← Chapters

ငါကအဖေ

Vol. 1 Ch. 135

ငါကအဖေ

Vol. 1 Ch. 135

ကျန်းဂိုဏ်းသားများသည် အလုပ်လုပ်ရာတွင် အတော်လေး အစွမ်းအစ ရှိသည်ကိုတော့ ဝန်ခံရပေမည်။ နှစ်နာရီမျှ ကြာပြီးနောက် ကျန်းရမ်ထူ ပြန်ရောက် လာခဲ့သည်။ သူသည် ကျန်းရီ ကောင်းကင် တောင်ပံမြို့နှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်း၌ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို စုံစမ်းခဲ့ပြီး ဖြစ်သည်။

ကျန်းရမ်ထူ၏ အသေးစိတ် တင်ပြချက်များကို နားထောင်ပြီးနောက် ကျန်းပိုင်လီ၏ မျက်နှာသည် တင်းမာနေခဲ့သည်။ သူ့မျက်လုံးများမှ ကျောချမ်းစရာ အငွေ့အသက်တို့ ထွက်ပေါ်နေခဲ့ပြီး အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့သည်။ ထို့နောက် သူသည် သက်ပြင်းချကာ ပြောလာခဲ့သည်။

"ရီဖျောင်ဖျောင် ... မင်းရက်စက်လွန်းတယ် ... မင်းက ငါ့ကို ကျန်းရီအကြောင်း မသိအောင် ထားပြီး လက်စား ချေတာလား"

ကျန်းရမ်ထူသည် ဘေးတွင်သာ တိတ်တဆိတ် ရပ်၍ ကျန်းပိုင်လီ၏ မချိတင်ကဲ ရေရွတ်မှု ပြီးဆုံးအောင် စောင့်နေပြီး မေးလိုက်သည်။

"အရှင် ... သတင်းတွေအရ ... အရှင့်သားက ထူးဆန်းတဲ့ ကျင့်စဉ် တစ်ခုခု ဒါမှမဟုတ် သိုင်းပညာ တစ်ခုခု ကျင့်နေတယ်နဲ့ တူတယ် ... အဲဒါက သခင်မရီ လက်ဆင့်ကမ်းခဲ့တာများ ဖြစ်နေမလား"

"မသေချာဘူး"

ကျန်းပိုင်လီသည် ခေါင်းယမ်းလိုက်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ရီဖျောင်ဖျောင်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ် ... ငါတောင် သူမရဲ့ ဇစ်မြစ်ကို အခုထိ မသိသေးဘူး ... သူမသာ ကျန်းရီကို အဲဒါပေးခဲ့မယ် ဆိုရင် ကျန်းရီရဲ့ ဒန်တျန်းကို ဘာလို့ ချိတ်ပိတ်ခဲ့မှာလဲ"

"ဟမ်"

ကျန်းရမ်ထူသည်လည်း စိတ်ရှုပ်ထွေး သွားခဲ့သည်။ သူသည် မျက်တောင် တစ်ချက်ခတ်ကာ မေးလိုက်သည်။

"ကျွန်တော်တို့ အခု ဘာလုပ်မှာလဲ ... အရှင့်သားက ခေါင်းမာလွန်းတယ် ... အရှင့်ကိုလည်း သဘောမကျဘူး ထင်ပါတယ် ... သူက သူ့နေရာသူ ပြန်မလာချင်မှာကို စိုးရွံ့မိပါတယ် ... သူ့ကို အရှင်ကိုယ်တိုင် သွားတွေ့ကြည့်ရင်ရော"

"ဘာလို့ ငါက သူ့ကို သွားတွေ့ သင့်တာလဲ"

ကျန်းပိုင်လီသည် ကျန်းရမ်ထူအား စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"ငါက အဖေ ... သူကသား ... ဘယ်တုန်းက အဖေက သားကို အတင်းအကြပ်သွားတွေ့ရတာမျိုး ရှိလို့လဲ ... သူပြန်လာချင်ရင် ပြန်လာလိမ့်မယ် ... ပြန်မလာရင်လည်း အပြင်မှာပဲ သေပါစေလေ"

"ဟူး ... "

ကျန်းရမ်ထူသည် ခေါင်းငုံ့ကာ သက်ပြင်း ချလိုက်သည်။ ကျန်းပိုင်လီသည် ကျန်းရီမှာ ရီဖျောင်ဖျောင်နှင့် တူ၍ ခေါင်းမာသည်ဟု ပြောခဲ့ပြီး ထိုအရာက သူနှင့်လည်း တူလွန်းနေသည် ကိုတော့ ထည့်မပြောခဲ့ပေ။ သူသည် ကျန်းပိုင်လီအား ကောင်းကောင်း သိလေသည်။ ကျန်းပိုင်လီ သည်လည်း မာနကြီးလွန်းသူ ဖြစ်သည်။ သူ့ကိုယ်ကို နှိမ့်ချ၍ ကျန်းရီအား သွားရောက် ခေါ်ဆောင်မည်မှာ ဘယ်သောအခါမှ ဖြစ်မလာနိုင်သည့် အရာ ...

ကျန်းရမ်ထူ ခဏမျှ တိတ်ဆိတ် သွားခဲ့ပြီး ထပ်မံ မေးမြန်းလာခဲ့သည်။

"ကျွန်တော်တို့တွေ အရှင့်သားကို ကာကွယ်ဖို့ လျှို့ဝှက်အစောင့်တွေ ဘာတွေ လွှတ်ထား သင့်လား"

"မလိုဘူး"

ကျန်းပိုင်လီသည် လက်ကာ ပြလိုက်သည်။

"သူက ဒီလောက် ခေါင်းမာနေမှ နောက်လည်း သူ့အကြောင်း စိတ်ပူနေစရာ မလိုဘူး ... အပြင်လောကက ဘယ်လိုဆိုတာ သူ့ကိုပေးသိလိုက် ... သူအတားအဆီးတွေ ကြုံလာတဲ့အခါ ရှေ့ဆက်လျှောက်ဖို့ လမ်းစ မရှိတော့တဲ့အခါ ငါ့ဆီကို ပြန်လာလိမ့်မယ်"

"ကောင်းပါပြီ ... ဒီနောက်လိုက် သွားပါတော့မယ်"

ကျန်းရမ်ထူသည် ကျန်းပိုင်လီ လက်နောက်ပစ်၍ ကျောပေးကာ တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်သည်။ သူသည် ခေါင်းအသာယမ်း၍သာ ထွက်လာခဲ့ရသည်။

ကျန်းပိုင်လီသည် ဤတစ်ကြိမ်တွင် သူ့သဘောထားကို အရိုးရှင်းဆုံး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းရီသည် မလိမ္မာ၊ မပါးနပ်ပေ။ ယခု ကျန်းပိုင်လီ ဒေါသ ထွက်နေပေပြီ။ ရှန်ဝူနိုင်ငံတော် နံပါတ်တစ် စစ်သည်တော်၏ မာနသည် အခြားလူများ ချနင်းခွင့် မရှိသော အရာဖြစ်သည်။ ထိုသူ၏ သွေးသားအရင်း ဖြစ်နေလျှင်တောင် မရပေ။

***

ဖြစ်ရပ်သည် တောမီးပမာ တစ်နိုင်ငံလုံးအား ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် နယ်မြေ တစ်ခုလုံးအထိပါ ဆက်လက် ပျံ့နှံ့ သွားလေသည်။

ကျန်းပိုင်လီသည် ရှန်ဝူတစ်နိုင်ငံလုံး၏ နံပါတ်တစ် စစ်သည်တော် ဖြစ်ပြီး နယ်မြေ၏ အတော်ဆုံး စစ်သည်တော်များတွင်လည်း ပါဝင်လေသည်။ ထို့ကြောင့် သူ့၏ လုပ်ရပ်များကို နိုင်ငံကြီး ခြောက်ခုမှ ဂိုဏ်းကြီးများက အနီးကပ် စောင့်ကြည့်ကြလေ့ ရှိသည်။ မကြာလိုက်သော အချိန်၌ပင် ကျန်းရီ၏ နာမည်သည် ဂိုဏ်းကြီးများ၏ သတင်း အချက်အလက်များတွင် ပါဝင် သွားတော့သည်။

အထူးသဖြင့် ကျန်းရီ၏ နာမည်သည် ရှန်ဝူနိုင်ငံတော် အတွင်း အတော်လေး ကျော်ကြား နေခဲ့သည်။ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်းမှ ဖြစ်ရပ်များသည်လည်း အသေးအဖွဲ မဟုတ်ရာ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ဂိုဏ်းကြီးများသည် ထိုသတင်းကို ကြားသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်လာကြလေသည်။

လွန်ခဲ့သော တစ်နှစ်ခွဲက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမ အဆင့်တွင်သာ ရှိသော အမှိုက်လား ... ယခုတွင် သူသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်အောက်တွင် ပြိုင်ဘက် ကင်းနေပေပြီ။

လူတိုင်းသည် ကျန်းရီမှာ ကျန်းပိုင်လီ၏ သားဟု တွေးမိသောအခါ ထိုအကြောင်းအရာအား ထူးဆန်းသည်ဟု မခံစား ရတော့ပေ။ နဂါးတစ်ကောင်သည် နဂါးကိုသာ မွေးမည်ဖြစ်ပြီး ဖီးနစ်ငှက်သည် ဖီးနစ်ငှက်ကိုသာ မွေးပေးလိမ့်မည်။ ကျန်းပိုင်လီ၏ သားက အမှိုက် ဖြစ်နေသည် ဆိုကာမှ အမှန်တကယ် ထူးဆန်း သွားပေလိမ့်မည်။

ကျန်းရီသည် အပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို လုံးဝ စိတ်မဝင်စားပေ။ ချမ်ဝမ်ကွမ်က သူ့အား ပြောပြ ချင်နေသော်လည်း သူက မသိချင်ပေ။

သူသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ပြန်ရောက်သည်နှင့် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ သူနှင့် စုလောရွှယ်သည် ရတနာများစွာ ရရှိခဲ့ပြီး သူသည် ဤတစ်ခေါက် သွေးရှင်းတမ်းအား ဂုဏ်ထူးများဖြင့် အောင်မြင် ခဲ့သည်ဟုတောင် ဆို၍ ရပေသည်။ သူတရားဝင် ကျောင်းသား ဖြစ်လာပြီးနောက်တွင် နတ်ဆိုး သားရဲများအား အမဲလိုက်စရာ မလိုတော့ပေ။ သူသည် စားချိန်နှင့် အိပ်ချိန်မှတစ်ပါး ကျန်အချိန်များကို ကျင့်ကြံခန်းတွင် ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

စုလောရွှယ်ထံမှ သတင်းအရ ဆရာလျောင်သည် သင်တန်းကျောင်းသို့ တစ်လအတွင်း ပြန်ရောက် လာပေတော့မည်။ သူသည် ကျင့်ကြံဆင့်ကို အမြန်ဆုံး တိုးတက် ချင်နေသည်။ ထူးချွန် ကျောင်းသား ငါးယောက်ကို စိန်ခေါ်ကာ နောက်တစ်ဆင့်သို့ တက်လှမ်း ပြီးသည်နှင့် ကျန်းရှောင်နူကို ကုသပေးရန် ဆရာလျောင်အား အကူအညီ တောင်းနိုင်ပေတော့မည်။

သူ့စိတ်ထဲတွင်လည်း ဆုံးဖြတ်ချက် တစ်ခု ချထားပြီးခဲ့ပေပြီ။ ကျန်းရှောင်နူအား ကုသ ပြီးသွားသည်လျှင် သူမနှင့် ကျန်းယွင်ဟိုင်အား ခေါ်ကာ ချက်ချင်း ထွက်သွားတော့မည်။ သူသည် ရှန်ဝူ နိုင်ငံတော်မှတောင် ထွက်သွား ချင်နေခဲ့သည်။ သူသည် ကျန်းပိုင်လီ၏ မျက်စိအောက်တွင် နေနေရသည်မှာ သက်သောင့်သက်သာ ဖြစ်မနေပါချေ။

တကယ်တမ်းတွင် သူကျင့်ကြံဆင့် တက်မသွားလျှင်တောင် ထူးချွန်ကျောင်းသား ငါးယောက်ကို ရင်ဆိုင်နိုင်လျှင် အရည်အချင်း စမ်းသပ်ပွဲကို အလွယ်တကူ ကျော်ဖြတ် နိုင်လေသည်။ လက်ရှိအချိန်တွင် သူသည် ပါရမီရှင် ကျောင်းသားများကိုပါ ရင်ဆိုင် နိုင်ပေသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါအား အသက် သွင်းလိုက်လျှင် သင်တန်းကျောင်း၏ နံပါတ်တစ် ကျောင်းသူဖြစ်သော မင်းသမီး ယွင်ဖေးတောင် ခုခံနိုင်မည် မဟုတ်ပေ။ ကျန်းရီ မသိသေးသော်လည်း တခြား ကျောင်းသား၏ စိတ်ထဲတွင် အင်အား အရာ၌ သူ့အား နံပါတ်တစ်ဟု သတ်မှတ် ထားခဲ့ပြီး ဖြစ်လေသည်။

ကျန်းရီသည် ကျင့်ကြံခြင်းအား သူ့အသက်တမျှ အရေး ထားနေရသည်မှာ အကြောင်းအရင်း ရှိပေသည်။ သူပြေးလွှားရာတွင် အမြန်နှုန်း တိုးတက်ရန် လိုအပ်သည် မဟုတ်ပါလား ထို့ပြင် သူသည် ဆရာများနှင့် ကျောင်းသားများထံမှ ထူးဆန်းသော အကြည့်များအား ခံစား နေရသည်မှာ မသက်သာပါချေ။ ထို့ကြောင့် သူသည် ပုန်း၍သာ ကျင့်ကြံနေခြင်း ဖြစ်လေသည်။

ကျန်းရီသည် နေ့တိုင်း မိုးမလင်းခင် ကျင့်ကြံခန်းသို့ သွား၍ ကျင့်ကြံနေလေ့ ရှိပြီး မိုးစုန်းစုန်းချုပ်ပါမှ သူ့အဆောင်လေးသို့ ပြန်သွားလေ့ ရှိသည်။ တရားဝင် ကျောင်းသား ဖြစ်လာလျှင် သူထိုင်ရာ နေရာတို့ကို ပြောင်းလဲနိုင်ပေသည်။ သို့သော် သူသည် ထိုအရာများကို စိတ်ထဲမထားသည်က တစ်ကြောင်း ချမ်ဝမ်ကွမ်နှင့် နေရသည်မှာ ပိုအဆင်ပြေသည်က တစ်ကြောင်းကြောင့် နေရာပြောင်းရန် ငြင်းဆိုလိုက်သည်။

လဝက်ခန့် ကြာပြီးနောက် ကျန်းရီ၏ နိမ့်ချကာ မထင်မရှား နေမှုကြောင့် ဖြစ်ရပ်သည် တဖြည်းဖြည်း တိမ်ကောသွားခဲ့သည်။ ရက်နှစ်ဆယ်ကျော် ဖြတ်သန်း ပြီးသည့်အခါ ကျန်းရီ၏ ပုံမှန်ကျင်ကြံခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံး သွားခဲ့လေပြီ။ မိုးချုပ်သွားသော အချိန်တွင် ကျန်းရီသည် ခါတိုင်းလိုပင် ထမင်းစားရန် ကျင်ကြံရာမှ ပြန်လာခဲ့သည်။ သူသည် စုလောရွှယ်အား မမျှော်လင့်ဘဲ တွေ့လိုက် ရလေသည်။

"ဆရာလျောင် ပြန်ရောက်ပြီ"

စုလောရွှယ်သည် လိုရင်းကိုသာ တိုက်ရိုက် ပြောလာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများ အရောင် လက်သွားကာ ဝမ်းသာအားရ ပြောလိုက်သည်။

"ကျွန်တော်တို့ သူ့ကို ဘယ်တော့ သွားတွေ့မှာလဲ ... ကျွန်တော် ထူးချွန် ကျောင်းသား အဆင့်ကို တက်လှမ်းဖို့ စိန်ခေါ်သင့်ပြီလား"

စုလောရွှယ်သည် ဘေးတွင် ရပ်နေသော ချမ်ဝမ်ကွမ်အား တစ်ချက် ကြည့်လိုက်သည်။ ချမ်ဝမ်ကွမ်သည် ပါးနပ်သောကြောင့် ရယ်မော၍ ထွက်သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် ကျန်းရီအား မျက်လုံးဖြင့် အချက်ပြ အားပေးခဲ့ကာ တံခါးပါ ပိတ်ပေးခဲ့လေသည်။ စုလောရွှယ်သည်လည်း မြင်လိုက်သောကြောင့် ဒေါသ ထွက်သွားခဲ့သည်။

"ကျန်းရီ"

ချမ်ဝမ်ကွမ် ထွက်သွားသည်နှင့် စုလောရွှယ်သည် သက်ပြင်းချကာ စကားစလာခဲ့သည်။

"ကျန်းရမ်ထူက နဂါးတစ်သောင်း တောင်ကြားမှာ ကျောင်းအုပ်ချီကို ဆန့်ကျင်ခဲ့တာ မင်းသိပါတယ် ... သူမကို အကူအညီ တောင်းဖို့က မဖြစ်နိုင်တော့ဘူး ... ဒါပေမဲ့ မင်းကျောင်းအုပ် ကျူးကော့ဆီက အကူအညီ တောင်းကြည့်မယ် ဆိုရင် ပိုအဆင်ပြေ သွားလိမ့်မယ်"

"ကျောင်းအုပ်ကျူးကော့ ... မသွားဘူး"

ကျန်းရီ၏ မျက်လုံးများ အေးစက်သွားကာ ချက်ချင်း ငြင်းပယ်လိုက်သည်။

ကျူးကော့ချင်ယွမ်နှင့် ကျန်းပိုင်လီသည် သေခြင်း ရှင်ခြင်းတို့ကို အတူတကွ ကျော်ဖြတ်ခဲ့သော ရဲဘော် ရဲဘက်များ ဖြစ်ကြသည်။ ကျူးကော့ ချင်ယွမ်ထံတွင် အကူအညီ တောင်းလိုက်ခြင်းသည် ကျန်းပိုင်လီထံမှ အကူအညီ ယူလိုက်သည်နှင့် မခြားပေ။ သူသာ ကျန်းပိုင်လီထံမှ အကူအညီ ယူမည်ဆိုလျှင် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့တောင် လာစရာ မလိုပေ။

"ကံစမ်း ကြည့်ရတော့မယ် ထင်တယ်"

စုလောရွှယ်သည် သက်ပြင်း အသာချကာ ပြောလာခဲ့သည်။

"လာလေ ... ငါဆရာလျောင်ဆီ မင်းကို ခေါ်သွားပေးမယ် ... သူမင်းကို မတွေ့ချင်ဘူး ဆိုရင် အရည်အချင်း စစ်ဆေးပွဲကို စိန်ခေါ်ကြည့်ပေတော့ ... မင်းစိတ်ကို ပြင်ဆင် ထားသင့်တယ် ... ကျောင်းအုပ်တွေရဲ့ အကူအညီ မပါဘဲ ဆရာလျောင်ကို တောင်းဆိုဖို့က မဖြစ်နိုင်သလောက်ပဲ"

"သူသာ ရှောင်နူကို ကုသပေးနိုင်မယ် ဆိုရင် ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ရတယ်"

ကျန်းရီသည် အသာပြုံးလိုက်သည်။ သူသည် ယခင်ကလို အမှိုက်ကောင် မဟုတ်တော့ပေ။ ဒီဆရာလျောင်က နတ်ဘုရားအဆင့် ပစ္စည်း တစ်မျိုးမျိုးတော့ မတောင်းလောက်ပါဘူးနော်

သူတို့နှစ်ယောက်သည် အဆောင် ငယ်လေးဆီမှ လမ်းလျှောက်ရင်း ထွက်ခွာ လာကြသည်။ မိနစ် သုံးဆယ်ခန့် ကြာပြီးနောက် သူတို့သည် သပ်ရပ် ခမ်းနားသော အဆောင် တစ်ခုထံ ရောက်ရှိခဲ့သည်။

တံခါးသည် စေ့ပိတ်ထားခဲ့သည်။ စုလောရွှယ် တံခါးခေါက်လိုက်သော အခါ အစေခံမလေး တစ်ယောက်သည် အလျင်အမြန် ရောက်လာခဲ့သည်။ စုလောရွှယ်က အကြောင်းအရင်းကို ရှင်းပြ လိုက်ပြီးနောက် အစေခံ မိန်းကလေးသို့ တံခါးကို ပြန်ပိတ်ကာ သတင်းပို့ရန် အတွင်းသို့ ပြန်ဝင် သွားခဲ့သည်။

သူတို့သည် အပြင်ဘက်တွင် တစ်နာရီကျော် စောင့်လိုက်ရသည်။ အဆုံးတွင် အစေခံမလေးသည် တံခါးအား ပြန်ဖွင့်လာခဲ့သည်။ သူမသည် ကျန်းရီအား တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောလာခဲ့သည်။

"ဆရာလျောင်ရဲ့ ညွှန်ကြားထားချက် အရ ... ဆရာမစု ဝင်ကို ဝင်ခွင့် ပြုပါတယ် ... သူက တခြား ကြုံရာလူတွေကိုတော့ ဝင်ခွင့်ပြု မထားပါဘူး"

*****

All Chapters