← Chapters

ဆိုလာစွမ်းအင်

Vol. 47 Ch. 692

ဆိုလာစွမ်းအင်

Vol. 47 Ch. 692

"နေရောင်ခြည်စွမ်းအင်..."

ချီတာဖုန်း မင်သက်မိသွားသည်။ နေမင်းဂိုဏ်းချုပ်ဖြစ်၍ နေနှင့်ပတ်သက်သမျှအရာအားလုံးနှင့် သူအတော်ရင်းနှီးပါသည်။ သို့‌သော် ဂိုဏ်းသခင်လုပြောသည့် နေရောင်ခြည်စွမ်းအင်သည် ဘာကိုဆိုလိုသနည်း။

"အကြမ်းဖျင်းကြည့်ရသလာက်တော့ နေရဲ့စွမ်းအင်ကို ရည်ညွှန်းသလိုပဲ"

"ရိုးရိုးရှင်းရှင်းနားလည်တဲ့အဆင့်ပါ။ ဆိုလိုရင်းကတော့ အဲဒါပါပဲ။...ခင်ဗျားတို့ နေဆီတက်တဲ့လုပ်ငန်း အဆက်မပြတ်ကျရှုံးခဲ့တယ်လို့ ခင်ဗျားပြောသွားတယ်နော်။ သိပ်မကြာသေးခင်နှစ်ပိုင်းတွေအတွင်းက အကောင်အထည်ဖော်ခဲ့တဲ့ အစီအစဉ်ဖြစ်မယ်ထင်တယ်။

အရင်တုန်းက နေစွမ်းအားလေ့လာတာကို အဝေးကနေပဲလုပ်ကြတာပါ။ ဘာလို့ နေဆီတက်ပြီးလေ့လာဖို့ ကြိုးစားကြတာလဲ"

ဂိုဏ်းချုပ်ချီ သက်ပြင်းချသည်။

"ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကျုပ်နေစွမ်းအားလေ့လာတာ ရှေ့ဆက်မတိုးနိုင်တဲ့အခြေအနေကို ရောက်ခဲ့ပါတယ်။ ဒီတော့ နေဆီတက်ပြီး အနီးကပ်လေ့လာသင့်တယ်လို့ အဆိုပြုချက်တွေပေါ်လာတယ်။

ဒါပေမယ့် နေဆိုတာ လွယ်လွယ်ချဉ်းကပ်လို့မရဘူး။ စုစည်းခြင်းအဆင့်ကျင့်ကြံသူအတော်များများ နေကြောင့် လောင်ကျွမ်းသေဆုံးခဲ့ပြီးပါပြီ"

လုယန် ထိုင်ခုံတွင် ပျင်းရိပျင်းတွဲ နောက်ပြန်လှဲသည်။ လက်သည်းများအောက်မှ 'မရှိသည့်အညစ်အကြေးများ'ကို ထွင်နေသည်။

"ခင်ဗျားတို့ဂိုဏ်း အတော်ရဲတင်းတာပဲ။ နေဆီကိုတက်ရဲတယ်ပေါ့။ အဲဒီ့စွမ်းအားမြင့်အဓိပဓိဟာ ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းတောင် အခက်တွေ့ရတဲ့ ဖြစ်တည်မှုပါ။ ခင်ဗျားတို့က နေဆီတက်ပြီး စူးစမ်းလေ့လာတယ်။

အဲဒီ့အဓိပဓိရဲ့တားမြစ်ချက်ကို ချိုးဖျက်သလိုဖြစ်ပြီး တစ်ဂိုဏ်းလုံး အပျောက်ရှင်းခံရမှာမကြောက်ဘူးလား"

ချီတာဖုန်း ထိတ်လန့်သွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းပင် အခက်တွေ့ရသူဆိုလျှင် မသေမျိုးအဆင့်ဖြစ်ရမည်။

နေမင်းဂိုဏ်း၏ လုပ်ငန်းစဉ်သည် မသေမျိုးမျက်စိရှေ့တွင် ပြဿနာရှာနေသလိုဖြစ်နေသည်။

အမှုမဲ့အမှတ်မဲ့လုပ်ရပ်တစ်ခုကြောင့် မသေမျိုးဒေါသထွက်သွားနိုင်သည်။ နေမင်းဂိုဏ်း ကပ်ဆိုးသင့်နိုင်သည်။

ထိုအစီအစဉ်ကို အစက သူမထောက်ခံခဲ့ပါ။ သို့သော် အကြီးအကဲများက အသက်ရင်းရသည်ဖြစ်စေ ဆက်လုပ်ဖို့စိတ်ပိုင်းဖြတ်ခဲ့ကြသည်။

ယခု သူတို့အားလုံး မသေမျိုးတစ်ယောက်လာသတ်မည်ကို စောင့်နေရုံသာရှိတော့သည်။

"ဒါဆို သခင်လေးရဲ့အမြင်က ဘယ်လိုရှိလဲ"

"နေမင်းဂိုဏ်းရဲ့ရည်ရွယ်ချက်က ယုံကြည်မှုဖြန့်ဝေဖို့ပဲ။ နေမင်းဆီတက်ဖို့မဟုတ်ဘူးမို့လား"

"မှန်ပါတယ်"

"နေစွမ်းအားမှာ အလင်းနဲ့အပူနှစ်ခုလုံးပါတာကို ခင်ဗျားသိမှာပါ။ အလင်းက အရောင်ဖြန့်ဖို့၊ အပူက အနွေးဓာတ်ပေးဖို့လေ"

ချီတာဖုန်း ခေါင်းငြိမ့်သည်။ 'နေစွမ်းအား၏အဓိပ္ပါယ်စစ်'ကျမ်းတွင် ထိုအချက်ကိုရေးထားသည်။ နေမင်းဂိုဏ်းဝင်အားလုံးသိသည်။ နှစ်စဉ်စာမေးပွဲများတွင် ထည့်မေးသည်။ စာအုပ်ကလည်း နေမင်းဂိုဏ်းဝင်အားလုံး မဖြစ်မနေရှိထားရသည်။

လုယန် မှန်ဘီလူးတစ်ခု ထုတ်လိုက်သည်။

"ဒါဈေးအပေါဆုံးမှန်ဘီလူးပါ။ နေရောင်အောက်မှထားလိုက်ရင် နေစွမ်းအားက တစ်နေရာထဲမှာ စုစည်းသွားမယ်။ ပုရွှက်ဆိတ်တွေကို ပြာချနိုင်တယ်။ မီးမွှေးလို့ရတယ်။ ဒါဟာ ရောင်ခြည်စွမ်းအင်ရဲ့ အခြေခံစွမ်းရည်ပဲ"

ချီတာဖုန်း ဆက်ခေါင်းငြိမ့်သည်။ လုယန်ပြောနေသမျှအားလုံးက အခြေခံအသိပညာများဖြစ်သည်။ မှန်းဘီလူးခုံးကိုလည်း သူတီထွင်ခဲ့ခြင်းဖြစ်သည်။ သူမသိစရာအကြောင်းမသိ။

"နေရောင်မှာ စွမ်းအင်ပိုင်ဆိုင်တယ်ဆိုရင် အဲဒီ့စွမ်းအင်ကိုသုံးဖို့ ကြိုးစားရမှာပါ့"

"ကျုပ်တို့အရင်ကတည်းက သုံးနေခဲ့တာပါ။ နေစွမ်းအားကျင့်စဉ်တွေကိုလည်း လေ့လာခဲ့တယ်။ ပိုပြီးထိထိရောက်ရောက် စုပ်ယူနိုင်အောင် နည်းလမ်းတွေကို အဆင့်မြှင့်ခဲ့တယ်"

လုယန် တည်ငြိမ်စွာခေါင်းခါသည်။

"အဲလိုနည်းနဲ့သုံးဖို့မဟုတ်ဘူး။ ခင်ဗျားတို့ရေးထားတဲ့ ကျင့်စဉ်နည်းတွေကို ကျင့်ကြံသူတွေ ဘာလို့လေ့ကျင့်သင့်တာလဲ။ ခင်ဗျားတို့နည်းလမ်းတွေက နေစွမ်းအားနဲ့ သက်ဆိုင်နေလို့လား။

ယင်နှင့်ယန်၊ ပါရမီသုံးပါး၊ ပုံရိပ်လေးပါး၊ ဓာတ်ငါးမျိုး။ တစ်ခြားကျင့်စဉ်ပညာတွေ အများကြီးရှိတာပဲ။ ခင်ဗျားကျင့်စဉ်နည်းတွေပဲ မဖြစ်မနေရွေးရမှာလား။။

ကျင့်ကြံသူတွေ ခင်ဗျားတို့ကျင့်စဉ်ပညာတွေကို မရွေးချယ်ရင် နေကိုးကွယ်တဲ့ဝါဒလည်း ပျံ့နှံ့မှာမဟုတ်ဘူး။ လူတွေရဲ့အသိအမှတ်ပြုမှုရမှာမဟုတ်ဘူး"

နှစ်ခြောက်သောင်းအတွင်း နေမင်းဂိုဏ်း၏လုပ်ရပ်များကို ပြန်စဉ်းစားကြည့်လျှင် ထိုအချက်မှန်သည်ဟု ချီတာဖုန်း တွေးမိသည်။

ကျင့်ကြံနည်းအများစု ဝိညာဉ်စွမ်းအင်ကိုသာ အဓိကထားသည်။ လူနည်းစုသာကျင့်ကြသည့် နေစွမ်းအားကျင့်စဉ်နည်းများလေ့လာဖို့ သူတို့များစွာအားထုတ်ခဲ့ရသည်။ သူတို့ယုံကြည်မှုဝါဒကို ဖြန့်ကျက်ဖို့ခက်ခဲခဲ့သည်။

"ကျုပ်ကို အလင်းပြပေးပါ ဂိုဏ်းချုပ်လု"

"ကျုပ်က နည်းလမ်းကိုရှင်းပြပြီးပြီ။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုဖို့ပေါ့။ နေစွမ်းအားကျင့်စဉ်ပညာ ဖန်တီးဖို့မဟုတ်ဘူး။ နေရောင်ခြည်စွမ်းအင်ကို သာမန်လူတွေရဲ့အိမ်ထဲ ရောက်အောင်လုပ်ဖို့ပါ။

ဥပမာ၊ နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ထားပြီး အလင်းပေးတဲ့နေရာမှာ သုံးဖို့ပေါ့"

"သာမန်လူတွေက နေရောင်ခြည်စွမ်းအင်ကို သုံးနိုင်ဖို့လား အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ"

ဂိုဏ်းချုပ်ချီ တအံ့တဩရေရွတ်သည်။

လုယန် ခပ်အေး‌အေးပြုံးသည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ တာအိုလမ်းစဉ်ဂိုဏ်းက ထောင်ယော်ယဲ့ဟာ သာမန်လူတွေအတွက် 'အိပ်မက်ရေပွက်'ကို ဖန်တီးနိုင်ရင် ခင်ဗျားတို့ဂိုဏ်းလည်း မှော်စက်ဝန်းပညာတွေနဲ့ နေစွမ်းအင်စုစည်းပြီး ညအချိန်မှာ ထုတ်လွှတ်နိုင်မှာပေါ့။

'အိပ်မက်ရေပွက်'ဘယ်လောက်ပြန့်နှံ့ခဲ့သလဲဆိုတာ မူပိုင်ယိအသိဆုံးပါ"

မူပိုင်ယိ ခေါင်းငြိမ့်ထောက်ခံသည်။

အိပ်မက်ရေပွက်ပြန့်နှံ့လေ သူတို့အသားကင်ဆိုင်လည်း ပိုနာမည်ကျော်လေဖြစ်သည်။ လုပ်ငန်းနာမည်ကျော်လေ အကျိုးအမြတ်များလေဖြစ်သည်။

"တာအိုလမ်းစဉ်ဂိုဏ်းတပည့်တစ်ယောက်က ဒါမျိုးကိုလေ့လာနိုင်ရင် ခင်ဗျားတို့ဂိုဏ်းလည်း လုပ်နိုင်မှာပါ။ ဒီလေ့လာမှုအောင်မြင်လို့ ဖ‌ယောင်းတိုင်တွေနေရာကို အစားထိုးနိုင်ရင် ခင်ဗျားတို့တီထွက်တဲ့ပစ္စည်းကို အိမ်တိုင်းဆောင်ထားလိမ့်မယ်။

ခင်ဗျားတို့ယုံကြည်မှု ဖြန့်ကျက်ဖို့ကိစ္စ ဘာစိုးရိမ်စရာရှိတော့လို့လဲ"

လုယန်က ချီတာဖုန်းကို အဓိပ္ပါယ်ပါပါကြည့်သည်။

"လောကကြီးက နေမင်းကိုယုံကြည်လာအောင်လုပ်ချင်ရင် ပထမဆုံးလုပ်ရမှာက နေမင်းဆီကနေ လောကကြီး အကျိုးအမြတ်ရအောင် လုပ်ပေးဖို့ပဲ။ ဒီစည်းမျဉ်းကိုတော့ ခင်ဗျားနားလည်မှာပါ"

ချီတာဖုန်း ရုတ်တရက် ဉာဏ်အလင်းရလိုက်သလို ခံစားရသည်။ ရှေးဟောင်းခေတ်စွမ်းအားရှင် အမှန်တကယ်ပင် သူ့ထက်ဉာဏ်ရည်ပိုမြင့်သည်။

"နေစွမ်းအင်နဲ့အလင်းထုတ်တဲ့ကိစ္စက နေ့ချင်းညချင်းတော့ဘယ်ဖြစ်မလဲ။ ဘယ်လိုစုစည်းမလဲ၊ သိမ်းဆည်းမလဲ၊ ထုတ်လွှတ်မလဲ၊ သုံးရလွယ်ကူအောင် ဘယ်လိုလုပ်မလဲ၊ အကုန်အကျသက်သာအောင် ဘယ်လိုလုပ်မလဲ..အဲဒါမျိုးတွေပေါ့။

ဒါတွေက သေချာလေ့လာရမယ့် ကိစ္စတွေပါ။ ခင်ဗျားတို့ဂိုဏ်းအနေနဲ့ တစ်ဆင့်ချင်းသွားလို့ရပါတယ်။ ပြီးတော့ ဒါက ကျုပ်စိတ်ကူးပေါ်လို့ လက်တမ်းပြောလိုက်တဲ့ဥပမာတစ်ခုပဲ ရှိပါသေးတယ််။ နေရောင်ခြည်စွမ်းအင်ကို သုံးနိုင်တဲ့ကိစ္စတွေ အများကြီးရှိသေးတယ်။

ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ခင်ဗျားဖြေးဖြေးချင်း သုံးသပ်လေ့လာပေါ့"

လေ့လာဖို့က ချီတာဖုန်းအလုပ်ဖြစ်သည်။ သူသည် တယ်လီစကုတ်တီထွင်ခဲ့သဖြင့် နေမင်းဂိုဏ်းထိပ်သီးဖြစ်လာသူတစ်ယောက်ဖြစ်သည်။

ဤအစီအစဉ်က နေမင်းဆီတက်၍လေ့လာခြင်းထက် များစွာပိုယုံကြည်အားထားရသည်။ ဂိုဏ်းအကြီးအကဲများလည်း ထောက်ခံကြလောက်သည်။

ရလာဒ်ပေါ်အောင် ကြိုးစားနိုင်လျှင် နာမည်နဲ့ကြွယ်ဝမှု အဆက်မပြတ်လှိမ့်ဝင်လာမည်။

သူတို့ဂိုဏ်းအတွက် ယှဉ်သူမရှိ တိုးတက်နိုင်သည့် အခွင့်အရေးဖြစ်သည်။

သူကိုယ်တိုင် ဦးဆောင်လေ့လာမည်။ လေ့လာချက်များကို သူ့လက်ထဲတွင် သိမ်းထားမည်။ သို့ဆိုလျှင် ပြဿနာပေါက်တိုင်း သူ့ကိုစတေးဖို့ အကြီးအကဲများ ကြိုးစားရဲတော့မည်မဟုတ်။

တစ်ချက်တည်း အကျိုးများစွာရမည်။

သူ့စိတ်ထဲ ပြောမပြတတ်လောက်အောင် ပျော်ရွှင်နေသည်။

ရှေးဟောင်းခေတ်ပါရမီရှင်တစ်ယောက်၏ဦးနှောက်သည် စကားလုံးနည်းနည်းဖြင့် နေမင်းဂိုဏ်းပြဿနာကို ဖြေရှင်နိုင်သလို သူ့ကိုယ်ပိုင်အခက်အခဲကိုပါ ဖြေရှင်းပေးသွားသည်။

ဂိုဏ်းမွေခံတစ်ယောက်ပင် ထိုမျှဉာဏ်ရည်မြင့်လျှင် နာမည်ကျော်ကောင်းကင်ပဲဝါအရှင်၏ဉာဏ်ရည်သည် ဘယ်လောက်ထူးခြားမည်မသိ။

လုယန်အကြည့်က အသံတိတ်နေသည့် မူပိုင်ယိဆီရောက်လာသည်။ ခဏငြိမ်နေပြီးနောက် သူပြောသည်။

"အသားကင်ဆိုင်အခွန်ပြဿနာနဲ့ပတ်သက်လို့ ဂိုဏ်းချုပ်မူ နေမင်းဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားလို့ရပါတယ်"

"ပူးပေါင်းဆောင်ရွက်ဖို့..."

မူပိုင်ယိ အတော်အံ့အားသင့်သွားသည်။ သူတို့ဂိုဏ်းနှစ်ဂိုဏ်းသည် သဘာဝအားဖြင့် ယင်နှင့်ယန်လို ကွဲပြားသည်။ မကွဲပြားလျှင်ပင် ဘယ်နေရာတွင်ပူးပေါင်းဆောင်ရွက်မည်နည်း။

ပြောသည့်အဓိပ္ပါယ်ကို မူပိုင်ယိနားမလည်မှန်း လုယန်အကဲခတ်မိသည်။

"ဂိုဏ်းချုပ်မူင မဟာရှားဥပဒေစည်းမျဉ်းတွေကို ရှေးဟောင်းခေတ်ကလူဖြစ်တဲ့ကျုပ်လောက်တောင် နားမလည်ဘူးပဲ။ တီထွင်လေ့လာမှုလုပ်ငန်းတွေအတွက် မဟာရှားက အခွန်ကြေးသက်သာခွင်တွေ ပေးထားတာမသိဘူးလား။

နည်းစနစ်အသစ်တီထွင်မှုအတွက် အခွန်အများကြီးလျှော့ပေးတယ်။ ကင်းလွတ်ခွင့်ပါရနိုင်တယ်မဟုတ်လား။ ဝိညာဉ်စွမ်းအင်အပြင် တစ်ခြားစွမ်းအင်သုံးပြီးတီထွင်ရင် အခွန်အများကြီးလျှော့မယ်။ ကင်းလွတ်ခွင့်ပါရနိုင်တယ်မဟုတ်လား"

လုယန်က မူပိုင်ယိကို ငတုံးတစ်ယောက်လို ကြည့်နေသည်။ ဂိုဏ်းချုပ်တစ်ယောက်က သူ့လောက်တောင် ဗဟုသုတမရှိ။

***********************************

All Chapters