လာဘ်ထိုးခြင်း
Vol. 47 Ch. 691
နတ်ဆိုးဂိုဏ်းက အကျိုးအမြတ် ထက်သန်စွာစတင်ကမ်းလှမ်းသည်ကို တိုင်ပုဖန် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ထိုနှစ်ယောက်ထံမှတစ်ဆင့် အကာအကွယ်ယူလိုခြင်းလား...
နတ်ဆိုးဂိုဏ်းကို ငါနေ့တိုင်းတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူ့တို့ငါ့ဆီ အသနားခံတာ လာဘ်ထိုးတာ တစ်ခါမှမမြင်ဖူးပါလား...
"ဒါကို လာဘ်ထိုးတယ်လို့ ခေါ်လို့မရပါဘူး။ သူတို့သဘောဆန္ဒအလျောက်ပေးတယ်လို့ပဲ ပြောရမှာပါ။ ကျုပ်တို့က ငြင်းရမှာအားနာလို့ပါ"
မုန်ကျင်းကျိုးက စကားပြန်ပြင်ပေးသည်။
"ပြီးတော့၊ လာဘ်ထိုးခံရတဲ့လူတွေဆိုတာ ရုံးတော်အရာရှိတွေပါ။ ကျုပ်နဲ့လောင်လုလို့ သာမန်အရပ်သားတွေ မဟုတ်ဘူး"
"ရန်သူဂိုဏ်းထဲကို စိမ့်ဝင်နိုင်ဖို့ အရှက်တရားကိုသည်းခံပြီး သူတို့လက်ဆောင်ကို မတတ်သာလို့ လက်ခံခဲ့ရတာပါ"
လုယန်လည်း ဝင်ပြောသည်။
တိုင်ပုဖန် "..."
"ထားပါတော့။ နေမင်းဂိုဏ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေက ဒါတွေပါ။ မင်းတို့ကြည့်ကြပေါ့"
တိုင်ပုဖန် စာရွက်ဖိုင်တစ်ထပ် ထုတ်ပေးသည်။ ဖတ်ပြီးလျှင် ပြန်လာပေးဖို့နှင့် မစ်ရှင်ခန်းမသခင်နှင့်ဒုလက်ထောက်ရာထူးလက်ခံရန် ကြိုတင်ပြင်ဆင်ထားကြဖို့ပြောသည်။
သူလုပ်စရာအလုပ်များစွာ ရှိသေးသည်။
နောက်ထပ်လပိုင်းအတွင်း တာအိုလမ်းစဉ်ဂိုဏ်းက နောက်ထပ်တပည့်သစ်စုစည်းမည်။
ပြီးခဲ့သည့်အကြိမ်က သူကြိုတင်မပြင်ဆင်ခဲ့၍ လုယန်နှင့်မုန်ကျင်းကျိုးလို အမြဲစိတ်ဒုက္ခပေးသည့် ပြဿနာကောင်များကို ဂိုဏ်းဝင်ခွင့်ပေးခဲ့မိသည်။ ပိုင်မင်နှင့်လန်ထင်လို အလားအလာရှိသည့် လူကောင်းသူကောင်းများကို တစ်ခြားဂိုဏ်းများက ကြိုတင်သိမ်းယူသွားသည်။
ဤတစ်ကြိမ် စာရိတ္တကောင်းမွန်ပြီး ဝိညာဉ်မြစ်ရှိသည့် လူငယ်သစ်များ ကြိုတင်ထွက်ရှာဖို့ သူဆုံးဖြတ်ထားသည်။
...
ယခု များစွာသောသတင်းအချက်အလက်များထဲမှ ထိုလူများအကြောင်း သူတို့လေ့လာရမည်။ နေမင်းဂိုဏ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များက အတော်ရှင်းလင်းသည်။ ထိုဂိုဏ်းဘယ်လောက် ဖုံးကွယ်ချင်သော်သည်ဖြစ်စေ ဖုံးကွယ်၍မရ။
ဥပမာ သူတို့သည် စုစည်းခြင်းအဆင့်နှစ်ယောက်ကို နေမင်းဆီအသေခံဖို့ ပုံမှန်လွှတ်သည်။ လူတိုင်း နေမင်းကိုကိုးကွယ်စေချင်သည်က ဂိုဏ်း၏ဆန္ဒဖြစ်သည်။ သံလွင်လနန်းတော်ဂိုဏ်းကို သူတို့ရန်သူဟု ယူဆထားသည်။
နှစ်ခြောက်သောင်းကြာအောင် ရပ်တည်ခဲ့ပြီး နေမင်းကို ထိုမျှကြာအောင် လေ့လာခဲ့သဖြင့် နေမင်းစွမ်းအင်ကျင့်စဉ်များ သူတို့ဘယ်လောက်နားလည်ကျွမ်းကျင်ထားမည်ကို ခန့်မှန်းကြည့်နိုင်သည်။
သို့သော် ဘယ်လောက်ကျွမ်းကျင်သည်ဖြစ်စေ လုယန်အသိထက်တော့ မပိုနိင်။ အသစ်ရထားသည့် နတ်မယ်၏စာကြည့်တိုက်တွင် ကိုးဆမသေမျိုး၏ အဆင့်မြင့်ဆုံး ယင်ယန်စွမ်းအားကျင့်စဉ်အတွေးမြင်ကျမ်းများရှိသည်။
နေမင်းဂိုဏ်းက ယင်ယန်အရိယဖလပိုင်ရှင် ကိုးဆမသေမျိုးထက် ပိုစွမ်းအားကြီးနိုင်မည်လော။
လုယန်နှင့်မုန်ကျင်းကျိုးတို့ နေမင်းဂိုဏ်းအချက်အလက်များကို သုံးရက်ကြာအောင် ဖတ်ကြသည်။
"ဖတ်လို့ပြီးပေါ့"
တိုင်ပုဖန် မျက်ခုံးတစ်ဘက်မြင့်သွားသည်။ မှတ်တမ်းဖိုင်များကို နေရာတစ်ကျပြန်သိမ်းသည်။
"အဲလိုပဲဆိုပါတော့"
"အကြီးအကဲတစ်ချို့ မင်းတို့နဲ့အတူလိုက်ပေးဖို့လိုလား"
နတ်ဝိညာဉ်အဆင့်နှစ်ယောက်တည်း နတ်ဆိုးဂိုဏ်းချုပ်များနှင့်တွေ့ဖို့ သူခွင့်မပြုနိုင်။ အန္တရာယ်များလွန်းသည်။
"အကြီးအကဲလေးယောက်ထည့်ပေးပါ"
"ကောင်းပြီလေ၊ ဒီမှာခဏစောင့်။ ငါအကြောင်းကြားပေးမယ်"
တိုင်ပုဖန်ထရပ်ပြီး တောင်ထိပ်များမှ အကြီးအကဲများကို အပြင်ထွက်လှုပ်ရှားပေးဖို့ ဖိတ်ခေါ်သည်။
ကောင်းကင်ဘုရင်ပြန်ဖြစ်ခွင့်ရမည်ဟုကြားသည်နှင့် အကြီးအကဲများ၏စိတ်ဓာတ်က ခါတိုင်းထက်ပင် ပိုစိတ်အားထက်သန်လာသည်။
ထိုကိစ္စအတွက် တိုက်ကြခိုက်ကြတော့မတတ်ဖြစ်လာသည်။ သို့သော် တိုင်ပုဖန်၏ဖြန်ဖြေမှုကြောင့် မဲနှိုက်ဆုံးဖြတ်ဖို့ သဘောတူသွားသည်။
နောင်ဆုံးတွင် လောင်ပါး၊ တတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ၊ သတ္တမအကြီးအကဲတို့ မဲပေါက်သည်။
လုယန်နှင့်မုန်ကျင်းကျိုးက တံဆိပ်ကိုယ်စီကိုင်၍ ဂိုဏ်းနှစ်ဂိုဏ်းမှ ခေါင်းဆောင်များကို အကြောင်းပြန်သည်။ နောက်နှစ်ရက်အတွင်းတွေ့ဆုံဖို့ စားသောက်ဆိုင်တစ်ခု ရွေးချယ်သည်။
တွေ့ဆုံပွဲတွင် လက်ဆောင်ပေးမည့်ကိစ္စကို ကောင်းကင်ရုံးတော်ဂိုဏ်းက လက်ခံမည်။
ဂိုဏ်းချုပ်နှစ်ယောက်က သေချာပေါက်လာတက်မည်ဟု ပြန်ပြောသည်။
နှစ်ရက်ကြာပြီးနောက် စားသောက်ဆိုင်ကို အပြတ်ငှား၍ ဂိုဏ်းသုံးဂိုဏ်း နောက်တစ်ကြိမ်တွေ့ဆုံကြသည်။
လုယန်နှင့်မုန်ကျင်းကျိုးက ဧည့်ထိုင်ခုံတွင်ထိုင်သည်။ နောက်ဘက်တွင် စွမ်းအားမြင့်ကာကွယ်သူကောင်းကင်ဘုရင်လေးယောက်က ကျောက်တိုင်များပမာရပ်နေသည်။ မျက်လုံးများက ကျားနှင့်တူသည်။ စူးရှသည်။ သို့သော် သိမ်မွေ့သည့် ဩဇာရိပ်လည်းပါသည်။
မူပိုင်ယိနှင့် ချီတာဖုန်းတို့က နှစ်ယောက်သား ဤနေရာတွင်တွေ့ရမည်ဟု ထင်မထားသဖြင့် အမ်းတမ်းတမ်းဖြစ်နေသည်။
ဂိုဏ်းသခင်လုပါလာမည်ဟု ချီတာဖုန်းမထင်ခဲ့။
သူတော်စင်အမွေခံနှင့် ဂိုဏ်းသခင်လုတို့ မတည့်ကြဟု သတင်းကြားထားသည်။ ဘာကြောင့် အတူရောက်လာသည်မသိ။
သူမသိသည့် အပြောင်းအလဲများ ဖြစ်ခဲ့လေသလော...
"မတွေ့ရတာ ရက်အတော်ကြာသွားပြီ။ ခင်ဗျားတို့နှစ်ယောက်က ခံ့ညားထည်ဝါနေတုန်းပါပဲလား။ ဟားဟားဟား"
ကမောက်ကမဖြစ်နေသည့်လေထုကို ဖြိုဖျက်ဖို့ ချီတာဖုန်းက သက်တူရွယ်တူဟန်ပင်ဖြင့် လက်နှစ်ဘက်ဆုပ်နှုတ်ဆက်သည်။
ချီတာဖုန်းနောက်တွင် မိန်းမလှနှစ်ယောက်ရပ်နေသည်။ အသားအရေက ထိကိုင်လိုက်သည်နှင့် ရေထွက်လာတော့မလို နူးညံ့သည်။ ညှို့ငင်အားကောင်းသည်။
ချီတာဖုန်းမျက်ရိပ်ပြလိုက်သည်။ မိန်းမလှနှစ်ယောက်က မုန်ကျင်းကျိုးဘေးနှစ်ဘက်ဆီ အလိုက်တသိ လျှောက်သွားသည်။
မုန်ကျင်းကျိုး မျက်ခုံးလှုပ်လာသည်။
"ဂိုဏ်းချုပ်ချီ၊ ဒါက ဘာလဲ"
"ကျေဇူးဆပ်တဲ့လက်ဆောင်လေးပါ။ ခင်ဗျားရောကျုပ်ရော သန့်စင်ယန်ကျင့်စဉ်လမ်းကိုလိုက်ကြတဲ့လူတွေပါ။ စွမ်းအင်အပိုတွေကို ပုံမှန်စွန့်ထုတ်ပေးဖို့လိုတယ်လေ။
ဒီမိန်းကလေးနှစ်ယောက်ကို တွေ့ဆုံပွဲလက်ဆောင်လို့သဘောထားပြီး လက်ခံပေးပါ"
သို့သော် မုန်ကျင်းကျိုး လက်ခံ၍မရ။ ဒေါသထွက်လာသည့်ပုံစံဖမ်း၍ သူပြောသည်။
"ခင်ဗျားက ဒီအခွင့်အရေးသုံးပြီး ကျုပ်ဘေးမှာ သူလျှိုထားဖို့တွေးနေတာလား"
ဂိုဏ်းချုပ်ချီ ပြာပြာသလဲပြန်ဖြေသည်။
"ဂိုဏ်းမွေခံသူတော်၊ ဒေါသကိုလျှော့ပါ။ ကျုပ်မှာ အဲလိုရည်ရွယ်ချက်မျိုး လုံးဝမရှိပါဘူး"
သူဘယ်လောက်ဖျောင်းဖျသည်ဖြစ်စေ မုန်ကျင်းကျိုးက မယုံကြည်။ မိန်းကလေးနှစ်ယောက်ကို လက်မခံ။
မတတ်သာသဖြင့် ဂိုဏ်းချုပ်ချီ မိန်းကလေးနှစ်ယောက်ကို ပြန်လာခိုင်းရသည်။
မုန်ကျင်းကျိုးမျက်လုံးများ မှေးစင်းနေသည်။
"ဂိုဏ်းချုပ်ချီ၊ ခင်ဗျားမှာ နေစွမ်းအားစုပ်ယူတာကို တိုးမြှင့်နိုင်မယ့်နည်းလမ်း တကယ်ရှိတာရောဟုတ်ရဲ့လား"
ခုနကလုပ်ရပ်ကြောင့် ဂိုဏ်းမွေခံနှင့်သူ့အကြား ထိုသို့အဆင်မပြေဖြစ်လာမည်ဟု ချီတာဖုန်းထင်မထားခဲ့။
လုယန်က တဟားဟားအော်ရယ်လျက် မုန်ကျင်းကျိုးပုခုံးကိုပုတ်သည်။
"မင်းအတွေးလွန်နေတာပါကွာ။ ဂိုဏ်းချုပ်ချီက ငါတို့ကို မကောင်းမကြံရဲပါဘူး။ အဲလိုသဘောမဟုတ်ပါဘူး"
ဂိုဏ်းချုပ်ချီ လုယန်ကို ကျေးဇူးတင်သည့်အကြည့်ဖြင့် လှမ်းကြည့်သည်။ ထို့နောက် ချိတ်ပိတ်ထားသည့် သစ်သားသေတ္တာတစ်ခုထုတ်သည်။
ချိတ်ပိတ်တံဆိပ်ကို ဖြေသည်။ သေတ္ထာထဲတွင် စာအုပ်အတော်များများရှိနေသည်။ နေစွမ်းအားအသုံးပြုနည်း ကျင့်စဉ်ကျမ်းများဖြစ်သည်။
စတုတ္ထအကြီးအကဲက ရှေ့တိုးလာပြီး စာအုပ်များကိုစစ်ဆေးသည်။ ထို့နောက် မုန်ကျင်းကျိုးကို ရိုရိုသေသေပြောသည်။
"ဂိုဏ်းမွေခံ၊ ဒါတွေက နေစွမ်းအားကျင့်စဉ်ကျမ်းအစစ်တွေပါ"
မုန်ကျင်းကျိုး 'အင်း'တစ်ချက်သာလိုက်ပြီး စိတ်မရှည်ဟန်ဖြင့် လက်ယမ်းပြသည်။
"ဒါဆိုလည်း လက်ခံလိုက်တာပေါ့"
ချီတာဖုန်း လုယန်အတွက် လက်ဆောင်ပြင်မလာခဲ့။ မှော်လက်စွပ်ထဲမှ ရတနာတစ်ချို့ အမြန်ထုတ်ယူလိုက်ရသည်။
"ဂိုဏ်းသခင်လု၊ ကျုပ်ရဲ့မေတ္တာလက်ဆောင်ကို လက်ခံပေးပါ"
လုယန် ပစ္စည်းများကို တစ်ချက်ကြည့်ပြီး အခြေအနေကိုသိသဖြင့် ခပ်ညှင်းညှင်းရယ်သည်။
"ဆေးမြစ်တရာဆေးလုံး၊ နဂါးစစ်ကြေးခွံ၊ ဂျင်ဆင်းဘုရင်မုတ်ဆိတ်...။ ဂိုဏ်းချုပ်ချီက တကယ်တွေးတတ်တာပဲ။ ဒါဆို ကျုပ်အားမနာတော့ဘူးနော်"
သတ္တမအကြီးအကဲ ရှေ့တက်လာပြီး လုယန်ကိုယ်စားလက်ခံယူသည်။
ချီတာဖုန်း လက်ဆောင်ပစ္စည်းကို များစွာအားစိုက်ထားသည် မူပိုင်ယိမြင်ရသည်။ သူ့လက်ဆောင်က ထိုထက်ပိုနည်းလျှင် ကောင်းကင်ရုံးတော်ဂိုဏ်း၏အဆင့်အတန်းကို ထိပါးရာရောက်မည်။
ထို့ကြောင့်လည်း ကောင်းကင်ရုံးတော်ဂိုဏ်းက သူတို့ဂိုဏ်းနှစ်ခုကို အတူတွေ့ဆုံခြင်းဖြစ်လိမ့်မည်။
မူပိုင်ယိ အံတင်းတင်းကျိတ်၍ မှော်လက်စွပ်ထဲမှ ရတနာများထုတ်ပြီး လုယန်နှင့် မုန်ကျင်းကျိုးကို လက်ဆောင်ပေးသည်။ လုယန်တို့ကလည်း မငြိင်း။
လက်ဆောင်ပေးသည့်ကိစ္စမေးပြီးနောက် နှစ်ယောက်လုံး တစ်ပြိုင်တည်း ရုတ်တရက် ပြောလာသည်။
"ကျုပ်မေးစရာတစ်ခုရှိပါတယ်"
နှစ်ယောက်လုံး အချင်းချင်း ဒေါသဖြင့်ကြည့်ကြသည်။
လုယန်က မပွင့်တပွင့်ပြုံး၍ သူတို့ကို စိတ်မလောကြဖို့ လက်ထောင်ပြသည်။
"တစ်ယောက်ချင်းပြောပါ၊ ကျုပ်တို့ အချိန်အများကြီးရပါတယ်။ ဒီလိုလိုလုပ်ကြစို့။ အရင်တစ်ခေါက်က ဂိုဏ်းချုပ်ချီ အရင်စပြောခဲ့တယ်။ အခု ဂိုဏ်းချုပ်မူ အရင်ခွင့်ပေးလိုက်မယ်လေ။ ဘယ်လိုသဘောရလဲ"
ချီတာဖုန်း သဘောတူလိုက်ရသည်။
မူပိုင်ယိက မေးသည်။
"ကျုပ်တို့အသားကင်ဆိုင်လုပ်ငန်းက တိုးတက်နေတယ်။ နေ့တိုင်း ဝင်ငွေအများကြီးရပါတယ်။ ဒါပေမယ့် မဟာရှားသတ်မှတ်ထားတဲ့အခွန်ကြေးက များလွန်းနေတယ်။ ဂိုဏ်းသခင်လုမှာ အဲဒီကိစ္စအတွက် ဖြေရှင်းနည်းများရှိသလား"
မူပိုင်ယိက ပါးနပ်စွာဖြင့် လုယန်ကို သူ့ဘက်သို့ဆွဲခေါ်သည်။
ထင်မထားသည့်ပြဿနာကြောင့် ကောင်းကင်ဘုရင်လေးယောက် စိတ်ထဲအကြပ်ရိုက်သွားကြသည်။
သူတို့ဘက်က ဘယ်လိုတုံ့ပြန်ရမည်နည်း။
လုယန်က ပြုံးရုံပြုံးနေသည်။ ပြန်မဖြေသေးဘဲ ဂိုဏ်းချုပ်ချီကို လှည့်ကြည့်သည်။
"ခင်ဗျားကရော ဘာမေးချင်တာလဲ"
"ဒီလိုပါသခင်လု။ ကျုပ်တို့နေမင်းဂိုဏ်းက လူသားတွေ နေမင်းကိုယုံကြည်လာအောင်ကြိုးစားရင်း နေစွမ်းအားကိုလည်း လေ့လာနေခဲ့တာပါ။
အခုတလော နေမင်းဆီတက်တဲ့ကြိုးစားမှုတွေ အကြိမ်ကြိမ်ကျရှုံးခဲ့ပါတယ်။ အဲဒါအတွက် သခင်လုမှာ နည်းလမ်းများရှိလား"
နောက်တစ်ကြိမ်ကျရှုံးလျှင် အခွန်ရှောင်သည့်နည်းလမ်းကို ထပ်သုံးရမည်။ ဆယ်စုနှစ်တစ်ခုစာလောက် အကျဉ်းသားဘဝဖြစ်နေရမည်။
ကာကွယ်သူဘုရင်လေးယောက် အကြပ်ရိုက်သွားပြန်သည်။
ထိုကိစ္စ ဘယ်လိုမှဖြစ်နိုင်စရာမရှိ။
နေမင်းသည် ယန်ဓာတ်ပြင်းထန်အားကောင်းသည်။ အနားကပ်သူတိုင်း သေမည်။
နေမင်းဂိုဏ်းက ယွမ်ကျိကို လှုပ်ရှားစေလိုခြင်းများလားမသိ။
လုယန်က လက်နှစ်ချောင်းကိုကွေးလျက် ရင်ဘတ်ရှေ့တွင်ထားပြီး ထိုင်ခုံပေါ် နောက်ပြန်အနည်းငယ်မှီ၍နားလိုက်သည်။
"ခင်ဗျားတို့ပြဿနာနှစ်ခုကို နည်းလမ်းတစ်ခုတည်းနဲ့ ဖြေရှင်းလို့ရပါ။ နေရောင်ခြည်စွမ်းအင်ဆိုတာ ဂိုဏ်းချုပ်ချီ ကြားဖူးသလား"
**************************************