← Chapters

ပျော်ရွှင်စိတ်လှုပ်ရှားနေသူ

Vol. 47 Ch. 703

ပျော်ရွှင်စိတ်လှုပ်ရှားနေသူ

Vol. 47 Ch. 703

မြေသားရုပ်က လောင်မာကိုမြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားလာဟန်ရှိသည်။ သို့သော် လောင်မာက သူ့ထက်ပိုပျော်နေသည်။

ကာကွယ်သူတစ်ယောက်အဖြစ် တစ်ကြိမ်အစွမ်းပြခွင့်ဖို့ဆိုသည်မှာ လွယ်သည်မဟုတ်။

စုစည်းခြင်းအဆင့်ပြိုင်ဘက်တစ်ယောက် တွေ့ဖို့ဆိုသည်မှာလည်း မလွယ်လှ။

ထိုမုန်မျိုးရိုးကောင်လေးသည် နောက်ဆုံးတွင် စုစည်းခြင်းအဆင့်တစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ပြင် တစ်ယောက်တည်းသာရှိသည်။

မြင်းဇောင်းထဲတွင်ရှိနေစဉ် မြို့ပြင်မှဂယက်ကို သူအာရုံခံမိသဖြင့် ချက်ချင်းအပြေးလိုက်လာခြင်းဖြစ်သည်။

နောက်ထပ် သူမနိုင်သည့် ရန်သူများ ရောက်လာမည်ကို စိုးရိမ်သည်။

ရှားပါးသည့်ဤအခွင့်အရေးကို လက်လွတ်မခံနိုင်။

မြေရုပ်က အရှေ့ပင်လယ်မြင်းနဂါးလောင်မျာကို စိုက်ကြည့်သည်။

"မင်း..."

မြေရုပ် စကားမဆုံးသေး။ လောင်မာ လေထဲသို့တက်သွားသည်။ အဖြူရောင်နဂါးပုံရိပ်က သူ့နောက်တွင်ပေါ်လာသည်။ သွေးဆက်သန့်စင်သည့် မြင်းနဂါးမျိုးနွယ်၏လက္ခဏာဖြစ်သည်။

နဂါးပုံရိပ်က စက်ဝိုင်းလိုခွေသွားသည်။ ကောင်းကင်လမင်းနှင့် သဏ္ဌာန်တူသည်။

လောင်မာက မြေသားရုပ်ကို စကားပြောခွင့်မပေး။ ညတာကရှည်သည်။ အိပ်မက်အပြောင်းအလဲဖြစ်နိုင်သည်။ မြန်မြန်တိုက်ခိုက်ဖို့လိုသည်။

လောင်မာထိုမျှရိုင်းမည်ဟု မြေရုပ်မျှော်လင့်မထား။ လောကဝတ်စကားပင်ပြောခွင့်မပေးဘဲ စတိုက်ခိုက်သည်။

သူသည် မဟာယုကျင့်ကြံသဖြစ်သည်။ နှစ်တစ်သောင်းကျော်အတွင်း သူ့အိပ်စက်မှု အမှားအယွင်းဖြစ်ခဲ့သည်။

သူနိုးလာချိန်တွင် သူ့ခန္ဓာကိုယ် ဆွေးမြေ့သွားသည်ကို တွေ့ရသည်။ သူ့ဝိညာဉ်သာကျန်ရစ်သည်။

ဘာမှလည်းမတတ်နိုင်။ ပူးကပ်သည့်နည်းလမ်းဖြင့်လည်း ကျင့်စဉ်ပြန်မစချင်။ အချိန်ဘယ်လောက်ကြာမည်မသိ။ ထို့ကြောင့် မဟာချန်ခေတ်မှ ဆင်းသက်လာသည့် ယုံကြည်မှုရုပ်ထုပညာသုံးပြီး မထင်မရှားလင်းထန်မြို့ကို ပစ်မှတ်ထားခဲ့သည်။

ဆယ်စုနှစ်များအတွင်း ဤနေရာတွင် စုစည်းခြင်းအဆင့်ကျင့်ကြံသူဟူ၍ မြင်ရခဲသည်။ သူ့ကိုယ်သူ အတော်သတိထားလုပ်ဆောင်ခဲ့သည်ဟု တွေးသည်။

ယခု ဘယ်လိုကြောင့် စုစည်းခြင်းအဆင့် မဟာနတ်ဘုရင်နှင့် လာကြုံရသည်မသိ။

ဤနတ်ဆိုးမျိုးနွယ်ဝင် ဘယ်နေရာက ရောက်လာသည်မသိ။ မဟာရှားက ထိုသတ္တဝါမျိုးကို ခွင့်ပြုထားသလော...

လောင်မာ၏နဂါးအော်သံနှင့်အတူ သူ့အမွှေးများ လှုပ်ခါသွားပြီး လေထဲသို့ခုန်တက်သည်။ ချီနှင့်သွေးကို မီးတောက်များအဖြစ်ပြောင်းပြီး မြေရုပ်ဆီ တဟုန်ထိုးဆင်းလာသည်။

ကောင်းကင်အောက်က မြင်းခွာဆောင့်ပညာ။

မြေရုပ်၏ လက်ဆယ်ချောင်း ထိုးထွက်လာသည်။ လေထဲမှ အဆုံးအစမဲ့ရေမှုန်များဆင့်ခေါ်၍ ရေနံရံတစ်ခုဖန်တီးပြီး လောင်မာဆီပစ်ချသည်။

လောင်မာက ပါးစပ်ဟလိုက်သည်။ နဖူးမှနဂါးကြေးခွံများ အရောင်နှစ်ချက်လက်သွားသည်။ ရေနံရံအလယ်မှကွဲထွက်ပြီး လောင်မာဖြတ်ကျော်လာသည်။

ရေခွဲပညာ။

အရှေ့ပင်လယ်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ပင်လယ်ရေနှင့် ကျင့်လည်စွာကစားခဲ့သည်။

ဤပြိုင်ဘက်က သေကြောင်းကြံနေခြင်းဖြစ်မည်။

လောင်မာအလွယ်တကူ ထိုးခွဲဝင်လာမည်ထင်မထားသဖြင့် မြေရုပ်ပြင်ဆင်ချိန်မရလိုက်။

ခွာလေးခု တစ်ပြိုင်တည်း ဝင်လာသည်။ တောင်လေးလုံးကျသလိုပင်ဖြစ်သည်။ မြေသားရုပ် အထိနာသွားသည်။

"ဒါတော့ များလွန်းသွားပြီကွ"

မြေရုပ် ဒေါသတကြီးအော်ဟစ်သည်။ သူ့မူလစွမ်းအားပြန်မရသေးသော်လည်း အဆင့်တူနတ်ဆိုးတစ်ကောင်က တစ်ဘက်သတ်အသာစီးရသည်ကို လက်မခံနိုင်။

တတိယမျက်လုံး သူ့နဖူးတွင်ပွင့်လာသည်။ သဘာဝကောင်းကင်မျက်လုံးပေါ်လာသည်။

မသေမျိုးတာအိုကောင်းကင်မျက်လုံးလောက် စွမ်းအားမကြီးသော်လည်း လျှို့ဝှက်ချက်များစွာရှိသည်။ စုစည်းခြင်းအဆင့်တွင် သူ့ကိုထူးခြားအောင်ကူညီခဲ့သည်။

တတိယမျက်လုံးမှ ရွှေရောင်အလင်းတန်းတစ်ခုထွက်လာသည်။ လေထဲတွင် လောင်မာအေးခဲသွားသည်။ မလှုပ်နိုင်တော့။

သို့သော် လောင်မာ ထိတ်လန့်ခြင်းမရှိ။ အပျော်ရိပ်သန်းလာသည်။

သူ့ဦးခေါင်းတွင် ထူးဆန်းသည့် ဦးချိုနှစ်ခုပေါ်လာသည်။ နဂါးဦးချိုများဖြစ်သည်။

မြင်းဟီသံက ရှည်လျားကျယ်လောင်သည်။ နှာခေါင်းနှင့်ပါးစပ်မှ နတ်ဆိုးစွမ်းအင်များ မှုတ်ထုတ်သည်။

မြေရုပ် အံတင်းတင်းကြိတ်၍ လောင်မှာကို အတင်းထိန်းချုပ်ရန်ကြိုးစားသည်။ သို့သော် နဂါးဦးချိုရှိနေပြီဖြစ်၍ သူမထိန်းချုပ်နိုင်တော့။

လောင်မာက လျှပ်စီးအမြန်နှုန်းဖြင့် တိုးဝင်သွားသည်။ လည်ပင်းကိုနည်းနည်းနှိမ့်၍ နဂါးဦးချိုများဖြင့် မြေရုပ်ကိုဝင်တိုက်သည်။

"ရွှေသံချပ်ကာ အကာအကွယ်တံဆိပ်"

မြေသားရုပ်နဖူးမှ မှော်တံဆိပ်တစ်ခု ပေါ်လာသည်။ ဗုဒ္ဓနိုင်ငံမှ သူလေ့လာခဲ့သည့် အကာအကွယ်မန္တာန်သည် အလွန်စွမ်းအားကြီးသည်။

သို့သော် လောင်မာ၏ဦးချိုက အကာအကွယ်ကို စက္ကူတစ်ရွက်လို အလွယ်တကူ ထိုးဖောက်သွားသည်။

နဂါးဦးချိုချောင် မြေရုပ်ခန္ဓာကိုယ်အောက်ပိုင်း ကြေမွသွားသည်။ နဂါးဦးချိုမှ ဝိညာဉ်ချီမျှင်ထောင်ချီကြောင့် မြူမှုန့်အဖြစ်ပြောင်းသွားသည်။

တတိယမျက်လုံးမှ မှော်စွမ်းအားအတော်များများ မြေရုပ် သုံးခဲ့သည်။ ကောင်းကင်တစ်ခုလုံး လင်းဖြာနေခဲ့သည်။ သို့သော် အားလုံးကို လောင်မာက ဖျက်ဆီးသည်။

ခံစစ်အနေအထားဖြင့် မြေရုပ် နောက်သို့အဆက်မပြတ်ဆုတ်ရသည်။

"လောင်မက အတော်ပျော်နေပုံပဲ"

မုန်ကျင်းကျိုး တီးတိုးရေရွတ်သည်။

လောင်မာထိုမျှတက်ကြွသည့်အသွင်မျိုး မတွေ့ရသည်မှာ သုံးနှစ်နီးပါးကြာပြီဖြစ်သည်။

"မင်းဘယ်သူလဲ ဒီနေတိုက်ပွဲရလာဒ်ဘယ်လိုဖြစ်မလဲ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် နောက်ဆို မင်းသေချာပေါက် အမဲလိုက်ခံရလိမ့်မယ်"

မြေရုပ်က အော်ဟစ်သည်။ ခြိမ်းခြောက်ခြင်းလား၊ ဖိန့်လုံးသုံးခြင်းလားတော့မသိ။

ထိုစကားကြောင့် လောင်မာပို၍စိတ်လှုပ်ရှားလာသည်။ ထိုမြေရုပ်တွင် နောက်ထပ်တပ်ကူလာမည့်သူ မရှိတော့သည့်သဘောဖြစ်သည်။

သို့ဆိုလျှင် ပို၍ဖိတိုက်ရမည်။

နဂါးဖြူအရိပ်က လောင်မာနှင့်ပေါင်းစပ်သွားသည်။ နဂါးသွေးများဆူပွက်လာသည်။

မီတာတစ်ရာရှည်သည့် မြင်းနဂါးအသွင်ပြောင်းသွားသည်။ အနက်ရောင်ကြေးခွံများက သံချပ်ကာလို သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသည်။

သူနှင့်တိုက်ခိုက်ဖူးသည့် ကျင့်ကြံသူများ ထိုအဖြစ်ကိုမြင်သည်နှင့် တတ်နိုင်သမျှ ဝေးဝေးပြေးကြလိမ့်မည်။

'အရိုင်းနယ်မြေမှနဂါးတိုက်စစ်'သည် မုန်ကျင်းကျိုး၏ဖခင်ပင် ထိပ်တိုက်ရင်မဆိုင်ရဲသည့် ပညာရပ်ဖြစ်သည်။

"မလုပ်နဲ့"

မြေရုပ် မချိတင်ကဲအော်ဟစ်လိုက်သည်။

ဘုန်း။

တိုက်ခိုက်စွမ်းအားကြောင့် မြေရုပ် မြူမှုန့်များအဖြစ် ကြေမွသွားသည်။

လောင်မာက ဝင့်ကြွားသည့်မျက်နှာဖြင့် နှာခေါင်းတစ်ချက်ရှုံ့သည်။ မူလအရွယ်အစားသို့ ပြန်ပြောင်းသည်။

သူကြေနပ်နေသည်။

ဖြစ်ပေါ်ခဲ့သည့်တိုက်ပွဲကို အစိုးရရုံးတော်က ချက်ချင်းသတိထားမိသည်။ မြို့တော်သခင်က သူ့လူများနှင့်အတူ အခြေအနေစုံစမ်းဖို့ ရောက်လာသည်။

"မြို့တော်သခင်၊ ခင်ဗျားရောက်လာတာ အချိန်ကိုက်ပဲ။ ဒီမုရှီဆိုတဲ့တစ်ယောက်က တစ်ခြားလူတွေကို ကျိန်စာတိုက်ခဲ့တာ။ ကျုပ်တို့ သူ့ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာပါ"

လုယန် မုရှီကိုလွှဲပေးသည်။ ခုနက သူကာကွယ်ပေးမထားလျှင် မုရှီအသက်ရှင်ကျန်မည်မဟုတ်။

တစ်ချိန်တည်းမှားပင် သူတို့နှစ်ယောက်၏ တာအိုလမ်းစဉ်ဂိုဏ်းအမှတ်အသား ကျောက်စိမ်းတံဆိပ်များကို ထုတ်ပြလိုက်သည်။

မြို့တော်သခင်က သူတို့ကို မယုံသလိုကြည့်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များက သေမျိုးတစ်ယောက်ကို ဖမ်းသည့်ကိစ္စ ထိုမျှဆူဆူညံညံဖြစ်ခဲ့သလော...

"အဟွတ်...ဒီသေမျိုးကိုဖမ်းရုံတင်မဟုတ်ပါဘူး။ အစက ဒီနေရာမှာ ဘုံကျောင်းတစ်ခုရှိတယ်။ အထဲမှာ စုစည်းခြင်းအဆင့်ရှေးစွမ်းအားရှင်တစ်ယောက် အပူဇော်ခံခဲ့တာ"

မုန်ကျင်းကျိုးက ကြိုးစားရှင်းပြသည်။ ဘုံကျောင်းက တိုက်ပွဲကြောင်း တစ်စစီကြေမွခဲ့ပြီဖြစ်သည်။

မုန်ကျင်းကျိုးစကားကြောင့် မြို့တော်သခင် ထိတ်လန့်သွားသည်။ စုစည်းခြင်းအဆင့် ရှေးစွမ်းအားရှင်က သူ့အုပ်ချုပ်သည့်နယ်မြေနှင့် ထိုမျှနီးနီးပုန်းအောင်းနေခဲ့သည်။

"အကူအညီပေးတာ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်"

"ဒါက ကျုပ်တို့ရဲ့တာဝန်ပါ။ တစ်ခြားကိစ္စတွေရှိသေးလို့ ကျုပ်တို့သွားတော့မယ်"

နှစ်ယောက်သား လက်နှစ်ဘက်ဆုပ်၍ မြို့တော်သခင်ကို နှုတ်ဆက်လိုက်သည်။

လောင်မာနှင့်အတူ မြို့သို့ပြန်ကြသည်။ သူတို့တာဝန်များ မပြီးမြောက်သေး။

"ကုကျန်ယဲ့ရဲ့ဝိညာဉ်မြစ်ကို စမ်းသပ်ကြည့်မလား"

လုယန် အကြံပြုသည်။

ကုကျန်ယဲ့တွင် အနည်းဆုံး တြိဝိညာဉ်မြစ်ရှိလျှင် ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲဖြေခွင့်ရှိသည်။

ညာဉ့်နက်နေပြီဖြစ်သည်။ အားလုံး အိပ်ပျော်နေကြလောက်သည့်အချိန်တွင် တိုက်ပွဲအသံက ကျယ်လောင်လွန်းသဖြင့် ကုကျန်ယဲ့အပါအဝင် မြို့ခံများအားလုံး နိုးနေကြသည်။

ကုကျန်ယဲ့က ခြံထဲတွင် လက်နှစ်ဘက်နောက်ပစ်ရပ်လျက် တုန်လှုပ်နေသည်။

လေပြေအေးက သူ့ဆံပင်ကို ပွတ်သပ်ကျီစယ်သွားသည်။ တိုက်ပွဲဖြစ်ရာအရပ်ဆီ မျက်တောင်မခတ်စိုက်ကြည့်နေသည်။

"ရန်သူက...လာပြီလား"

မုန်ကျင်းကျိုးက ကိုယ်ရောင်ဖျောက်လျက် ဝိညာဉ်မြစ်ကျောက်တုံးကို ကုကျန်ယဲ့အနားတွင် ချထားလိုက်သည်။ ကျောက်တုံးထဲတွင် လက်သီးဆုပ်အရွယ် ကြည်လင်သည့်ရေလုံးတစ်ခု ပေါ်လာသည်။

"ဟ..ရေဝိညာဉ်မြစ်ပဲ။ ဒီကောင်လေး တကယ်ဗီဇကောင်းတယ်"

စာရိတ္တရော အရည်အသွေးပါ ပြဿနာမရှိတော့။ လုယန်တို့နှစ်ယောက် လူလုံးထွက်ပြလိုက်သည်။ ကုကျန်ယဲ့ လန့်သွားသည်။

သို့သော် နှစ်ကာလကြာမြင့်သည့်တိုင် မပြောင်းလဲသေးသည့် သူ့တာအိုနှလုံးကြောင့် ချက်ချင်းစိတ်တည်ငြိမ်လာသည်။

လုယန်တို့ကို ငြိမ်သက်စွာကြည့်နေပြီးနောက် သက်ပြင်းတစ်ချက်ချသည်။

"နောက်ဆုံးတော့ အဲဒီနေ့က ရောက်လာပြီပေါ့"

"...ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ ငါတို့နာမည် မင်းကြားဖူးချင်ကြားဖူးလိမ့်မယ်။ ငါက လုယန်ပါ။ သူက မုန်ကျင်းကျိုးပါ"

နှစ်ယောက်လုံး ပုံပြောသမားတို့၏ ပုံမှန်ဇာတ်ကောင်များဖြစ်သည်။

နာမည်ကြားသည်နှင့် ကုကျန်ယဲ့အမူအရာ ပြောင်းလဲသွားသည်။

"ရွှမ်ယွမ်ဓားသခင်၊ မဖျက်ဆီးနိုင်တဲ့သူတော်...ခင်ဗျားတို့နှစ်ယောက်လည်း လူပြန်ဝင်စားလာလိမ့်မယ်လို့ ထင်မထားဘူး"

လုယန် "..."

မုန်ကျင်းကျိုး "..."

ခဏငြိမ်နေပြီးနောက် မုန်ကျင်းကျိုးဆက်ပြောသည်။

"ငါတို့လေ့လာသုံးသပ်ပြီးနောက်မှာ မင်းရဲ့စာရိတ္တနဲ့အရည်သွေးက တာအိုလမ်းစဉ်ဂိုဏ်းဝင်ခွင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်လို့ ယူဆတယ်။

လာမယ့်နှစ် ဒုတိယလ ဒုတိယနေ့မှာ ငါတို့ဂိုဏ်းကို ဝင်ခွင့်စမ်းသပ်ပွဲ မင်းလာဖြေလို့ရပါတယ်။

ဒါက ဂိုဏ်းမြေပုံနဲ့ ခရီးစရိတ်ပါ"

မုန်ကျင်းကျိုး ကုကျန်ယဲ့ကို မြေပုံတစ်ခုနှင့် ဝိညာဉ်ကျောက်နည်းနည်းပေးသည်။

ကိစ္စပြီးသွားပြီးနောက် သူတို့နှစ်ယောက် ပြန်ကြရန်ပြင်သည်။ ကုကျန်ယဲ့က သူတို့ကိုတားသည်။

"ခဏနေပါဦး။ ကျုပ်ဆန္ဒတစ်ခုကို ခင်ဗျားတို့ဖြည့်ဆည်းပေးနိုင်လား။ အဲဒီ့အတွက် ကျုပ်ဘာမဆို ပြန်လုပ်ပေးပါ့မယ်"

....

နောက်တစ်နေ့ ပိုင်လုကျောင်းတွင် မနေ့ညကတိုက်ပွဲအကြောင်း ဆွေးနွေးပြောဆိုသံများ ဆူညံနေသည်။

မဟာကျင့်ကြံသူများ၏ တိုက်ပွဲဟု တစ်ချို့ကပြောကြသည်။ တစ်ချို့ကလည်း ကောင်းကင်ဆင်းရဲကူးဖြတ်ခြင်းဟုပြောသည်။ တစ်ချို့ကလည်း နတ်ဆိုးမျိုးနွယ်တိုက်ခိုက်သည်ဟု ယူဆသည်။ မှန်းဆချက်အမျိုးမျိုးရှိသည်။

နောက်ဆုံးတွင် ယနေ့ မုရှီ ကျောင်းမလာသည့်အဖြစ်ကို သိသွားကြသည်။

မုယွီက မနေ့ညကသူတို့အိမ်ထဲသို့ဝင်လာပြီး ရှာကြဖွေကြသည့် အရာရှိများအကြောင်း ပြန်တွေးမိသည်။ နည်းနည်းစိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည်။

ကုကျန်ယဲ့က ခါတိုင်းလိုပင် ထောင့်တစ်ထောင့်တွင်ထိုင်၍ သင်ကြားပို့ချချက်ကို စိတ်ဝင်တစ်စား နားထောင်နေသည်။

ရုတ်တရက် အရပ်မြင့်မြင့်သဏ္ဌာန်နှစ်ခု အခန်းတံခါးဝတွင်ပေါ်လာသည်။ သူတို့နောက်တွင် အလင်းများဖြာနေသည်။ မျက်နှာကိုသဲကွဲစွာမမြင်ရသေး။

ဆရာရော ကျောင်းသားများပါ လန့်ဖျတ်သွားကြသည်။

"ခင်ဗျားတို့ဘယ်သူလဲ"

ဆရာက မေးသည်။

ထိုသဏ္ဌာန်နှစ်ခုက သူ့အမေးကို အရေးမစိုက်ဘဲ အခန်းထဲသို့ဝင်လာသည်။ ငေးကြောင်နေသည့် ကုကျန်ယဲ့ဆီ တန်းသွားသည်။

ထို့နောက် လက်နှစ်ဘက်ဆုပ်၍ နှုတ်ဆက်သည်။

"တာအိုမိတ်ဆွေ၊ ကျုပ်တို့ အခုမှပဲ ခင်ဗျားကိုရှာတွေ့တော့တယ်။ မကြုံဖူးတဲ့အခက်အခဲတစ်ခု ကျုပ်တို့ရင်ဆိုင်နေရတယ်။ အဲဒါကို ခင်ဗျားပဲဖြေရှင်းနိုင်မှာ။ ဒီလောကကြီးက ခင်ဗျားကိုလိုအပ်နေပြီ"

************************************

All Chapters