ဘယ်သူက အပြစ်အကင်းဆုံးလဲ (4)
Vol. 32 Ch. 314
အဘွားရှ မြို့တော်သို့ ပြန်မရောက်ခင် သူမ၏ အစ်ကိုနှင့်ယောက်မတို့က ကြေးနန်းစာအများအပြားပို့ကာ သူမ၏ အမျိုးသားကို ကွာရှင်းသင့်ကြောင်း၊ မြို့တော်သို့ပြန်ရောက်လျှင်လည်း အကျင့်ကောင်းရှိသည့် လက်ထပ်နိုင်မည့်
အဖော်ကောင်းတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဖြစ်ကာ မိသားစုနှစ်ခုသည်လည်း အနာဂတ်တွင် အချင်းချင်းစောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့၏။
အစပိုင်းကတော့ သူမ၏ အစ်ကိုနှင့် ယောက်မတို့က အဘွားရှ ထိုသို့ပင် လုပ်လိမ့်မည်ဟု တွေးခဲ့ကြသည်။
ထို့ကြောင့် သူတို့က အဘွားရှကို ပြန်လာပြီးနောက် နှစ်ဖက်မိသားစုတွေ့ဆုံနိုင်ရန် အချိန်သတ်မှတ်ကာ သူတို့အိမ်နားမှ သင့်တော်သူတစ်ယောက်ကိုပါ စီစဉ်ထားခဲ့သည်။
ထိုညီမပြန်လာသည့်အခါ ကိုယ်ဝန်တစ်လုံးနှင့် ပြာအိုးတစ်လုံးပါလာမည်ဟု မည်သူသိပါမည်နည်း။
ဖွက်ထားဖို့ရန်လည်း မတတ်နိုင်။ ထိုကိုယ်ဝန်အရင့်အမာကြီးကို ဖျက်ချဖို့ရန်လည်း မဖြစ်နိုင်တော့။
သဘောတူထားပြီးဖြစ်သည့် တစ်ဖက်မိသားစုမှ ဒေါသထွက်နေခဲ့ကာ ရှမိသားစုက ရည်ရွယ်ချက်ရှိရှိ သူတို့ကိုလှည့်စားခဲ့သည်ဟု တွေးခဲ့သည်။
အဘွားရှ၏အတွေ့အကြုံများနှင့် ခင်ပွန်းသည်ကွယ်လွန်ခြင်းတို့ကြောင့် အတင်းပြောတတ်သည့်အိမ်နီးချင်းများကလည်း အတင်းအဖြင်းများစွာကို ပြောကြတော့သည်။
အဘွားရှ၏ ခင်ပွန်းက ဆုံးသွားပြီဖြစ်သည့်အတွက် ဗိုက်ထဲမှကလေးမှာ မည်သူ့ကလေးမှန်း မသိဟု သူတို့ပြောကြသည်။
အတင်းအဖျင်းများက ပို၍ပျံ့နှံ့လာကာ သူမအစ်ကိုနှင့် ယောက်မတို့ဆီသို့ ရောက်သွားပြီး သူတို့ကို ပို့၍ပင် မပျော်မရွှင်ဖြစ်စေသည်။
သူတို့၏ညီမမှာလည်း မိသားစုကို အရှက်ရစရာများဖြစ်လာခဲ့စေသည်ဟု တွေးလာကြသည်။
အဘွားရှက နှစ်အတော်များများ အိမ်၏အဝေးသို့ရောက်နေပြီး မိသားစုပိုင်ဆိုင်မှုများကလည်း သူမအစ်ကိုထံရောက်သွားသည်။ လူအိုကြီးနှစ်ယောက်အနေဖြင့် သူမကို အနည်းငယ်သာ ကူညီပေးနိုင်သည်။
သို့သော်ငြား အဘွားရှ မီးဖွားခါနီးတွင် သူမယောက်မက မြို့ထဲမှဆေးရုံကောင်းတစ်ခုကို ရှာပေးကာ ကလေးမွေးစေသည်။
ဆေးရုံတွင် အဘွားရှက ဆယ်နှစ်နီးပါးကြာပြီးခဲ့သည့် ရန်သူနှင့် ပြန်တွေ့ခဲ့လေ၏။
ရှီကျန်းဝူ၏အဘွားကလည်း ဒုတိယမြောက်ကိုယ်ဝန်ရှိနေကာ ဆေးရုံတစ်ခုထဲတွင်ပင် ကလေးမွေးခါနီးဖြစ်နေခဲ့သည်။
သူတို့မိသားစုနှင့်မတူစွာ ရှီကျန်းဝူ၏အဘိုးက ထိုမုန်တိုင်းတွင် အသက်ရှင်နိုင်ခဲ့ပြီး သူ့မိသားစုအကူအညီဖြင့် အမြန်ကောင်းစားလာသည်။ ယခုတော့ သူသည် ကောင်းမွန်ကြွယ်ဝအင်အားရှိသောဘဝတွင် နေထိုင်နေပြီဖြစ်၏။
အကြီးဆုံးသားက အသက်ခြောက်နှစ်ပြည့်တော့မည်ဖြစ်ကာ မူကြိုပင် တက်ရတော့မည်။
အဘွားရှကို မြင်သောအခါ ရှီကျန်းဝူအဘွားကလည့် သူမကို မှတ်မိခဲ့၏။
အစပထမတွင် တစ်ဖက်လူက ရက်ပိုင်းအတွင်း မီးဖွားတော့မည်ဖြစ်ရာ ဆေးရုံတွင် အနည်းငယ်စောင့်ရသည်။
မိတ်ဆွေဟောင်းကို ပြန်တွေ့ချိန်တွင်တော့ သူမက စိတ်လှုပ်ရှားကာ ခဏမျှ အရှက်ရသွားခဲ့သည်။ ထိုစိတ်ခံစားချက်နဲ့ သူမက စောစောဗိုက်နာလာပြီး အချိန်မတိုင်ခင် မီးဖွားလိုက်တော့သည်။
ကိုယ်ဝန်ဆောင်သည်အမျိုးသမီးနှစ်ယောက်က သားဖွားခန်းထဲသို့ ဆက်တိုက်ဝင်သွားခဲ့ကြသည်။
ကလေးနှစ်ယောက် မွေးဖွားချိန်မှာလည်း နာရီဝက်ကျော်ကျော်သာ ကွာသည်။
၁၉၇၀ အလယ်ပိုင်းနှစ်များတွင် ဆေးရုံများ၌ သားဖွားမီးယပ်ဌာနများ မဖွံ့ဖြိုးသေးချေ။ ဖွံ့ဖြိုးလျှင်ပင် ပစ္စည်းကိရိယာများ ပြည့်စုံမည်မဟုတ်။
အဘွားရှနှင့် ရှီကျန်းဝူအဘွားတို့ တက်နေသည့်ဆေးရုံက ထိုနေရာတွင် အကြီးဆုံးဆေးရုံဖြစ်လျှင်ပင် သားဖွားမီးယပ်ဌာနဆိုသည်မှာ ကျယ်ပြန့်သည့်အထပ်တစ်ထပ်သာရှိသည်။
ကုတင်အလုံး ၂၀ သာရှိပြီး တစ်ကန့်စီတွင် ကုတင် ၂ လုံး ၃ လုံးနှင့် ပစ္စည်းကိရိယာများမှာလည်း သစ်သားစည်ပိုင်း၊ ရေနွေးအိုးများနှင့် ကြွေလက်ဆေးစင် စသည့် ရိုးရှင်းသောအသုံးအတောင်များသာ ရှိသည်။
အဘွားရှ မီးဖွားပြီးသောအချိန်တွင် ဆေးရုံမှ သူနာပြုများက ကလေးခန္ဓာကိုယ်ပေါ်မှ သွေးများကို သုတ်ရန် ရေနွေးကို သုံးသည်။ ထို့နောက် သူတို့က ကလေးကို ပိတ်စနီတစ်ခုဖြင့် ထွေးပတ်ကာ သူမ၏ဘေးတွင် ထားလိုက်သည်။
သူမ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက နာကျင်နေဆဲပင်။ ခေါင်းကလည်း မူးနောက်နောက်ဖြစ်နေသော်လည်း မျက်လုံးများ မမှိတ်နိုင်ခဲ့။
သူမ၏ အတွေးတို့က သူမနှစ်ပေါင်းများစွာမတွေ့ခဲ့ရသည့် ရှီကျန်းဝူ၏အဘွားထံတွင်သာ ရောက်နေခဲ့သည်။
သူမတို့ နှစ်ဦးလုံးက အသက်သုံးဆယ်ကျော်ဖြစ်ပြီး တစ်ဖက်လူမှာ ကလေးတစ်ယောက် မွေးပြီးသားအမေဖြစ်နေသော်လည်း သူမတို့အတူရပ်လိုက်သောအခါ အဘွားရှက ၁၀ နှစ်လောက် ပိုကြီးသည်ဟု ထင်ရသည်။
သူမ၏အမျိုးသားကို တိုင်ကြားခဲ့သည့် ရှီကျန်းဝူ၏အဘိုးမှာ ဌာနတစ်ခု၏အကြီးအကဲဖြစ်နေပြီး လစာကောင်းကောင်းရကာ ထောက်ပံ့ငွေအမျိုးမျိုးလည်းရသည်ဟူ၍ သိရ၏။
သူမနှင့် သူမအမျိုးသားတို့ကရော?
သူမတို့မှာတော့ နှိပ်စက်မှုဒဏ်နှင့် အေးစက်စက်အကြည့်များကို ခံစားခဲ့ရ၏။
သူမအနေဖြင့် ဒဏ်ရာများစွာရခဲ့သလို သူမ၏အမျိုးသားလည်း ကွယ်လွန်သွားခဲ့ပြီ။တစ်ဖက်လူ ရရှိနေသမျှက သူမတို့ဆီမှ မသမာသည့်နည်းလမ်းများဖြင့် ခိုးယူထားခြင်းသာဖြစ်သည်။ သူတို့က သူမ ခင်ပွန်း၏ အရိုးများကို နင်းချေကာ သူမ၏သွေးများကို သောက်သုံးခြင်းဖြင့် ခိုးယူခဲ့ခြင်းဖြစ်၏။
ပျော်ရွှင်ငြိမ်းချမ်းသည့်ထိုဘဝမျိုးက သူမတို့မိသားစု ရခဲ့သင့်သည့်အရာပင်!
သူမ ထိုသည်ကိုမုန်းသည်။
ပိုပြီးမုန်းလေလေ၊ နာကျင်မှုများက ပိုသိသာလေလေဖြစ်ကာ သူမ အိပ်မရလေလေပင်။
မည်မျှကြာသွားသည်ကို မသိလိုက်ရခင် အကန့်၏ အပြင်ဘက်တွင် လူအုပ်ကြီးရှိနေသည်ကို သူမတွေ့လိုက်ရသည်။
သူမက မျက်လုံးကိုမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် ရှီကျန်းဝူအဘွားသည်လည်း သူမ၏ ဘေးက အကန့်သို့ ပြောင်းခံလိုက်ရသည်ကို သူမ ကြားလိုက်၏။
အခန်းထဲတွင် အမျိုးသမီးနှစ်ဦးနှင့် မွေးကင်းစကလေးနှစ်ဦးသာ ရှိနေချိန်တွင် အဘွားရှက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
သူမ ဘေးနားမှ အိပ်ပျော်နေသော မျက်နှာဖျော့ဖျော့နှင့် အမျိုးသမီးကို အမုန်းတရားများဖြင့် ကြည့်လိုက်၏။
နစ်နာခဲ့ရသူတွင် မည်သည့်အရာမှမရှိဘဲ အရာအားလုံးက အဘယ့်ကြောင့် ဖျက်ဆီးခံလိုက်ရပါသနည်း။
ကျူးလွန်သူများသည်တော့ စားစရာဝတ်စရာအပြည့်ရှိသော ပျော်ရွှင်သည့်ဘဝတွင် အဘယ်ကြောင့် နေနေရပါသနည်း။
သူမ ဤသည်ကို လက်မခံနိုင်။
ထိုမိသားစု ဤကဲ့သို့ သာယာအေးဆေးသောဘဝကို ခံစားနေရသည်ကို သူမ သည်အတိုင်းမထားနိုင်ပေ။
ဤသည်က သူမ၏တစ်ခုတည်းသောအခွင့်အရေးဖြစ်ကြောင်း အဘွားရှသိသည်။ ထို့ကြောင့် သူမ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ဆုံးချလိုက်၏။
မကြာခင် ရှီကျန်းဝူ၏အဘိုးက သူ့ဇနီးမှာ အချိန်မတိုင်ခင် မွေးဖွားခဲ့သည်ကို သိရှိပြီး သူ့ဇနီးနှင့် မွေးစ သမီးငယ်လေးကိုကြည့်ရန် အကန့်ဆီသို့ရောက်လာတော့မည်။
ထိုနေရာမှ ထွက်ခွာပြီးသည်နှင့် သူမ ထိုမိသားစုနှင့် မည်သည့်အချိန်တွင်မျှ ထပ်ဆုံရန်မဖြစ်နိုင်တော့ချေ။
သူမလို မုဆိုးမတစ်ဦးက အစိုးရအဖွဲ့အစည်းမှ အကြီးအကဲကို မည်သို့ကိုင်လှုပ်နိုင်ပါတော့မည်နည်း။
ထို့ကြောင့် အဘွားရှက သူမ၏ နာကျင်နေသောကိုယ်နှင့် ဒဏ်ရာများကို ဂရုမထားနိုင်ဘဲ သူမ၏ဘေးမှ ခုတင်သို့ တစ်လှမ်းချင်း သွားလိုက်သည်။
အမျိုးသမီးနှင့် ကလေးတို့၏ ငြိမ်းချမ်းစွာအိပ်ပျော်နေသည်ကို ကြည့်ရင်း သူမက ခေါင်းအုံးကို အသာမကာ ကလေးနှင့် အမေကို ဖိသတ်မည်ဟု တွေးလိုက်သည်။
သို့သော်လည်း ထိုသို့လုပ်မည့်ဆဲဆဲတွင် သူမ၏ကလေးထံမှ အသံကို ကြားလိုက်ရပြီး မကြာခင်ပြန်တိတ်သွားသည်ကို ကြားလိုက်ရသည်။
အကယ်၍ သူမအနေဖြင့် အမေနှင့်ကလေးကို သတ်ကာ သူမ၏အမျိုးသားအတွက် လက်စားချေမည်ဆိုလျှင် သူမ၏ကလေးမှာ လူသတ်သမား၏သမီးဖြစ်လာလိမ့်မည်။
လူပုံအလယ်တွင် တံတွေးခွက်တွင် ပက်လက်မျောမည်ဖြစ်ကြောင်း သူမ သိသည်။ ထိုကလေးက ဤသို့ဘဝမျိုးကို ကလေးဘဝကတည်းက ကြုံတွေ့လာရနိုင်ကြောင်း တွေးတောမိနိုင်၏။
သူမ၏အစ်ကိုနှင့် ယောက်မတို့ကလည်း ဤကလေးကို သားသမီးအရင်းကဲ့သို့ စောင့်ရှောက်မည်မဟုတ်ချေ။
ထိုအမျိုးသမီးနှင့် အိပ်ပျော်နေသောကလေးတို့ကို ကြည့်ကာ အကြောက်အလန့်ကင်းသော အတွေးတစ်ခုက သူမ၏စိတ်ထဲ ဝင်လာခဲ့သည်။
မကြာခင်တွင် သူနာပြုက ထိုအကန့်ထဲသို့ ဝင်လာခဲ့ပြီး သားအမိများ အိပ်ပျော်နေကြသည်ကို တွေ့လိုက်သည်။
ကလေးနှစ်ဦးမှာ မွေးလာကာစအချိန်တွင် သူတို့အသားအရည်များက နီတာရဲနေကာ အသွင်အပြင်ကလည်း ဆင်တူသည်။
ထို့ကြောင့် သားဖွားဆရာဝန်များ သုံးသည့် ကလေးကို ခွဲခြားရန် အထင်ရှားဆုံးသောနည်းလမ်းမှာ ပိတ်နှီးစအရောင်ကို ကြည့်ခြင်းဖြစ်၏။
အရောင်များ မှန်ကန်နေသည်ကို တွေ့သောအခါ သူနာပြုက ကလေးအပူချိန်ကို ထပ်တိုင်းသည်။ အရာအားလုံးက ပုံမှန်ဖြစ်နေသည့်အတွက် သူမက များများစားစား မတွေးတော့ချေ။
ရှီကျန်းဝူ၏အဘွားရှိနေသော ခုတင်ဘေးက အမျိုးသမီး၏ နှလုံးခုန်နှုန်းမှာ အချိန်ကြာမြင့်စွာ မတည်ငြိမ်သွားဘဲ ဒရမ်ကဲ့သို့ မြည်နေမည်ကို သူနာပြုတစ်ယောက်က မည်သို့များတွေးနိုင်ပါမည်နည်း။
အဘွားရှက ကလေးနှစ်ယောက်ကို လဲလှယ်ခဲ့သည်။
သူမက ကျေးလက်တွင် အလုပ်ကြမ်းမျိုးစုံလုပ်ခဲ့ပြီးဖြစ်၏။ ကြက်ဘဲမွေးမြူခြင်း၊ ဝက်သားလှီးဖြတ်ခြင်းမျိုး လုပ်ခဲ့ဖူးရာ သူမ လက်များမှာ ကြိုတင်လေ့ကျင့်ထားပြီးဖြစ်သည်။
သူမက ပိတ်နှီးစများကို အနီးကပ်ကြည့်ကာ ဖြည်ပြီးနောက် မည်သည့်အစဉ်အတိုင်း ပြန်ထွေးပတ်ရမည်ဆိုသည်ကို ကြည့်ရုံသာ လိုအပ်သည်။
ပြီးနောက် သူမ လုပ်ခဲ့သည့်အရာကို မည်သူကမှလည်း မတွေ့ခဲ့ပေ။
နောက်ပိုင်းတွင် ရှီကျန်းဝူ၏ အဘိုးအဘွားများက သူမအား ဦးစွာလာတွေ့၍ တောင်းပန်ပြီး ထိုအချိန်က ရွေးချယ်စရာမရှိခဲ့၍ပါဟုလည်း ပြောခဲ့၏။
သူတို့က ဤနှစ်များအတွင်း အပြစ်ရှိစိတ်နှင့်နေထိုင်ခဲ့ကြပြီး အဘွားရှနှင့် သူမ၏အမျိုးသားတို့ ပြန်လည်ထူထောင်ရေးစာလွှာ တင်ပို့လာပါက ချက်ချင်း သဘောတူလက်မှတ်ထိုးမည်ဟုပါ ပြောခဲ့သည်။
နောက်ကျလွန်းသွားပြီဖြစ်သော်လည်း သူတို့က အပြစ်ရှိစိတ်ကို ပြင်ဆင်ချင်ခဲ့ကာ အဘွားရှကို လျော်ကြေးပေးလိုသည်။
ထိုလင်မယား၏ အပြစ်ရှိစိတ်ကို တွေ့လျှင် အဘွားရှက အလွန်တည်ငြိမ်စွာ ဆိုလာ၏။
“အတိတ်ကို အတိတ်မှာပဲ ရှိပါစေတော့.. ငါ ထပ်ပြီးအမုန်းမပွားတော့ပါဘူး”
သူမက လက်ထဲတွင် ကလေးကို ပွေ့ချီထားပြီး ထွက်သွားကြသည့် စုံတွဲ၏နောက်ကျောဘက်ကို ကြည့်ကာ သူမမျက်နှာထက်တွင် ပျော်ရွှင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ သူတို့ကို မမုန်းတော့ပါချေ။
သူမ၏သမီးက အရာအားလုံး၏ အကောင်းဆုံးတို့ကိုသာ ရလိမ့်မည်ဖြစ်ပြီး မိဘမောင်နှမများ၏ အချစ်ကိုရလိမ့်မည်။
ကြွယ်ဝပြည့်စုံသည့် မိသားစုနှင့် ချောမွေ့သောဘဝကို ရမည်ဖြစ်ကာ မင်းသမီးလေးတစ်ပါးကဲ့သို့ အလိုလိုက်ခံရမည်ဖြစ်၏။
သူမ၏သမီးက သူမနှင့်ထိုက်တန်သည့်ဘဝမျိုး ပြန်ရပေလိမ့်မည်။
**