အကိုတိုင်၏စံနှုန်းနှင့်အညီ
Vol. 47 Ch. 701
အားလုံးက မုယွီ၏လက်ကောက်ဝတ်ကို ပြိုင်တူဝိုင်းကြည့်ကြသည်။ မုရှီ၏ ကျောက်စိမ်းလက်ကောက်နှင့် အတိအကျတူညီည့် ကျောက်စိမ်းလက်ကောက်တစ်ကွင်း။
"မုယွီ၊ နင်အခုဘာပြောချင်သေးလဲ"
"အဲလိုမဟုတ်ပါဘူး။ အဖေက ငါနဲ့ညီမမုရှီ နှစ်ယောက်လုံးကို ကျောက်စိမ်းလက်ကောက်တစ်ကွင်းစီ ပေးထားတာပါ။ ဒါက ငါ့ဟာပါ"
မုယွီ ကြောက်လန့်တကြား ရှင်းပြသည်။
"မုရှီလက်ကောက်ပျောက်သွားတဲ့အချိန်မှာ နင်က အဲဒါနင့်ဟာလို့ ပြောတယ်။ နင့်မှာသက်သေရှိလား"
မုယွီ စကားစရှာမရ။ သူဘယ်လိုရှင်းပြရမည်နည်း။
"ညီမမုရှီကို အခုချက်ချင်း လက်ကောက်ပြန်ပေးလိုက်"
"မမ၊ ဒီလက်ကောက်မျိုး ပုံစံတူလိုချင်ရင် ငါကိုတိုက်ရိုက်ပြောမှပေါ့။ ဘာလို့ ဒီလိုတွေလုပ်ရတာလဲ"
"ဒါဘယ်သူ့လက်ကောက်လဲ ကျုပ်သက်သေပြနိုင်ပါတယ်"
ကုကျန်ယဲ့က ရုတ်တရက် ပြောလာသည်။
လူအားလုံး ကုကျန်ယဲ့ကို လှည့်ကြည့်သည်။ ဘာကြောင့် မုယွီဘက်က ဝင်ပြောသည်ကို နားမလည်ကြ။
ကုကျန်ယဲ့သည် တစ်ခြားလူများ၏အမြင်ကို လုံးဝအရေးမစိုက်ခဲ့ဖူး။ ခပ်အေးအေးလေသံဖြင့်ပြောသည်။
"ဒီမနက် ညီမမုရှီကို ကျုပ်မတော်တဆ ဝင်တိုက်မိတယ်။ နှစ်မီတာလောက် သူလွင့်သွားတယ်။ အဲဒီတုန်းကအခြေအနေအရ သူ့လက်ကောက်ဟာ အကောင်းပကတိမကျန်နိုင်တာ သေချာတယ်။ မုယွီဝတ်ထားတဲ့ လက်ကောက်ကိုကြည့်ပါ။
ခြစ်ရာတစ်ခုတောင်မရှိဘူး။ ဘာမှအထိအခိုက်မရှိခဲ့တာ သိသာနေတာပဲ"
မုယွီထံတွင် လက်စွပ်တွေ့ခဲ့သည့် ပထမဆုံးအတန်းဖော်က မကျေနပ်။
"လက်ကောက်က အရည်အသွေးကောင်းလို့ ခြစ်ရာမထင်တာဆိုရင်ရော မဖြစ်နိုင်ဘူးလား"
ကုကျန်ယဲ့က ဖြေးညှင်းစွာ ထပ်ရှင်းပြသည်။
"နောက်တစ်နည်းသက်သေပြလို့ရပါတယ်။ အစိုးရရုံးတော်က ရာဇဝတ်သားတွေကို ဘာလို့လက်လက်ဗွေ နှိပ်ခိုင်းကြလဲသိလား။ ကိုယ့်လက်ချောင်းအတွင်းဘက်ကို ကြည့်ပါ။ အကွင်းလိုက်ရှိနေတဲ့ မျဉ်းကြောင်းတွေကို တွေ့လား။
အဲဒါကို လက်ဗွေလို့ခေါ်တယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဗွေမတူကြဘူး။ တစ်ခုခုကိုထိလိုက်တာနဲ့ လက်ဗွေက ကျန်ခဲ့တယ်။ ဒါပေမယ့် သာမန်မျက်လုံးနဲ့မမြင်ရတော့ မခွဲခြားနိုင်ဘူး။ ဒီကိစ္စ ရုံးတော်ကို သတင်းပို့ပြီး ကျင့်ကြံသူတစ်ယောက်ရဲ့ ဓမ္မမျက်လုံးနဲ့ ခွဲခြားခိုင်းဖို့ ကျုပ်အကြံပြုချင်တယ်။
အဲဒါဆို အဖြေသိလာမှာပဲလေ"
"ကောင်းပြီလေ။ အရာရှိတွေဆီ သတင်းပို့ရအောင်"
ရုံးတော်မှ ကျင့်ကြံသူအရာရှိတစ်ယောက် ချက်ချင်းရောက်လာပြီး မုယွီ၏ ကျောက်စိမ်းလက်ကောက်ကို စစ်ဆေးသည်။
"ထူးဆန်းတယ်။ ဘာလက်ဗွေမှမရှိဘူး"
အရာရှိ မျက်မှောင်ကျုံ့သွားသည်။
မုရှီစိတ်ထဲ ကျိတ်ပြုံးနေသည်။ ကျင့်ကြံသူတစ်ယောက်ခေါ်လည်း အကျိုးမထူးနိုင်မှန်း သူသိသည်။
သူ့မိသားစုသည် ရုံးတော်နှင့်အဆက်အသွယ်ရှိသည်။ ထိုအသိဗဟုသုတမျိုးသိထားသည်။ လက်ဗွေများအကြောင်း သူသိသည်။
သူတို့ညီအမနှစ်ယောက်လုံး ညတိုင်း ရေချိုးလေ့ရှိသည်။ လက်ဗွေများအားလုံး ရေနွေးထဲတွင် ပျောက်ကွယ်သွားလိမ့်မည်။
ဘာမှကျန်ခဲ့မည်မဟုတ်။
"လက်ဗွေမရှိဘူး။ ဒီတော့ ဒီလက်ကောက်ဟာ မုယွီပိုင်ဆိုင်တဲ့ သဘောပဲပေါ့"
ကုကျန်ယဲ့က ညီအမနှစ်ယောက်ကိုကြည့်၍ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
"ဒီမနက် ညီမမုရှီကို ဆွဲထူတဲ့အချိန် သူ့လက်ကောက်ကို ကျုပ်ထိခဲ့တယ်။ အဲဒီ့အပေါ်မှာ ကျုပ်လက်ဗွေရှိသင့်တာပေါ့။
အရာရှိအကို ဒီမှာရှိနေတာ အတော်ပဲ။ လက်ကောက်ဘယ်မှာရှိသလဲဆိုတာ အခန်းထဲမှာ သူသေချာရှာလို့ရတာပေါ့"
"အား...လက်ကောက်တွေ့ပြီ"
မုရှီ ရုတ်တရက် အော်လိုက်သည်။ အားလုံးကို တောင်းပန်သည့်အပြုံးဖြင့်ကြည့်၍
"စာအုပ်တွေရဲ့အောက်ထဲမှာ ပိနေတာပါ"
"ညီမမုရှီ၊ နင်သိပ်ပေါ့ဆတာပဲ"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ငါ့ကြောင့် အားလုံးစိတ်ပူခဲ့ရတယ်"
အားလုံး သက်ပြင်းချသည်။ မုရှီကို ထိုကိစ္စ ဆက်မစဉ်းစားတော့ဖို ပြောသည်။
"ခဏနေပါဦး၊ ဒီကိစ္စက မပြီးသေးဘူး။ မင်းတို့က တစ်ခြားလူရဲ့ပစ္စည်းကို စိတ်ထင်ရာစွပ်စွဲခဲ့တာ။ သူ့ကို တောင်းပန်သင့်တာပေါ့"
ကုကျန်ယဲ့ မျက်မှောင်ကျုံ့၍ ပြောသည်။
"ကုကျန်ယဲ့၊ နင်သိပ်လွန်မလာနဲ့နော်။ ဒီလူတွေအားလုံး မုယွီကိုတောင်းပန်စေချင်နေတာလား"
မုယွီလက်ကောက်ကို ပထမဆုံးမြင်သည့်အတန်းသားက ဒေါသတကြီးပြောသည်။
"လူအားလုံးမဟုတ်ပါဘူး။ သူရယ်..သူရယ်..သူရယ်..သူရယ်..."
ကုကျန်ယဲ့က လူတစ်ချို့ကို လက်ညှိုးထိုးပြသည်။
"ဒီလူတွေ ခုနက ဘာမှမပြောခဲ့ဘူး။ ဒီတော့ သူတို့တောင်းပန်ဖို့မလိုဘူး"
"နင်..."
"ပြီးတော့ ညီမမုရှီ၊ မုယွီကို မင်းမှားယွင်းစွပ်စွဲမိတယ်ဆိုပေမယ့် မင်းပေါ့ဆမှုကြောင့် အကိုအရာရှိက အလကားသက်သက် အချိန်ကုန်ခံပြီး ဒီကိုလာရတယ်။
အကိုအရာရှိနဲ့ ဒီကလူတိုင်းကို မင်းတောင်းပန်ဖို့လိုတယ်လေ"
"ကျန်ယဲ့ပြောတာမှန်တယ်"
ဆရာက ဝင်ပြောသည်။ သံပေတံကို သူ့လက်ဝါးပေါ် စည်းချက်ကျကျရိုက်နေသည်က ကြောက်စရာကောင်းသည်။
ရွေးစရာမရှိတော့သဖြင့် အပြစ်ရှိသူတိုင်း တစ်ယောက်ချင်းတောင်းပန်ကြရသည်။
ထိုနောက်ပိုင်း မုရှီက ကုကျန်ယဲ့ကို သီးသန့်ခေါ်တွေ့ပြီး လေသံနှိမ့်၍ပြောသည်။
"ကျန်ယဲ့၊ ငါတို့နှစ်ယောက်ကြားမှာ ဒီလောက်စိမ်းကားဖို့မလိုပါဘူး"
ကုကျန်ယဲ့ ပြန်မဖြေ။ သူတို့ချင်း သိပ်မရင်းနှီးကြောင်း ပြောပြီးဖြစ်သည်။ ကျန်ယဲ့ဘယ်သူဖြစ်ဖြစ် သူ့သရုပ်မှန်မဟုတ်။
"ကျန်ယဲ့၊ ငါ့အဖေက ငါတို့နှစ်ယောက် သင့်တော်တယ်လို့ ယူဆတယ်တဲ့။ ဒီည သူနင်တို့မိသားစုကို စေ့စပ်ဖို့ကိစ္စ လာဆွေးနွေးလိမ့်မယ်"
ထိုအချိန်ကျမှ ကုကျန်ယဲ့ မုရှီမျက်နှာကိုကြည့်သည်။
အဆင့်မြင့်စွမ်းအားရှင်လူဝင်စားတစ်ယောက်အနေဖြင့် သူ့ယန်သန္ဓေကို ဤနေရာတွင် ဘယ်လိုအပျက်စီးခံနိုင်မည်နည်း။
နောင်တစ်ချိန် သူဘယ်လိုကျင့်ကြံမည်နည်း။
သူအသံတိတ်နေသည်။ ထိုကိစ္စကို အရေးမစိုက်သကဲ့သို့ စာအုပ်ကို ဆက်ဖတ်သည်။
မုရှီ သူ့ကိုခဏကြည့်နေပြီးနောက် ထွက်သွားသည်။
အမှန်တော့ ကုကျန်ယဲ့ကို လက်ထပ်ချင်ကြောင်း သူ့အဖေကို သူကိုယ်တိုင်စပြောခဲ့ခြင်းဖြစ်သည်။
ကုကျန်ယဲ့ သူ့အပေါ်ခံစားချက်မရှိလျှင်လည်း ကိစ္စမရှိ။
လက်ထပ်ဖို့စီစဉ်ပြီးလျှင် အပြန်အလှန်ဆက်ဆံလာရမည်။ တဖြေးဖြေးသူ့ကိုကြိုက်လာလိမ့်မည်။
ကျောင်းဆင်းပြီးနောက် မုရှီပြောသည့်အတိုင်း မုမိသားစုက ကုမိသားစုသို့ လက်ဖွဲ့လက်ဆောင်များနှင့်အတူ လက်ထပ်ဖို့ကိစ္စ လာဆွေးနွေးသည်။
ကုမိသားစုခေါင်းဆောင် ကုကျန်ယဲ့အဖေကလည်း နေ့ခင်းပိုင်းကတည်းက ကြိုဆွေးနွေးပြီးသားဖြစ်၍ သဘောတူလိုက်သည်။
ယခုလို လက်ဆောင်နှင့်အတူလာကြောင်းလမ်းသည်က ဓလေ့ထုံးတမ်းအရသာဖြစ်သည်။
ကုနှင့်မုမိသားစုနှစ်ခုလုံး နာမည်ကျော်ရွှေသန္ဓေမိသားစုများဖြစ်သည်။
နောက်ခံရော ရုပ်ရည်ပါ ကုကျန်ယဲ့နှင့်မုရှီသည် လိုက်ဖက်ညီသည်။
"မဟုတ်ဘူး။ ဒီလက်ထပ်ပွဲကို ကျုပ်သဘောမတူဘူး"
ကုကျန်ယဲ့က အားလုံးရှေ့တွင် ပွင့်လင်းစွာကြေငြာသည်။ နှစ်ဘက်မိသားစုဝင်အားလုံးကို ဆန့်ကျင်သည်။
"ရိုင်းလှချည်လားကွ၊ မင်းက ဒီနေရာမှာ ဘာပြောခွင့်ရှိလို့လဲ"
သခင်ကု ဒေါသပေါက်ကွဲသွားသည်။ သူသိက္ခာကျသည်ဟုခံစားရသည်။
ဤဒုတိယသားကို သူဘယ်တုန်းကမှ အရေးမစိုက်ခဲ့။
"ကျုပ်က ဒီလက်ထပ်တဲ့ကိစ္စမှာ ကိုယ်တိုင်ပတ်သက်တဲ့လူပါ။ ဘာလို့ပြောခွင့်မရှိရမှာလဲ"
ကုကျန်ယဲ့က ဂရုမစိုက်။
နိယာမသခင်လူဝင်စားအနေဖြင့် မသေမျိုးဆင်းရဲကိုးဆယ့်ကိုးချက်ပင် သူ့စိတ်ကိုမတုန်လှုပ်စေနိုင်။
ဘယ်သူ့ကို သူကြောက်ရမည်နည်း။
"မိဘတွေရဲ့အမိန့်နဲ့ အောင်သွယ်တွေရဲ့စကားကို ဆန့်ကျင်လို့မရဘူး။ မင်းဒီနေ့ မုရှီကို ဝင်တိုက်ခဲ့တယ်။ ယောက်ျားနဲ့မိန်းမဟာ တစ်ယောက်နဲ့တစ်ယောက် မထိသင့်ဘူး။
ဒီလိုဖြစ်ပြီးမှတော့ နောင်တစ်ချိန် မုရှီ တစ်ခြားဘယ်သူ့ကိုလက်ထပ်နိုင်တော့မှာလဲ"
"ကျုပ်တို့အားလုံး ကျင့်ကြံသူမိသားစုတွေပါ။ ကျင့်စဉ်လမ်းပေါ်လျှောက်တဲ့အခါ ယောက်ျားနဲ့မိန်းမ ထိတွေ့တာ မဆန်းပါဘူး။
တိုက်ခိုက်တဲ့အခါမှာရော ယောက်ျားမိန်းမ ခွဲနေလို့ရမှာလား"
အတိတ်ဘဝက နတ်ဆိုးလမ်းစဉ်မှ မိန်းကလေးကျင့်ကြံသူဘယ်နှစ်ယောက်သတ်ခဲ့မှန်းပင် သူမရေတွက်နိုင်တော့။ ထိုမိန်းကလေးအားလုံးကို သူလက်ထပ်ရမည်လော။
"အကြောင်းရင်းမရှိဘဲ ပြဿနာရှာနေတယ်ပေါ့"
ကုကျန်ယဲ့စကားကို မချေပနိုင်သဖြင့် သူ့အဖေက ပြဿနာရှာသည်ဟု စွပ်စွဲသည်။
မုရှီက မျက်ရည်စက်လက်ဖြင့် ကုကျန်ယဲ့ကိုကြည့်၍
"ကျန်ယဲ့၊ နင်ငါ့ကို အဲလောက်တောင်မုန်းသလား"
လူပေါင်းများစွာရှိနေသဖြင့် သခင်ကု ဒေါသကုန်ဖွင့်ထုတ်၍မဖြစ်။ မုရှီဖခင်က အခြေအနေကို ထိန်းသိမ်းသည်။
"ကိစ္စမရှိပါဘူး။ ဆန့်ကျင်တတ်တဲ့ အရွယ်တွေမို့ပါ။ သူတို့ မင်္ဂလာခန်းဆောင်ဝင်ပြီးတာနဲ့ အားလုံးအဆင်ပြေသွားမှာပါ"
"ကျုပ်မဝင်ဘူး"
"ဒီကိစ္စမှာ မင်းဘာမှပြောခွင့်မရှိဘူး။ ငါမင်းကို အတင်းခန်းဆောင်ဝင်ခိုင်းရင် မင်းဘာတတ်နိုင်မလဲကြည့်သေးတာပေါ့"
ထိုစကားကြားသော်လည်း ကုကျန်ယဲ့ဘာမှမပြော။ ခေါင်းတစ်ချက်ငြိမ့်၍ တံခါးဆီလျှောက်သွားသည်။
အပြင်ဘက်တွင် အချိန်အတော်ကြာစောင့်နေခဲ့သည့် အရာရှိစစ်သည်များကို ဖိတ်ခေါ်လာသည်။
"အရာရှိအကိုတို့၊ တွေ့တယ်နော်။ ကျုပ်ဘာပြေခဲ့လဲဆိုတာ။ ဒီအိမ်ထဲမှာ လက်ထပ်ထိန်းမြားမှုလွတ်လပ်ခွင့်ကို အကြမ်းဖက်ဖိအားပေးနေတယ်။
သူတို့ကကျုပ်ကို မင်္ဂလာခန်းဆောင်ဆီ အတင်းခေါ်သွားချင်ကြတယ်"
လက်ထပ်ဖို့စီစဉ်တော့မည်ဟုသိရချိန်တွင် ကျောင်းဆင်းပြီးနောက် အိမ်မပြန်မီ အရာရှိရုံးသို့သွား၍ တိုင်ချက်ဖွင့်ခဲ့သည်။
လျှို့ဝှက်စောင့်ကြည့်နေရင်းမှ မုန်ကျင်းကျိုးက လုယန်ကို လှည့်ကြည့်သည်။ ကုကျန်ယဲ့ကို အတော်လေးစားသွားသည်။
"သူက ဥပဒေလိုက်နာတယ်။ ရိုးသားဖြောင့်မတ်တယ်။ ကျင့်ကြံမှုကို အာရုံစိုက်ထားတယ်။ အကိုတိုင်ရဲ့သတ်မှတ်ချက်နဲ့ အပြည့်အဝကိုက်ညီတာပဲ။
အကိုတိုင်ရှာနေတာ ဒီလိုလူမျိုးဖြစ်မယ်"
လုယန်လည်း ခေါင်းငြိမ့်သည်။
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ဖို့သင့်တော်တဲ့ ပါရမီရှင်ပဲ""
***************************************