သေသည်အထိ အနိုင်ကျင့်ခံရခြင်း (2)
Vol. 31 Ch. 304
ထိုကောင်မလေးက သူတို့မှ လက်မလျှော့သေးခြင်းနှင့်၊ တခြားသူများရှေ့တွင် ရွှီရုန်ဟန်ကို နစ်နာစေရန် ပြုလုပ်ခြင်းတို့ကြောင့် သူတို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။
“နင်တို့က ဘာတွေများ ယုံကြည်ချက်ရှိနေတာလဲ.. မိန်းကလေးတွေက ချမ်းသာတဲ့သူတွေကိုပဲ ကြိုက်ကြတာလို့ ဘယ်သူပြောလဲ
ဆင်းရဲတာက ဘာများမှားနေလို့လဲ.. နင်တို့ အင်တာနက်ဆိုင်မှာ စကားများနေ၊ အလေလိုက်နေကြတဲ့အချိန်မှာ သူက စာကြည့်တိုက်မှာ စာဖတ်နေတာ
အနည်းဆုံးတော့ သူက သန့်ပြန့်ပြီး ကြိုးစားချင်စိတ်ရှိသေးတယ်.. သူက အနာဂတ်မှာ ဆင်းရဲမှာမဟုတ်ဘူး.. သူ ဟန်ဆောင်နေတာဆိုရင်တောင် တစ်နှစ်လောက်ကြာတဲ့ထိ သရုပ်ဆောင်နိုင်တဲ့ စိတ်ရှည်မှုတွေ ရှိနေတာပဲ.. နင်တို့ကျတော့ရော?”
“နင်တို့တွေက ကောင်းကောင်းသွန်သင်မခံရဘူး.. တခြားသူတွေကို အနိုင်ကျင့်တဲ့နေရာမှာပဲ တော်တာ.. တစ်နေကုန် ပျင်းတိပျင်းရွဲနေပြီး ချွေးနံ့တထောင်းထောင်းတွေနဲ့ဖြစ်နေတာ၊
ဒါတောင် ကိုယ့်ကိုယ်ကိုယ် ယောကျာ်းဆန်လှပြီထင်နေသေးတယ်.. အသန့်ကြိုက်တဲ့လူတွေကိုကျတော့ အခြောက်လို့ ထင်တယ်ပေါ့.. သူကတော့ ဒီအတိုင်း ချောမောနေတာ၊ နင်တို့က ဘာတွေ မနာလိုနေတာလဲ”
သူကြိုက်သည့်မိန်းကလေးမှ သူ့ကို ဆွဲချပြီး ရွှီရုန်ဟန်ကို ချီးမွန်းနေသည့်အတွက် ထိုကောင်လေး၏ ပျော့ညံ့သော ကိုယ့်ကိုယ်ကိုယ်အလေးထားမှုကို ထိခိုက်စေသည်။
သူက ဒေါသလည်းထွက််သလို ရှက်လည်းရှက်ရွံ့ခဲ့သည်။ သူ့၏ဒေါသအားလုံးကလည်း ရွှီရုန်ဟန်ဆီသို့ ကူးပြောင်းသွားတော့သည်။
သူနှင့် အငြင်းခံလိုက်ရသည့် တခြားသော ချမ်းသာသည့်ဒုတိယမျိုးဆက်သူဌေးသားမှာ နောက်ကွယ်တွင် အဖွဲ့ရှိသောကြောင့် ရွှီရုန်ဟန်ကို ထပ်ပြီး ဟန်မဆောင်နိုင်တော့စေရန် “သင်ခန်းစာကောင်းကောင်း”ပေးရန် စီစဉ်ခဲ့ကြသည်။
ထို့ကြောင့် သူတို့က အတန်းပြီးသည့်နောက် မွေးနေ့ပါတီကို ဖိတ်ခေါ်ရန်ဟူသည့်ခေါင်းစဉ်ဖြင့် ရွှီရုန်ဟန်၏ အိပ်ဆောင်ကို ပိတ်ဆို့လိုက်ကြပြီး ဂျက်စမင်၏ခင်ပွန်းသည်မောင်းနှင်သည့် တက္ကစီထဲသို့ အတင်းခေါ်သွင်းခဲ့ကြခြင်းဖြစ်သည်။
သူတို့ ဗီလာဧရိယာအနားရောက်လာချိန်တွင် သောက်ထားပြီးကြသော ကောင်လေးများက ရွှီရုန်ဟန်ကို တွန်းထုတ်လာပြီး လူချမ်းသာ ဒုတိယမျိုးဆက်မိသားစု၏ အိမ် မြက်ခင်းသို့ ဆွဲခေါ်ကာ ရွှီရုန်ဟန်၏ပါးစပ်ထဲသို့ အစာများသွပ်ထည့်ပြီး ဝိုင်များကိုလည်း သူ့ခေါင်းနှင့် မျက်နှာပေါ် လောင်းချခဲ့ကြသည်။
သူက ခုခံခဲ့သော်လည်း အစာအိမ်ကို အကန်ခံလိုက်ရပြီး နားထင်စပ်နှင့် မျက်လုံးပေါ်သို့ လက်သီးချက်များက မိုးပေါက်များနှယ် ကျဆင်းလာခဲ့သည်။
“ဒီဝိုင်ပုလင်းက ယွမ်ထောင်ပေါင်းများစွာတန်တယ်ဆိုတာ မင်းသိလား. ငါ့လက်ထဲက ထွက်လာတဲ့ ပိုက်ဆံနည်းနည်းကတောင် မင်းရဲ့ အပေါစားဘဝထက် အများကြီး ပိုတန်ဖိုးရှိတယ်”
“ဟားဟား ရယ်ရလွန်းလို့ သေတော့မှာပဲ.. မင်းသ်ာ ဆက်တုံးနေအုံးမယ်ဆိုရင် နောင်တစ်ချိန်ကျလည်း ဆက်ပြီး ဆင်းရဲနေအုံးမှာပဲ.. နောက်တစ်ခါ လမ်းပေါ်မှာ ငါတို့ကိုတွေ့ရင် လေးလေးစားစားဆက်ဆံ
ငါတို့က အတန်းဖော်ဟောင်းတွေပဲလေ... ဘွဲ့ရပြီးတဲ့အချိန်ကျရင် မင်း ငါတို့ ကုမ္ပဏီမှာ စာရေးအနေနဲ့ ခန့်ပေးဖို့ စဉ်းစားပေးတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
“လာပြီး ကင်မရာကို တစ်ချက်ကြည့်လိုက်ပါအုံး.. ဓာတ်ပုံရိုက်ကြရအောင်..”
*
ရွှီရုန်ဟန်၏ ခန္ဓာကိုယ်နှင့် မျက်နှာမှာ နီရဲနေပြီဖြစ်ကာ နာကျင်မှုဖြင့် ဖောရောင်နေခဲ့သည်။
သို့သော်လည်း တစ်ဖက်မှအဖွဲ့က သွားခွင့်မပြုသေးဘဲ သူ့ကို ဒူးထောက်ပြီး ခွေးလိုဟောင်ခိုင်းကာ ‘အစ်ကိုကြီး ကျွန်တော်မှားတာပါ.. ကျွန်တော်က အသုံးမကျတဲ့အမှိုက်ပါ’ဟူသော စကားများကို ပြောခိုင်းကာ စော်ကားသောစကားများ ပြောကြသည်။
ရှီရုန်ဟန်မှာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို အလေးထားသည့်အတွက် အံကြိတ်ကာ “မလုပ်ဘူး”ဟု ငြင်းခဲ့သည်။
ထို့နောက်တွင် သူက ပို၍ပင် ဆူဆဲအရိုက်ခံရပြီး သူတို့အားလုံးက ရူးသွပ်စွာဖြင့် သူ့ကို ထိုးနှက်ကြသည်။
နာကျင်ရသည်။
အလွန်စွာ နာကျင်ရလေ၏။
ရွှီရုန်ဟန်က သူ့အရိုးများ အက်သွားသံကို ကြားရကာ အာရုံကြောတိုင်းက အဆွဲဆောင့်ခံနေရသလိုပင်။ နာကျင်လွန်းရသည့်အတွက် ဝေဝါးနေသော သူ့မျက်ဝန်းများမှာ သွေးတို့ ပြည့်လျှံလာသည်။ သူ၏ဘဝနှင့် ထိုအနိုင်ကျင့်သူများကို မုန်းတီးမှုက သူ့နှလုံးသားထဲ စုပုံလာခဲ့၏။
အဆုံးတွင်တော့ သူ သေလုမြောပါးဖြစ်နေချိန်တွင် ထိုလူများက ရိုက်နှက်သည်ကို ရပ်လိုက်ကြသည်။
သနားစရာကောင်းသော သေခါနီးအခြေအနေကို မြင်လျွင် သူတို့က ကြောက်လန့်သွားကြပြီး သေချင်ဟန်ဆောင်နေသည်ဟု ဆဲဆိုကြပြန်သည်။
တိရိစ္တာန်နှင့်တူသော ထိုကောာင်လေးများက သူ့ကို ချက်ချင်း မကူညီခဲ့ကြပေ။ ရွှီရုန်ဟန်မှာ မြက်ခင်းပေါ်တွင်သာ လဲလျောင်းနေခဲ့ရသည်။
သူတို့က သောက်ကြစားကြဖြင့် မွေးနေ့ပွဲကျင်းပကြကာ အိမ်ထဲတွင် ဂိမ်းများကစားကြသည်။
ဖြည်းဖြည်းချင်းနှင့် သူတို့က အပြင်ဘက်တွင် တစ်ယောက်ယောက်ရှိနေသေးကြောင်းကိုပင် မေ့လျော့သွားခဲ့ကြ၏။
ရွှီရုန်ဟန်၏ အတွင်းအင်္ဂါများမှာ စုတ်ပြတ်သတ်နေပြီး အရိုးများလည်း ကျိုးနေသည်။ သူ့အနေဖြင့် အချိန်မဆွဲဘဲဲ ဆေးရုံသို့အပို့ခံလိုက်ရပြီး ကုသမှုခံယူလိုက်လျှင် အသက်ရှင်လိမ့်ပေဦးမည်။
သူ မလာခင်ကတည်းက သူ၏ဖုန်းကို ထိုလူများက ရှာဖွေ၍ယူထားခဲ့ကြသည်။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်လျှောက်မှ နာကျင်မှုများကို ခံနိုင်ရည်ရှိအောင် ကြိုးစားကာ ဖြည်းဖြည်းချင်း တွားသွားပြီး အကူအညီတောင်းလိုခဲ့သည်။
သို့သော်လည်း...
လူချမ်းသာများ၏အိမ်မှာ ကြီးလွန်းလှသည်ဟု သူ ယခင်က တွေးဖူးသည်။ သို့သော်လည်း သူတို့ခြံကွင်းပြင်က အလွန်ကြီးလွန်းပြီး အိမ်ပြင်သို့ရောက်ရန်မှာအတွက် ဤမျှလောက်အထိ ဝေးကွာလွန်းလှသည်ဟုတော့ သူ မထင်မိခဲ့..။
သူ မည်သည့်အချိန်မှ ဖြတ်ကျော်နိုင်မည်မဟုတ်ဟု တွေးဖူးခဲ့သော အကောင်းစားနံရံများက သူ့ကို သေသည်ထိ ပိတ်လှောင်ထားကာ အေးစက်သောနံရံများအတွင်း သူ့ဘဝကို အဆုံးသတ်စေခဲ့လေပြီ။
အိမ်ထဲမှ လူများက မွေးနေ့ပွဲကျင်းပနေကြသည်။ သို့သော် သူသည်လည်း မနေ့ကမှ မွေးနေ့ပွဲကို ကျင်းပခဲ့ရသည်။
သက်ရှည်ခေါက်ဆွဲတစ်ပွဲနှင့် ကြက််ဥမွှေကြော်နှစ်ပန်းကန်က သူ၏မွေးနေ့ပွဲတစ်ခုဖြစ်ခဲ့သည်။
ရွှီရုန်ဟန်တစ်ယောက် အချိန် ကြာရှည်စွာ နာကျင်ခံစားရပြီး အမုန်းတရားအပြည့်ဖြင့် သေဆုံးသွားခဲ့ရသည်။
သူ သေဆုံးသွားသည့်အခါ သူ့မျက်နှာမှာ ပျက်ယွင်းနေပြီး မျက်လုံးများလည်း ပွင့်လျက်သား။
သူက ချက်ချင်းပင် အနည်းငယ်အားနည်းနေသော တစ္ဆေအသစ်လေးတစ်ကောင်ဖြစ်သွားသည်။
တစ္ဆေဖြစ်ပြီးနောက် ဤအိမ်ထဲတွင် ကာကွယ်ထားသည့်အရာများ ရှိကြောင်း ခံစားမိလိုက်သည်။ သူ အလောတကြီးမလုပ်ဆောင်ဘဲ ထိုအနိုင်ကျင့်သူများကို အမုန်းတရားအပြည့်ဖြင့်သာ စိုက်ကြည့်ခဲ့သည်။
လူချမ်းသာ ဒုတိယမျိုးဆက်ကောင်လေး၏ မိသားစုဝင်များ ပြန်ရောက်လာသည့်အချိန်တွင် ကောင်လေးတစ်ယောက်၏ သေဆုံးပြီးအလောင်းကို တွေ့လိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။
သူတို့က ဒေါသထွက်သွားကြကာ ရှုပ်ပွနေသော ဆိုဖာပေါ်မှ လူတစ်စုကို ဆွဲချလာ၏။
ပြစ်မှုကျူးလွန်သူများက ဒဏ်ရာဒဏ်ချက်များဖြစ်နေပြီး ခရမ်းရောင်သမ်းနေသည့် ရွှီရုန်ဟန်၏ မျက်နှာကို ကြည့်လိုက်သည်။
သူတို့လည်း ထိတ်လန့်ပြီး အမူးပြေသွားကြကာ သူတို့က သူ့ကို သတ်ချင်၍မဟုတ်ဘဲ သင်ခန်းစာပေးချင်ရုံတင်သာဖြစ်ကြောင်း ထပ်ကာတလဲလဲ ပြောလာကြ၏။
အဆုံးတွင်တော့ ထိုမိသားစုက ကိစ္စကို ဖုံးအုပ်ရန်ကူညီပေးခဲ့ကြသည်။
ပထမဆုံးအနေဖြင့် သူတို့က သဲလွန်စများကို ရှင်းလင်းကာ တန်ပြန်ရေးကို ဆွေးနွေးရန် ညတွင်းချင်း လိုက်ရှာသည်။
ကလေးများကို ပြောရမည့်ထွက်ဆိုချက်များ သင်ပေးကာ တောက်ဆရာသခင်တစ်ယောက်ကိုလည်း ဖိတ်ပြီး သူတို့မိသားစု၏ ဖုန်းရွှေကို ကြည့်ပေးရန် တောင်းဆိုသည်။
တောက်ကျန့်ရောက်လာသောအချိန်တွင် သူက သက်ပြင်းချကာ ပြောလာသည်။
“ဒါက မှားယွင်းနေတာပဲ.. ဒီကလေးက သန်မာတဲ့အကျင့်ရှိပြီ ထူးချွန်တယ်.. သူ့မှာ အနာဂတ်ကောင်းကောင်းရှိတယ်.. ဒါပေမဲ့ သေတဲ့ထိခံစားခဲ့ရတယ်..သူက နာကျည်းမှုတွေနဲ့ သေဆုံးသွားခဲ့တာပဲ!
သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မြန်မြန်ပေါ်လာတဲ့ ဒဏ်ရာတွေကို ကြည့်ကြည့်လိုက်.. သူက အငြိုးကြီးတစ္ဆေဖြစ်သွားပြီဆိုတာ သေချာတယ်၊ ပြီးတော့ ကလဲ့စားချေဖို့ ပြန်လာနိုင်တယ်”
လူတိုင်းလညည်း ဤသည်ကို ကြားလျှင် ထိတ်လန့်သွားကြသည်။ အိမ်ရှင်မိသားစုက ထပ်ကာထပ်ကာတောင်းဆိုပြီးနောက် တောက်ကျန့်မှ ရွှီရုန်ဟန်၏ဝိညာဉ်ကိုဖျက်ဆီးနိုင်ရန်ဟူသည့် မျှော်လင့်ချက်ဖြင့် ငွေအများအပြားသုံးလိုက်ကြသည်။
တစ္ဆေအသစ်မှာလည်း ဤအဖြစ်များကို မြင်လိုက်ရပြီး သူ့အမုန်းတရားများက ပြင်းထန်လာခဲ့သည်။
သူ့တွင် မသန်စွမ်းသည့်အမေနှင့် ဆင်းရဲသည့်မိသားစုသာရှိပြီး ထိုလူများကတော့ ငွေနှင့် အာဏာရှိသည်။
ဥပဒေကို တန်ပြန်ရန်အတွက် အကောင်းဆုံးသော ရှေ့နေများကို ငှား၍ ဆင်ခြေပေးနိုင်ကြောင်းကိုလည်း သူ ကောင်းစွာ သိသည်။
သူကို အများဆုံးအနိုင်ကျင့်ခဲ့သည့် ခေါင်းဆောင်နှစ်ယောက်က ထောင်ကျခံရပါက ဆယ်နှစ်သာကျနိုင်မည်ဖြစ်ပြီး ကြိုးကြိုးစားစားအလုပ်လုပ်ပါက အသက်သုံးဆယ်မပြည့်ခင်တွင်ပင် ထောင်မှပြန်လွတ်နိုင်ကြောင်းပြောနေသည်ကို ကြားရခဲ့ရသည်။
ဒီလိုဆိုမှတော့ သူ, ရွှီရုန်ဟန်က လက်စားချေပွဲတစ်ခုကို ကောင်းကောင်းလေး ကျင်းပပေးရမှာပေါ့။
အမှုဖွင့်ရက်မှ နောက်ဆုံးအမိန့်ချသည်အထိ တစ်လကျော်ကြာနိုင်သောကြောင့် သူ့တွင် အခွင့်အရေးရှိသည်။
သူက ညဘက်တွင် လူချမ်းသာဒုတိယမျိုးဆက်သူဌေးသားကိုအိပ်ရာပေါ်တွင် ဖိထားပြီး အသက်နှုတ်ယူခဲ့သည်။ သူ့၏ ကိုယ်ပိုင်လက်နှင့် သူ့ကိုယ်သူ သေသည်အထိ လည်ပင်းညစ်သည့်ပုံမျိုးဖြစ်အောင် လုပ်ခဲ့သည်။
ထိုသူဌေးသား သေသွားသည်နှင့် ကျန်ရှိနေသညဲ့ လူများကလည်း ကြောက်လန့်လာကြပြီး တောက်ကျန့်ကို ဖြေရှင်းခိုင်းရန် အပူတပြင်း သွားရှာခဲ့သည်။
ဒုတိယမြောက်သေဆုံးသွားရသည့်လူကတော့ ထိုမိစ္ဆာကောင်များကို ကူညီ၍ သူ့ကို ရှင်းထုတ်ရန်ကြိုးစားခဲ့သည့် တောက်ကျန့်ပင် ဖြစ်သည်။
နောက်ပိုင်တွင်တော့ သူ ဒုတိယတရားခံကို သတ်တော့မည့်အချိန်တွင် သူ့အနေဖြင့် တစ်ဖက်လူ၏ဗုဒ္ဓပုတီးစေ့များကြောင့် ဒဏ်ရာရသွားသော်လည်း ထိုတရားခံကို ငါးလွှာမှ ပြုတ်ကျစေခဲ့သည်။
ထိုလူက မသေဆုံးခဲ့သော်လည်း ကျောရိုးနဲ့ ခြေထောက်များ ကျိုးသွားခဲ့ကာ ကျန်ဘဝတစ်လျှောက်လုံး မသန်စွမ်းသာဖြစ်နေပေတော့မည်။
တခြားသောပါဝင်သူများကလည်း ပုံစံအမျိုးမျိုးဖြင့် ဒဏ်ရာရခဲ့ကြသည်။
သို့သော် ထိုသည်က မလုံလောက်သေးဟု ရွှီရုန်ဟန် ခံစားရသည်။ သူတို့က အနိုင်ကျင့်နှိပ်စက်ကြသူများဖြစ်သည့်အတွက် သေဖို့သာထိုက်တန်သည်။
ဂျက်စမင်၏ခင်ပွန်းအတွက်တော့ ထိုသူ၏ အခက်အခဲများနှင့် စိုးရိမ်မှုများကို သူ မသိချေ။ ထိုလူက အမှန်တရားကို ထုတ်ပြောရန်အခွင့်အရေးရှိသည်။
သို့သော်လည်း ထိုလူက လိမ်ညာရန်ရွေးချယ်လိုက်ကာ ထိုအနိုင်ကျင့်သူများဘက်က ပြောဆိုခဲ့သည်ကိုသာ သူမြင်ခဲ့သည်။
ရွှီရုန်ဟန်၏အမြင်တွင်မူ ဂျက်စမင်၏အမျိုးသားက လူချမ်းသာဒုတိယမျိုးဆက်၏ နောက်သို့လိုက်ကာ အလံထောင်အော်ပြီး သူ့ကို ချနင်းသွားချင်သည့် ကြံရာပါများနှင့် မကွာခြားဟုပင် မြင်ခဲ့သည်။
*