ရွာထဲမှ ထူးဆန်းသည့် ဖြစ်ရပ်များ (1)
Vol. 32 Ch. 320
ထိုနေ့လည်ခင်းတွင် ပိုင်ရှီကုမှာ ဆရာမ၏ဖုန်းကို ထပ်ငှားလိုက်ရကာ သူ့အမေကို ဖုန်းခေါ်သည်။
တစ်ခုက သူ့အဖေ၏ခြေထောက်အကြောင်း မေးရန်ဖြစ်ပြီး အခြားတစ်ခုမှာ အဘယ်ကြောင့် ထိုကောင်လေး ရွာပြန်ပြီးနောက် ကျောင်းကိုပြန်မလာရကြောင်း မေးရန်ပင်။
အခြားတစ်ဖက်မှ သူ့အမေက အချိန်တစ်ခုထိ မည်သည့်စကားမှမပြောခဲ့ပေ။ အတန်ကြာမှကွဲအက်နေသောအသံဖြင့် ပြောလာခဲ့သည်။
“ရှီကု အမေ အမှန်တိုင်းပဲပြောတော့မယ်.. ရွာက အခုရုန်းရင်းဆန်ခတ်ဖြစ်နေတယ်.. ကြည့်ရတာ တစ်ခုခုဝင်စီးနေတဲ့ပုံပဲ”
“မင်းအဖေနဲ့ ဦးလေးက ယုန်လိုက်ဖို့ တောင်ပေါ်တက်သွားခဲ့တယ်.. အကြောင်းရင်းမရှိဘဲ မျက်လုံးနီကြီးနဲ့ဝံပုလွေတစ်ကောင်က ခုန်အုပ်ပြီး အသိစိတ်ပျောက်နေတဲ့အတိုင်း လူတွေကို စတိုက်ခိုက်တော့တာ“
“မင်းအဖေက ခြေထောက်တစ်ဖက် အကိုက်ခံလိုက်ရတဲ့အပြင် ရွာထဲက တခြားမိသားစုတွေလဲ ထူးဆန်းတာတွေဖြစ်နေကြတယ်.. တချို့လူတွေက ရွာကနေထွက်ပြေးချင်နေကြတယ်၊
ဒါပေမဲ့... ဘယ်လိုပဲဖြစ်ဖြစ် သူတို့ မပြေးနိုင်ကြဘူး.. ဒါကြောင့် အမေ မင်းကို ပြန်မလာခိုင်းရဲတာ”
“မင်းပြန်လာရင် မကောင်းတာတစ်ခုခုနဲ့ကြုံမှာ အမေစိုးရိမ်တယ် ပြီးရင် မင်းအဖေနဲ့ အမေလည်း ဆက်နေနိုင်မှာမဟုတ်ဘူး”
ပိုင်ရှီကုက ထိုအကြောင်းကို ကြားတော့ ထိတ်လန့်သွားသည်။ သူ့၏ပထမဆုံးတုံ့ပြန်ချက်က သူ့အမေ သူ့ကို စနောက်နေသည်ဟူ၍ပင်။
မျောက်ရိုင်းများနှင့် လူရိုင်းများအကြောင်း ဒဏ္ဍာရီများရှိသော်လည်း မြင်တော့မမြင်ဖူးခဲ့။
သူက စိတ်ထဲတွင် အတွေးတစ်ခုတွေးမိကာ အမြန်မေးလိုက်သည်။
“ကွမ်ကျိရော?”
ကွမ်ကျိဆိုသည်မှာ သူ့ထက် တစ်နှစ်ကြီးသည်ဆိုသည့် တစ်ရွာတည်းသားချင်းကောင်လေးဖြစ်သည်။ သူက စနေနေ့ညက ကျောင်းတွင်မနေဘဲ အိမ်ပြန်သွားခဲ့၏။
ဖုန်းအခြားတစ်ဖက်မှ သူ့အမေက အတန်ကြာတိတ်နေပြီးနောက် တုန်ရီနေသောအသံဖြင့် ဖြည်းဖြည်းပြောလာသည်။
“ကွမ်ကျိရဲ့အမေက သူ့ဆရာမကို ဖုန်းဆက်ပြီး ပြန်မလာဖို့ ပြောခဲ့တယ်.. ဒါပေမဲ့ သူ နားမထောင်ဘဲ သူ့မိသားစုကို မပြောဘဲ တိတ်တိတ်လေးပြန်လာခဲ့တယ်”
ပိုင်ရှီကု ထိုအကြောင်းကိုကြားလျှင် မကောင်းသည့်ပရာတစ်ခုခုဖြစ်တော့မည်မှန်း သူ့စိတ်ထဲတွင် သံသယရှိလာသည်။
အသေအချာကိုပင် သူ့အမေ ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။
“ကွမ်ကျိရဲ့အမေကဆို စနေနေ့ညက တအားကြောက်လန့်နေခဲ့တာ.. သူမပြောတာတော့ ရွာအဝင်ဝမှာ ကွမ်ကျိကို သွေးတွေနဲ့ဖုံးနေတယ်လို့ အိပ်မက်မက်တယ်တဲ့..
သူမက ညလယ်ကြီးနိုးလာပြီး သူမရဲ့ကလေးပြဿနာဖြစ်နေပြီဆိုပြီး ငိုယိုနေတာ.. အဲဒီနောက်တော့ သူတို့မိသားစုက ညအမှောင်ထဲကို ရွာပြင်ထွက်ပြီး မီးအိမ်တစ်လုံးနဲ့ လမ်းဘက်ထွက်ခဲ့တယ်”
“ရလဒ်ကတော့ ကွမ်ကျိရဲ့အမေအိပ်မက်မက်တဲ့နေရာရဲ့ မနီးမဝေးမှာ သူ့ကို တွေ့ခဲ့တာ.. သူက မြေကြီးပေါ်မှာမှောက်ရက်လဲနေပြီး သွေးတွေနဲ့ဖုံးနေတာ.. ဗိုက်ကလဲ ပွင့်နေပြီးတော့ ကလီစာတွေကလဲ တစ်ခုခုအစားခံထားရသလိုပဲ”
သူတို့၏မိသားစုက ကွမ်ကျိ၏အဖြစ်ဆိုးကို တွေ့လိုက်ရသည့်အချိန်တွင် အလွန် ကြောက်လန့်သွားကြပြီး သူ့အမေဖြစ်သူက နေရာတွင်ပင် မေ့လဲသွားခဲ့သည်။
ပိုင်ရှီကု၏အမေက ရှိုက်သံဖြင့် ပြောလာသည်။
နောက်တစ်နေ့ တနင်္ဂနွေနေ့တွင်တော့ သူတို့မိသားစုက ငိုယိုကာ ပုံကြီးချဲ့ပြီး သရဲတစ္ဆေနှင့် ဝံပုလွေများက ရွာကို ဝိုင်းနေကြပြီဟု ပြောလာကြ၏။
ကလေးက သေဆုံးသွားပြီဖြစ်သည့်အတွက် သဘာဝကျကျပင် မိသားစုကလည်း ကျောင်းကိုခွင့်တိုင်ဖို့ရာ မတွေးနိုင်တော့ပါချေ။
ကွမ်ကျိ ထိုညနေအိမ်ပြန်လမ်းတွင် မည်သည့်အရာများကို တွေ့ခဲ့ရကြောင်း မည်သူမှလည်း မသိနိုင်ကြ။
သို့သော် သေချာသည့်အရာတစ်ခုမှာ လူသားမဆန်သည့် နာကျင်မှုများကို သူ ခံစားခဲ့ရမည်ဖြစ်သည်။
ဤသည်ကို ကြားလျှင် ပိုင်ရှီကုက သူ့စိတ်ထဲတွင် ထိုမြင်ကွင်းများကို မြင်ယောင်လိုက်မိပြီး ကြောက်လန့်လာသည်။
ထို့နောက် သူ့အမေက ရွာကို ပြန်မလာရန် သူ့ကို အထပ်ထပ်မှာသည်။
သို့သော် သူ့၏မိဘများ ရွာတွင် ရှိနေသေးသည်ဖြစ်ရာ သူ့အဖို့ မည်သို့စိတ်ချနိုင်ပါမည်နည်း။
နောက်တစ်ပတ်တွင် သူ့ကို စိတ်ပူစေသည့် သူ့မိသားစုနှင့် ဆက်သွယ်ပြီး ရွာထဲမှ ထူးဆန်းသည့်အရာများအကြောင်းကို မေးမြန်းရန် အတန်းပိုင်ဆရာမ၏ဖုန်းကို မကြာခဏငှားခဲ့သည်။
သူ့အတန်းပိုင်ဆရာမမှာ လွန်ခဲ့သည့် ၂ နှစ်က ဘွဲ့ရထားသည့် ငယ်ရွယ်သည့် ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်၏။
သူမက သူတို့ကျောင်းတွင်စာသင်ရန် အခြားစီရင်စုတစ်ခုမှ လာခဲ့သည်။ သူမက ဤတောင်ပေါ်ရွာမှကလေးများထက် ပိုသိကာ အဆက်အသွယ်ပိုများ၏။
ထိုရက်များတွင် ပိုင်ရှီကုက သူမဖုန်းကို ငှားကာ ရုံးခန်းထဲတွင်ပင် ဖုန်းဆက်ခဲ့သည်။
အချို့သောအကြောင်းများကို နားထောင်ပြီးသောအခါ အတန်းပိုင်ဆရာမက ဝါးထော်ရွာတွင်ဖြစ်နေသည့် ထူးဆန်းသည့်အရာများအကြောင်းကို သိသွားတော့သည်။
သူမက ပိုင်ရှီကုကို အကြံပေးလာသည်။ အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားနေသည့် ရုပ်လွန်ပညာရပ်ဆိုင်ရာ ရသစုံရှိုးပွဲရှိပြီး ယှဉ်ပြိုင်သူများက မိစ္ဆာစိတ်ဝိညာဉ်နှင့် သရဲတစ္ဆေများကို ကြုံတွေ့ရသူများကို ကူညီပေးကာ သရဲကိုလည်းအလကားဖမ်းပေးသည်ဟု ဆိုသည်။
မည်သည့်အတွက်ကြောင့် ရွာလူကြီးများကို ထိုအစီအစဉ်အဖွဲ့ကို မဆက်သွယ်စေမည်နည်း။နားထောင်ကြည့်ပြီးသည့်နောက် ပိုင်ရှီကုက အတန်းပိုင်ဆရာမ၏ဖုန်းကို ငှားကာ ‘ဝိညာဉ်ရေးရာ’အစီအစဉ်အဖွဲ့ကို တွေ့လိုက်သည်။ သူက စိတ်လှုပ်ရှားသွားပြီး သူ့အမေကို ပြောပြရန် ဖုန်းခေါ်လိုက်သည်။
သို့သော် ရွာမှထွက်မလာဖူးသည့်၊ ကျောင်းလည်း တစ်ခါမှမရောက်ဖူးသည့်၊ အင်တာနက်သုံးလေ့မရှိသည့် သက်လတ်ပိုင်းအမျိုးသမီးက အခြားစီရင်စုမှ သဘောကောင်းသူများက ချောင်ကျသည့်တောရွာလေးကို လာကာ အဖြစ်အပျက်ကို ကူညီဖြေရှင်းပေးမည်ဟု မယုံပါချေ။
သို့နှင့် သူမက ပိုင်ရှီကုကို ထိုကိစ္စကိုစိတ်မပူရန်သာ ပြောပြီး ကျောင်းတွင်စာလုပ်ခြင်းကိုသာ အာရုံစိုက်ရန် ပြောသည်။
အဆုံးတွင်တော့ စိတ်ပူနေသည့် ပိုင်ရှီကုက အစီအစဉ်အဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ ဝန်ထမ်းများ၏ဖုန်းနံပါတ်ကို အတန်းပိုင်ဆရာမအကူအညီဖြင့် ရခဲ့ပြီး အကူအညီတောင်းရန် သတ္တိများကို စုစည်းလိုက်သည်။
အစီအစဉ်အဖွဲ့က သူတို့ရွာလေးကို ကူညီပြီး ထူးဆန်းသောအဖြစ်များကို ဖြေရှင်းနိုင်ရန် သူ မျှော်လင့်မိသည်။
ဗီဒီယိုထဲမှ နောက်ခံအသံက ဆက်လက်လွင့်ပျံ့နေဆဲပင်၊ ဝန်ထမ်းများက အကူအညီတောင်းသည့်ဖုန်းကို ဖြေဆိုသည့်အခါ ပိုင်ရှီကုဖော်ပြသည့် သတင်းအချက်အလက်က အသေးစိတ်ကျပြီး ထူးဆန်းကာ အစီအစဉ်အဖွဲ့ကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိရှိ ပို့တတ်သည့် လုပ်ကြံထားသည့်ဇာတ်လမ်းမျိုးနှင့် မတူနေပေ။
သူတို့က ဤကိစ္စ၏အရေးကြီးအကြောင်းအရာများကို ချိတ်ဆက်မိပြီး ပိုင်ရှီကုကို ချက်ချင်း လက်ခံကာ ရွာလူကြီးများ၏ဖုန်းနံပါတ်ကို တောင်းသည်။ သူတို့က အခြေအနေကို နားလည်ရန် သူ့မိဘများဆီ ဦးစွာဖုန်းဆက်မည်ဖြစ်သည်။
ပထမဆုံးဖုန်းခေါ်ပြီးသည့်နောက် ရည်ရွယ်ချက်ကို ပြောပြပြီးသည်နှင့် ပိုင်ရှီကု၏ အမေက အစီအစဉ်အဖွဲ့ကို အလိမ်အညာဟုထင်ကာ ဖုန်းချပစ်မည်ဟု မည်သူသိမည်နည်း။
နောက်ပိုင်းတွင် ဝန်ထမ်းများက သူ့အမေကို အကြိမ်များစွာ ဖုန်းခေါ်သည်။ ရှင်းပြချက်များပြီးသည့်နောက် သက်လတ်ပိုင်းအမျိုးသမီးက တာဝန်ရှိ ရွာသူကြီးနှင့် ကေဒါများကို ဆက်သွယ်ရန်ကူညီပေးလိုက်သည်။
ရွာတာဝန်ရှိသူများကို ဆက်သွယ်လိုက်ချိန်တွင် တစ်ဖက်လူက ပွင့်ပွင့်လင်းလင်းပြောသည်။
“ဒါက ကျွန်တော်တို့ရွာရဲ့ သီးသန့်ကိစ္စတစ်ခုဖြစ်ပြီးတော့ အပြင်လူတွေက စိတ်ပူပေးဖို့ မလိုပါဘူး”
အစီအစဉ်အဖွဲ့က ဤကိစ္စကို နှစ်ရက်သုံးရက်မျှ ဟိုပုတ်သည်ပုတ်လုပ်ခဲ့ရပြီး မျက်နှာကောင်းတစ်ခုမရခဲ့သည့်အတွက် အတော်လေး မကျေမနပ်ဖြစ်ခဲ့ကြသည်။
ဝါးထော်ရွာ၏ရွာသူကြီးက အလွန်ကြမ်းတမ်းသည်ကို မြင်တော့ သူတို့ ဆက်မနှောင့်ယှက်တော့ပေ။
သူတို့က အကူအညီတောင်းခဲ့သည့် ပိုင်ရှီကုကို စာတစ်စောင်ပို့လိုက်ပြီး အစီအစဉ်အဖွဲ့က ရွာသားများ၏ခွင့်ပြုချက်မရခဲ့သောကြောင့် ရွာကိုသွားပြီး ရိုက်ကူးရေးလုပ်နိုင်တော့မည်မဟုတ်ကြောင်း ပိုင်ရှီကုဆီ ပြောခိုင်းလိုက်သည်။
အစီအစဉ်အဖွဲ့၏ ခေါင်းစဉ်ရွေးချယ်ရေးအဖွဲ့ဝင်များက အကူအညီတောင်းခံသည့်စာအသစ်များကို ဖတ်ရှုနေပြီဖြစ်ကာ အဖြစ်အပျက်တစ်ခုကို ရွေးချယ်တော့မည့်အခိုက်တွင် တစ်ရက်ကြာပြီးနောက် ရွာသူကြီးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့လေသည်။
ဤအကြိမ်တွင်တော့ တစ်ဖက်လူ၏လေသံမှာ အများကြီး ပို၍ ယဉ်ကျေးနေပြီး အစီအစဉ်အဖွဲ့ကို ဖုန်းဖြင့် အကူအညီတောင်းခံကာ ထူးဆန်းသည့်အဖြစ်များကို ဖြေရှင်းပေးရန် တောင်းဆိုလာသည်။
သူတို့လေသံနှင့် အမြင်များကို ပြောင်းလဲသွားအောင် ရက်တိုတိုလေးအတွင်း ကိစ္စတစ်ခုခုဖြစ်ပွားခဲ့ပုံရ၏။
အစပထမတွင် အစီအစဉ်အဖွဲ့က ကိစ္စအသစ်တစ်ခုကိုတွေ့ရှိပီး လူများနှင့်လည်း ဆက်သွယ်ပြီးဖြစ်သည့်အတွက် ငြင်းချင်သည်။
နေရာနှစ်ခုမှာ ဝေးကွာနေပြီး ဒုက္ခများကာ အချိန်ကုန်လူပမ်းဖြစ်ရလိမ့်မည်။
သို့သော်လည်း သူတို့က ရွာလူကြီးမှ ဝါးထော်ရွာတွင်ဖြစ်သည့် ထူးဆန်းသည့်ဖြစ်စဉ်တွဲများ၏ အသေးစိတ်အချက်အလက်များအကြောင်း ပြောပြသည့်အချိန်တွင်တော့ စိတ်ဝင်စားမိကြပြီး ရိုက်ကူးရန်လက်ခံလိုက်ကြသည်။
နိဒါန်းပြီးဆုံးသွားသည့်နောက်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကင်မရာက တင်ဆက်သူလျို့၏လက်ထဲမှ အနည်းငယ်လှုပ်ခါနေသော ကင်မရာဘက် ပြန်ပြောင်းသွားသည်။
တင်ဆက်သူလျို့ : “ရွာသားတွေနဲ့ အကူအညီတောင်းသူတွေရဲ့ ပြောစကားအရ ရွာထဲက ကိစ္စဆန်းတွေက ရွာထဲမှာသာမဟုတ်ဘဲ ရွာနဲ့ ရွာပြင်ကိုဆက်ထားတဲ့ ခြောက်သွေ့သွေ့လမ်းနဲ့ပါ သက်ဆိုင်နေကြောင်း တွေ့ရပါတယ်
အကူအညီတောင်းသူ ပြောပြတဲ့အထဲမှာပါတဲ့ သူ့ရဲ့ညီအစ်ကိုကွမ်ကျိက အဲဒီလမ်းပေါ်မှာ သေဆုံးသွားခဲ့တာ”
“လမ်းနဲ့ပတ်သက်ပြီး တစ်ခုခုထူးခြားနေတာများရှိမလားလို့ အစီအစဉ်အဖွဲ့က ရွာအဝင်လမ်းကနေ စတင်ရိုက်ကူးဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်”
*