်.. သွားဖို့ အချိန်အရမ်းတော့ မယူရဘူး.. ကျွန်တော့်ကို ဆယ်မိနစ်လောက် စောင့်ပေးနိုင်မလား”

ကုကျစ်စုန့်က အချိန်ကို ကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ”

ထို့ကြောင့် ရှီကျန်းဝူက သူ့၏ဖုန်းနှင့် ကားသော့ကို ဆွဲယူကာ အမြန်ထွက်သွားခဲ့သည်။

*

All Chapters