ဆိုးရွားထိတ်လန့်ဖွယ် အမှားတစ်ခု (1)
Vol. 32 Ch. 315
အတိတ်မှအကြောင်းများကိုပြောပြီးနောက် အဘွားရှက ဖျော့တော့နေသော ရှီကျန်းဝူကို ကြည့်ကာ မကြည်သာစွာ ပြောလာ၏။
“အခု နင်ဆုံးဖြတ်ရမဲ့အလှည့်ပဲ.. နင့်မိသားစုက အပြစ်ကင်းတာလား၊ ဒီမိသားစုက အပြစ်ကင်းတာလား”
ရှီကျန်းဝူ၏လည်ချောင်းက ခြောက်အက်နေကာ ခဏကြာမှ အက်ကွဲစွာ ပြောနိုင်လာသည်။
“ဒါပေမဲ့ ဒါတွေက အရင်မျိုးဆက်တွေရဲ့ အမုန်းတရားတွေလေ.. လူငယ်မျိုးဆက်တွေနဲ့မှ မဆိုင်တာ၊ ဒီလိုမျိုးတွေက ကျွန်တော်တို့အပေါ် လုပ်ရမှာမဟုတ်ဘူး!”
အဘွားရှက အေးစက်စက်ရယ်သည်။
“ဒါပေါ့၊ လူတိုင်းကတော့ ကလေးက အပြစ်ကင်းတယ်ပြောကြမှာပဲ.. ဒါပေမဲ့ အဖေမရှိဘဲ သူ့အမေကလည်း အထင်သေးခံနေရတဲ့ကလေးဆိုရင်.. သူ့မိသားစုကလည်း ပိုက်ဆံမရှိဘူးဆိုရငိ ဘယ်လိုလုပ်မလဲ.. သမီးဖြစ်သူက ဘယ်လိုဘဝမျိုးမှာနေရမလဲ”
“ငါ့ရဲ့သမီးကရော အပြစ်မကင်းခဲ့လို့လား!”
“နင့်ရဲ့အဘိုးအဘွားတွေကသာ အဲဒီလိုအရာတွေကို မလုပ်ခဲ့ရင် ငါ့ကလေးက ကောင်းမွန်တဲ့ဘဝမှာ နေရမှာ!
ကလေးတွေကို လဲဖို့ ငါလုပ်ခဲ့မှာလည်းမဟုတ်ဘူး၊ အလုပ်သမားတန်းလျားကို အပို့ခံရသင့်တဲ့သူတွေက နင့်အဘိုးအဘွားတွေ! ခက်ခဲတဲ့ဘဝမှာနေသင့်တဲ့သူက နင့်အမေပဲ!”
သူမက ပြောပြီးနောက် နှစ်ခါမျှ ရူးရူးမိုက်မိုက် ရယ်လိုက်သည်။
“ငါက အရာအားလုံးကို အစီအစဉ်တကျပြန်ထားခဲ့ရုံပဲ”
“ငါ ဘာအမှားမှမလုပ်ခဲ့ဘူး.. အမှားလုပ်ခဲ့တာ သူတို့ပဲ”
“သူတို့နဲ့ ထိုက်တန်တယ်”
ရူးသွပ်နေသောအဘွားအိုကို ကြည့်ကာ ကုကျစ်စုန့်က သက်ပြင်းဖွဖွချလိုက်သည်။
လွန်ခဲ့သည့်နှစ်များစွာအကြာက ကျေးလက်တွင် သူမ၏ အမျိုးသား ကွယ်လွန်သွားသည့်ညကတည်းက အဘွားရှမှာ ရူးသွားနှင့်ပြီဖြစ်ကြောင်း သူမ သိသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များမှာ အချိန်အတော်ကြာ ပြောစရာစကားပျောက်ရှနေကြပြီး သူတို့လက်ရှိစိတ်အခြေအနေကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။
နှစ်သက်မှုအများဆုံး မှတ်ချက်တစ်ခုက မရေမတွက်နိုင်သော ကြည့်ရှုသူများ၏ အသံကို ဖော်ပြလျက် ရှေ့ရောက်လာသည်။
[မကျေအေးနိုင်တဲ့ နောက်ထပ်အရှုပ်ထုပ်တစ်ခု...]
အဘွားရှက အမှန်တကယ်ခံစားခဲ့ရပြီး သူမ၏လက်စားချေမှုကိုလည်း လူအများက နားလည်ကြသည်။
သို့သော် အမေနှင့်သားတို့မှာတော့ အမှန်ပင် အပြစ်မရှိသူများဖြစ်ကြ၏။
သူမ လက်စားချေလိုလျှင် သူမ၏အမျိုးသားကို သတင်းပေးခဲ့သည့်သူကိုသာ လက်စားချေသင့်သည်။ လူငယ်မျိုးဆက်ကို ဒုက္ခမပေးသင့်ပေ။
ရှီကျန်းဝူက အဘွားအို၏ အမုန်းတရားတို့ပြည့်နေသော မျက်နှာကို ကြည့်လိုက်ကာ အလွန်ပင်ပန်းပြီး မတရားခံရသလို ခံစားရ၏။
သူက အိပ်ရာပေါ်တွင် နှာမှုတ်သံတရှူးရှူးနှင့် ချောင်ကျနေသော ရုပ်ရည်ဖြစ်နေသည့် သူ့အမေကို ကြည့်လိုက်သည်။
“အဘွား.. ကျွန်တော် ခင်ဗျားကို အဘွားလို့ အနှစ် ၂၀ ကျော်အောင် ခေါ်ခဲ့တယ်.. ကျွန်တော့်အမေကလည်း ခင်ဗျားကို အမေဆိုပြီး နှစ် ၅၀ ကျော်အောင် ခေါ်ခဲ့တယ်..
ကျွန်တော်တို့ ခင်ဗျားကို တစ်ရက်လေးတောင် ကျေးဇူးမသိတတ်တာမျိုး မလုပ်ဖူးဘူး.. ခင်ဗျားမှာ ထူးဆန်းတဲ့စိတ်သဘောထားရှိနေတာတောင်၊ ခင်ဗျား ကျွန်တော့်အဖေကို သဘောမကျနေရင်တောင်မှပေါ့”
“ခင်ဗျားတို့က သားအမိတွေအဖြစ် နှစ်ပေါင်းများစွာကြာအောင်ဖြစ်ခဲ့တာပဲ၊ စိတ်ထဲမှာ နူးညံ့တဲ့ခံစားချက်မျိုး နည်းနည်းလောက်တောင် မဖြစ်ခဲ့ဖူးဘူးလား”
အဘွားရှ၏ခန္ဓာကိုယ်မှာ ရုတ်ခြည်းတောင့်တင်းသွားပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်တော့ပေ။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များက သူမ အစမှအဆုံးထိ အိပ်ရာဘက်ကို လှည့်ကြည့်ခဲ့ခြင်းမရှိသည်ကို သဘောပေါက်သွားခဲ့ကြသည်။
အပြစ်ရှိစိတ်ကြောင့် ဖြစ်မည်ထင်။
ကုကျစ်စုန့်က နှာခေါင်းရှုံ့ကာ မရေရာသောအဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
“သူမက စိတ်ထဲမှာခံစားရပြီး ကြင်နာတတ်ပါတယ်.. ဒါပေမဲ့ ရှင့်အမေက အချိန်တွေကြာသွားပြီးတဲ့နောက် သူမရဲ့မျက်လုံးထဲမှာ ရှင့်ရဲ့အဘိုးအရင်းနဲ့ ပိုပိုပြီးတူလာတယ်လေ”
“ရှင်တို့ကို ကြည့်လိုက်တိုင်း သူမရဲ့နှလုံးသားထဲက အမုန်းတရားတွေကို လုံးဝလျှော့ချလိုက်လို့မရဘူး.. သူမလည်း ရှင့်အမေကို သမီးရင်းတစ်ယောက်လို ဆက်ဆံချင်မှာပဲ၊ ဒါပေမဲ့ အဲဒီမျက်နှာကို တွေ့လိုက်တိုင်း မလုပ်နိုင်တော့ဘူး”
အဘွားရှနှင့် သူမ၏ သမီးတို့၏ ရှုပ်ထွေးပွေလီသော ဆက်ဆံရေးမှာ အကူညီမဲ့နေပြီး ရှုပ်ထွေးလွန်းကြောင်း သိနိုင်သည်။
ကုကျစ်စုန့်က မျက်လွှာချကာ ပြောသည်။
“ဒါပေမဲ့ တစ်ခုတော့သေချာတယ်.. ရှင့်အပေါ်မှာ သုံးခဲ့တဲ့ ‘ကံကြမ္မာလွှဲပြောင်းမှုဂါထာ’က သူမ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ..
ဒါပေမဲ့ ရှင့်အမေဆီမှာ ကပ်နေတဲ့ နတ်ဆိုးကတော့... တိုတိုပြောရရင် သူ့ရဲ့ခေါင်းမှာ ချိုတွေရှိပြီး သားရဲနဲ့တူတယ်..
ဉာဏ်ကောင်းပုံလဲ မပေါ်ဘူး၊ ထူးဆန်းတယ်.. အဲဒါက ရှင့်အမေဆီမှာ နစ်ပေါင်းများစွာ ကပ်ငြိပြီး ဒုက္ခပေးနေခဲ့တာ.. ရှင့်အမေကို ဒီလိုလုပ်ပြီး ခံစားရအောင်လုပ်ခဲ့တာက ရှင့်အဘွားမဟုတ်ဘူး”
သူမက ခဏရပ်လိုက်ပြီး ပို၍တိကျသည့်အတွေးတစ်ခုကို တွေးလိုက်သည်။
“အဘွားအိုက ရှင့်အမေကို ကိုယ်တိုင်အတွေးအရ ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိ နာကျင်စေဖို့ မတွေးခဲ့ဘူး.. ဒါပေမဲ့ ရှင့်အမေ ခံစားရတာကတော့ သူမကြောင့်ဖြစ်တာ”
“တကယ်တော့ နတ်ဆိုးဝင်ပူးခံရတဲ့သူက ရှင့်အဘွားဖြစ်သင့်တာ”
ကုကျစ်စုန့်က ပြောလိုက်သည်။
“အဘွားရှ ကျွန်မ ပြောတာ မှန်ရဲ့လား”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏အပြင်ဘက်တွင် ကလေးလဲလှယ်ခြင်း၏အမှန်တရားက ထွက်ပေါ်လာသည်နှင့် ကြည့်ရှုသူအများအပြားသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်လာကြပြီး စုံစမ်းစိစစ်နေကြကာ ရှီကျန်းဝူ၏ ကုမ္ပဏီနှင့် သူ့အကြောင်းကို တူးဆွလာကြသည်။
စက်ရုံအတွင်းလူများပင်လျှင် စာရင်းဇယားဖြင့်ဖော်ပြခံရပြီး ရှီကျန်းဝူ၏ကုမ္ပဏီနှင့် ယှဉ်ပြိုင်သူများကို အသေးစိတ်စာရင်းချကာ ထိုကုမ္ပဏီများမှ တာဝန်ရှိသူများကိုလည်း ဖော်ထုတ်လာကြသည်။
စုစုပေါင်း လူ ၁၇ ယောက်ရှိ၏။
ရှီကျန်းဝူ၏ ပညာရေးစွမ်းဆောင်ချက်နှင့် နောက်ခံတို့ကိုလဲလှယ်လိုက်သည့် အဘွားဝူ၏မြေးသည်လည်း ထို ၁၇ ယောက်ထဲတွင် ပါသည်။
လူသားကမ္ဘာမှ အွန်လိုင်းရှာဖွေရေးက ဝှီးခနဲ ဝှီးခနဲ မြန်ဆန်နေချိန်တွင် မြေအောက်လောကမှ အင်တာနက်သည်လည်း ပုံမှန်မဟုတ်စွာဖြင့် အသက်ဝင်ကာ အပူတပြင်း ဆွေးနွေးနေကြသည်။
သို့သော်လည်း သရဲအများစု၏ဦးတည်ရာမှာ အနည်းငယ်ထူးဆန်းနေသည်။
သူတို့က သမီးအတု သမီးအရင်းကို စိတ်မဝင်စားသလို ကံလွှဲပြောင်းသူကိုလည်း စိတ်မဝင်စားပေ။
ထို့အစား သူတို့က ရှီကျန်းဝူအမေ၏ကိုယ်ထဲတွင်ရှိသော နတ်ဆိုးကို ပိုသိချင်နေကြသည်။
ရှီကျန်းဝူအမေ နေမကောင်းဖြစ်လာသည့်အချိန်တွင် ကုကျစ်စုန့်ကဲ့သို့ အဆင့်မြင့်ပညာရှင်များကသာ ရှားတိုင်းပြည်မှသရဲများနှင့်မတူသော ရှည်လျားသန်မာသည့် မကောင်းဆိုးဝါးကို မြင်နိုင်ခဲ့ခြင်းဖြစ်သည်။
ခေါင်းတွင် ချိုကွေးများရှိပြီး မျက်နှာက မြည်းတစ်ကောင်လို၊ သို့မဟုတ် ယုန်တစ်ကောင်လိုပုံစံမျိုးရှိကာ၊ နီရဲနေသောမျက်လုံးတို့နှင့်အတူ လူနှင့်တူသည့် လက်ခြေတို့ရှိသည်။
သို့သော် အမွေးတိုတချို့နှင့် ဖုံးအုပ်ထားကာ မြည်းပုံစံခွာတို့ရှိပြီး အမြီးရှည်တစ်ချောင်းလည်း ရှိသည်။
ဤအဖြစ်က မြေအောက်လောကသို့ နှစ်ရာပေါင်းများစွာက ဝင်ရောက်လာသော တစ္ဆေအိုကြီးများ၏အမြင်ကို ဖွင့်ပေးလိုက်သလိုဖြစ်သည်။ သူတို့က ရှားနိုင်ငံ၏ဘေးတွင် အခြားနိုင်ငံများရှိကြောင်းကိုပင် မသိကြချေ။
“ငါ သေသွားတာ နှစ် ၇၀၀ ကျော်ပြီ..ဒါပေမဲ့ ဒါက နိုင်ငံခြားသားသရဲတစ်ကောင်နဲ့တွေ့ရတာ ပထမဆုံးပဲ.. ဟူလူမျိုးတွေက အရပ်ရှည်ပြီး ချောမောကြတယ်လို့ စာပေဟောင်းတွေက မပြောခဲ့ဘူးလား
သူတို့မှာ ဆံပင်အဝါရောင်ရှိပြီး မျက်လုံးပြာပြာတွေရှိတယ်တဲ့လေ.. ငါ အမြဲတမ်းသိချင်နေခဲ့တာ .. ဒါပေမဲ့ ငါ ဒီနေ့မြင်လိုက်ရတော့ ဘာလို့ ဒီနိုင်ငံခြားသားသရဲက အရာရှိနှစ်ယောက်နဲ့အတော်လေးတူနေရတာလဲ..
ဟို နွားမျက်နှာနဲ့ မြင်းမျက်နှာအရာရှိတွေလေ.. ဒါ တကယ်ထူးဆန်းတယ် ငါတော့ မြေအောက်လောကရဲ့ ခပ်ချောချောသရဲအထီးလေးတွေကို သွားကြည့်အုံးမှထင်ပါတယ်”
“ဒါပေါ့.. ငါက နွားမျက်နှာ၊ မြင်းမျက်နှာရှိတဲ့ အရာရှိနှစ်ယောက်ကို ပြောချင်တာမဟုတ်ဘူးနော်.. ဒါပေမဲ့ သူတို့က ချောမှမချောတာကိုလို့~”
“ဟမ့်.. ဒီနိုင်ငံခြားသားသရဲက မောက်မာထောင်လွှားနေလိုက်တာ.. ရှားနိုင်ငံကို ပြေးလာပြီး ရှားလူမျိုးတွေကို အနိုင်ကျင့်ချင်နေပုံပဲ!
သည်းမခံနိုင်စရာကောင်းချက်! မင်း သတ္တိရှိရင် မြေအောက်လောကကိုလာပြီး ငါနဲ့ လာဖိုက်စမ်းပါ”
“အဲဒါ တစ္ဆေမဟုတ်ဘူးဟ.. မင်း နည်းနည်းလောက် သာမန်ဗဟုသုတလေးတောင် မရှိဘူးလား.. အဲဒါကို နတ်ဆိုးလို့ခေါ်တယ်! ကောင်းပြီလေ၊ မင်းဉာဏ်တုံးပြီး မသိတာက မင်းအမှားမဟုတ်ပါဘူးလေ
နောက်ဆုံးတော့လည်း ဒီသရဲတွေ သေတုန်းက အဲဒီလိုနတ်ဆိုးတွေဆိုတာ ပေါ်သေးတာမှမဟုတ်တာ”
အနောက်တိုင်းမကောင်းဆိုးဝါးများက အရပ်ရှည်ကြကာ ကြမ်းတမ်းပုံပေါ်သောကြောင့် မြေအောက်လောကမှ သရဲတစ္ဆေအများစုမှာ သဘာဝကျကျပင် အကျောမခံလိုဘဲ သရဲတို့ယှဉ်ပြိုင်မှု လှိုင်းလုံးအသစ်ကြီးကို ဖြစ်လာခဲ့ကြသည်။
သရဲအများစုက ရှားနိုင်ငံမှ သရဲများသာ အားအကောင်းဆုံးဖြစ်သည်ဟု သက်သေပြရန် ကြိုးစားနေကြသည်။ နွားမျက်နှာနှင့် မြင်းမျက်နှာတို့ကဲ့သို့သော တစ္ဆေပို့ဆောင်သူနှစ်ဦးကသာ သူတို့၏ မှတ်ချက်များကို ဖတ်ပြီးနောက် မပျော်နိုင်ဖြစ်နေကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် မျက်လုံးဝိုင်းဝိုင်းလေးများရှိသည့် နွားခေါင်းပုံဖြင့် တစ္ဆေပို့ဆောင်သူတစ်ဦးက သူ၏မျက်နှာကို အပေါ်ဘက် ၄၅ ဒီဂရီစောင်း၍ ဆယ်လ်ဖီတစ်ပုံဆွဲလိုက်သည်။
ထို့နောက် ဖော်လိုဝါ မီလီယံဆယ်ချီရှိသည့် သူ့၏ “မြေအောက်လောကက မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်လေး’ဆိုသည့် အကောင့်တွင် ပို့စ်တစ်ခု တင်လိုက်သည်။
“အဲဒီ ဘယ်ကထွက်လာမှန်း မသိတဲ့ အရိုင်းအစိုင်းမြည်းကောင်ကို မင်းတို့ရဲ့ဘိုးအေနဲ့ မယှဉ်စမ်းပါနဲ့၊ အလိမ်အညာတွေ!”
အခြားတစ်ဖက်တွင်တော့ မားမြန့်က ဆွေ့ဆွေ့ခုန်မနေသကဲ့သို့ မည်သည့်မှတ်ချက်မျိုးကိုမှလည်း မပေးခဲ့ချေ။
သူက တစ်ကိုယ်တည်း စိတ်ခံစားချက်ပြင်းထန်နေခြင်းသာဖြစ်သည်။ သူက သူ၏အိမ်၌ ရှိနေသေု ကြေးမုံထဲမှ ချောမောလှပသော သူ့၏မြင်းမျက်နှာကို ကြည့်လိုက်၊ မြေအောက်လောကဖုန်းတွင် စခရင်ရှော့ရိုက်ထားသော အနောက်တိုင်းမကောင်းဆိုးဝါးပုံကို တုံ့နှေးတုံ့နှေးကြည့်လိုက်လုပ်နေခဲ့သည်။
သရဲတစ်ကောင်က ထိုမကောင်းဆိုးဝါးမှာ သူနှင့်တူသည်ဟု မှတ်ချက်ထဲတွင် ပြောလာသည့်အခိုက်တွင် ပို၍ပင် ကြေကွဲသွားပြီး တိတ်တိတ်ကလေးသာ နေတော့သည်။
ခဏမျှကြာပြီးသော် မားမြန့်က ကုကျစ်စုန့်နှင့် သီးသန့်စာပို့ခန်းကို ဖွင့်ကာ သူ့၏အိုင်ဒေါဆီသို့ ဝမ်းနည်းစွာနှင့် စာတစ်စောင်ပို့လိုက်သည်။
မြေအောက်ကမ္ဘာက မားမြန့် V :
“စုန့်စုန့်.. ကျွန်တော်က အဲဒီနိုင်ငံခြားက ရုပ်ဆိုးဆိုးကောင်နဲ့ တူလို့လား.. QAQ”
*