မသေမျိုးဓားတစ်လက်
Vol. 47 Ch. 704
ထိုနှစ်ယောက်ထံမှ ထူးခြားသည်စွမ်းအင်တစ်မျိုး ထွက်ပေါ်နေသည်။ စိတ်ဖိအားတစ်ခု ပေးနေသည်။
သူတို့လျှောက်လာသည်ကိုမြင်သော်လည်း ကုကျန်ယဲ့က သိပ်အံ့ဩဟန်မရှိ။ သက်ပြင်းသဲ့သဲ့ချသည်။
"နောက်ဆုံးတော့ ငါရှိတဲ့နေရာကို သိသွားကြပြီပေါ့"
တစ်ယောက်က အက်ကွဲရှတသည့်အသံဖြင့်ပြောသည်။ နုပျိုသည့်သူ့မျက်နှာနှင့် လုံးဝမလိုက်ဖက်။
"တာအိုမိတ်ဆွေ၊ ဟိုကိစ္စဖြစ်ပြီးကတည်းက အဖွဲ့အစည်းအပေါ် ယုံကြည်မှုပျောက်ဆုံးပြီး ဒီနေရာမှာ ခင်ဗျားသီးခြားခိုအောင်းနေဖို့ ရွေးချယ်ခဲ့တာ ကျုပ်သိပါတယ်။
ဒါပေမယ့် အဖွဲ့အစည်းအပေါ် ယုံကြည်ပေးပါ"
လူထူးဆန်း၏စကားများက ကုကျန်ယဲ့ရင်ထဲမှ အနာဟောင်းကို တန်းထိသွားဟန်တူသည်။
လက်သီးကိုတင်းတင်းဆုပ်၍ ဖျတ်ခနဲမော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် နဂါးစစ်များဟိန်းဟောက်နေသလိုရှိသည်။
"အဖွဲ့အစည်းကို ယုံကြည်ပါတဲ့လား။ အဖွဲ့အအစည်းကသာ ယုံကြည်ထိုက်ရင် သူဘာလို့ ကျုပ်တို့ကို အဲလိုတာဝန်မျိုးပေးမှာလဲ။ သေဖို့သေချာနေတဲ့ တာဝန်မျိုးလေ။
ခင်ဗျားတို့ နားလည်နိုင်မှာလား။ ခင်ဗျားသူငယ်ချင်းတစ်ယောက် စကားပြောပြီးရယ်မောနေတယ်။ နောက်တစ်စက္ကန့်ကြာတော့ နွယ်လက်တံတွေထိုးဖောက်ခံရပြီး ပုံပျက်ပန်းပျက်အလောင်းတစ်ခု ဖြစ်သွားတယ်။
အဆုံးစမဲ့ရန်သူတွေ ဒီရေလိုလိမ့်တက်လာတယ်။ ထာဝရအလင်းအောက်မှာနေတယ်ဆိုတဲ့ သူတော်စင်ဘုရင် သေသွားတယ်။ မိုးမြေဖန်တီးတဲ့စွမ်းအားရှင် ဖန်နတ်ဘုရားလည်း သေသွားတယ်။
...အားလုံးသေသွားတာ... အားလုံးသေသွားတာ။ ကျုပ်တစ်ယောက်ပဲ အသင်ရှင်နေတာ။
အဖွဲ့အစည်းက အဲဒီ့နေရာဘယ်လိုလဲဆိုတာ မသိဘူးတဲ့လား။ ကျုပ်တို့ ထွက်ပေါက်ပိတ်နေတဲ့အချိန် အဖွဲ့အစည်းက ဘယ်ရောက်နေလဲ။ တပ်ကူကရောဘယ်ရောက်နေလဲ"
နောက်ထပ်လူထူးဆန်းတစ်ယောက်မျက်နှာက အမာရွတ်များပြည့်နေသည်။ သွေးသံရဲရဲတိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့ဟန်တူသည်။
တိုက်ပွဲပေါင်းမရေမတွက်နိုင်အောင် သူတိုက်ခဲ့သည်။ တာအိုနှလုံးလည်း သံမဏိလို ခိုင်ခံ့သည်။ သို့သော် ကုကျန်ယဲ့ကိုကြည့်ချိန်တွင် သူလည်း တုန်လှုပ်နေသည်။
ကုကျန်ယဲ့၏လုပ်ဆောင်မှုအားလုံးကို သူမှတ်မိနေသည်။ ထိုလူသည် သူတို့အတွက် စံပြဖြစ်သည်။ ဂန္တဝင်သူရဲကောင်းဖြစ်သည်။
ရှည်လျားသည့်သမိုင်းကျောင်းကို ထိုလူဖြတ်ကျော်ခဲ့သည်။ အချိုးအကွေ့တိုင်းတွင် သူ့ဒဏ္ဍာရီကျန်ခဲ့သည်။ လူဝင်စားသံသရာကိုးခု ဖြတ်ကျော်ခဲ့သည်။ မသေမျိုးများကို ပိုင်းဖြတ်ခဲ့သည်။ မိုးမြေနှင့် လူသားလောကကို သူ့စွမ်းအားတစ်ခုတည်းဖြင့် ထိန်းညှိခဲ့သည်။
လူထူးဆန်းက နာကျင်နေသည့်လေသံဖြင့် ရှင်းပြသည်။
"အဖွဲ့အစည်းကို ကောင်းကင်ရန်သူတွေက ထိန်းထားလို့ ခင်ဗျားတို့ကို လာမကူနိုင်ခဲ့တာပါ"
ထို့နောက် သူ့မျက်နှာမှ အမာရွတ်များကို လက်ညှိုးထိုးပြသည်။
"ဒီဒဏ်ရာတွေဟာ အဲဒီတုန်းကရခဲ့တာပါ။ တာအိုမိတ်ဆွေ၊ ချောက်နက်က မကောင်းဆိုးဝါးတွေ နောက်တစ်ကြိမ်ထွက်လာပြီ။ အဖွဲ့အစည်းက ခင်ဗျားအကူအညီလိုနေပြ။ ဒီလောကကြီးကို ခင်ဗျားကယ်တင်ဖို့လိုနေပြီ"
ကုကျန်ယဲ့ လူထူးဆန်းနှစ်ယောက်ကို စိုက်ကြည့်နေသည်။ မိတ်ဆွေဟောင်းများ၏အရိပ်ကို ထိုနှစ်ယောက်တွင် ပြန်မြင်နေဟန်ရှိသည်။
ဖြေးညှင်းစွာထရပ်လာသည်။ စိတ်ကိုလျှော့၍ သက်ပြင်းချလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ကျုပ်ခရီးထွက်ရတော့မှာပေါ့"
သူ့စကားကြောင့် လူထူးဆန်းနှစ်ယောက်၏ တင်းမာနေသည့်မျက်နှာများ ပြုံးရွှင်လာသည်။
"သွားစို့မိတ်ဆွေ"
ဝိုင်းကြည့်နေသည့်လူအုပ်ကို ဘာမှရှင်းပြမနေဘဲ ကုကျန်ယဲ့ အခန်းထဲမှထွက်သည်။ လူထူးဆန်းနှစ်ယောက်လည်း အတူလိုက်သွားသည်။
အပြင်ယောက်သည်နှင့် ကောင်းကင်ကိုမော့ကြည့်၍ ခုန်တက်လိုက်သည်။ လေထဲတွင် ချက်ချင်းပျောက်ကွယ်သွားသည်။
.....
"မင်းက ဒီမှာပဲ နေ့တစ်ပိုင်းနေပြီး ကျောင်းဆင်းချိန်မှ အိမ်ပြန်မယ်ပေါ့"
မြို့ပြင်ရောက်သည်နှင့် လူထူးဆန်းနှစ်ယောက်၏မျက်နှာ ပြောင်းလဲသွားသည်။ ရုပ်ရည်အမှန်ပေါ်လာသည်။ လုယန်နှင့်မုန်ကျင်းကျိုးဖြစ်သည်။
"ကျေးဇူးပါအကိုတို့"
ကုကျန်ယဲ့က လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍ပြောသည်။ သူ့မျက်နှာက စိတ်တက်ကြွမှုကြောင့် နီမြန်းနေသည်။
မုန်ကျင်းကျိုးက လက်ခါပြသည်။
"ဒါက အသေးအဖွဲပါကွာ"
လုယန်က ကုကျန်ယဲ့ပုခုံးကိုပုတ်၍
"နောက်လကျရင် လာရမှာနော်။ မင်းအပေါ် ငါအများကြီးမျှော်လင့်ထားတယ်"
ထို့နောက် သူတို့နှစ်ယောက် မြင်းရထားထဲဝင်၍ နောက်တစ်နေရာကူးကြသည်။
"ဒါက အတော်တော့ပျော်စရာကောင်းတယ်ကွ"
"အင်း ငါလည်းအဲလိုပဲတွေးပါတယ်"
...
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် နေ့တစ်ပိုင်းကုန်လွန်သွားချိန်တွင် အဝေးမှ သဏ္ဌာန်နှစ်ခု ပျံသန်းလာသည်။ ဘုံကျောင်းပျက်နေရာတွင် ဆင်းသက်သည်။
ပျက်စီးနေသည့်ဘုံကျောင်းနှင့် တစ်စစီဖြစ်နေသည့် မြေရုပ်ကိုကြည့်၍ မျက်မှောင်နည်းနည်းကျုံ့သွားကြသည်။
"အသက်တံဆိပ်က မမှားဘူး။ ဝမ်ချွမ်း တကယ်သေသွားတာ"
"ဒါပေမယ့် ဖြစ်နိုင်စရာမရှိဘူးလေ။ သူက ရုပ်ခန္ဓာပြန်တည်ဆောက်တုန်းဆိုပေမယ့် စုစည်းခြင်းအဆင့်ပဲ။ ဒီမြို့တော်က စွမ်းအားအမြင့်ဆုံးဟာ နတ်ဝိညာဉ်အဆင့်ပဲရှိတာ။ ဝမ်ချွမ်းကို ဘယ်လိုဒုက္ခပေးနိုင်မှာလဲ"
"ခရီးသွား မဟာရှားစုစည်းခြင်းကျင့်ကြံသူတစ်ယောက်က သူ့ကိုတွေ့သွားတာများလား"
"ဒါလည်း မဟုတ်လောက်ဘူး။ ဝမ်ချွမ်းက စွမ်းအားကြီးတယ်။ စုစည်းခြင်းထိပ်ဆုံးအဆင့်တစ်ယောက်နဲ့ မကြုံရင် သူလွတ်အောင်ထွက်ပြေးနိုင်ခဲ့မှာပဲ"
"ထူးဆန်းတယ်"
"အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာမြင်ရင် အားလုံးရှင်းသွားမှာပါ"
တစ်ယောက်က မန္တာန်တစ်ခုကို အသံတိတ်ရေရွတ်လိုက်သည်။ ပြန့်ကျဲသွားသည့် ယုံကြည်မှုစွမ်းအင်များ ပြန်စုစည်းလာသည်။
ဝမ်ချွမ်းကို အသက်ပြန်မသွင်းနိုင်သော်လည်း မနေ့ညကအဖြစ်အပျက်ကို ထိုစွမ်းအင်ဖြင့် သူတို့ပြန်ကြည့်နိုင်သည်။
မနေ့ညကမြင်ကွင်းများ လက်ဝါးတစ်ဘက်တွင် ပေါ်လာသည်။ နတ်ဝိညာည်ပါရမီရှင်နှစ်ယောက် ဝမ်ချွမ်းကိုတွေ့သွားသည်။ ဝမ်ချွမ်း လှုပ်ရှားချိန်တွင် မြင်းဖြူတစ်ကောင် ကောင်းကင်မှဆင်းလာပြီး နှိပ်ကွပ်သည်။
လျှပ်စီးတစ်ချက်လက်သွားပြီး ဝမ်ချွမ်းပျောက်ကွယ်သွားသည်။ ဝိညာဉ်ကိုလည်း ထိုမြင်းဖြူက အပြတ်ရှင်းလိုက်သည်။
မြင်းဖြူသုံးသွားသည့် "မြင်းနှင့်နဂါးပေါင်းစည်းခြင်း၊ အရိုင်းနယ်မြေက နဂါးတိုက်စစ်ပညာ"ကိုကြည့်၍ သူတို့တုန်လှုပ်သွားသည်။
သူတို့ရင်ဆိုင်ရလျှင်လည်း ထိုတိုက်ကွက်ကို ခံနိုင်ရည်ရှိမည်မဟုတ်။
"ဒီနတ်ဝိညာဉ်အဆင့်နှစ်ယောက်ကို မြင်ဖူးသလိုလိုပဲ...ငါမှတ်မိပြီ။ သူတို့က တာအိုလမ်းစဉ်ဂိုဏ်းက နာမည်ကျော်လူငယ်နှစ်ယောက်မဟုတ်လား။
ဒီတစ်ယောက်က လုယန်လေ။ ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးနဲ့ တစ်ခါတုန်းက လက်ရည်တူယှဉ်ပြိုင်ခဲ့တဲ့လူ"
တစ်ယောက်က မှတ်မိသွားသည်။ ကောင်းကင်ရုံးတော်ကြောင့်မဟုတ်လျှင် လုယန်ကိုပင် သူတို့သတိထားမိမည်မဟုတ်။
"ဒါဆိုမြင်ဖြူကရော"
"မသိဘူး။ တစ်ခါမှမမြင်ဖူးဘူး"
"ဒီသတင်းကို တို့ခေါင်းဆောင်ဆီ သွားပြောရအောင်"
နှစ်ယောက်လုံး ဌာနချုပ်သို့ ချက်ချင်းပြန်ကြသည်။
သူတို့ဌာနချုပ်က အသစ်ဖွင့်ထားသည့် လေဟာနယ်တစ်ခုတွင်တည်ရှိသည်။
ဂိတ်တံခါးရောက်ချိန်တွင် ဝိညာဉ်စွမ်းအားဖြင့် သူတို့သရုပ်မှန်ကို သက်သေပြပြီး လေဟာနယ်ထဲဝင်ကြသည်။
လေဟာနယ်တွင် ကျင့်ကြံသူများက တိမ်တိုက်ပမာပေါ်များသည်။ အားလုံးက ထူးခြားစွမ်းရည်ပိုင်ဆိုင်ပြီး သမိုင်းတွင်နာမည်ကျော်ခဲ့သူများဖြစ်သည်
သူတို့နှစ်ယောက်သည် စုစည်းခြင်းအဆင့်ဖြစ်သော်လည်း ထိုလူများကြားတွင် အောက်ခြေအဆင့်သာရှိသည်။ တောက်တိုမယ်ရအလုပ်များအတွက် တာဝန်ယူရသည်။
"သခင်၊ ဒါက ဝမ်ချွမ်းမသေခင်က မြင်ကွင်းပါ"
သူတို့နှစ်ယောက် ယုံကြည်မှုစွမ်းအင်မှ ယာယီဖန်တီးထားသည့် မှော်ပစ္စည်းတစ်ခုကို ရိုရိုသေသေပေးသည်။
ခေါင်းဆောင်ဆိုသူက လူငယ်ဖြစ်သည်။ လုယန်ထက်ပင် ငယ်ရွယ်ပုံပေါ်နေသည်။
ဝမ်ချွမ်းသည် စုစည်းခြင်းအဆင့်တွင် ဩဇာရှိသူဖြစ်သည်။ သူအမှတ်မထင်သေဆုံးသွားသဖြင့် အားလုံးအံ့အားသင့်ရသည်။
ထို့ကြောင့် အရေးကြီးကိစ္စအဖြစ်သတ်မှတ်ကြသည်။ ဖြစ်နိုင်လျှင် ဝမ်ချွမ်းအတွက် လက်စားချေဖို့ဆုံးဖြတ်ထားသည်။
လက်အောက်ခံများ အပြင်လောကတွင် သေချင်တိုင်းသေပြီး သူက အရေးမစိုက်ဘဲနေလျှင် သူ့နောက်လိုက်များ စိတ်ပျက်သွားမည်။
ဤနေရာသည် ယုမဟာမိတ်ဌာနချုပ်ဖြစ်သည်။ မဟာယုခေတ်မှ အိပ်စက်နေခဲ့သည့် ကျင့်ကြံသူအားလုံးစုဝေးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။
မဟာရှားတိုးတက်မှုက ထင်ထားသည့်အတိုင်းအတာထက် ကျော်လွန်နေသည်။ ထို့ကြောင့် တစ်ချို့က ညီညွတ်စွာလှုပ်ရှားလျှင် စွမ်းအားကြီးသည်ဟူသည့်အချက်ကို ယုံကြည်ကြသည်။
ဆဋ္ဌမအင်ပါယာဝူယွီထောင်အတွက် အနာဂတ်မရှိတော့ဟု ယူဆသဖြင့် နောက်ထပ်အင်အားစုတစ်ခု တည်ဆောက်ကြသည်။
ဝူယွီထောင်ထံမှ သတင်းမကြားရသည့်မှာ အတော်ကြာပြီဖြစ်သည်။ လျှို့ဝှက်လှုပ်ရှားနေသလားဟု တွေးကြသည်။
နိုင်ငံ့ဆရာက အစီအစဉ်အရင်ချပြီးမှ လှုပ်ရှားခြင်းသည် အကောင်းဆုံးဟု တွေးသည်။
ထိုမျှကြာအောင် သတင်းမကြားရလျှင် ကြီးမားသည့်ကိစ္စတစ်ခုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်။
ဝမ်ချွမ်း၏ နောက်ဆုံးအချိန်မြင်ကွင်းများကိုကြည့်ရင်း လူငယ် ရုတ်တရက် တစ်ခုတွေးမိလာသည်။ ဝမ်ချွမ်းကို လက်စားချေမည့်ကိစ္စကိုပင် ယာယီဘေးဖယ်ထားသည်။
လုယန်လက်ထဲမှဓားကို စိုက်ကြည့်နေသည်။ အတော်စိတ်လှုပ်ရှားလာသည်။ မျက်လုံးတွင် လောဘရိပ်သန်းလာသည်။
"အင်ပါယာယုရဲ့ ကိုယ်ပိုင်ဓားပဲ"
မူလပုံစံနှင့် ကွဲပြားသယောင်ရှိသော်လည်း ချင်ဖုန်းဓား၏ဇစ်မြစ်ကို သူချက်ချင်းမှတ်မိသည်။
အားလုံး အံ့အားသင့်သွားသည်။ သူတို့ခေါင်းဆောင်သည် ဝူယွီထောင်ကို အထင်မကြီးကြောင်း အားလုံးသိသည်။
'အင်ပါယာယု'ဟု လူငယ်ရည်ညွှန်းသည့် တစ်ဦးတည်းသောသူက မဟာယုနိုင်ငံတည်ထောင်ခဲ့သည့်ဘိုးဘေး ဝူယော်ဖြစ်သည်။
ဖြစ်သည်။
*************************************