← Chapters

စေတနာရှင်ကျိဟုန်ဝမ်

Vol. 47 Ch. 698

စေတနာရှင်ကျိဟုန်ဝမ်

Vol. 47 Ch. 698

ပါရမီရှင်တစ်ယောက် တိမ်ပြာဂိုဏ်းကိုဝင်၍ ထိုပါရမီဖြင့် ကြိုးစားလျှင်၊ ကံကြမ္မာလည်း မျက်နှာသာပေးလျှင် နတ်ဝိညာဉ်အဆင့်ထိ ရောက်အောင်ကျင့်နိုင်သည်။

တစ်ခြားဂိုဏ်းနှစ်ခုကို စုစည်းမည်။ တံဆိပ်သုံးခုစုစည်း၊ လျှို့ဝှက်မြေကိုဖွင့်၊ ဘိုးဘေးကျန်းထောင်၏ ဩဝါဒကိုခံယူ၊ မဟာထိပ်တန်းဂိုဏ်းတစ်ခု၏ ကူးဖြတ်ခြင်းအဆင့်ကျင့်စဉ်ကျမ်းတစ်ဝက်ကိုရ။

နောက်ဆုံးတွင် ဝိညာဉ်ပြောင်းအဆင့်ထိ ကျင့်ကြံနိုင်မည်။

ထိုထက်ကံကောင်းလျှင် မဟာထိပ်တန်းဂိုဏ်းသို့ ဝင်ခွင့်ရ။ ကျင့်စဉ်အပြည့်အစုံကျင့်ကြံ၊ တိမ်ပေါ်တန်းတက်ပြီး ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှာင်ဖြစ်လာနိုင်သည်။

သို့သော် ထိုဖြစ်စဉ်အားလုံးက ထိုသို့စွမ်းနိုင်သည့် ပါရမီရှင်လူငယ်အတွက်သာဖြစ်သည်။ လူငယ်တစ်ယောက်လို ဟန်ဆောင်နေသည့် ကူးဖြတ်ခြင်းအဆင့်ဘိုးဘေးကြီးအတွက်မဟုတ်။

လုယန် အဖြစ်အပျက်ကို အသံတိတ်ကြည့်နေသည်။

ကျန်းထောင် မြေပေါ်ဒူးထောက်ရင်း တုန်ရင်နေသည်။

"ဘိုးဘေးအရှင်က သဘောထားကြီးမြတ်ပါတယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ"

ခိုးယူခဲ့သည့် ကျင့်စဉ်ကျမ်းက ထိုမျှအချိန်ကာလလွန်မြောက်ပြီးမှာ ဘိုးဘေးအရှင်ကိုယ်တိုင် သူ့ကိုလာရှာသည့်အဖြစ်ကြုံရမည်ဟု တစ်ခါမှစိတ်ကူးမယဉ်ဖူးခဲ့။

ကျန်းထောင်က နှစ်တစ်ရာကျော်သာသက်တမ်းရှိသည်။ သူမကျင့်ကြံမီကတည်းက ဝူကျိသည် သူလက်လမ်းမမီနိုင်သည့် ကူးဖြတ်ခြင်းအဆင့်ရောက်နှင့်ပြီးဖြစ်သည်။

ဤကျင့်စဉ်ကျမ်းတွင် ပြဿနာတစ်ခုခုရှိနေသလော။

ကူးဖြတ်ခြင်းအဆင့်ကိုပင် ဆွဲဆောင်နိုင်သည့် လျှို့ဝှက်ချက်တစ်ခုခု ပါနေသလော။

ကျန်းထောင် မတွေးတတ်တော့။

ဝူကျိ သက်ပြင်းတစ်ချက်ချသည်။

"တော်ပြီ။ ထပါတော့။ မင်းရဲ့မူလရုပ်ကလည်း သေသွားပြီပဲ။ သိစိတ်ဝိညာဉ်တစ်ပိုင်းတစ်စပဲ ကျန်တော့တာလေ။ ကြာကြာမခံတော့တဲ့ဝိညာဉ်ကို အပြစ်ပေးလို့ရော ဘာအသုံးဝင်မှာလဲ"

"ကျေးဇူးပါအရှင်"

ကျန်းထောင် ဦးသုံးကြိမ်ချပြီးနောက် ထရပ်သည်။

"ဒါပေမယ့် မင်းလုပ်စရာတစ်ခုရှိသေးတယ်"

"ပြောပါအရှင်၊ ကျုပ်ကျန်းထောင် အဆုံးထိကူညီပါ့မယ်"

"အချိန်ကျလာရင် တံဆိပ်သုံးခုကို စုစည်းဖို့ ငါနည်းလမ်းရှာမယ်။ ပြီးရင်မင်းကိုလာတွေ့မယ်။ အဲဒီ့အချိန်ကျရင် ငါ့ကိုမသိသလိုဟန်ဆောင်ပြီး ကျင့်စဉ်ကျမ်းကိုပေးပါ"

ကျန်းထောင်စိတ်ထဲ ရှုပ်ထွေးသွားသည်။ အရှင်ဝူကျိပြောသည့်စကားများကို သူနားမလည်။ သို့သော် မမေးရဲ။ ခေါင်းသာငြိမ့်ရသည်။

"ဝူကျိကျန်း၊ နင်က ဒီလမ်းစဉ်အတိုင်း ဆက်သွားမယ်ပေါ့"

ချောင်အာက ပြုံးစစဖြင့်ပြောသည်။

ကောင်မလေးက နာမည်ရင်းအတိုင်း သုံးနှုန်းခေါ်ဝေါ်သံကြားသဖြင့် ကျန်းထောင် ထိတ်လန့်သွားသည်။ သို့ဆိုလျှင် ထိုကောင်မလေးလည်း စွမ်းအားမြင့်ပုဂ္ဂိုလ်ဖြစ်လိမ့်မည်။

"ဘာလို့မသွားရမှာလဲ"

ဝူကျိကျန်း နှာခေါင်းရှုံ့သည်။

ခုနက လုယန်၏ ပြိုင်ဘက်ကင်းသန္ဓေ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ထိုအချက်ကို သူသိပ်လက်မခံချင်။ တိမ်ပြာနန်းတော်သို့သွားပြီး ယုံကြည်မှုပြန်တက်အောင်လုပ်ဖို့လိုသည်။

လေးယောက်လုံး လျှို့ဝှက်နယ်မြေမှထွက်ကြသည်။ လုယန်က ထိပ်သီးနှစ်ယောက်ကို အမြန်နှုတ်ဆက်လိုက်သည်။

ခပ်လှမ်းလှမ်းသို့ရောက်သည့်တိုင် အရှင်နှစ်ယောက် စကားပြောနေသံကို လုယန်တို့ ကြားနေရသည်။

"မင်းက ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ"

"နင်အဘိုးကြီး တိမ်ပြာနန်းတော်မှာ ဘာတွေလုပ်မလဲ ကြည့်ချင်လို့ပေါ့"

လုယန် ခြေလှမ်းကို အရှိန်မြှင့်၍ ထွက်လာခဲ့သည်။

...

မြို့တော်ထဲမှ မြင်းဇောင်းသို့ ပြန်ရောက်ချိန်တွင် လောင်မာက သူတို့ကို မျက်လုံးထောင့်ကပ်ကြည့်သည်။

ကိုးနဂါးမြို့တော်ထဲတွင် သူသည် ကျင့်စဉ်အဆင့် အမြင့်ဆုံးဖြစ်သည်။

မြို့ပြင်တွင် ဂယက်ထသွားသည့်အဖြစ်ကို တစ်ခြားလူများသတိမထားမိနိုင်သော်လည်း သူအာရုံခံမိသည်။

မင်းတို့နှစ်ယောက် ဘာဖြစ်နေတာလဲ...

စည်းရုံးမယ့်တပည့်ကို စာရိတ္တကောင်းမကောင်း သွားအကဲခတ်တာမဟုတ်ဘူးလာ..

ဘာလို့မင်းတို့သွားတဲ့နေရာမှာ ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ရဲ့ စွမ်းအင်ရောင်တွေ ပေါ်လာတာလဲ...

ကာကွယ်သူဖြစ်တဲ့ ငါ့စွမ်းအားအတိုင်းအတာကို နည်းနည်းလေးမှ ထည့်မစဉ်းစားကြဘူးလား..

"ခင်ဗျားဘာလို့ကျုပ်ကို အဲလိုကြည့်နေတာလဲ။ အားလုံးက မထင်မှတ်ဘဲ ဖြစ်သွားတာပါ"

လောင်မာအတွေးကို ရိပ်စားမိသဖြင့် မုန်ကျင်းကျိုးက အမှန်အတိုင်းပြောသည်။ ကိုယ့်ကိုယ်ကို ကာကွယ်သည်။

"ဟုတ်တယ်။ လောင်မုန်ပြောတာအမှန်ပါ။ ကျုပ်သက်သေခံနိုင်ပါတယ်"

လုယန်က ထောက်ခံပေးသည်။

လောင်မာ မျက်လုံးစွေကြည့်သည်။ တစ်ယောက်နှင့်တစ်ယောက် ထောက်ခံနေလည်း ဘာအကျိုးထူးမည်နည်း။

ရထားပေါ်တက်ပြိး ကိုးနဂါးမြို့မှ အမြန်ထွက်သည်။ ထို့နောက် စာရင်းစာအုပ်ကိုထုတ်ပြီး "ရှဲ့အန်း"ဟူသည့် နာမည်ဘေးတွင် ကြက်ခြေခတ်ဆွဲလိုက်သည်။

"ကြည့်ရအောင်၊ ဒီနေရာနဲ့အနီးဆုံးနောက်တစ်ယောက်က ယင်ကျိုးပြည်နယ် လင်းထန်မြို့တော်က ကုကျန်ယဲ့ဖြစ်မယ်။

မှတ်တမ်းမှာပြောထားတာက လင်းထန်မြို့ကမစ်ရှင်တစ်ခုမှာ ညီလေးဝေ့နန်ဖေးက သူ့ကိုယ်သူ ကျောင်းဆရာအဖြစ်ဟန်ဆောင်တုန်းက ကိုယ်ပိုင်ကျောင်းတစ်ခုမှာ သူ့ကိုတွေ့တယ်။

ဒီကောင်လေးဟာ အသက်ငယ်ပေမယ့် တည်ငြိမ်ပြီး စည်းကမ်းရှိတယ်၊ ချင့်ချိန်တတ်တယ်၊ ပညာရေးထူးချွန်တယ်လို့ ချီးကျူးထားတယ်။

ဝေ့နန်ဖေးနှင့်လုယန်တို့သည် တာအိုလမ်းစဉ်ဂိုဏ်းသို့ တစ်အုပ်စုတည်းဝင်ခဲ့သူများဖြစ်သည်။

ဝေ့နန်ဖေးသည် 'ကောင်းကင်သွေးစတေးပညာ'ကို ကျင့်ကြံသည်။ သူ့ပါရမီက လုယန်နှင့်မုန်ကျင်းကျိုးကို မမီသော်လည်း အပြင်လောကတွင် ထိပ်တန်းပါရမီရှင်အဖြစ် သတ်မှတ်နိုင်သည်။

အထူးသဖြင့် ဖိုင်နယ်ဗိုလ်လုပွဲများတွင် သူ့စွမ်းအားကို ပြသခဲ့သည်။ အခြေတည်အဆင့်အုပ်စုတွင် ဗိုလ်စွဲခဲ့သည်။

(**ကြက်များဘဲများဝက်များ၏ အသက်ဓာတ်ကိုစုပ်ယူ(စတေး)၍ တိုက်ခိုက်ခဲ့သည့် ဝေ့နန်ဖေးအကြောင်း မှတ်မိကြမည်ထင်ပါသည်)

လုယန် သုံးသပ်သည်။

"ဒါဆို ဒီကုကျန်ယဲ့က စကားသိပ်မပြောတဲ့လူဖြစ်မယ်။ တွေးတောဆင်ခြင်ရတာကို သဘောကျမယ်။ တက်ကြွလှုပ်ရှားနေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့"

"အဲလိုပြောလို့ရပါတယ်"

ကုကျန်ယဲ့၏ အချက်အလက်များကို ဆက်ကြည့်ရန်ပြင်နေစဉ် မြင်းရထားက တစ်ချက်လှုပ်၍ ရပ်သွားသည်။

"ဘာဖြစ်တာလဲ လောင်မာ"

မုန်ကျင်းကျိုး ခေါင်းပြူကြည့်၍မေးသည်။ လောင်မာက နှာတစ်ချက်မှုတ်ပြီး ကောင်းကင်သို့ကြည့်ရန် အချက်ပြသည်။

အောင်မြင်ခံ့ညားသည့် ရယ်သံတစ်ခု ကောင်းကင်မှဆင်းလာသည်။

"ညီလေးမုန်၊ လောင်တိုင်က မင်းကိုလည်း လွှတ်လိုက်တယ်ပေါ့"

စာပေဝတ်စုံနှင့်လူတစ်ယောက် လေထဲမှဆင်းလာပြီး နှုတ်ဆက်သည်။ ထိုမြင်းရထားကို သူမှန်မိသည်။

"အကိုကျိ"

စတုတ္ထအကြီးအကဲ၏ခေါင်းဆောင်တပည့် စုစည်းခြင်းအခြေခံအဆင့် ကျိဟုန်ဝမ်ဖြစ်သည်။

လုယန်လည်း ခေါင်းပြူကြည့်သည်။ သူ့ကိုမြင်သည်နှင့် ကျိဟုန်ဝမ်က ရယ်သည်။

"လောင်ထိုင်က မင်းတို့နှစ်ယောက်လုံးကို လွှတ်လိုက်တာလား။ ဂိုဏ်းမှာ လူအင်အားအတော်နည်းနေပုံရတယ်"

"အကိုကျိက ဘာလုပ်နေတာလဲ"

ကျိဟုန်ဝမ် လက်ထဲမှ မှတ်စုစာအုပ်ကို မြှောက်ပြသည်။

"အင်း...တောင်တန်းပေါ်မှာ တစ်ချိန်လုံးနေတာ ကျင့်စဉ်လမ်းအတွက် မကောင်းဘူးလို့ လောင်ထိုင်ကပြောတယ်။ ဒါကြောင့် စာရင်းထဲကလူတွေကို စောင့်ကြည့်ဖို့ ငါ့ကိုအပြင်လွှတ်လိုက်တာ"

"ဘယ်နှယောက်စောင့်ကြည့်ပြီးပြီလဲ"

"တစ်ယောက်ပဲရှိသေးတယ်။ သူ့ကိုစောင့်ကြည့်တာ ပြီးသွားပြီ။ တကယ်သန္ဓေကောင်းတဲ့သူပါ။ သူ့အဖေက သေမျိုး၊ အမေက ကျင့်ကြံသူ။ ဒါပေမယ့် သူငယ်ငယ်တုန်းက သူ့အမေပျောက်သွားတယ်။

ကျောက်စိမ်းတံဆိပ်တစ်ခြမ်းပဲ သဲလွန်စကျန်ခဲ့တယ်။ ရှင်သန်ရပ်တည်ဖို့ သူနဲ့သူ့အဖေက အချင်းချင်းအားကိုးမှီခိုနေရတယ်။ မဟာကျင့်ကြံသူတစ်ယောက်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ သူကျင့်ကြံချင်တယ်လို့ပြောတယ်။

ဒါမှ ကျောက်စိမ်းတံဆိပ်တစ်ခြမ်းနဲ့ သူ့အမေကို ရှားနိုင်မှာတဲ့။ အဲလိုပြောတဲ့အချိန် သူ့မျက်လုံးမှာ ခိုင်မာပြတ်သားတဲ့ဆန္ဒကိူမြင်ရတယ်။

ဒါပေမယ့် သူ့ဝိညာဉ်မြစ်က သာမန်ပဲ။ တြိဝိညာဉ်မြစ်ပဲရှိတယ်။ ဂိုဏ်းသတ်မှတ်ချက် မီရုံပဲဆိုပါတော့။

ဒီကလေး မိဘအပေါ်အလေးထားပုံက ချီးကျူးထိုက်တယ်လို့ ငါယူဆတယ်။ ဒါကြောင့် သူ့အမေကို ကူရှာပေးဖို့ ဆုံးဖြတ်ပြီး ကျောက်စိမ်းတံဆိပ်ကိုသေချာကြည့်ခဲ့တယ်။

အဲဒီ့တံဆိပ်တစ်ခြမ်းက အတော်ဟောင်းနေပေမယ့် ဝိညာဉ်မြစ်ကိုအားဖြည့်ပြီး ရုပ်ခန္ဓာတိုးတက်အောင် လုပ်ပေးနိုင်တယ်။

ပြီးတော့ တံဆိပ်ထဲမှာ ကျင့်စဉ်ပညာတစ်ခုလည်း ဝှက်ထားတယ်။ ဒီကောင်လေး ချီစုစည်းအဆင့်ရောက်မှ ဖွင့်လို့ရမှာ။

ဒီတော့ ကောင်လေးရဲ့အမေဟာ သာမန်ကျင့်ကြံသူမဖြစ်နိုင်ဘူးလို့ ငါကောက်ချက်ချခဲ့တယ်။ ဒါပေမယ့် ငါသုံးသပ်သမျှက အဲဒါပဲ။ လူကိုတော့ မရှာနိုင်ဘူး။

ရွေးစရာမရှိတော့ ကောင်းကင်ဆန်းကြယ်ဂိုဏ်းကိုသွားရတယ်။ မိတ်ဆွေတစ်ယောက်ကို ကံကြမ္မာနတ်စွမ်းအားသုံးပြီး ဒီတံဆိပ်နဲ့ သူ့အမေကို ခြေရာခံပေးဖို့ အကူအညီတောင်းခဲ့တယ်"

"ဒါဆိုအခု အကိုကျိ ကောင်းကင်ဆန်းကြယ်ဂိုဏ်းက ပြန်လာတာပေါ့"

လုယန်ပြောသည်။

ကျိဟုန်ဝမ် ခေါင်းခါသည်။

"ကောင်းကင်ဆန်းကြယ်ဂိုဏ်းကမိတ်ဆွေကပြောတယ်။ ဒီတံဆိပ်က ပထမအဆင့်ဂိုဏ်းဖြစ်တဲ့ ယုပြည်နယ်က တိမ်ပင်လယ်ဂိုဏ်းနဲ့ ဆက်စပ်နေတယ်တဲ့။

ဒါကြောင့် ငါအဲဒီကိုတန်းသွားတယ်။ ဂိုဏ်းကိုရောက်တာနဲ့ သူ့အမေက ဂိုဏ်းမွေခံသူတော်စင်မဖြစ်နေတာ တွေ့ရတယ်။ သူက ဂိုဏ်းဆန္ဒကို ဆန့်ကျင်ပြီး သေမျိုးတစ်ယောက်နဲ့ လျှို့ဝှက်လက်ထပ်ခဲ့တာ။

ဂိုဏ်းက ဒေါသထွက်တာပေါ့။ သူ့ကိုပြန်ဖမ်းဆီးပြီး ဂိုဏ်းထဲမှာ ပိတ်လှောင်ထားတယ်"

မုန်ကျင်းကျိုး နားလည်သွားသည်။

"ဒါဆို အကိုကျိက ချက်ချင်းလှုပ်ရှားခဲ့တယ်ပေါ့။ တိမ်ပင်လယ်ဂိုဏ်းချုပ်နဲ့တိုက်ခိုက်ပြီး သူတော်စင်မကို ကယ်ထုတ်ခဲ့တာလား"

ကျိဟုန်ဝန်က မုန်ကျင်းကျိုးကို နားမလည်ဟန်ဖြင့်ကြည့်သည်။

"မဟုတ်ပါဘူး။ မင်းဘာတွေလျှောက်ပြောနေတာလဲ။ ဒီအဖြစ်အပျက်ကို ရုံးတော်မှာ သွားတိုင်လိုက်တာပါ။ တိမ်ပင်လယ်ဂိုဏ်းက ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းချုပ်နေတယ်လို့။

အဲဒါက တရားမဝင်ပိတ်လှောင်တဲ့ပြစ်မှုနဲ့ အကျုံးဝင်တယ်။ ဒီတော့ ရုံးတော်ကကိုင်တွယ်ရမယ့်ကိစ္စပဲလေ"

"ဒါဆို သူတို့မိသားစုသုံးယောက် ပြန်ဆုံစည်းရတယ်ပေါ့"

ဤတစ်ကြိမ်တွင် ကျိဟုန်ဝမ် ခေါင်းငြိမ့်သည်။

"ဆုံစည်းရပါတယ်။ ရုံးတော်က သူတောင်စင်မကို ကယ်တင်ပြီး ဂိုဏ်းချုပ်နဲ့မဟာအကြီးအကဲ အပါအဝင် တိမ်ပင်လယ်ဂိုဏ်းကလူတစ်ချို့ကို ဖမ်းတယ်။

သူတို့ နှစ်သုံးလေးရာလောက်တော့ ထောင်ဒဏ်ကျမယ်ထင်ပါတယ်။ နောက်ပိုင်း စစ်ဆေးမေးမြန်းကြတော့ ကောင်လေးဆီမှာရှိတဲ့ တံဆိပ်တစ်ခြမ်းက သူတော်စင်မခိုးသွားတဲ့ ဂိုဏ်းရတနာတစ်ခုဆိုတာ သိရတယ်။

အဲတော့ ခိုးမှုမြောက်တယ်လေ။ သူတော်စင်မလည်း နှစ်သုံးလေးရာလောက် ထောင်ကျမယ်ထင်တယ်။ ခုနကပဲ ကောင်လေးကိုခေါ်ပြီး အကျဉ်းထောင်ကို အလည်ပို့ပေးခဲ့တာ။

ငါထွက်မလာခင် သူ့ကိုပြောခဲ့တယ်။ မင်းဆက်ပြီးကျင့်ကြံချင်စိတ်ရှိသေးတယ်ဆိုရင် လာမယ့်နှစ် ဒုတိယလ ဒုတိယနေ့မှာ တာအိုလမ်းစဉ်ဂိုဏ်းမှာ ဂိုဏ်းဝင်ခွင့်လာဖြေပါလို့ပေါ့။

သူလာမယ်မလာမယ်တော့ ငါမသိဘူး"

*********************************

All Chapters