ကျိန်စာ
Vol. 47 Ch. 699
တစ်ခါမှမတွေ့ဖူးသည့် ထိုညီလေးသည် တာအိုလမ်းစဉ်ဂိုဏ်းသို့ မလာတော့လောက်ဟု လုယန်ထင်မိသည်။
ဂိုဏ်းဝင်လာလျှင်ပင် ကျင့်ကြံရသည့်ရည်မှန်းချက်ပန်းတိုင်က အငြင်းပွားစရာဖြစ်လောက်သည်။
အကျဉ်းထောင်ဖောက်ဖို့ရည်ရွယ်၍ ကူးဖြတ်ခြင်းအဆင့်ထိ ဇွဲကောင်းကောင်းကျင့်ကြံလျှင် ဘယ်လိုလုပ်မည်နည်း။
ကျိဟုန်ဝမ်မျက်နှာက ကောင်းမှုတစ်ခုဆောင်ရွက်ခဲ့၍ စိတ်ကျေနပ်နေသည့်ဟန်ပန်မျိုးရှိနေသည်။ လုယန် အားနာသဖြင့် သူ့အတွေးများကို ထုတ်မပြောတော့။
ကျိဟုန်ဝမ် မုန်ကျင်းကျိုးမြင်းရထားကိုတွေ့၍ လာနှုတ်ဆက်သည်က ညီငယ်နှစ်ယောက်အား သူ့လုပ်ရပ်အကြောင်း ကြွားလုံးထုတ်လိုစိတ်ကြောင့်လည်းပါသည်။
"မင်းတို့ကရောဘယ်လိုလဲ။ အခုမှ ဂိုဏ်းကထွက်လာတာလား။ တစ်ယောက်ယောက်ကို စောင့်ကြည့်ခဲ့ပြီးပြီလား"
ခုနကအဖြစ်ကို ဘယ်လိုပြောရမည်မသိသော်လည်း လုယန် အားတင်း၍ရှင်းပြသည်။
"တစ်ယောက်ကို စောင့်ကြည့်ပြီးပါပြီ။ ဒါပေမယ့်သူ့ကို တိမ်ပြာဂိုဏ်းက ရွေးချယ်ထားပြီးပြီ။ ကျုပ်တို့ဂိုဏ်းကို ဝင်မှာမဟုတ်ဘူး။
စာရင်းထဲမှာမပါပေမယ့် အလားအလာကောင်းတဲ့ လူငယ်တစ်ယောက်လည်း တွေ့ပါတယ်။ ရေခဲဝိညာဉ်မြစ်နဲ့ပါ။ ဒါပေမယ့် သူ့ကိုလည်း တစ်ခြားဂိုဏ်းက ရွေးပြီးသားဖြစ်နေတယ်"
"ဘယ်ဂိုဏ်းလဲ"
"ညှို့ငင်ဂိုဏ်းပါ"
ကျိဟုန်ဝမ် နည်းနည်းစိတ်မကောင်းဖြစ်သွားသည်။
"ဒါဆို တကယ်ကံဆိုးတာပဲ"
ထိုညီငယ်နှစ်ယောက်၏ အကဲဖြတ်စွမ်းရည်ကို သူယုံသည်။ သူတို့ မျက်စိကျသူတိုင်းသည် အပြစ်အနာအဆာကင်းသည့် စာရိတ္တမျိုးရှိလိမ့်မည်။ ထူးခြားသည့် ကျင့်စဉ်ပါရမီရှိလိမ့်မည်။
လူကြားမှထိုးထွက်လာသည့် နဂါးများဖီးနစ်များ ဖြစ်လိမ့်မည်။
လုယန်တို့ ခေါင်းငြိမ့်ထောက်ခံသည်။ တကယ်ကံဆိုးခြင်းဖြစ်သည်။
"ကဲ ဒါဆို ဒုတိယလူကို ငါသွားကြည့်တော့မယ်။ ဂိုဏ်းပြန်ရောက်မှ တွေ့ကြတာပေါ့"
ကျိဟုန်ဝမ် နှုတ်ဆက်လက်ပြ၍ ကောင်းကင်သို့တက်ပြီး နောက်ထပ်ဦးတည်ရာဆီ ပျံသန်းသွားသည်။
မြင်းရထားက ဖြေးညှင်းစွာရှေ့ဆက်သွားသည်။ လောင်မာက လေဟာနယ်ချုံ့၍သွားနေခြင်းဖြစ်သည်။ ကျိဟုန်ဝမ်လို စုစည်းခြင်းအဆင့်များသာ သူတို့မြင်းရထားကို သတိပြုမိကြမည်။
...
ယင်ကျိုးပြည်နယ် လင်းထန်မြို့။ မထင်မရှားမြို့ငယ်တစ်ခုဖြစ်သည်။ ကျင့်စဉ်အဆင့်အမြင့်ဆုံးလူသည် နတ်ဝိညာဉ်အဆင့်သာရှိသည်။
ထုံးစံအတိုင်း မုန်ကျင်းကျိုးက လောင်မာကို မြင်းဇောင်းတွင်ထားပြီး အဆင့်မြင့်မြင်းစာများထုတ်သည်။ လောင်မာက အမြီးတဖျတ်ဖျတ်ခတ်၍ အေးအေးလူလူစားသောက်သည်။
ကုကျန်ယဲ့ကို ရှာရမခက်။ ပိုင်လုသင်တန်းကျောင်းတွင် အတန်းတက်နေသည်။
"သူတော်စင်ကပြောတယ်။ 'လေ့လာပြီးတော့ မကြာခဏလက်တွေ့အသုံးချကြည့်ရတာ ပျော်စရာပဲမဟုတ်လား...'"
ဆရာက ခေါင်းတစ်ချက်ငြိမ့်၍ အဆိုအမိန့်စာပိုဒ်ကို ရွတ်ဆိုရင် စင်မြင့်ပေါ်မှ သင်ကြားနေသည်။
ကုကျန်ယဲ့က တစ်ခြားလူများနှင့် ခပ်ခွာခွာ ထောင့်တစ်နေရာတွင် ထိူင်နေသည်။ နူးညံ့ဖြူဖွေးသည့် သူ့မျက်နှာက တည်ကြည်အေးစက်သည်။ မျက်ခုံးများက ကွေးညွှတ်နေသည်။
အရပ်ရှည်ပြီး ကိုယ်ဟန်ခံ့ညားသည်။ မျက်လုံးများက အရောင်ဖျော့သည်။ စာပေဝတ်ရုံက ပါးလျားသည့်ခန္ဓာနှင့် လိုက်ဖက်သည်။
လင်းထန်မြို့လူမှုအသိုင်းအဝိုင်းသည် လွတ်လပ်သည်။ မိန်းကလေးများလည်း ကျောင်းတက်ခွင့်ရှိသည်။
ကုကျန်ယဲ့က တစ်သီးတစ်ခြားနေသော်လည်း မိန်းကလေးများစွာ သူ့ကိုခိုးကြည့်နေသည်။ ဆရာကို အရေးမစိုက်ကြ။
"ကုသခင်လေးက ချောလိုက်တာ"
"ကုသခင်လေးက မယားကြီးကမမွေးဘဲ ကိုယ်လုပ်တော်ကမွေးလို့ ကုမိသားစုအမွေကို မဆက်ခံနိုင်တာ ဆိုးတာပဲ"
"သူအမွေမခံနိုင်တော့ ပိုကောင်းတာပေါ့။ ဒါမှ ငါသူ့ကိုလက်ထပ်နိုင်မှာ"
"တော်စမ်းပါ၊ ဒီမြို့ထဲမှာ ဒီလိုတွေးနေတဲ့မိန်းကလေးတွေ ဘယ်လောက်တောင်များလဲ။ နင့်အလှည့်ရောက်မယ်ထင်လား"
"သူ့အကြောင်း လျှို့ဝှက်ချက်တစ်ခု ငါသိထားတယ်။ မကြာခဏဆိုသလို သူတစ်ယောက်တည်းစကားပြောနေတာ မြင်ဖူးတယ်တဲ့"
မိန်းကလေးများ သူတို့ချင်း တီးတိုးပြောနေသည်။ ကုကျန်ယဲ့ကို ခိုးကြည့်ချိန်တွင် ပါးနှစ်ဘက်နီရဲပြီး ရင်ခုန်သံမြန်နေကြသည်။
ကုကျန်ယဲ့က ထိုစကားသံများကို လုံးဝမကြားဟန်ဖြင့် သင်ခန်းစာကိုအာရုံစိုက်ပြီး မှတ်စုရေးနေသည်။ သူ့လက်ရေးက သေသပ်သည်။ တိကျသည်။ ဖြောင့်မတ်သည့်သူ့စရိုက်နှင့် လိုက်ဖက်သည်။
ကျောင်းဆင်းချိန်တွင် မိန်းကလေးတစ်ယောက်က ကုကျန်ယဲ့ကို ကျောင်းနောက်ဘက်တစ်နေရာသို့ အသာခေါ်သွားပြီး သူ့ခံစားချက်ကို ရဲတင်းစွာဖွင့်ပြောသည်။
"ကျန်ယဲ့၊ ငါနင့်ကို သဘောကျတယ်"
ကုကျန်ယဲ့က အေးစက်စက်ကြည့်သည်။ ထိုမိန်းကလေး ရင်ဖွင့်ခဲ့သည့်အကြိမ်ရေကို သူမမှတ်မိတော့။
ကုကျန်ယဲ့နှင့် နီးနီးနေလေ မိန်းကလေးက စိတ်လှုပ်ရှားလာလေဖြစ်သည်။ နှလုံးပေါက်ထွက်မတတ် ရင်ခုန်နေသည်။
"စိတ်မကောင်းပါဘူး။ ငါစာလေ့လာရဦးမယ်။ ပြီးတော့ ငါ့ကိုကျန်ယဲ့လို့ မခေါ်ပါနဲ့။ ငါတို့ချင်း အဲလောက်မရင်းနှီးဘူး"
ကုကျန်ယဲ့က အပြတ်ငြင်းသည်။
သူသည် မသေမျိုးအစစ်ဖြစ်ဖို့ ကောင်းကင်ဆင်းရဲကိုးဆယ့်ကိုးခုကို ရင်ဆိုင်ခဲ့သည့် စွမ်းအားရှင်ဖြစ်သည်။ ခြေတစ်လှမ်းသာလိုတော့သည်။
သို့သော် ပြည့်စုံသည့်အဆင့်မရောက်ခဲ့သဖြင့် မသေမျိုးဆင်းရဲဖြတ်ရင်း ကျဆုံးခဲ့သည်။
ဘာကြောင့်မှန်းတော့ သူမသိ။ ဤနောက်ပိုင်းခေတ်ကာလသို့ သူရောက်လာသည်။
ဤဘဝတွင် ထပ်ကျင့်ကြံဖို့ အဆုံးစွန်မသေမျိုးစစ်ဖြစ်ဖို့ ဆုံးဖြတ်ထားသည်။
ကောင်းကင်ဆင်းရဲဖြတ်ခဲ့သူတစ်ယောက်အနေဖြင့် သေမျိုးများ၏ သာမန်ချစ်ရေးချစ်ရာကိစ္စကို ဘယ်လိုလက်ခံနိုင်မည်နည်း။
မိန်းကလေးက မျက်နှာကိုလက်ဖြင့်အုပ်၍ ထွက်ပြေးသွားသည်။
ထိုအဖြစ်မျိုးကို အတော်ငြီးငွေ့စရာကောင်းသည်ဟု ကုကျန်ယဲ့ထင်မိသည်။ ထို့ကြောင့် ကျောင်းထဲသို့ပြန်ဝင်ပြီး သူ့ပစ္စည်းများသိမ်း၍ အိမ်ပြန်ဖို့ပြင်သည်။
သူထွက်သွားခါနီးတွင် ဆူဆူညံညံအသံတစ်ခုကြားရသည်။
"မုယွီ၊ နင်ဘာလို့ ညီမမုရှီကို တမင်တွန်းပစ်တာလဲ"
"မတွန်းပါဘူး"
"နင်မတွန်းရင် သူ့ဘာသာလှဲချတာလား"
"မဟုတ်ဘူး၊ အဲလိုပြောတာမဟုတ်ဘူး"
"ဒါဆို ဘာကိုပြောတာလဲ။ ခုနက မုရှီနောက်မှာ နင်တစ်ယောက်ပဲရှိတယ်။ နင်မတွန်းရင် ဘယ်သူတွန်းမှာလဲ။
ပုံမှန်ရက်တွေမှာ ညီမမုရှီကို အခက်တွေ့အောင်လုပ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ နင်အတော်လွန်သွားပြီ။ ကိုယ်ထိလက်ရောက်လုပ်လာတယ်ပေါ့"
"အားလုံးပဲ၊ ငါ့အမကို အပြစ်မတင်ကြပါနဲ့။ သူတမင်လုပ်တာမဟုတ်လောက်ပါဘူး"
"ညီမမုရှီ၊ နင်က အရမ်းစိတ်ထားနူးညံ့လွန်းတယ်။ ဒါကြောင့်ပဲ မုယွီက နင့်ကိုအနိုင်ကျင့်နေတာ"
"ညီမမုရှီ၊ အားလုံးဒီမှာရှိတယ်။ မကြောက်ပါနဲ့"
နူးညံ့သည့်မိန်းကလေးတစ်ယောက် ကုလားထိုင်ပေါ်တွင် အဝတ်အစားဖရိုဖရဲဖြင့် ထိုင်နေသည်။ လဲကျသွားသည့် မုရှီဖြစ်လိမ့်မည်။
မုရှီကို ကုကျန်ယဲ့သိသည်။ မုမိသားစုမှဖြစ်သည်။ သူ့လိုပင် ကိုယ်လုပ်တော်တစ်ယောက်မှ မွေးဖွားသည်။
အားနည်းပြီး နုနယ်သည့်ရုပ်ရည်ကြောင့် တစ်ခြားလူများရင်ထဲတွင် ကာကွယ်ပေးချင်စိတ် အလိုလိုဖြစ်လာသည်။
ကျောင်းထဲတွင် မုရှီကို လိုလိုလားလား ကာကွယ်ပေးကြသည့် အကိုများ မကြာခဏတွေ့ရသည်။
နောက်မိန်းတစ်ယောက်က စိုးရိမ်ပူပန်စွာ သူ့ကိုယ်သူကာကွယ်နေသည်။
မုယွီ။ မုရှီ၏အမဖြစ်သည်။
မုယွီသည် 'အမ'ဟူသည့် အဆင့်အတန်းအားကိုးဖြင့် မုရှီကို မကြာခဏအနိုင်ကျင့်သည်ဟုကြားသည်။
"ခဏလောက် လမ်းဖယ်ပေးပါဦး။ လမ်းပိတ်နေလို့ပါ"
ကုကျန်ယဲ့ အတက်အကျမရှိသည့်လေသံဖြင့် ပြောသည်။ အမိန့်ဆန်ပြီး အလိုမကျသည့်လေသံ နည်းနည်းပါသည်။
သူပြန်မွေးဖွားလာချိန်တွင် သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ထားသည့် ကောင်းကင်နတ်ဆိုးသားရဲတစ်ကောင် အတူပါလာသည်။ ကောင်းကင်မျိုသားရဲဟုခေါ်သည်။
သူဒေါသဖြစ်ပြီး စိတ်လွတ်သွားလျှင် နတ်ဆိုးသားရဲ လွတ်လာမည်။ သေမျိုးလောကတစ်ခုလုံး ကပ်ဆိုးသင့်မည်။
ကုကျန်ယဲ့ကို မြင်သည်နှင့် လူအုပ်ကြီး အမြန်လမ်းဖယ်ပေးကြသည်။
"ညီမမုရှီ"
အားလုံးခေါ်သည့်တိုင်း ကုကျန်ယဲ့ ခေါ်လိုက်သည်။
"အကိုကု"
မုရှီ ကုကျန်ယဲ့နှင့်အကြည့်ဆုံသည်။ ပါးနှစ်ဘက်နည်းနည်းနီလာသည်။
"မင်းလည်း လမ်းပိတ်ထားသလိုဖြစ်နေတယ်"
"အဲ...အော်"
ထိုအချိန်ကျမှ သူ့ထိုင်ခုံက လမ်းကြောင်းအလယ်တည့်တည့်တွင် ရှိနေကြောင်း နားလည်သွားသည်။ အမြန်ထပြီး ဘေးသို့ရွှေ့ပေးသည်။
ကုကျန်ယဲ့ ခေါင်းတစ်ချက်ငြိမ့်ပြီး ထွက်သွားသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အနီးအနားတွင်ပုန်းခို၍ အဖြစ်အပျက်အားလုံးကိုကြည့်နေခဲ့သည်။ စုပ်သပ်အံ့ဩနေကြသည်။
မုရှီ တမင်လှဲချပြီး မုယွီကို အပြစ်လွှဲချသည့်အဖြစ်ကိုလည်း သူတို့မြင်သည်။
"နတ်မယ်၊ ဒီတစ်ခါ ကျုပ်ကိုရှင်းအောင်ပြောပါ။ ဒီကုကျန်ယဲ့ဟာ စွမ်းအားရှင်လူဝင်စားလား။ ဒါမှမဟုတ် ကျင့်စဉ်အသစ်ပြန်စတဲ့လူလား။ ဒါမှမဟုတ် ရုပ်ဖျက်ထားတဲ့ စွမ်းအားရှင်လား"
တစ်ခါကြုံဖူးပြီးဖြစ်၍ လုယန် ကြိုတင်အတည်ပြုချက်ယူသည်။
နတ်မယ်က လက်ခါပြလျက်
"နင်အတွေးလွန်နေတာပါ။ အဆင့်မြင့်စွမ်းအားရှင်တွေ ဒီလောက်အများကြီး ဘယ်လိုရှိနိုင်မှာလဲ။ သူက သေမျိုးပါ"
"တကယ်နော်"
"ငါနတ်မယ်စကား ဘယ်တုန်းကမှားဖူးလို့လဲ"
နတ်မယ်အကဲဖြတ်ချက်ကို လုယန်ယုံကြည်ဆဲဖြစ်သည်။
"ဒါပေမယ့် ဒီကောင်လေး တစ်ခုခုတော့ မူမမှန်ဘူး"
"ဘာမှားနေတာလဲ"
လုယန် ရင်ထိတ်သွားသည်။
"သူကျိန်စာတိုက်ခံထားရတယ်"
"ကျိန်စာ..ဟုတ်လား"
"အသေးစားကျိန်စာလေးပါ။ သူ့နဲ့တွေ့တဲ့ မိန်းကလေးတွေ နှလုံးပြဿနာတက်အောင် လုပ်ထားတာ"
လုယန်က ဘေးမှအံကြိတ်နေသည့် မုန်ကျင်းကျိုးကို တံတောင်ဖြင့်တို့၍
"ဒီကောင်လေးကို မင်းမနာလိုဖြစ်စရာမလိုတော့ဘူး။ သူနဲ့တွေ့တဲ့မိန်းကလေးတွေ မျက်နှာနီလာပြီး ရင်ခုန်နှုန်းမြန်ရတဲ့အကြောင်းရင်းက နှလုံးရောဂါကြောင့်ပါ"
*******************************