ဘယ်သူက အပြစ်အကင်းဆုံးလဲ (3)
Vol. 32 Ch. 313
ရှီကျန်းဝူ၏အဘိုးအရင်းက စစ်တပ်မိသားစုမှဖြစ်ကာ သူ့တွင် အလွန်ကောင်းမွန်သည့် အနာဂတ်တစ်ခုရှိသည်။ သူက နယ်ခံအစိုးရဌာနတစ်ခုတွင် အလုပ်လုပ်သော်လည်း သူ့ငယ်မာန်ကြောင့် တချို့လူများကို စော်ကားမိဖူးသည်။
တစ်ဖက်မှလူများက သူနှင့် သူ့၏နောက်မှ အဖေဖြစ်သူကိုပါ ဆွဲချလိုသောကြောင့် သူ့၏အပြုအမူကို အသုံးအဖြုန်းကြီးပြီးဇီဇာကြောင်သည့်သူ(အရင်းရှင်လူတန်းစား)အဖြစ် ပြောဆိုရန် အသုံးချခဲ့ကြသည်။
ထိုအချိန်တွင် သူ့ကိုယ်သူ နာမည်ရှင်းလင်းရန်နှင့် မိသားစု၏ အငြင်းပွားမှုမှ လွတ်မြောက်နိုင်ရန် ရှီကျန်းဝူ၏ အဘိုးအရင်းက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
သူက အဘွားအိုရှ၏ အမျိုးသားအကြောင်းကို သတင်းပေးခဲ့လေသည်။
သူက အဘွားအိုရှ၏အမျိုးသား ညစာစားပွဲတွင် ပြောခဲ့သည့် မကျေနပ်ချက်များကို လူသိရှင်ကြားဖြစ်အောင် ရေးချကာ ထိုသို့အကြံဆိုးများ ရှိသောသူများနှင့် အဆက်အသွယ်ဖြတ်လိုကြောင်း ပြတ်ပြတ်သားသားဖော်ပြခဲ့သည်။
ထိုလှုပ်ရှားမှုက လူငယ်စုံတွဲကို ဓားတောင်နှင့် ဆီအိုးထဲ တွန်းပို့ခံရစေခဲ့သည်။
ရှီကျန်းဝူ၏အဘိုးအရင်းထံမှ ထုတ်ပြန်ကြေညာမှုနှင့်အတူ ရဲဘော်နီများက လူငယ်စုံတွဲ၏အိမ်ကို ဖြတ်ဝင်ကာ နိုင်ငံခြားစာအုပ်များနှင့် သတင်းထောက်အနေနှင့် အဘွားရှအမျိုးသားရေးသားထားသည့် မကျေနပ်ချက်များနှင့် ကဗျာများကို ရှာတွေ့သွားတော့သည်။
ထိုစာအုပ်များအပြင် အဘွားရှ၏ အမျိုးသား၏ သွေးနှောကပြားဖြစ်တည်မှုကြောင့် မကောင်းသည့်အရာတစ်ခုအဖြစ် တိုက်ရိုက်ဝေဖန်ခံခဲ့ရ၏။
အဘွားရှ၏ မိသားစုနောက်ခံမှာ အတန်သင့်ချမ်းသာကြ၏။ သူမက အကောင်ကြီးကြီး စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အတော်လေးအန္တရာယ်များသည့် နိုင်ငံခြားတွင်လည်း ပညာသင်ခဲ့သည်။
သို့သော် သူမ ထိုအချိန်က လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခုရှိနေသေးသည်။
ရှီကျန်းဝူ၏အဘိုးရင်း လုပ်ခဲ့သကဲ့သို့ သူမ၏အမျိုးသားကို ပြန်ပြီး သတင်းပေးခဲ့မည်ဆိုလျှင် ..။
ထိုအချိန်က အဘွားရှ၏ မိဘများနှင့်ဆွေမျိုးများအပြင် သူမ ကြီးပြင်းလာသည်ကို မြင်ခဲ့ရသည့် အိမ်နီးချင်းများကပါ သူမကို သိမ်းသွင်းကြသည်။
လူတိုင်းကလည်း ထိုသို့ပင်လုပ်နေခဲ့ကြပြီး၊ သားသမီးနှင့် မိဘများသည်ပင် အချင်းချင်း သတင်းပေးတိုင်ကြားနေကြကြောင်း ပြောခဲ့ကြ၏။
သူမအမျိုးသားကပင် ခါးသက်သက်ပြုံး၍ ပြောလာခဲ့သည်။
“ကိုယ့်ကို သတင်းပေးလိုက်လေ.. မင်းလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာပေါ့.. မင်းလို နုနယ်တါ်မိန်းကလေးတစ်ယောက်က ဒီလိုနာကျင်မှုတွေ ဘယ်လိုလုပပြီးသည်းခံနိုင်မှာလဲ..
ကိုယ် မင်းကို မမုန်းပါဘူး၊ လူတွေကို ကောင်းကောင်းမသိဘဲ သူငယ်ချင်းဖွဲ့ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းတီးမိတယ်!”
အဆုံးတွင်တော့ အဘွားရှက ခင်ပွန်းသည်၏ အကြောင်းကို သတင်းမပေးရန်သာ ဆုံးဖြတ်လိုက်သည်။
သူမက သူမ၏ခင်ပွန်းနှင့်အတူ အေးအတူ ပူအမျှခံစားလိုသည်။
သို့သော် ထို့နောက်တွင်တော့ သူမသည်လည်း မကောင်းသည့်အရာအဖြစ် ဝေဖန်ခံရတော့သည်။
ဇနီးမောင်နှံနှစ်ယောက်မှာ အသက် ၂၀ အရွယ်တွင် ကျေးလက်သို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အပို့ခံလိုက်ရကာ နွားတင်းကုပ်ထဲတွင်နေခဲ့ရသည်။
သူတို့ ကျေးလက်တွင်ရှိစဉ်က အဘွားရှနှင့် သူမ၏ခင်ပွန်းတို့မှာ အလွန်ခက်ခဲသော ဘဝတွင်နေထိုင်ခဲ့ရသည်။
ရွာသားများက သူတို့ မည်သည့်ပြစ်မှုကျူးလွန်သည်၊ သို့မဟုတ် မတရားခံရသည်ဆိုသည်ကို စိတ်မဝင်စားချေ။
သူတို့သိသည်မှာ ပြုပြင်ရန်အတွက် နွားတင်းကုပ်အပို့ခံလိုက်ရသူများသည်က မကောင်းသည့်သူများဖြစ်ပြီး ရွံရှာဖွယ်ဆက်ဆံခံရမည်ဟူ၍ပင်။
အဘွားရှနှင့် သူမ၏အမျိုးသားတို့က ထိုနေရာမှအဆိုးရွားဆုံးသော အစားအစာများ စားခဲ့ရပြီး အပင်ပန်းဆုံး လယ်အလုပ်များလည်း လုပ်ခဲ့ရသည်။
အပတ်တိုင်း သူတို့အနေဖြင့် ရွာထဲမှ မည်သည်အရာမျှမရှိသော ဂျုံခင်းကြီးဆီသို့ ဆွဲခေါ်ခံရကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဖြတ်သန်းရသည်။
မရေမတွက်နိုင်သော ကြက်ဥပုပ်များ၊ အသီးအရွက်ပုပ်များနှင့် ကျောက်တုံးများဖြင့်ပင် သူတို့ ပစ်ပေါက်ခံရသည်။
အစပိုင်းတွင် အဘွားရှက အလှောင်ပြောင်ခံရခြင်းကြောင့်အရှက်ရသည်ဟု ခံစားရသည်။
သို့သော် အကြိမ်များစွာခံရပြီး အချိန်တစ်ခုကြာပြီးနောက် သူမနှင့် သူမ၏အမျိုးသားတို့မှာ ထုံကျင်ကာနေသားကျလာခဲ့သည်။
ချမ်းသာကြွယ်ဝသည့် ဘဝတွင်နေခဲ့ရသည့် အကြီးဆုံးမမလေးမှာ ပြုပြင်ပြောင်းလဲမှုအတွင်း နွားတင်းကုပ်တွင် တစ်နှစ်မျှသာ နေရသေးချိန်တွင် သူမလက်နှင့်မျက်နှာတို့က ကြမ်းတမ်းလာသည်။ သူမ၏ ဒူးများသည်ပင် ဒဏ်ရာကြီးကြီးငယ်ငယ်အစုံရှိနေခဲ့လေပြီ။
သူတို့အပြစ်ကို ချက်ချင်းသုံးသပ်ရသည်။ သူတို့အရိုက်ခံရကာ အဆူခံရလျှင်ပင် သို့မဟုတ် အနိုင်ကျင့်ခံလျှင်ပင် ပြန်ပြောခွင့်မရှိသလို ပြန်တိုက်ခိုက်ခွင့်လည်း မရှိခဲ့။
ထိုနေရာတွင် ရာထူးအနိမ့်ဆုံး၊ ဂုဏ်သိက္ခာအနည်းဆုံးသော လူများသာရှိသည်။ ရွာမှ လူပေလူမိုက်လေးများပင် စိတ်မကြည်ချိန်တိုင်း ပစ္စည်းများကို ပစ်ပေါက်ဖျက်ဆီးတတ်ကြ၏။
အဘွားရှတစ်ယောက် ကိုယ်ကာယ အနိုင်ကျင့်ခံရလုနီးပါးပင် တစ်ကြိမ်ဖြစ်ဖူးသည်။
သူမ၏ အမျိုးသားကသာ မကာကွယ်ခဲ့လျှင် သူမ မတော်တဆမှုတစ်ခုကို ကြုံရမည်ဖြစ်၏။ထိုသို့လွတ်မြောက်ခဲ့သည်ဆိုလျှင်ပင် ထိုအဖြစ်က သူမနှလုံးသားထဲတွင် စွဲမြဲနေသော အရိပ်မည်းကြီးဖြစ်နေဆဲပင်။
ထိုအကြောင်းပြချက်ကြောင့် သူမအမျိုးသားက ဂိုဏ်းစတားများနှင့်တိုက်ခိုက်ကာ ခြေကျင်းဝတ်ကျိုးခဲ့ရသည်။ ဆေးမြီးတိုများနှင့် ကုသပြီးနောက် သူသည်က ဘဝတစ်လျှောက်လုံး မသန်စွမ်းသာဖြစ်နေတော့မည်ဖြစ်ကာ လမ်းလျှောက်တိုင်း နာကျင်နေပေတော့မည်။
အဘွားရှ လက်သင့်မခံနိုင်ဆုံးနှင့် အကြောက်ဆုံးအရာမှာမူ...
ပြုပြင်ပြောင်းလဲရေးနှစ်များကြာပြီးနောက် သူမ၏နှလုံးသားထဲတွင် အချို့သောအတွေးများ တွေးမိလာခဲ့သည်။ အကယ်၍များ သူမသာ သူမအမျိုးသားကို သတင်းပေးတိုင်ကြားခဲ့ပါလျှင် ယခုကဲ့သို့ ခက်ခဲဆင်းရဲမှုများ ခံစားရပါမည်လော။
သူမတွင် ဤအတွေးများ ဖြစ်တည်လာသည်ကို သဘောပေါက်မိသောအချိန်တိင် အဘွားရှမှာ အလွန်ပင်စိတ်ထိခိုက်ကာ သူမအမျိုးသားကို မျက်နှာချင်းဆိုငိရန်ပင် ရှက်မိသည်အထိ ဖြစ်လာရသည်။
တစ်ချိန်ထဲတွင်ပင် သူမ၏ ခင်ပွန်းသည်အပေါ် အပြစ်ရှိစိတ်က သူမကို ထိုးနှက်နေခဲ့သည်။
အဘွားရှ၏အမြင်တွင် အကယ်၍ သူမသာ ခင်ပွန်းသည်ကို ရှားနိုင်ငံပြန်ခေါ်မလာခဲ့လျှင် သူ့အနေဖြင့် တိုင်းတစ်ပါးတွင် လွတ်လပ်စွာနေနိုင်လိမ့်မည်ဟု တွေးမိသည်။
ဖိအားများ၊ နာကျည်းချက်များနှင့် နာကျင်မှု အမျိုးမျိုးအောက်တွင် အဘွားရှ၏ စိတ်ဓာတ်မှာလည်း များစွာပြောင်းလဲသွားခဲ့သည်။
သူမက ရိုမန်တစ်ဆန်သည့်ချစ်ခြင်းနောက်ကို လိုက်နေသည့် နူးညံ့သောမိန်းမငယ်လေး မဟုတ်တော့ပေ။ သူမ နေ့တိုင်း စိတ်ဓာတ်ကျကာ ပြိုလဲနေခဲ့ရသည်။
နာကျင်မှုအများအပြား ခံစားရသည့်အထဲတွင် သူမအမုန်းဆုံးအရာသည်ကား သူမကို ရိုက်နှက်ဆူပူသည့် ရွာသားများလည်းမဟုတ်၊ ရဲဘော်နီများလည်းမဟုတ်၊ သူမကို အနိုင်ကျင့်လုနီးပါးဖြစ်ခဲ့သည့် ဂိုဏ်းစတားကိုလည်း မဟုတ်ခဲ့ပါဘဲ ရှီကျမ်းဝူ၏ အဘိုးအဘွားတို့ကိုသာဖြစ်ပေ၏။
အဘွားရှအမြင်တွင် သူမနှင့် ခင်ပွန်းတို့ ကြုံတွေ့နေရသည့် ဝမ်းနည်းစရာအားလုံးသည် ရှီကျန်းဝူ၏ အဘိုး သတင်းပေးခဲ့မှုကြောင့်သာ ဖြစ်၏။
ဤနာကျင်မှုများကို ခံစားပြီး ဝေဖန်ပြစ်တင်ခံရကာ နွားတင်းကုပ်တွင် နေသင့်သူမှာ ရှီကျန်းဝူ၏ အဘိုးအဘွားသာဖြစ်ပြီး သူတို့မဟုတ်ချေ။
အဘွားအိုရှနှင့် ခင်ပွန်းတို့က ၇ နှစ်နီးပါးလောက် ကျေးလက်တွင် နေထိုင်ခဲ့ရသည်။
၁၉၇၀ ခုနှစ်များ၏ အလယ်ပိုင်းနှစ်များတွင် ကျေးလက်သို့ အပို့ခံရသည့် ပညာတတ်များမှာ ပြန်လည်ထူထောင်ကာ နေရပ်သို့ပြန်ခွင့်ရကြပြီး နာမည်ဆိုးများလည်း ရှင်းလင်းခံရလာသည်။
နှစ်ပေါင်းများစွာ သည်းခံလာပြီးနောက် အဘွားရှနှင့် ခင်ပွန်းတို့မှာ ၁၉၇၄ ခုနှစ်တွင်တော့ တိုင်းပြည် ပြန်လည်ထူထောင်ပြီးနောက် နေရပ်ပြန်နိုင်ပြီဟူသောသတင်းကို ရရှိခဲ့လေသည်။
ထိုသတင်းက သူမတို့ဇနီးမောင်နှံအတွက် ကိစ္စကောင်းတစ်ခုဖြစ်ကာ သူတို့နှစ်များစွာ မျှော်လင့်နေခဲ့ရသည့်အရာလည်းဖြစ်သည်။
သို့သော်လည်း ထိုအချိန်က အဘွားရှ၏ အမျိုးသားအတွက်တော့ နောက်ကျလွန်းနေခဲ့လေပြီ။
အလုပ်ကြမ်းနှင့် ပြစ်တင်ဝေဖန်ခံရခြင်းကို နှစ်ပေါင်းများစွာကြာအောင် ခံခဲ့ရပြီးသည့်နောက် သူသည်လည်း များစွာခံစားခဲ့ရကာ သူ့၏ခန္ဓာကိုယ်သည်လည်း မကောင်းတော့ပေ။
သူ့၏ခြေကျင်းဝတ်မှာ မသန်စွမ်းတော့ဘဲ လက်ချောင်းများလည်း ကျိုးကြေနေခဲ့သလို သူ့နားရွက်အဖျားတစ်ဖက်ကလည်း ဖန်သွားထက်ထက်ဖြင့် ဖြတ်တော့ခံထားရပြီးနှင့်လေပြီ။
သူ့ခန္ဓာကိုယ်ထဲက အရိုးအဆစ်များသည်ပင် ဆောင်းရာသီ၊ မိုးရာသီတို့တွင် သည်းမခံနိုင်သောနာကျင်မှုကို ခံစားနေခဲ့ရပြီ။
ထိုအချိန်တွင် အဘွားရှ၏ အမျိုးသားမှာ နာမကျန်းဖြစ်ကာ အလွန်အားနည်းနေခဲ့သည်။
ကျေးလက်တွင်သာ သူ ခေါင်းချရတော့မည်ပင်။
မြို့သို့ပြန်နိုင်သည်ဟု ကြားလိုက်ရချိန်တွင် သူ အလွန်ဝမ်းနည်းသွားခဲ့၏။
တစ်ညတွင်တော့ နေမကောင်းဖြစ်နေပါသည့်သူက သူ့ဇနီး၏ ကြမ်းရှရှလက်တစ်စုံကို ကိုင်၍ သူမ၏မျက်နှာကို ပွတ်သပ်သည်။
“ရှောင်ရှ... ကိုယ် အဲဒီအချိန်ထိ တောင့်မခံနိုင်တော့ဘူး.. မင်း မြို့ကို အလွယ်တကူပြန်နိုင်အောင်လို့ ကျေးလက်မှာပဲ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရအောင်”
“မင်းက အခုမှ အသက်သုံးဆယ်ပဲရှိသေးတာလေ.. ပြီးတော့ မင်းရဲ့မိသားစုကလည်း ချမ်းသာတယ်.. တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်မယ်ဆိုရင် လူကောင်းတစ်ယောက်နဲ့တွေ့ပြီး အတည်တကျနေနိုင်မှာပါ.. ကိုယ် မင်းကို ဆွဲမထားချင်တော့ဘူး”
အဘွားရှမှာ ရှိုက်ကြီးတငင် ငိုကြွေးကာ ငြင်းဆန်ခဲ့၏။
သို့သည့်တိုင် အသက်နှင့် ကျန်းမာရေးတို့မှာ လူတို့၏ တောင်းဆုကြောင့် ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါချေ...
သူမ အမျိုးသား၏ ရှင်သန်နိုင်မှုမှာ တစ်နေ့တစ်နေ့ တိုးဖျလာသည်ကိုသာ ခံစားမိခဲ့၏။
သူမ အမျိုးသားဖြစ်သူ၏ ဖြည်းဖြည်းချင်း မီးခိုးရောင်ပြောင်းနေသော နားသယ်စပ်နှင့် ချောင်ကျနေသောမျက်နှာကိုကြည့်ကာ အဘွားရှ ဆုံးဖြတ်ချက်ချလိုက်သည်။
သူမ ကွာရှင်းလိမ့်မည်မဟုတ်ပေ။
သူမက ကလေးတစ်ယောက်နှင့် သူမအမျိုးသားကိုသာ လိုချင်သည်။ တစ်သက်လုံး သူတို့နှင့်သာ နေသွားလိုသည်။
တစ်နှစ်ကြာပြီးနောက်တွင် ပြန်သွားရမည့်ခရီး လုပ်ထုံးများမှာ ပြီးသွားပြီဖြစ်၏။