← Chapters

မဟာယုကိုစတေးခြင်း

Vol. 47 Ch. 705

မဟာယုကိုစတေးခြင်း

Vol. 47 Ch. 705

အင်ပါယာယု၏ ကိုယ်ပိုင်ဓားက မျိုးဆက်သစ်ကျင့်ကြံသူလက်တွင် ဘယ်လိုရောက်နေသနည်း။

ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုက တူးယူခဲ့သလော...

သူတို့အတွေးများ ဒုန်းစိုင်းပြေးလွှား၍စဉ်းစားနေသည်။

လူငယ်၏ လူယုံများသာ ထိုကိစ္စကို ပိုသိကြသည်။

ယုအင်ပါယာဝူယော်သည် ဟိုယခင်ကတည်းက မသေမျိုးဖြစ်ခဲ့ကြောင်း လူငယ်ပြောသည်ကို ကြားဖူးကြသည်။ တစ်ခြားလူများသာ မသိသေးခြင်းဖြစ်သည်။

ယုအင်ပါယာ၏ ကိုယ်ပိုင်ဓားသည် ဘာကိုကိုယ်စားပြုသနည်း။

မသေမျိုးတစ်ယောက်၏ဓား။

မသေမျိုးတစ်ဝက်အားလုံး ပိုင်ဆိုင်လိုကြသည့်အရာ။

ဤလူငယ် ထိုမျှစိတ်လှုပ်ရှားနေသည်မှာ မဆန်းလှ။

"ဓားကိုင်တဲ့လူအကြောင်း မင်းတို့ထဲက ဘယ်သူသိလဲ"

လူငယ်မျိုးဆက်များကို သူစိတ်မဝင်စားပါ။ ပါရမီရှင်တစ်ယောက် ပေါ်မလာသရွေ့ စိတ်ဝင်စားစရာလည်းမလို။

လောကတွင် စွမ်းရည်ထူးခြားသူများစွာရှိသည်။ သူလည်း တစ်ချိန်တစ်ခါက ပါရမီရှင်များထဲမှတစ်ယောက်ဖြစ်သည်။

ယခု ပြန်ကြည့်လျှင် အသက်ရှင်လျက်ကျန်သူ ဘယ်လောက်များရှိသနည်း။

သူတစ်ယောက်သာရှိသည်။

"အစီရင်ခံပါတယ်ခေါင်းဆောင်။ ဒီလူနာမည်က လုယန်ပါ။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်ရဲ့တပည့်ပါ။ ရွှေသန္ဓေအဆင့်မှာ ကောင်းကင်ရုံးတော်ဂိုဏ်းသခင်လေးနဲ့ လက်ရည်တူတိုက်ခိုက်ဖူးပါတယ်"

ထိုစကာကြောင့် လုယန်ကို သူနည်းနည်းပိုအလေးထားလာသည်။

သို့သော် နည်းနည်းသာဖြစ်သည်။

"မသေမျိုးငါးဂိုဏ်းထဲက တာအိုလမ်းစဉ်ဂိုဏ်း..ဟား.."

သူစိတ်ဝင်စားလာသည်ကိုမြင်သဖြင့် လူယုံတစ်ယောက်က သိစိတ်အသံလှိုင်းမှပြောသည်။

"သခင်၊ လုယန်က အင်ပါယာယုရဲ့ ကိုယ်ပိုင်ဓားကို ကိုင်ထားတယ်ဆိုတော့ အင်ပါယာယုကိုယ်တိုင် ချီးမြှင့်ခဲ့တာဖြစ်နိုင်တယ်။ ကျုပ်တို့ လက်လွတ်စပယ်မလှုပ်ရှားသင့်ဘူး"

ထိုလုယန်သည် အင်ပါယာယု၏ တပည့်ရင်းတစ်ယောက်ဖြစ်နိုင်သည်။ ထိုသို့မဟုတ်လင် အင်ပါယာယု၏ဓားကို ရနိုင်စရာမရှိ။

ထိုအချက်ကို လုယန်၏လုပ်ဆောင်ချက်များနှင့် ပေါင်းစပ်စဉ်းစားကြည့်နိုင်သည်။ ကောင်းကင်ရုံးတော်သခင်လေးကို လက်ရည်တူယှဉ်နိုင်သည်။ ကောင်းကင်ရုံးတော်သခင်လေး၏ဆရာသည် ကောင်းကင်ရုံးတော်၏ မသေမျိုးအစစ် ပဲဝါအရှင်ဟုပြောကြသည်။

ရှေးဟောင်းမသေမျိုး၏တပည့်သည် အင်ပါယာယု၏တပည့်နှင့် လက်ရည်တူယှဉ်နိုင်သည်မှာ သဘာဝကျသည်။

လူငယ်က သူ့လူယုံသုံးသပ်ချက်ကို စိတ်မဆိုးဘဲ အဓိပ္ပါယ်ပါပါရယ်သည်။

"ငါသာ အတွင်းသတင်းကိုမသိထားရင် မင်းပြောတဲ့အချက်က တကယ်သဘာဝကျပါတယ်။ ဒါပေမယ့် မင်းမှန်းဆချက်က မဖြစ်နိုင်ဘူးကွ။

အင်ပါယာယုက ငါတို့နဲ့အအတူမရှိတော့ဘူး"

ထိုစကားကြောင့် သူ့လူယုံ အံ့အားသင့်သွားသည်။

ဘယ်ရောက်သွားသနည်း။ ဘာကိုဆိုလိုသနည်း။

အင်ပါယာယုသည် မသေမျိုးတစ်ယောက်ဖြစ်သည်။ ဘာကြောင့် မရှိတော့သနည်း။

"အင်ပါယာယုက နိုင်ငံဖျက်ဆီးခံရတာကို ဘာလို့ခွင့်ပြုခဲ့တယ်ထင်လဲ"

လူငယ်က ပြန်မေးသည်။ သို့သော် တစ်ယောက်တည်းပြောနေသည့်လေသံမျိုးနှင့် ပိုတူသည်။

"သူက အခွင့်အရေးတစ်ခုရှာနေခဲ့တာ။ ဒီလောကထဲက ထွက်သွားဖို့အခွင့်အရေးပေါ့"

သူ့မျက်လုံးတွင် အတိတ်ကို ပြန်အောက်မေ့သည့်အရိပ်မျိုး ရှိနေသည်။

"ရှေးဟောင်းခေတ်ကတည်းက ဒီလောကဟာ အလုံပိတ်ခံထားရတာ။ ဘယ်သူမှ မထွက်နိုင်ဘူး။ ဘယ်သူမှ ဝင်မလာနိုင်ဘူး။

အင်ပါယာယုဟာ မဟာချန်နောက်ဆုံးခေတ်မှာ ဩဇာတက်ခဲ့တာ။ လောကသူရဲကောင်းတွေ အများကြီးနဲ့ယှဉ်ပြိုင်ခဲ့တာ။ မဟာယုခေတ်ကို အကြွင်းမဲ့အာဏာနဲ့ တည်ဆောက်ခဲ့တာ။

ဒီတော့ သူ့ကျင့်စဉ်အဆင့်ဟာ မသေမျိုးအဆင့်ပဲ။ သူ့စွမ်းအားကိုကြည့်ကြည့်၊ သူ့ကျင့်စဉ်အဆင့် ဒါမှမဟုတ် ဘဝအတွေ့အကြုံကိုကြည့်ကြည့် သူဟာ ဖြစ်တည်မှုတွေရဲ့ ထိပ်ဆုံးကိုရောက်ပြီးသား။

နောက်ထပ်ရှေ့တိုးစရာမရှိတော့ဘူး။ ဒါကြောင့် ဒီလောကထဲကနေ အမြဲတမ်းထွက်သွားချင်နေခဲ့တာ။ အပြင်လောကဟာဘယ်လိုလဲဆိုတာ ကြည့်ချင်ခဲ့တာ။

ဝူယွီထောင်(ဆဋ္ဌမအင်ပါယာ)က မဟာယုပြန်တည်ဆောက်မယ်လို့ ကြွေးကြော်ခဲ့တယ်။ အင်ပါယာယု မသိပဲနေမလား။ သူသိတာပေါ့။ သူအရေးမစိုက်တာပါ။

မဟာယုခေတ်ဟာ ဖျက်ဆီးခံရတယ်ဆိုတာထက် အင်ပါယာယုကိုယ်တိုင် စတေးလိုက်တာလို့ပြောရင် ပိုမှန်တယ်။

သူဘာနည်းလမ်းသုံးသွားလဲဆိုတာတော့ မင်းသိဖို့မလိုဘူး။ အဲဒါ အရိယဖလသန္ဓေရဲ့စွမ်းအားပဲ။ ဒီအကြောင်း ငါရှင်းပြလို့ရပါတယ်။ ဒါပေမယ့် မင်းဦးနှောက်ထဲ မှတ်မိမှာမဟုတ်ဘူး။

မဟာယုပျက်စီးနောက်ပိုင်း အင်ပါယာယုကို ငါသုံးလေးကြိမ်ထပ်တွေ့တယ်။ သူထွက်မသွားသေးဘူး။ လိုအပ်ချက်တစ်ချို့ မပြည့်မီသေးလို့ဖြစ်မယ်။

သိပ်မကြာသေးခင်ကထိ အင်ပါယာယုရဲ့ စွမ်းအင်ရောင် ခဏပေါက်ကွဲလာတာကို ငါခံစားခဲ့ရတယ်။ ထွက်လာပြီးတာနဲ့ ပျောက်သွားတယ်။ အဲဒီ့အချိန်ကျမှ အင်ပါယာယု ဒီလောကထဲကထွက်သွားပြီလို့ ငါယုံကြည်တာ။

ဒါကြောင့် အင်ပါယာယုပြန်ပေါ်လာမှာကို မင်းစိုးရိမ်ဖို့မလိုဘူး။ သူဒီကလောကထဲက ထွက်သွားပြီ။ ဒီလုယန်ဆိုတဲ့လူငယ်က သူ့ဓားကို ကံအလှည့်အပြောင်းတစ်ခုကြောင့် တွေ့ခဲ့တာဖြစ်မယ်။

နတ်လက်နက်တွေဟာ စွမ်းဆောင်ရည်ရှိတဲ့လူတွေပဲ ပိုင်ဆိုင်ရတယ်။ လုယန်က နတ်ဝိညာဉ်အဆင့်ပဲရှိတဲ့ သေမျိုးတစ်ယောက်ပါ။ ဒီလိုကောင်းကင်ရတနာကိုပိုင်ဆိုင်ဖို့ ဘယ်အရည်အချင်းမီမှာလဲ။

အင်ပါယာယု ဒီကမ္ဘာကထွက်သွားရတဲ့ အခြေအနေဟာ အတော်ခက်ခဲခဲ့လောက်တယ်။ မဟာယုခေတ်ကို စတေးရတဲ့အပြင် သူ့ကိုယ်သူပါစတေးရတာဖြစ်မယ်။ နောက်ဆုံးမှာ သူ့တစ်ကိုယ်တည်းပဲ ထွက်သွားနိုင်ပြီး ပိုင်ဆိုင်သမျှအားလုံးထားခဲ့ရလို့ သူ့ဓားကျန်ခဲ့တာပဲဖြစ်ရမယ်။

ဒီတော့ ငါစိတ်ဝင်စားတာက ဓားတစ်ချောင်းတည်းမဟုတ်ဘူး။ အင်ပါယာယုချန်ခဲ့တဲ့ အရာအားလုံးပဲ။ အဲဒါအတွက်သဲလွန်စက ဒီလုယန်ဆိုတဲ့ ကောင်းလေးနဲ့အတူ ရှိနေတယ်"

လုယန်၏ပုံရိပ်ကို သူနောက်တစ်ကြိမ် ထပ်ကြည့်သည်။ ရှေးဟောင်းမန္တာန်တစ်ခု တီးတိုးရွတ်လျက် လုယန်၏တည်နေရာကို လက်ချိုးတွက်ချက်နေသည်။

ရုတ်တရက် သူ့ခန္ဓာကိုယ် ထူးထူးဆန်းဆန်းတုန်ခါသွားသည်။ တစ်ယောက်ယောက်က သူ့ကို ရိုက်လိုက်သလိုပင်ဖြစ်သည်။

"အား...ထူးဆန်းတာပဲ"

သံသယဖြင့် ဘေးပတ်လည်ကို သူလှည့်ကြည့်သည်။ ပြန်တွက်ချက်ကြည့်ရမလား စဉ်းစားသည်။ သို့သော် ခဏတွေးပြီးနောက် ထိုသို့မလုပ်ဖို့ဆုံးဖြတ်လိုက်သည်။

"ဘာဖြစ်တာလဲ သခင်"

"ဒီကောင်လေးရဲ့တည်နေရာကို ငါတွက်ချက်လို့မရဘူး။ သူတင်မဟုတ်ဘူး။ သူ့ဘေးကကောင်လေးနဲ့မြင်းအိုရဲ့ တည်နေရာကိုရောပဲ။

အင်း...ဘာမဆိုဖြတ်တောက်နိုင်တဲ့ အင်ပါယာယုရဲ့ဓားကြောင့်ဖြစ်မယ်။ သေချာပါတယ်။ မသေမျိုးဓားက ငါနဲ့လုယန်ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တာပဲ။

ဒါမှဟုတ် ဒီကောင်လေးမှာ ကံကြမ္မာတွက်ချက်မှုတွေကို တားဆီးနိုင်တဲ့ တစ်ခါမှော်ပစ္စည်းတစ်ခု ရထားလို့ဖြစ်မယ်"

လူငယ်အမူအရာက လောဘရိပ်ပိုသန်းလာသည်။

"ဒီကောင့်မှာ ပိုင်ဆိုင်မှုအတော်များတယ်။ သူ့တည်နေရာကိုရှာဖို့ ခက်လောက်တယ်"

"သခင်၊ ကျုပ်မှာ အစီအစဉ်တစ်ခုရှိပါတယ်"

လူယုံက ပြောသည်။ သူသည် မဟာရှားသတင်းအချက်အလက်များစုစည်းဖို့ တာဝန်ယူထားသူဖြစ်သည်။ အဓိကဂိုဏ်းကြီးများ၏အခြေအနေကို သူအသိဆုံးဖြစ်သည်။

"ပြောပါဦး"

"ကျုပ်သိသလောက်၊ လာမယ်နှစ် ဒုတိယလ ဒုတိယနေ့မှာ တာအိုလမ်းစဉ်ဂိုဏ်းက လူသစ်စုစည်းပါလိမ့်မယ်။ ဒီကောင်လေးလုယန်က အဲဒီ့အချိန် သေချာပေါက် ဂိုဏ်းမှာရှိနေမှာပဲ။

ပြီးတော့ အဲဒီ့အချိန်မှာ စမ်းသပ်ပွဲတွေစီစဉ်နေရတာနဲ့ သူတို့အလုပ်များနေလိမ့်မယ်။ ဒီကောင့်ကိုစောင့်ကြည့်ဖို့ အချိန်မရှိလောက်ဘူး။ သူတို့ရဲ့အကာအကွယ်လည်း လျော့နည်းနေမယ်။

ဒီအခွင့်အရေးကို အသုံးချပြီး တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်တို့ အလုံးအရင်းနဲ့ အငိုက်ဖမ်းတိုက်ခိုက်လို့ရပါတယ်။

အဲဒါဆိုရင် စာမဖွဲ့လောက်တဲ့လုယန်တင်မဟုတ်ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး သခင့်လက်ထဲရောက်လာလိမ့်မယ်"

လူငယ်၏မျက်လုံးများ အရောင်လက်လာသည်။ တကယ်ကောင်းသည့်စိတ်ကူးဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းကိုရှင်းပြီး သူ့အရှိန်အဝါကိုပြဖို့ အခွင့်ကောင်းဖြစ်သည်။

ယုအင်ပါယာ၏ဓားကို တာအိုလမ်းစဉ်ဂိုဏ်းကရခဲ့ပြီး လုယန်ကိုပေးခဲ့ခြင်းလည်းဖြစ်နိုင်သည်။

အင်ပါယာယုချန်ခဲ့သည့် ပစ္စည်းများ၊ ရှေးဟောင်းခေတ်ရတနာဖြစ်ပြီး အင်ပါယာယုကိုယ်တိုင် အဆင့်မြင့်ထားသည်ဟု ကောလဟာလဆိုကြသည့် ဒဏ္ဍာရီ'မသေမျိုးသတ်ဓားစက်ဝန်း'ကိုပင် ထိုဂိုဏ်းတွင်တွေ့နိုင်သည်။ စွမ်းအားအလွန်ကြီးသည်။ မသေမျိုးများကို ဒူးထောက်အောင်လုပ်နိုင်သည်ဟုဆိုသည်။

"တစ်ခါတစ်လေ မင်းခေါင်းထဲကနေ စိတ်ကူးကောင်းတွေ တကယ်ထွက်လာတာပဲ ကောင်လေး"

လူယုံက ဦးညွှတ်ခေါင်းငြိမ့်သည်။

"ဒါက သခင့်ဆီကနေ အတုယူထားလို့ပါ"

လက်အောက်ခံ၏ ချီးမွှမ်းစကားကြောင့် လူငယ်အတော်ကျေနပ်သွားသည်။

....

"ထူးဆန်းတယ်"

"ဘာဖြစ်တာလဲနတ်မယ်"

လုယန်မေးသည်။

"ခုနက နင့်ကြောင်းကျိုးကံကြမ္မာကို လူတစ်ယောက်က တွက်ချက်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ငါပိတ်ဆို့ထားလိုက်ပါတယ်။ ဘယ်သူကနင့်ကို ဒုက္ခပေးဖို့ကြံနေလဲမသိဘူး။

နင့်အကြောင်းတွက်ချက်လို့မရတော့ မုန်မျိုးရိုးကောင်လေးနဲ့ မြင်းဖြူလေးအကြောင်း တွက်ဖို့ထပ်ကြိုးစားတယ်။ အဲဒါကိုလည်း ငါပိတ်ဆို့လိုက်တယ်"

လုယန်လည်း စဉ်းစားရကြပ်သွားသည်။

အကိုတိုင်အဆုံးအမအတိုင်း ထိန်းထိန်းသိမ်းသိမ်း ရိုးရိုးသားသား သူနေခဲ့သည်။ အများအာရုံစိုက်အောင်လုပ်ခဲ့သူက လောင်မာဖြစ်သည်။

ဘာကြောင့် သူ့ကိုဒုက္ခေပေးချင်နေကြသနည်း။

"တစ်ဘက်လူက စွမ်းအားကြီးလား"

နတ်မယ် ခေါင်းစောင်းပြီး မေးပွတ်နေသည်။

"ငါ့လက်တစ်ချက်လှုပ်ရုံနဲ့ တားဆီးလို့ရတယ်ဆိုတော့ ငါ့လောက်စွမ်းအားမကြီးတာသေချာပါတယ်"

လုယန် "..."

ပြောပုံဆိုပေါက်က လုံးဝအထာမကျပါလား..

ခင်ဗျားရဲ့လောကအမြင်မှာ ခင်ဗျားထက်စွမ်းအားကြီးတဲ့သူရော ရှိသေးလို့လား...

"ငါ့ထက်စွမ်းအားကြီးတဲ့လူ တစ်ယောက်မှမရှိပေမယ့် စွမ်းအားတူတဲ့လူတွေ့တော့ ရှိပါတယ်။ ဥပမာ ရှောင်ယွမ်ပေါ့။

တစ်ဘက်ရန်သူရဲ့စွမ်းအားက ရှောင်ယွမ်ကို လုံးဝမယှဉ်နိုင်တာ သေချာတယ်"

****************************************

All Chapters