ဘယ်သူက အပြစ်အကင်းဆုံးဆုံးလဲ (1)
Vol. 32 Ch. 311
အိမ်ဟောင်းတစ်အိမ်၏ ရှေ့သို့ရောက်ပြီးနောက် ရှီကျန်းဝူက ဒေါသများကို ဖိနှိပ်ကာ တံခါးခေါက်လိုက်သည်။
အကြိမ်ရေအနည်းငယ်ခေါက်ပြီးချိန်တွင် တံခါးက အတွင်းထဲမှပွင့်လာခဲ့သည်။
ထို့နောက် မီးခိုးရောင်သန်းသောဆံပင်နှင့် စာကြည့်မျက်မှန်တပ်ထားသော အဘွားအိုတစ်ယောက်က တံခါးအပြင်ဘက် ခေါင်းပြူထွက်လာသည်။
သူမ၏ဆံပင်မှာ အနည်းငယ်ကောက်နေပြီး ဆွယ်တာပါးပါးတစ်ထည်ကိုသာ ဝတ်ထားသည်။ သူမတွင် တခြားလူအိုကြီးများနှင့် မတူညီသော ဖော်ပြခြင်းငှာ မစွမ်းသာသည့် အေးတိအေးစက်ဆန်သောသဘောထားမျိုးရှိသည်။
အိမ်သို့ လာလည်သူာ ရှီကျန်းဝူဖြစ်ကြောင်းကို တွေ့လိုက်သည့်အချိန်တွင် သူမ၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားလေသည်။
“ဝင်ချင်ရင်လည်း ဝင်လာလေ.. ဘာလို့ အဲဒီလောက် တံခါးခေါက်နေရတာလဲ.. ငါ အကန်းမဟုတ်ဘူး!”
အဘွားအတု၏မျက်နှာကို ကြည့်လိုက်ပြီးနောက် ရှီကျန်းဝူတစ်ယောက် ဒေါသထွက်ရလွန်း၍ ပေါက်ကွဲတော့မလိုပင်။ သူက အဘွားအိုကို တွန်းလိုက်ပြီး အိမ်ထဲကို လမ်းလျှောက်ဝင်သွားခဲ့သည်။
“ကျွန်တော့်အမေကို တွေ့ချင်တယ်!”
သူက ဖုန်းကိုကိုင်၍ အတွင်းဘက်အကျဆုံးအခန်းတံခါးကို ဖွင့်တော့မည့်အချိန်တွင် သိပ်မကောင်းလှသောအနံ့တစ်ခုက ထွက်လာခဲ့သည်။
အိပ်ခန်းတစ်ခုလုံးက မှုန်မှိုင်းနေခဲ့သည်။ ခန်းဆီးများကိုလည်း မဖွင့်ထားပါချေ။ အိပ်ရာပေါ်တွင်လှဲနေသည့်အမျိုးသမီးမှာလည်း စောင်ပါးပါးတစ်ထည်ကိုသာ ခြုံထားခဲ့သည်။
စောင်အောက်မှသူမခန္ဓာကိုယ်က ပိန်ပါးခြောက်သွေ့နေလေ၏။ အရိုးစုတစ်ခုအတိုင်းပင်ဖြစ်နေခဲ့သည်။
သူမ၏မျက်နှာမှာ ချောင်ကျလွန်းသောကြောင့် ပါးနှစ်ဖက်မှာ ချိုင့်ဝင်နေသည်။ အသားအရည်မှာလည်း ဝါညစ်ညစ်နှင့်ပင် ။ သူမ အိပ်နေဆဲတွင်ပင် သူမ၏ပုံစံက မလွယ်ကူဘဲ ကြောက်လန့်နေသည့်နှယ် ရှိနေခဲ့သည်။
တံခါးအပြင်ဘက်မှ အသံကို ကြားသည့်အချိန်တွင် ထိုအမျိုးသမီးလည်း နိုးလာခဲ့သည်။
သူမက အကြောက်တရားများပြည့်နေသည့် ယုန်သူငယ်တစ်ကောင်အတိုင်း ရှီကျန်းဝူကို ကြည့်ကာ တွန့်လိမ်၍ ခေါင်းကိုခါရမ်းလာတော့သည်။
“မ...မလာပါနဲ့.. ငါ့ကို မနှောင့်ယှက်ပါနဲ့”
“အမေ.. ကျွန်တော်ပါ”
သူ့အမေကို ဤကဲ့သို့ပုံစံနှင့်မြင်လိုက်ရချိန်တွင် ရှီကျန်းဝူ၏မျက်ဝန်းများက စိတ်မသက်မသာဖြစ်မှုနှင့် နီရဲသွားရ၏။
ဤအချိန်တွင် အဘွားအိုက အခန်းထဲသို့ဝင်လာကာ အော်ဟစ်လာခဲ့သည်။
“နင့်အမေက အခု အေးအေးဆေးဆေးနားနေသင့်တာလေ.. နင် ဘာလို့ ဒီမှာ ပြဿနာလာရှာနေရတာလဲ.. နင့်အမေကို ပြန်ကောင်းစေချင်တာရော ဟုတ်ရဲ့လား. သူမ သက်သာလာဖို့တောင် ငြိမ်ငြိမ်မနေပေးနိုင်ဘူးလား”
ရှီကျန်းဝူမှာ အမှမ်တကယ်ပင်သည်းမခံနိုင်တော့ပေ။
“ဘယ်သူက သူမကို ပြန်မကောင်းစေချင်တာလဲ! အမေ့ကို တောက်ကျန့်ဆီကို ခေါ်သွားမယ်လုပ်တော့ တားခဲ့တာ ဘယ်သူမလို့လဲ”
လူနှစ်ယောက်၏ အော်သံများက အိပ်ရာပေါ်မှ ပိန်ပါးသည့်အမျိုးသမီးကို ကြောက်သွားစေသည်။
သူမက နားကိုပိတ်ကာ အော်ဟစ်ပြီး သူမ၏ ခန္ဓာကိုယ်ကလည်း တွန့်လိမ်၍ ထူးဆန်းသည့်အသံဖြစ်လာသည်။
ထိုအမျိုးသမီး တွန့်လိမ်လာသည်နှင့် သူမ၏ မျက်နှာပေါ်က အမူအရာသည်လည်း အမြန်ပြောင်းသွားပြီး ကြောက်စရာအပြုံးတစ်ခုကို ပြုံးလာခဲ့သည်။ သူမက ခြေလက်လေးဘက်လုံးကို သုံးကာ ခုန်အုပ်ရန်ပြင်ပြီး အံတကြိတ်ကြိတ်နှင့် ဟိန်းဟောက်သံများလည်း ပြုနေသည်။
ပိန်ပါးသောခန္ဓာကိုယ်က အလွန်သန်မာလှသော စွမ်းအားတစ်ခုပြည့်လျှံလာခဲ့ကာ ရှီကျန်းဝူ၏နောက်ကျောကို ခုန်အုပ်၍ ပေါ်ထွက်နေသော လည်ပင်းကို လှမ်းကိုက်ရန် ပြင်နေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ လူများအားလုံးမှာ အံ့အားထိတ်လန့်သွားရလေတော့၏။
အဘယ်ကြောင့်ဆိုသော် ရှီကျန်းဝူက အဘွားကြီးနှင့် စကားများနေချိန်တွင် အိပ်ရာကို နောက်ကျောပေးထားခဲ့သည်။ သူ အောက်သို့ချထားသည့်လက်ထဲမှ ကင်မရာက သူ့နောက်မှ အိပ်ရာကို ရိုက်ပြထားခဲ့ပြီး သူ့အမေ၏ အမူအရာ
ရုတ်ခြည်းပြောင်းလဲသွားပုံကို ဖော်ပြနေခဲ့သည်။
စက္ကန့်အနည်းငယ်တွင်ပင် ထိုအမျိုးသမီး၏ အမူအရာမှာ အသက်မဲ့နေဟန်မှ ထူးဆန်းကာ ကြောက်စရာကောင်းသည့်အမူအရာအဖြစ် ပြောင်းလဲသွားသည်။
မှတ်ချက်များတွင် မေးခွန်းများ၊ အာမေဋိတ်များနှင့် ပြည့်နှက်သွားတော့၏။
ခုခံမှုမရှိသည့် ရှီကျန်းဝူကို ကြည့်နေရင်း ပရိသတ်က အလွန်ပင် စိုးရိမ်လာကြသည်။
လူတိုင်းက ရှီကျန်းဝူ အကိုက်ခံရကာ ရုန်းကန်ရတော့မည်ဟု တွေးလိုက်ကြချိန်၌ အေးစက်နေသော အသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
ကုကျစ်စုန့်၏ အသံက ဖုန်းထဲမှ ကြည်လင်မြန်ဆန်စွာ ထွက်လာပြီး သူမ၏စကားလုံးများကလည်း ကြည်လင်နေခဲ့သည်။
“နတ်ဘုရားအဆင့် ဆရာသခင်က သတ်ဖြတ်ချိန်မှာ စွမ်းအားကြီးခြင်းကိုလည်း မလွှဲရှောင်ခဲ့ဘူး.. မိစ္ဆာဝိညာဉ်တွေကို အရင်ဆုံးသုတ်သင်ပြီး ညအမှောင်ကို ဖြိုခွင်းလိမ့်မယ်”
“နတ်ဘုရားတွေ ဝန်းရံမနေတဲ့အချိန် ဘယ်တစ္ဆေတွေက ဒါကို ရင်ဆိုင်နိုင်မှာလဲ.. အမြန်ထွက်လာပြီး အမိန့်တော်ကို နာခံစေ!”
ကုကျစ်စုန့်၏ ရွတ်ဆိုသံကို ကြားလျှင် ရှီကျန်းဝူတစ်ယောက် အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။ သူက မသိလိုက်စွာဖြင့် အနောက်ကိုလှည့်လိုက်ချိန်တွင်် နီးကပ်နေသည့်မျက်နှာကို မြင်လိုက်သည်။
သူ့အပေါ်သို့ ကျရောက်နေသော အသက်ရှူသံကိုပင် သူ ခံစားမိနေခဲ့သည်။သူ အံ့အားသင့်ထိတ်လန့်မှုဖြင့် ကြောင်အသွားသည်။ သူ့၏မျက်ဆံများကကျုံ့သွားပြီး ကြောက်လန့်၍ အော်တော့မည့်ဆဲဆဲတွင် သူ့၏လည်ချောင်းက တင်းကျပ်လာပြီး တစ်ဆို့သွားကာ ထခုန်ပြေးလိုက်သော ခန္ဓာကိုယ်ကြောင့် အကြမ်းပတမ်း အတွန်းခံလိုက်ရပြီး မမြင်နိုင်သောအားတစ်ခုနှင့် အနောက်ဘကက်သို့ ပုံမှန်မဟုတ်စွာ အတွန်းခံလိုက်ရသည်။
သူ့အမေကတော့ အိပ်ရာပေါ်သို့ နောက်ပြန်ကျသွားကာ ရုန်းကန်အော်ဟစ်နေသည်၊ သူမ၏အသံမှာလည်း နားထောင်နေရသူကို ထုံကျင်နေစေခဲ်၏။
သို့သော်လည်း မည်မျှပင် ကြမ်းတမ်းကာ သူမလည်ပင်းနှင့် နဖူးများရှိ သွေးကြောများ ပေါက်ထွက်မတတ်ဖြစ်နေပါစေ၊ သူမက တောင်ကြီးတစ်လုံးနှင့် အဖိခံထားရသလိုဖြစ်နေပြီး အသက်ပင်ဝဝမရှူနိုင်ပေ။
ရှီကျန်းဝူ အော်တော့မည့်အသံကိုလည်း ပြန်မျိုချလိုက်ရသည်။
သူက ဖုန်းကိုမြှောက်လိုက်ချိန်တွင်မှန်သားပြင်ပေါ်မှ ကုကျစ်စုန့်၏ အေးတိအေးစက်အကြည့်ကြောင့် ထိတ်လန့်သွားသည်။
“နတ်ဆိုးသားရဲ.. ဘာလို့ အခုချိန်ထိ ထွက်မသွားသေးတာလဲ”
ကုကျစ်စုန့်က ချိတ်စည်းတစ်ခုကို လက်တစ်ဖက်ထဲနှင့် ပုံဖော်လိုက်ပြီး အသံနှင့်အတူ စွမ်းအင်များ ပို့လွှတ်လိုက်သည်။
သူမ ရွတ်ဆိုလိုက်သည့်အရာမှာတောက်ဓမ္မဘာသာ၏ အားအကောင်းဆုံးဖြစ်သည့် “တစ္ဆေသုတ်သင်မန္တာန်” ပင်။
ရှီကျန်းဝူ၏အမေတွင် ကပ်ငြိနေသည့် တစ္ဆေမှာ ရှားနိုင်ငံမှမဟုတ်သော်လည်း မိစ္ဆာစိတ်ဝိညာဉ်အားလုံးက မှောင်မည်းညစ်ထေးသည့်အငွေ့များဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ယန်စွမ်းအင်နှင့် အားကောင်းသောစွမ်းအားတို့ကို ကြောက်တတ်ကြလေသည်။
‘တစ္ဆေသုတ်သင်မန္တာန်’မှာ တောက်ဓမ္မဘာသာတွင် အားအကောင်းဆုံးဖြစ်၏။
မျှော်လင့်ထားသလိုပင် ။ ရှီကျန်းဝူ၏အမေတွင် ရှိနေသော မကောင်းဆိုးဝါးကိုလည်း သက်ရောက်သွားခဲ့သည်။
အိပ်ရာပေါ်မှ အမျိုးသမီးက အော်ဟစ်ကာ ဟိန်းဟောက်နေသည်ကို တွေ့လျှင် ကုကျစ်စုန့်က နှာမှုတ်လိုက်သည်။
“နာမည်တောင် ရှိတဲ့ ဘယ်ကလိမ်ကကျစ်က ရှားနိုင်ငံကိုလာပြီး ပြဿနာရှာရဲနေတာလဲ”
သူမက ပြေနေချိန်တွင် လက်တစ်ဖက်နှင့်ပင် ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်ပြီး တစ္ဆေကို သတ်ဖြတ်သုတ်သင်ရန် ဆောင်ရရွက်ခဲ့သည်။
ထိုအချိန်တွင် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးက အန္တရာယ်ကို အာရုံခံမိလိုက်ပြီး ပုန်းကွယ်လိုက်လေသည်။
ရှီကျန်းဝူ၏အမေက တဖြည်းဖြည်း တည်ငြိမ်လာပြီးနောက် သူမ၏ အရိုးပေါ်အရေတင် အသားအရည်ပေါ်တွင် ချွေးအေးတစ်လွှာဖြစ်လာခဲ့သည်။ သူမ၏ နာကျင်မှုက လျော့ပါးသွားသည့်ပုံရသည်။
ရှီကျန်းဝူက သူ့၏အမေကို ဂရုတစိုက်ကြည့်ပေးပြီးနောက် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် တံခါးနားတွင်လဲကျပြီး ကြောက်လန့်တုန်လှုပ်နေသော အဘွားအတုကို တွေ့လိုက်ရ၏။
သူမက အလွန်ပင် ကြောက်လန့်နေပုံရပြီး သူမ၏ရင်ဘတ်တွင် လက်ချောင်းများဖြင့် ကြက်ခြေခတ်ပုံစံသင်္ကေတလုပ်ထားခဲ့သည်။
“ဘုရားသခင် ကောင်းချီးပေးပါစေ”ဟူသောစကားများကိုလည်း ရွတ်နေကာ နားလည်ရန်မလွယ်ကူသည့်ဝါကျများလည်း ရွတ်ဆိုနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အကြောင်းသိသည့် ပရိသတ်တစ်ယောက်က သူမ ရွတ်နေသည်မှာ *နောက်ဆုံးသမ္မာကျမ်းစာ* သို့မဟုတ် *လုခ်၏သမ္မာကျမ်းစာအုပ်*ထဲမှ အပနှင်သည့်စာသားဖြစ်ကြောင်း ပြောလာသည်။
ယင်းကို ဘုန်းတော်ကြီးများက အပနှင်အခမ်းအနားများတွင် သုံးလေ့ရှိကြ၏။
မှတ်ချက်ထဲမှ နာမည်ကြီးယူဆချကိုတွေ့လျှင် ရှီကျန်းဝူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဒီကမ္ဘာကြီးထဲမှာ နတ်ဆိုးတွေမရှိဘူးလို့ ခင်ဗျား မပြောခဲ့ဘူးလား.. ဒါဆို ခင်ဗျား အခု ဘာကြောက်နေတာလဲ.. ဘာကြောက်စရာရှိလဲ”
အိပ်ရာပေါ်မှ အမျိုးသမီး ငြိမ်ကျသွားသည်ကိုတွေ့လျှင် အဖွားအို၏ကြောက်စိတ်များလည်း ငြိမ်လာတော့သည်။
သူမက ကြောက်ရွံ့မှုကို ဖိနှိပ်ထားရင်း ကြမ်းပြင်မှ ရုန်းကန်ထရပ်လိုက်ပြီး ကြမ်းတမ်းဟန်အမူအရာဖြင့် ကြည့်လိုက်သည်။
“နင် ဘာတွေ အရူးထနေတာလဲဆိုတာ ငါ မသိဘူး.. နင်ကရောက်လာတာနဲ့ နင့်အမေကို ဒီလိုမျိုးကြောက်လန့်သွားအောင် လုပ်လိုက်တယ်!
ကျေးဇူးမသိတတ်လိုက်တဲ့သားမိုက်! ထွက်သွားစမ်း! ငါ့အိမ်ထဲက အခုချက်ချင်းထွက်သွား!”
ရှီကျန်းဝူက ခိုင်မာစွာ ပြောသည်။
“ဒါပေါ့၊ ကျွန်တော် ထွက်သွားမှာ.. ဒါပေမဲ့ ကျွန်တော့်အမေကိုပါ ခေါ်သွားမယ်”
“ခင်ဗျားက ကျွန်တော်တို့မိသားစုကို နှစ်ပေါင်းများစွာကြာအောင် လိမ်ခဲ့တာ..တကယ် အမှန်တရားက ခင်ဗျားက ကျွန်တော့်အမေရဲ့ သွေးတော်စပ်သူမဟုတ်ဘူး..
ခင်ဗျားက ကျွန်တော်တို့မိသားစုကို အန္တရာယ်ပေးခဲ့တဲ့ အရှက်မရှိတဲ့ ပြန်ပေးဆွဲသူပဲ”
“ခင်ဗျား ကျွန်တော့်အမေကို သရဲလိုပုံပေါက်အောင် လုပ်ခဲ့တယ်.. ကျွန်တော့်ရဲ့အနာဂတ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်..
ခင်ဗျားရဲ့ နှလုံးသားက ကျောက်ခဲနဲ့များ လုပ်ထားတာလား.. ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ကျွန်တော့်တို့မိသားစုကို ထပ်ပြီးလိမ်ညာခိုင်းမှာမဟုတ်တော့ဘူး.. ကျွန်တော့်အမေကို ထပ်ပြေိးခံစားရအောင် လုပ်လို့ မရစေရဘူး”
ထိုစကားများကြားလိုက်ရလျှင် အဘွားအို၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားပြီး သိသိသာသာပင် ပြာယာခတ်လာကာ သံသယများနှင့် တုန်လှုပ်လာတော့သည်။
*
T/n :
နောက်ဆုံးသမ္မာကျမ်းစာ - the Book of Revelation
လုခ်၏သမ္မာကျမ်းစာ - the Gospel of Luke