← Chapters

ဂိုဏ်းသုံးခုလက်တွဲပြီ

Vol. 47 Ch. 693

ဂိုဏ်းသုံးခုလက်တွဲပြီ

Vol. 47 Ch. 693

လုယန်အကြည့်ကို မူပိုင်ရိ အာရုံမစိုက်။ စိုက်လည်းမစိုက်ရဲ။

လုယန်၏ မေးခွန်းသုံးခုကြောင့် သူဉာဏ်အလင်းပွင့်လာသည်။

"ကျုပ်တို့ကိုးငရဲဂိုဏ်းက နေမင်းဂိုဏ်းနဲ့ အသားကင်ဆိုင်လုပ်ငန်း ပူးပေါင်းလုပ်ဆောင်လို့ရတယ်လို့ပြောတာလား"

"အသားကင်လုပ်ငန်းမဟုတ်ဘူး။ နေရောင်ခြည်စွမ်းအင်နည်းပညာဖွံ့ဖြိုးရေးအသင်းပါ။ အဲဒီ့အသင်းရဲ့ လုပ်ငန်းတွေထဲကတစ်ခုမှာ အသားကင်လုပ်ငန်းရှိမယ်ပေါ့"

လုယန် စကားပြင်ပေးသည်။

အသားကင်လုပ်ငန်းသာဆိုလျှင် အခွန်သက်သာခွင့် ဘယ်ရနိုင်မည်နည်း။

လုပ်ငန်းပုံစံကိုပြောင်းမှသာရမည်။

"ဟုတ်တယ် ဟုတ်တယ်၊ နေစွမ်းအင်နည်းပညာဖွံ့ဖြိုးရေးအသင်းပေါ့"

မူပိုင်ယိခေါင်းအထပ်ထပ်ငြိမ့်သည်။ သခင်လု၏ ထက်မြက်မှုကို သူလေးစားရသည်။

ဤခြေလှမ်းသည် လောကကိုအုပ်စိုးဖို့ သခင်လုချပေးခဲ့သည်း နိုင်ငံတွင်းနတ်ဆိုးဂိုဏ်းများနှင့် ပူးပေါင်းပြီး ပြင်ပအဖွဲ့အစည်းများနှင့် မဟာမိတ်ပြုသည့်ဗျူဟာပင် ဖြစ်သည်။

ယနေ့အခြေအနေကို အစောကြီးကတည်းက ဂိုဏ်းသခင်လု ကြိုတွက်ဆမိဟန်ရှိသည်။

အံ့ဩစရာကောင်းသည့်ဉာဏ်စွမ်းဖြစ်သည်။

ဂိုဏ်းသခင်လု၏ဦးနှောက်မျိုးသာ သူပိုင်ဆိုင်လျှင် ဘာကြောင့် ချေးငွေထုတ်ဖို့လိုခဲ့မည်နည်း။ ယခုချိန် ဖုန်ဒူလေးငါးခုပင် တည်ဆောက်ထားပြီးဖြစ်မည်။

ဂိုဏ်းဝင်များက သူ့ကိုဝါဒတည်ထောင်သူအဖြစ် ကိုးကွယ်နေကြလိမ့်မည်။

မဟာရှားသည် တီထွင်ဆန်းသစ်မှုကို အမြဲအားပေးသည်။ လုယန်၏ ကားပျံတီထွင်မှု၊ ထောင်ယော်ယဲ့၏ အိပ်မက်ရေပွက်။ နှစ်ခုလုံး အခွန်သက်သာခွင့်ရသည်။

ထို့ပြင် ဝိညာဉ်စွမ်းအင်သည် နိုင်ငံ၏အဓိကကျသည့်ရင်းမြစ်ဖြစ်၍ မဟာရှားက တစ်ခြားစွမ်းအင်ရင်းမြစ်များ ပြောင်းလဲအသုံးပြုဖို့ အားပေးတိုက်တွန်းသည်။ ထို့ကြောင့်လည်း လုယန်ပြောခဲ့သည့် အခွန်ဥပဒေများ ပေါ်လာခြင်းဖြစ်သည်။

လုယန်အမြင်အရ ကျင့်ကြံသူလောကတွင် စက်မှုတော်လှန်ရေးစလုပ်ဖို့ သူ့အတိတ်ဘဝကလို ရေနွေးငွေ့စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထိ တစ်ဆင့်ခြင်းသွားဖို့မလိုဟု ယူဆသည်။

နေစွမ်းအင်ထုတ်ဖို့ တိုက်ရိုက်ခုန်ကူးနိုင်သည်။

နေမင်းဂိုဏ်းအချက်အလက်များလေ့လာစဉ်က သူစိတ်ကူးရခဲ့ခြင်းဖြစ်သည်။ နေမင်းဂိုဏ်းကို ထိုလမ်းကြောင်းသို့ မည်သို့လမ်းညွှန်မှန်းမသိဖြစ်နေစဉ် အခွင့်အရေးက သူ့ဘာသာရောက်လာသည်။

"အသင်းတစ်ခု ပူးပေါင်းတည်ထောင်ပြီး နေစွမ်းအင်နည်းပညာသစ်တွေ တီထွင်ဖန်တီးနိုင်ရင် မဟာရှားက ဒီအသင်းကို အများကြီးထောက်ခံအားပေးလိမ့်မယ်။ အဲလိုဆိုရင် အသားကင်ဆိုင်ရဲ့အခွန်ကိစ္စလည်း ပြဿနာမရှိနိုင်တော့ဘူး။

ပြီးတော့ အသားကင်လုပ်ငန်းမှာ ဝိညာဉ်စွမ်းအင်ကို မီးတောက်စစ်ထဲ အမြဲထည့်နေရတယ်။ နေမင်းဂိုဏ်းရဲ့လေ့လာမှု အကောင်အထည်ပေါ်လာရင် နေစွမ်းအင်သုံးပြီး မီးတောက်စစ်ကိုထိန်းထားနိုင်လာမယ်။ အဲလိုဆို မဟာရှားက အခွန်လျှော့ရုံမက ထောက်ပံ့ကြေးတွေပေါ ပေးလာနိုင်တယ်"

လုယန်စကားကြောင့် မူပိုင်ယိ မျက်လုံးအရောင်လက်လာသည်။ ကောင်းကင်ရုံး‌တော်ဂိုဏ်းနှင့်လက်တွဲခဲ့ခြင်းသည် သူ့ဘဝ၏အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း နားလည်လာသည်။

ချီတာဖုန်းက အတွေးနက်နေသည်။

သူ့ကိုကြည့်၍ လုယန်ပြုံးသည်။

"ဂိုဏ်းချုပ်ချီ၊ ခင်ဗျားဘာတွေးနေလဲ ကျုပ်သိပါတဘ်။ ကိုးငရဲဂိုဏ်းနဲ့ ပူးပေါင်းစရာမလိုဘဲ ကိုယ့်ဘာသာ နေစွမ်းအင်ကို လေ့လာလို့ရနိုင်မလားလို့ တွေးနေတာမဟုတ်လား"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ လုံးဝမဟုတ်ပါဘူး"

ကွက်တိမှန်နေသော်လည်း ချီတာဖုန်း အတင်းငြင်းသည်။

"ကိစ္စမရှိပါဘူး။ လူတွေဟာ အကျိုးအမြတ်ကို စိတ်ယိုင်ကြတာပဲ။ ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်ပါ။ နည်းပညာဖွံ့ဖြိုးရေးအသင်းတည်ထောင်ဖို့ နောက်ခံသန့်ရှင်းဖို့လိုတယ်။ ဒီလောက်ကြီးတဲ့အသင်းအဖွဲ့တစ်ခု မှတ်ပုံတင်ရင် မှတ်ပုံတင်သူရဲ့ နောက်ခံနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့သတ်မှတ်ချက်တွေရှိမယ်။ ဝိညာဉ်ကျောက်တွေလည်း လိုအပ်မယ်။ အနည်းဆုံးတောတ့ စုစည်းခြင်းအဆင့်ရှိဖို့လိုတယ်။

ခင်ဗျားဂိုဏ်းမှာ ဖမ်းဝရမ်းမထုတ်ခံထားရတဲ့လူဆိုလို့ ခင်ဗျားတစ်ယောက်ပဲရှိတာမဟုတ်လား။ ခင်ဗျားက တီးထွင်သူအဖြစ် နာမည်ခံပြီး အသင်းမှတ်ပုံတင်ဖို့ တွေးနေတာလား။ ဒါဆို အခွန်လေးငါးကြိမ်ရှောင်လို့ ခင်ဗျားထောင်ကျခဲ့တဲ့မှတ်တမ်းကို ရုံးတော်စစ်ဆေးရင် ခင်ဗျားတည်ထောင်တဲ့အသင်းအဖွဲ့ကို မယုံသင်္ကာဖြစ်လာကြမယ်"

ချီတာဖုန်း ထိတ်လန့်တုန်လှုပ်သွားသည်။ သခင်လုက သူ့နောက်ခံကို အသေးစိတ်စုံစမ်းထားမည်ဟု မထင်ခဲ့။

အမှန်တော့ မျက်နှာနှစ်ခုဖြင့် သူအမြဲနေထိုင်ခဲ့သည်။ တစ်ခုက မျက်နှာအစစ် တယ်လီစကုတ်တီထွင်သူ ချီကွမ်းထန်။ နောက်တစ်ခုက မျက်နှာအတု နေမင်းဂိုဏ်းချုပ်ချီတာဖုန်း။

ထိုသို့နေသည့်ရည်ရွယ်ချက်က အခွန်ရှောင်ချိန်တွင် နတ်ဆိုးဂိုဏ်း၏ တစ်ခြားဂိုဏ်းဝင်များ သူ့ကိုမှတ်မိသွားပြီး သူ့အကြောင်း လျှို့ဝှက်တိုင်ကြားစေဖို့ဖြစ်သည်။

ဂိုဏ်းသခင်လုက သူ့အကြောင်း ကောင်းကောင်းသိနေသည်။

အမှန်တော့ သူ့အကြောင်းသိသူက လုယန်မဟုတ်ပါ။ ယွမ်ကျိဖြစ်သည်။ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ်က သူ့သရုပ်မှန်ကို ယွမ်ကျိသိခဲ့သည်။

"ကိုးငရဲဂိုဏ်းချုပ်ကို ကြည့်ပါ။ ဆိုင်လုပ်ငန်းပိုင်ရှင် ကျောက်ရိုးကို မဟာရှားက အကြိမ်ကြိမ်ဂုဏ်ပြုခဲ့တယ်။ မဟာရှားရဲ့ယုံကြည်မှုကို အပြည့်အဝရထားတယ်။ သူ့အနေနဲ့ အသင်းတည်ထောင်ရင် အများကြီးဒုက္ခသက်သာမှာပဲ"

မုန်ကျင်းကျိုးက စားပွဲကိုလက်ဖြင့်ရိုက်လျက်

"ဒီအသားကင်လုပ်ငန်းရဲ့ အမြတ်ခြောက်ဆယ်ရာနှုန်းကို ကျုပ်တို့ယူတယ်။ ဒါကြောင့်ခင်ဗျားက ကျုပ်တို့ကို အသင်းကိစ္စတွေမှာ ဝင်မပါစေချင်တာလား"

မုန်ကျင်းကျိုးသည် နတ်ဝိညာဉ်အဆင့်သာရှိသော်လည်း သူ့စကားက ကူးဖြတ်ခြင်းအဆင့်ချီတာဖုန်းအတွက် မိုးကြိုးပစ်သလိုပင်ဖြစ်သည်။

အသားကင်လုပ်ငန်းသည် အပြင်ပန်းတွင် ကိုးငရဲဂိုဏ်းပိုင်ဆိုင်သော်လည်း အမှန်တကယ်တွင် ပိုင်ဆိုင်ခွင့်အများစုကို ကောင်းကင်ရုံးတော်ဂိုဏ်းက ကိုင်ထားကြောင်း သူနားလည်လာသည်။

အသင်းတည်ထောင်သည့်ကိစ္စသည် ဂိုဏ်းနှစ်ခုပူး‌ပေါင်းခြင်းမဟုတ်။ သုံးခုပူးပေါင်းခြင်းဖြစ်သည်။

တစ်ကိုယ်တည်းသွားမည့်သူ့အကြံက ကောင်းကင်ရုံးတော်ဂိုဏ်း၏ စီးပွားရေးကို ဖြတ်တောက်သလိုဖြစ်နေသည်။ ကိုယ့်ကိုယ်ကို အသက်ရှင်ရသည်ကို ငြီးငွေ့နေခြင်းများလားမသိ။

ဤကိစ္စသည် ကောင်းကင်ရုံးတော်ဂိုဏ်းကို မှီခိုခွင့်ရမည့်အခွင့်အရေးအစစ်ဖြစ်သည်။

ချီတာဖုန်း ပြုံးလိုက်သည်။

"သခင်လုနဲ့ အမွေခံသူတော်၊ ကျုပ်မှာ အဲလိုအတွေးမရှိပါဘူး။ ကောင်းကင်ပဲဝါအရှင်ကိုတိုင်တည်ပြီးပြောပါတယ်။ ကျုပ်တစ်ကိုယ်တည်းသွားမယ့်အတွေးမျိုး လုံးဝမရှိပါဘူး"

"အဲလိုဆိုရင်တော့ ကောင်းတာပေါ့"

လုယန် မပွင့်တပွင့်ပြုံး မုန်ကျင်းကျိုးကျောပြင်ကို ပုန်လိုက်သည်။

"စိတ်လျှော့ပါ လောင်လုန်။ ကြည့်ပါ၊ ဂိုဏ်းချုပ်ချီမှာ ဒီလိုအတွေးမျိုးတွေ မရှိပါဘူးကွ"

"ပြီးတာပဲ"

မုန်ကင်းကျိုး အေးစက်စက်နှာခေါင်းရှုံ့သည်။ ထိုလူများနှင့်ဆက်စကားမပြောချင်တော့။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ထရပ်ပြီး လက်ဖက်ရည်ခွက်မြှောက်သည်။ ဂိုဏ်းချုပ်နှစ်ယောက်လည်း အမြန်ထရပ်၍ ခွက်မြှောက်ကြရသည်။

"ဒါဆို့ ကျုပ်တို့သုံးဂိုဏ်းရဲ့ရင်းနှီးမှု အမြဲတည်တံ့ဖို့ ကျုပ်တို့ဆရာကို ဂုဏ်ပြုရအောင်"

"ကောင်းကင်ပဲဝါအရှင်အတွက်"

"ကောင်းကင်ပဲဝါအရှင်အတွက်"

"ကောင်းကင်ပဲဝါအရှင်အတွက်"

လေးယောက်လုံး ခွက်ကုန်မော့၍ ပဲဝါအရှင်ကို လေးစားမှုပြကြသည်။

သိစိတ်နယ်မြေမှ ပဲဝါအရှင်က ထိုမြင်ကွင်းကိုကြည့်၍ အတော်ကျေနပ်နေသည်။

"ခင်ဗျားတို့မှာ တစ်ခြားကိစ္စရှိသေးလား"

လုယန် အကြောတစ်ချက်ဆန့်သည်။

"မရှိတော့ပါဘူး။ မရှိတော့ပါဘူး။ သခင်လုအခုလိုသတိပေးတာ အများကြီး ကျေးဇူးတင်ပါတယ်"

"ကျုပ်က ဉာဏ်တုံးပါတယ်။ ဂိုဏ်းသခင်လုကျုပ်ကို ဉာဏ်အလင်းထပ်ပြပေးဖို့ လိုပါသေးတယ်"

အကျိုးအမြတ်ကိစ္စနှင့် ခြိမ်းခြောက်သည့်စကားများ လုယန်သုံးခဲ့ပြီးနောက် ဂိုဏ်းချုပ်နှစ်ယောက် စိတ်ရင်းအမှန်ဖြင့် သူ့ကိုလေးစားသွားသည်။ သစ္စာမဖောက်သင့်သည့်မဟာမိတ်အဖြစ် သဘောထားကြသည်။

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များ ထွက်သွားကြသည်။

ဂိုဏ်းချုပ်နှစ်ယောက်သည် ကျင့်စဉ်အဆင့်မြင့်သူများဖြစ်၍ သူတို့အကြားအာရုံက သာမန်စုစည်းခြင်းအဆင့်များထက် ပိုထက်မြက်သည်။

အတော်ဝေးဝေးရောက်သွားသည့် သခင်လုနှင့် ဂိုဏ်းမွေခံတို့ပြောနေသည့်စကားကို သူတို့ကြားနေရသည်။

"ဘာလို့သူတို့ကို ဒါတွေအားလုံးပြောပြလိုက်တာလဲ။ သူတို့ပြဿနာ သူတို့ဘာသာဖြေရှင်းပစေပေါ့။ မင်းသူတို့ကို ကူညီရင်လည်း သူတို့က ငါတို့အတွက် ဘာလုပ်ပေးနိုင်မှာမို့လဲ။

ငါတို့က ငွေဒီလောက်ကို ဂရုစိုက်စရာလား။ ရှေးဟောင်းမသေမျိုးလေးယောက်နဲ့ ငါတို့တိုက်ခိုက်တဲ့အချိန် သူတို့ကူညီနိုင်မယ်လို့ မင်းထင်နေတာလား"

"ဘာပဲပြောပြော အရင်တုန်းက ကိုးငရဲနဲ့ငါတို့ ရင်းနှီးခဲ့တယ်လေ။ ကောင်းကင်ရုံးတော်မှာ နေနတ်ဘုရားရဲ့ နေရာတစ်နေရာလည်းရှိတယ်။ ဒီတော့ နည်းနည်းတော့ ဆက်စပ်မှုရှိတာပဲ။

သူတို့ဒီလို အခက်ကြုံနေချိန် နည်းနည်းကူညီပေးတာ ငါတို့အတွက် ဘာမှထိခိုက်မသွားပါဘူး"

"အခုဟာက ဖွံ့ဖြိုးရေးအသင်းကိုဝင်ဖို့ ငါတို့က သူတို့ကိုတောင်းပန်ရသလိုဖြစ်နေတယ်။ အဲဒါကို ငါတို့ကဂရုစိုက်စရာလား။ နေစွမ်းအင်ကို ငါတို့လေ့လာချင်လို့မဟုတ်ဘူး။ သူတို့ကို လမ်းပြပေးရုံပဲလေ။

ငါတို့မရှိရင် နေမင်းဂိုဏ်းက ဘာဆက်လုပ်ရမလဲတောင် သိမှာမဟုတ်ဘူး။ စေတနာကို သူတို့က အလေးမထားဘူးကွ"

"ကဲပါ လောင်လုန်၊ အားလုံးက ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိတာပဲ။ ငါတို့ဘယ်လိုစဉ်းစားလဲ သူတို့သိစရာမလိုပါဘူး"

နောက်ဆုံးတွင် စကားသံများက လေထဲတွင် တိုးညှင်းပျောက်ကွယ်သွားသည်။

ဂိုဏ်းချုပ်နှစ်ယောက် ကိုယ့်ကိုယ်ကို အတော်ရှက်သွားကြသည်။

ကောင်းကင်ရုံးတော်သာ အတိတ်ကရင်းနှီးမှု ထည့်မတွက်ခဲ့လျှင် သူတို့အနေဖြင့် ထိုဂိုဏ်းဝင်များအနားသို့ ကပ်ခွင့်ပင်ရမည်မဟုတ်။

*************************************

All Chapters