← Chapters

မောက်မာမှု

Vol. 1 Ch. 134

မောက်မာမှု

Vol. 1 Ch. 134

မောက်မာမှု ... မိုက်မဲမှု

ထိုအရာများသည် ကျန်းရီ လူတိုင်းအား ပေးလိုက်သော ခံစားချက်များ ဖြစ်လေသည်။ ကျန်းရမ်ထူက ဘယ်သူများလဲ ... သူသည် ရှန်ဝူနိုင်ငံတော်၏ အတော်ဆုံးစစ်သည်တော် အယောက် သုံးဆယ်တွင် ပါဝင်သော နာမည်ကျော် စစ်သူကြီး ကျန်းရမ်ထူ ဖြစ်လေသည်။ လက်ရှိတွင် သူသည် ရှန်ဝူနိုင်ငံတော်၏ အားအကောင်းဆုံး အင်အားစုဖြစ်သည့် ကောင်းကင် အစောင့် စစ်သည်များအား အုပ်ချုပ် နေသည်။ ကျန်းရမ်ထူကို ထွက်သွား ခိုင်းရအောင် ကျန်းရီက ဘာကောင်မို့လဲ ... သူတို့ ထွက်မသွားရင် အားလုံးကို မသွား နိုင်တော့အောင် လုပ်မယ်တဲ့လား။

တကယ်တမ်းတွင် ကျန်းရီသည် မောက်မာလွန်းသည်ဟု ကျန်းရမ်ထူလည်း ခံစားရသည်။ ထိုပုလဲသည် အန္တရာယ် ရှိသည်ဟု အဘယ့်ကြောင့် ခံစား နေရသည်ကို သူမသိသော်လည်း ကျန်းရီသည် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်ဟု သူမထင်မိပေ။ သူသာ အင်အား အစစ်အမှန်ကို သုံးလျှင် ကျန်းရီအား စက္ကန့်ပိုင်း အတွင်း၌ပင် သတ်ဖြတ်နိုင်ပေသည်။

သို့သော် သူသည် မလှုပ်ရှားဝံ့ပေ။ ကျန်းရီသည် သူ့အား ထိခိုက်ဒဏ်ရာ ရစေမည်ကို သူမကြောက်သော်လည်း သူ့ကိုယ်သူ ထိခိုက်စေမည်ကို သူကြောက်ပေသည်။ သူ၏ အရှင်သည် ကျန်းရီအား မည်မျှ တန်ဖိုး ထားကြောင်း သူအသိဆုံးပင် ... ဒီအရှင်ငယ်လေးသာ တစ်ခုခု ထိခိုက် မိသွားပါလျှင် ကျန်းပိုင်လီသည် သူ့အား အရေ ဆုတ်ပေလိမ့်မည်။

"ဟူး ... အရှင့်သား ... မင်းရဲ့ စိတ်နေသဘောထားကလည်း သခင်မရီ အတိုင်းပဲ ... "

ကျန်းရမ်ထူသည် သက်ပြင်းချကာ နောက်ဆုတ်၍ သူ့မြင်းထက် အေးဆေးစွာ ပြန်တက် လိုက်သည်။ သူသည် ကျန်းရီအား အသေအချာ ကြည့်လိုက်ပြီးနောက် လက်ဟန်ပြကာ အမိန့် ပေးလိုက်သည်။

"စစ်သည်တော်တို့ နောက်ဆုတ်ကြ"

ကောင်းကင်အစောင့် စစ်သည်တော် တစ်သောင်းသည် မတ်တတ် ရပ်ကာ တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြသည်။ သူတို့သည် မြင်းအသီးသီးထက်သို့ တက်ကာ ဦးတည်ရာကို နောက်ကြောင်း ပြန်လှည့်ကာ ထွက်ခွာ သွားကြသည်။ ဆယ့်ငါးမိနစ်ခန့် အတွင်းတွင် သူတို့အားလုံးသည် နဂါးတစ်သောင်း တောင်ကြားမှ ပျောက်ကွယ် သွားကြလေသည်။

"ဂရား ... ဂရား"

နဂါးပြာကြီးထက်မှ ကျန်းစွန်းဝူကျိသည် ကျန်းရီအား စိုက်ကြည့် လိုက်ပြီးနောက် ထောင့်တစ်နေရာတွင် ရပ်နေသော မင်းသမီး ယွင်ဖေးကို ကြည့်လိုက်သည်။ ထို့နောက် နဂါးပြာကြီးအား ထိန်းချုပ်ကာ မြောက်ဘက် အရပ်သို့ ဦးတည် ပျံသန်းစေခဲ့သည်။

"ဝှစ် ... ဝှစ်"

တစ်ချိန်တည်း ရတနာ ရှာဖွေကြသူ အများစုသည် စတင် ထွက်ပြေးကြသည်။ သူတို့သည် ကျန်းရီဟူသော အရူး၏ လိုက်လံ ဖမ်းဆီး ခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။ သူတို့သာ ထွက်မပြေးပါလျှင် ကျန်းရီသည် စိတ်လွတ်ကာ သူတို့အား သတ်လိုက်နိုင်ပေသည်။

မကြာခင်တွင် နဂါးတစ်သောင်း တောင်ကြား အတွင်းမှ လူများအားလုံး ထွက်ခွာ သွားကြပြီး ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများသာ ကျန်ရစ် ခဲ့လေသည်။ ရတနာရှာဖွေရန် ကျောင်းသား တစ်ထောင်ကျော် လာရောက် ခဲ့သော်လည်း ငါးရာလောက်သာ အသက်ရှင် ကျန်ရစ်လေသည်။ ဤသည်မှာလည်း ကျန်းရီသည် ရက်ပေါင်းများစွာ ချောင်းမြောင်း သွားလာခဲ့ပြီး ကျောင်းသား တစ်ယောက်တလေကိုမှ မထိခဲ့ခြင်းကြောင့် ဖြစ်သည်။ မဟုတ်လျှင် ကျောင်းသား တစ်ရာ၊ နှစ်ရာလောက် ကျန်လျှင်တောင် ကံကောင်း၍ ဖြစ်ပေလိမ့်မည်။

ကျန်းရီသည် နေရာတွင် တိတ်တဆိတ် ရပ်နေခဲ့သည်။ ထို့နောက် သူသည် နောက်လှည့်လိုက်ပြီး ကျီထင်ယွီ၊ ကျန်းဟန်ရွှေနှင့် ကျန်လူများကို စိုက်ကြည့်လိုက်သည်။

ကျီထင်ယွီသည် အတော်လေး ကံကောင်း နေခဲ့သည်။ လွန်ခဲ့သော ရက်များတွင် ကျန်းရီသည် လက်စား လိုက်ချေ နေခဲ့သော်လည်း သူမအား မရှာဖွေခဲ့ပေ။ သို့သော် သူမ၏ ကံကောင်းမှုသည် ဤနေရာတွင် ဆုံးခန်း တိုင်ခဲ့ပြီ ထင်သည်။

ကျန်းရီ၏ မျက်လုံးသည် အနီရောင်အလင်း တစ်ချက် လက်သွားခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထွက်ပေါ် လာခဲ့သည်။ သူသည် ကျီထင်ယွီထံ မကောင်းဆိုးဝါး တစ်ကောင်အလား တစ်လှမ်းချင်း လှမ်းသွားခဲ့လေသည်။ သူသည် တစ်ယောက်ယောက်အား သတ်ရန် စဉ်းစား နေသည်မှာ အထင်အရှား ...

ကျောင်းအုပ်ချီသည် အစတည်းက ဒေါသ ထွက်နေခဲ့ပြီး ဖြစ်သည်။ ကျန်းရီက သူမရှေ့တွင် ထပ်မံ လူသတ် ချင်နေသည်လား ... သူမသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျန်းရီ ... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

"ကျန်းရီ"

စုလောရွှယ်သည် ကျောင်းအုပ်ချီ အတော် ဒေါသ ထွက်နေသည်ကို မြင်လိုက်သောအခါ ကျန်းရီအား အလျင်အမြန် ပြေးဆွဲလိုက်ရသည်။ သူမသည် ကျန်းရီအား တီးတိုး ပြောလိုက်သည်။

"မင်းရဲ့ အစေခံ မိန်းကလေးကို မင်းမကယ်ချင် တော့ဘူးလား ... မင်း ကျောင်းအုပ်ချီကို ဆန့်ကျင်လိုက်ရင် သင်တန်းကျောင်းကနေ အထုတ် ခံရလိမ့်မယ် ... အဲဒါကို အရင်စဉ်းစား"

ကျန်းရီ၏ မျက်လုံးအတွင်းမှ အနီရောင်အလင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် ကျီထင်ယွီအား တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူ၏ လှုပ်ရှားမှုများကို ရပ်တန့် လိုက်သည်။ ကျီထင်ယွီသည် ကျန်းရီ၏ မျက်လုံးများအား တည့်တည့် မကြည့်ရဲသောကြောင့် အကြည့် လွှဲလိုက်သည်။ သူမ၏ မျက်နှာသည် စိတ်ထဲမှ အတွေးများ ယောက်ယက်ခတ် နေသောကြောင့် ဖြူလိုက် စိမ်းလိုက် ဖြစ်နေခဲ့သည်။

"အားလုံးပဲ ... ရထားလုံးပေါ် တက်ကြ ... သင်တန်းကျောင်းကို ပြန်ကြမယ် ... နောက်ထပ် ထပ်ပြီး လှုပ်ရှားတဲ့ သူတိုင်း ကျောင်းက အထုတ်ခံရဖို့ ပြင်ဆင်ထား"

ကျောင်းအုပ်ချီသည် တင်းမာစွာ ပြောကြားလိုက်သည်။ လူတိုင်းရှေ့တွင် ကျန်းရမ်ထူ၏ မထီမဲ့မြင် ဆက်ဆံပုံသည် သူမအား များစွာ အရှက် ရစေခဲ့သည်။ ထို့ကြောင့် သူသည် ကျန်းရိလျှိုနှင့် ကျန်းရီအပေါ် အကောင်း မမြင်တော့ပေ။

ဆရာများနှင့် အစောင့်များ၏ အစီအစဉ်အတိုင်း ကျောင်းသား အားလုံးသည် ရထားလုံး အသီးသီးအတွင်း နေရာ ယူလိုက်ကြသည်။ သေဆုံးမှု အလွန် များပြားသောကြောင့် ရထားလုံးများ ကျပ်နေစရာ အကြောင်းမရှိပေ။

ကျန်းရီ၊ ကျန့်ဝူရွှမ်း၊ ကျန့်လင်းအာနှင့် ချမ်ဝမ်ကွမ်တို့သည် ရထားလုံး တစ်ခုအတွင်း နေရာယူ လိုက်ကြပြီး စုလောရွှယ်သည် ကျန်းရီတို့၏ ရှေ့ရှိ ရထားလုံးအတွင်း ဝင်သွားခဲ့သည်။ သင်တန်းကျောင်းသို့ အပြန်ခရီးတွင် အားလုံးသည် တိတ်ဆိတ် နေခဲ့ကြသည်။

"ဟူး”

ကျန်းရီသည် ရထားလုံး အတွင်း ရောက်သည်နှင့် ချက်ချင်း အိပ်လေသည်။ သူသည် မအိပ်ခင်တွင် စကား တစ်ခွန်းသာ ပြောခဲ့သည်။

"ငါ့ကို မနှိုးနဲ့ ... ငါတစ်ရေးလောက် ကောင်းကောင်း အိပ်ချင်တယ်"

ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သနားစဖွယ် ဖြစ်နေသော ကျန်းရီအား ကြည့်လာကြသည်။ ကျန်းရီသည် လူပင်ပန်းနေခြင်း မဟုတ်ဘဲ စိတ်ပင်ပန်း နေခြင်းသာ ဖြစ်ကြောင်း သူတို့ သိပေသည်။

***

သင်တန်းကျောင်းသို့ အပြန်လမ်းတွင်တော့ မည်သည့် အန္တရာယ်မှ မကြုံတွေ့ရပေ။ လူတိုင်းသည် ငြိမ်းချမ်း နေကြသည်။ ပျောက်သွားသော တစ်ယောက်ယောက်မှ လွဲ၍ပေါ့ ... လူစုသည် မြို့တစ်မြို့တွင် တစ်ည နားသောအခါ ကျီထင်ယွီသည် ရုတ်တရက် ပျောက်ဆုံး သွားခဲ့သည်။

ထိုသတင်းအား ကျန်းရီ ကြားသောအခါ မည်သည့် မှတ်ချက်မှ မပေးဘဲ ရထားလုံး အတွင်း တိတ်ဆိတ်စွာသာ နေထိုင်ခဲ့သည်။ သူသည် အိပ်သည်၊ ကျင့်ကြံသည်။ ချမ်ဝမ်ကွမ်၊ ကျန့်ဝူရွှမ်းတို့နှင့်တောင် စကားအများကြီး မပြောပေ။ ထူးဆန်းစွာ စုလောရွှယ်သည်လည်း ရောက်မလာခဲ့ပေ။

သင်တန်းကျောင်းသို့ ပြန်ရောက်ရန် နှစ်ရက်ခန့် အလိုတွင် ကျန်းရီသည် သတင်းကောင်း တစ်ခု ရရှိခဲ့သည်။ ကျန်းယွင်ဟိုင်သည် ဘေးကင်း လုံခြုံစွာ ရှိနေခဲ့ပြီး ချမ်ဂိုဏ်းမှ လူအချို့နှင့် ဆက်သွယ်ကာ သူ့အား စာတစ်စောင် ပေးပို့လာခဲ့သည်။ စာတွင် ကျန်းရှောင်နူ အတွက် ပို၍ ကောင်းမွန် လုံခြုံသော နေရာတစ်ခု တွေ့ပြီ ဖြစ်ကြောင်းနှင့် သူ့အား သင်တန်းကျောင်းတွင် စိတ်အေးလက်အေး ထားကာ ကျင့်ကြံရန် မှာကြားထားသည်။

ကျန်းရမ်ထူသည် ကောင်းကင် အစောင့် စစ်သည် တစ်သောင်းကို ဦးဆောင်ကာ နဂါးတစ်သောင်း တောင်ကြားသို့ ရောက်လာခဲ့ခြင်းသည် ကျန်းရီမှာ ကျန်းပိုင်လီ အတွက် အလွန် အရေးပါကြောင်း တစ်လောကလုံးအား ကြေငြာလိုက်ခြင်း ဖြစ်သည်။ ကျန်းရီအား ထိရဲလျှင် ရှန်ဝူနိုင်ငံတော် နံပါတ်တစ် စစ်သည်တော်၏ ဒေါသအား စောင့်ဆိုင်း နေရန်သာ လိုသည်။

ချမ်ဝမ်ကွမ်၏ တွက်ချက်မှုများ အရ နောက်လာမည့် နေ့ရက်များတွင် ကျန်းရီသာမက ကျန်းယွင်ဟိုင်ပါ ဘေးကင်း လုံခြုံသွားပြီ ဖြစ်သည်။ ကျန်းစွန်းဂိုဏ်းတောင် ကျန်းယွင်ဟိုင်ကို လိုက်ဖမ်းခြင်းဖြင့် ကျန်းပိုင်လီအား ဒေါသအား ဆွမိမည်ကို စိုးရိမ် နေကြသည်။

***

ဆယ်ရက်ကျော် ကြာပြီးနောက်တွင် ကောင်းကင် အစောင့် စစ်သည်များသည် ကျန်းရိမြို့သို့ ပြန်ရောက်သွားကြသည်။ ကျန်းပိုင်လီသည် စစ်တပ်တစ်တပ်ကို သုံး၍ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သော်လည်း သူ၏ အဆင့်အတန်းကြောင့် တော်ဝင် မိသားစုသည်ပင် မည်သို့မျှ တုံ့ပြန် မလာခဲ့ပေ။ သူတို့သည် ထိုအကြောင်းအရာအား လုံးဝ ဂရုမစိုက်သည့် အလား ...

ကျန်းရိလျှို သည်လည်း အခြေအနေ မကောင်းပေ။ ကျန်းရိမြို့သို့ ပြန်မရောက်ခင်တွင် ကျန်းရမ်ထူသည် သူချိုးခဲ့သော ချိုးထောက်များကို ပြန်ကုစားရာတွင် ကူညီရန် တစ်ယောက် ယောက်အား ခိုင်းခဲ့သည်။ သို့သော် ကျန်းရိမြို့သို့ ရောက်သည်နှင့် ကျန်းရမ်ထူသည် သူ့အား သူ့မယ်တော် ရှိနေသော ချင်ထျန်းကုန်း(အိမ်တော်/ဗိမ္မာန်) သို့ ခေါ်သွားခဲ့သည်။ ထို့နောက် သူသည် အကျယ်ချုပ် ခံရသည်။ ကျန်းပိုင်လီသည် သူ့အတွက် တစ်နှစ်ကြာ အမှားဆင်ခြင်ရန်ဟူသော သတင်းကို လူတစ်ယောက်နှင့် ပေးပို့ စေခဲ့သည်။

နေအိမ် အကျယ်ချုပ်က အသေးအဖွဲမျှသာ။ အရက်စက်ဆုံး အချက်သည် ကျန်းပိုင်လီ၏ သဘောထား ဖြစ်သည်။ ကျန်းရိလျှို၏ အမေသည် ကျန်းပိုင်လီအား တွေ့ဆုံခွင့်ရရန် လေး၊ငါးကြိမ်မက တောင်းဆိုခဲ့သော်လည်း ကျန်းပိုင်လီသည် တစ်ကြိမ်တောင် လက်ခံ တွေ့ဆုံခြင်း မပြုခဲ့ပေ။ အဆိုးဆုံးမှာ သူသည် သူမ ဆက်လက် နှောင့်ယှက် နေမည်ဆိုလျှင် ကျန်းရိလျှိုအားခေါ်ကာ ကျန်းရိမြို့မှ ထွက်သွားရန် ထပ်မံအမှာစကား ပါးလိုက်ခြင်း ဖြစ်ပေသည်။

ကျန်းရိလျှိုသည် ကျန်းပိုင်လီ အတော်ဒေါသ ထွက်သွားမှန်း သိလေသည်။ သူသာ ကျန်းပိုင်လီ၏ သွေးသားအရင်း မဟုတ်ပါလျှင် သူအကြိမ်ကြိမ် သေဆုံး နေလောက်ပေပြီ။ ကျန်းပိုင်လီ၏ သူ့အပေါ်ထားသော သဘောထား သည်လည်း လက်ရှိအချိန်တွင် အလွန် ဆိုးရွား နေမည်မှန်း သူနားလည် လေသည်။

သူဝမ်းသာရသော အရာ တစ်ခုသည်ကား ကျန်းရီသည် လိုက်မလာခဲ့ပေ။ ထိုအကောင်သည် ကျန်းပိုင်လီအား မနှစ်မြို့သည့်ဟန် ရှိသည်။

သူသည် ကျန်းရမ်ထူအား သတ်ပစ်ချင်သည့် သဘောဖြင့်တောင် စကားများ ပြောလိုက် သေးသည်။ ကျန်းရီသာ ပြန်လိုက်လာ၍ သူ့ဇစ်မြစ်ကို လက်ခံလိုက်လျှင် အနောက်ဘက် နယ်စပ်မြို့စား ရာထူးကို မလွဲဧကန် ရပေလိမ့်မည်။

အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ အိမ်တော် ...

ကျန်းပိုင်လီသည် နဂါးတစ်ကောင် ခွေနေသည့်ဟန် ရှိသော ပုလ္လင်ထက်တွင် ထိုင်နေလေသည်။ ကျန်းရမ်ထူ၏ တင်ပြချက်ကို နားထောင် ပြီးသော်လည်း သူ့မျက်နှာသည် အမူအရာ မဲ့နေဆဲ ... သူသည် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"ရီဖျောင်ဖျောင် ... မင်းသားက မင်းလိုပါပဲလား ... ခေါင်းမာတယ်၊ မာနကြီးတယ် ... သူက မင်းနဲ့ အရမ်းတူတယ်"

"လော့ကဲအရှင်"

ကျန်းရမ်ထူ၏ မျက်နှာသည် ရှုံ့မဲ့သွားပြီး ဆက်လက် တင်ပြလာခဲ့သည်။

"ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို ဝင်ရောက်ခဲ့တဲ့ သူတွေရဲ့ ပြောစကားအရ အရှင့်သားက အခု အရမ်း အားကောင်းနေပါပြီ ... သူက ဝိညာဉ်သားရဲ သင်တန်းကျောင်းမှာ သတ်ဖြတ်ခြင်း တာအိုကို နားလည် သဘော ပေါက်ခဲ့ပြီးတော့ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်က လူကိုတောင် ပေါက်ကွဲပြီး အလွယ် သေသွားစေနိုင်တဲ့ ကျင့်စဉ် တစ်ခုကိုလည်း တတ်မြောက် ထားပါတယ် ... နောက်တစ်ခုကတော့ ... သူက အရှင့်ရဲ့ အုပ်ချုပ်သူ တံဆိပ်တုံးကို ဖျက်ဆီး လိုက်နိုင်တဲ့ ရတနာတစ်ခု ကောင်းကင် ၀ဧကရာဇ်ရဲ့ အုတ်ဂူကနေ ရခဲ့တယ်နဲ့ တူတယ်"

"အမ်"

ကျန်းပိုင်လီ၏ မျက်ခုံးထူထူတို့ မြင့်တက် သွားခဲ့သည်။ သူရခဲ့သော သတင်းများတွင် လွန်ခဲ့သော တစ်နှစ်ခွဲကာလ ကျန်းရီ ကောင်းကင် တောင်ပံမြို့တွင် နေထိုင်စဉ်တွင် သဏ္ဌာန်သုံးဆင့် အသွင် ပြောင်းခြင်း ပထမအဆင့်သာ ရှိသေးသည်။ သို့သော် လက်ရှိ အချိန်တွင် သူသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်တောင် ပြိုင်ဘက် ကင်းနေပြီ ဖြစ်သည်။ သူ၏ အုပ်ချုပ်သူ တံဆိပ်တုံးကိုတောင် ဖျက်ဆီး လိုက်သေးသည်။

သူ့မျက်လုံးများသည် ကျဉ်းမြောင်း သွားကာ ချက်ချင်း အမိန့် ပေးလိုက်သည်။

"ကောင်းကင်ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကနေ ပြန်လာတဲ့ သူတွေကို အသေးစိတ် မေးကြည့်လိုက် ... ကောင်းကင် တောင်ပံမြို့နဲ့ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို သွားတဲ့ ကင်းထောက်ကရော ပြန်မရောက် သေးဘူးလား ... ငါ့ဆီ ကျန်းရီနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှ ယူလာခဲ့ပေး ... ဒီနှစ်တွေမှာ ကျန်းရီဖြစ်ခဲ့တဲ့ အရာအားလုံးကို ငါသိချင်တယ်"

***

All Chapters