← Chapters

မစ်ရှင်

Vol. 47 Ch. 694

မစ်ရှင်

Vol. 47 Ch. 694

"နင်သိလား၊ နေရောင်ကို အလင်းနဲ့အပူရဖို့သုံးတာမျိုးကို ငါရင်းနှီးနေသလိုပဲ။ ငါလည်းအရင်က ဒါမျိုးလုပ်ဖူးတယ်"

နတ်မယ်က အပြန်လမ်းတွင် သက်တောင့်သက်သာအကြောဆန့်ရင်း ပြောသည်။ အိပ်နေရင်း ကျင့်ကြံမှုလုပ်ထားသဖြင့် သူခွန်အားပြန်ပြည့်နေသည်။

ယခုနိုးလာပြီဖြစ်၍ ကျင့်စဉ်ခဏရပ်နားနေချိန်ဟုဆိုရမည်။

"ခင်ဗျားက အိပ်မရဖြစ်နေတာလား။ ရှေးဟောင်းခေတ်မှာလည်း နေရောင်ခြည်စွမ်းအင်ကို သုံးတယ်ပေါ့"

"နေရောင်ခြည်စွမ်းအင်ဆိုတာမျိုးတော့ ငါမကြားဖူးပါဘူး။ ဒါပေမယ့် သုံးပုံသုံးနည်းတော့ ဆင်တူတယ်"

"ဘယ်လိုသုံးတာလဲ"

"နေ့ရောညရော ငါစာဖတ်ရတာ သဘောကျခဲ့တဲ့အချိန်တစ်ချိန် ရှိဖူးတယ်။ ငါ့မျက်လုံးအာရုံက ထူးခြားတော့ အမှောင်ထဲမှာတောင် အားလုံးမြင်ရပါတယ်။ ဒါပေမယ့် ဒီလိုဖတ်တာက သဘာဝပတ်ဝန်းကျင်နဲ့ မလိုက်ဖက်သလိုခံစားရတယ်။

ဒါကြောင့် ရွှေကျီးကန်းတစ်ကောင် ငါဆင့်ခေါ်တယ်။ နေ့ဘက်မှာ သူ့ကိုစွမ်းအင်မတောက်ပအောင် ထိန်းခိုင်းထားတယ်။ ညဘက်ရောက်မှ ငါစာဖတ်ဖို့ မီးထွန်းခိုင်းတယ်။ သူ့အလင်းရောင်က တကယ့်နေ့ခင်းလိုပဲ လင်းထိန်နေတာ။

တစ်ခါတစ်လေ ချက်ပြုတ်နေရင်း အပူရှိန်မလုံလောက်ရင် ရွှေကျီးကန်းတစ်ကောင်ခေါ်ပြီး မီးအရှိန်ကောင်း‌အောင် ကူပြီးယပ်ခတ်ခိုင်းတယ်။ အခမဲ့အကူအညီတောင်းတာတော့ မဟုတ်ပါဘူး။ အစားအသောက်စားသွားဖို့ ငါအမြဲဖိတ်ခေါ်ပါတယ်။

"ကျုပ်တို့ပြောနေတဲ့ နေစွမ်းအင်အသုံးပြုတွေချင်းက မတူဘူးထင်တယ်နော်"

"ငါတော့ တူတယ်လို့ထင်တယ်။ နင်ကြည့်လေ။ ငါအရင်ဆုံး နေစွမ်းအားကို ထိန်းသိမ်းသိုလှောင်တယ်မဟုတ်လား"

"ဟုတ်တယ်"

"သိုလှောင်ပြီးတော့ ပြန်ထုတ်လွှတ်ခိုင်းတယ်မဟုတ်လား"

"ဟုတ်တယ်"

နတ်မယ် လက်ခုပ်တစ်ချက်တီးသည်။

"ကြည့်လေ အတူတူပါပဲ"

လုယန်စိတ်ရှည်ရှည်ထား၍ ကွဲပြားချက်ကို ရှင်းပြရသည်။

"ကျုပ်ပြောနေတဲ့ နေစွမ်းအင်ဆိုတာ အလင်းနဲ့အပူအတွက်ပဲ သုံးတာမဟုတ်ဘူး။ ရေကိုလည်းအပူပေးနိုင်တယ်။ မြင်းနေရာမျာအစားထိုးပြီး ကားတွေကိုလည်းစွမ်းအင်ပေးနိုင်တယ်"

"ငါ့နေစွမ်းအားလည်း အဲလိုလုပ်နိုင်တာပဲ။ ရွှေကျီးကန်းကို ရေနွေးကျိုခိုင်းလို့ရတယ်။ သူ့အပေါ်တက်စီးပြီး ဟိုနားဒီနား လှည့်ပျံသန်းခိုင်းလို့ရတယ်လေ"

လုယန် "..."

ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ကြသည်။

လုယန်က နတ်မယ်ကို နေစွမ်းအင်အကြောင်း ကြိုးစားရှင်းပြနေသည်။

မုန်ကျင်းကျိုးက နေမီးဂိုဏ်းပေးလိုက်သည့် နေစွမ်းအင်စုပ်ယူနည်းကျင့်စဉ်ကို လေ့လာနေသည်။

ကျင့်စဉ်ကျမ်းထဲတွင် ရင်ဘတ်ဗလာလူတစ်ယောက် လက်နှစ်ဘက်ဘေးသို့ကားပြီး နေဆီမျက်နှာမူထားသည်။ နေအလင်းကို သူ့အရေပြားအားလုံးပေါ် ကျစေသည်။

ရုပ်ပုံများက အသက်ဝင်လှသည်။ နားလည်ဖို့ လွယ်ကူသည်။

ပုံများဘေးတွင် ထိုသို့ကျင့်ကြံဖို့ တစ်ကိုယ်လုံးအဝတ်ချွတ်ရမည်။ အထူးသဖြင့် ပေါင်ခွကြားတစ်ဝိုက် အဝတ်လုံးဝမရှိရ။ ကျင့်စဉ်နည်းလမ်းတို့တွင် ရှက်ကြောက်စရာမလိုဟု ဖော်ပြထားသည်။

အကြောင်းပြချက်က ခိုင်မာသည်။ ပေါင်ခွကြားနေရာကိုလည်း ကျင့်ကြံသင့်သည်မဟုတ်လော။

ထို့ပြင် နေပူလှုံသည့် အနေအထားမျိုးစုံ ဖော်ပြထားသည်။

နေမင်းဂိုဏ်းသည် အတွေးအခေါ်စေ့စပ်သည်။ ယောက်ျားများကျင့်ကြံနည်းအပြင် မိန်းများကျင့်ကြံနည်းလည်းရှိသည်။

လက်ထဲမှစာအုပ်နှစ်အုပ်ကိုကြည့်၍ မုန်ကျင်းကျိုး အသံတိတ်နေသည်။

ဒုတိယစာအုပ်အဖုံးတွင် ရင်ဘတ်ဗလာမိန်းမတစ်ယောက်ပုံရှိသည်။ စာအုပ်ကိုဖွင့်သင့်မဖွင့်သင့် စဉ်းစားနေသည်။

ခင်ဗျားတို့ဂိုဏ်းရဲ့ ကျင့်ကြံနည်းတွေကို လေ့လာသူနည်းတာ မဆန်းတော့ပါဘူး...

သဘာဝရောကျလို့လား...

ကောင်းကင်ဘုရင်လေးယောက်က သူတို့နှစ်ယောက်ကို ဂိုဏ်းဂိတ်တံခါးတွင်ချပေးပြီး သက်ဆိုင်ရာတောင်ထိပ်များသို့ ပြန်သွားသည်။

"ငါတို့ဂိုဏ်းမှာ လူပိုနည်းနေတယ်မထင်ဘူးလား"

လုယန်ကမေးသည်။ လမ်း‌ပေါ်တွင်ရော မစ်ရှင်ခန်းမတွင်ပါ ဂိုဏ်းတပည့်များ ခါတိုင်းထက်နည်းနေသည်။

"ဟုတ်တယ်၊ မင်းပြောမှသတိထားမိတယ်"

ခရီးစဉ်အခြေအနေသတင်းပို့ရန် အကိုတိုင်ဆီ သူတို့သွားသည်။

"အကိုတိုင်၊ ကျုပ်တို့ဆက်သွယ်ခဲ့တဲ့အခြေအနေအကျဉ်းချုပ်က ဒီလိုပါ...."

သူတို့ အစီရင်ခံပြီးချိန်တွင် တိုင်ပုဖန်နည်းနည်းအတွေးလွန်နေသည်ကို သတိထားမိသည်။ တစ်ခြားကိစ္စများသို့ စိတ်ရောက်နေဟန်ရှိသည်။

"အကိုတိုင်.."

"အာ...ဟုတ်ပြီလေ။ မင်းတို့လုပ်ခဲ့တာကောင်းပါတယ်။ ဂိုဏ်းနှစ်ခုကလာဘ်ထိုးတဲ့ လက်ဆောင်တွေက မင်းတို့အစွမ်းအစကြောင့်ရတာဖြစ်လို့ ဂိုဏ်းကိုလွှဲပေးစရာမလိုဘူး"

ထို့နောက် စိတ်ထဲတွင် တစ်ခုခုလွန်ဆွဲနေဟန်ဖြင့် သူတို့ကိုစိုက်ကြည့်နေသည်။

နောက်ဆုံးတွင် ပင့်သက်တစ်ချက်ရှိုက်၍ ဆုံးဖြတ်ချက်ချသည်။

"မင်းတို့ပြန်လာတာ အချိန်ကိုက်ပဲ။ မင်းတို့လုပ်ရမယ့် တာဝန်တစ်ခုရှိတယ်"

"တာဝန်...ဟုတ်လား"

တိုင်ပုဖန် စာအုပ်ငယ်တစ်အုပ် သူတို့ရှေ့သို့ ထိုးပေးသည်။ လူငယ်သေမျိုးတစ်ချို့အကြောင်း မှတ်တမ်းတင်ထားသည်။

"ဒီလူတွေက..."

"ဒီနှစ် ဂိုဏ်းဝင်အဖြစ်ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့လူတွေပါ။ အဲလိုမခေါ်ခင် သူတို့စာရိတ္တကို စောင့်ကြည့်စစ်ဆေးရမယ်။ ငါတို့ဂိုဏ်းရဲ့သတ်မှတ်ချက်တွေ ကိုက်ညီသလား၊ ကျင့်ကြံနိုင်သလား ဆိုတာတွေကြည့်ရမယ်။

ကိုက်ညီတယ်ဆိုရင် ဒီနှစ် ဒုတိယလ ဒုတိယရက်မှာ ဝင်ခွင့်လာဖြေဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့ပါ"

အဆင့်တက်ခါနီး ကျင့်စဉ်ဝင်နေသည့် ဂိုဏ်းတပည့်များ၊ တစ်ခြားမစ်ရှင်သွားနေသူများ၊ ဂိုဏ်း၏အဓိကစီမံရေးလုပ်ငန်းများထိန်းသိမ်းဖို့ ဂိုဏ်းတွင်နေရသူများ၊ လေဟာနယ်သန့်စင်အဆင့်များမှလွဲလျှင် တာအိုလမ်းစဉ်ဂိုဏ်းတပည့်အများစုကို ရွေးချယ်ခံများ၏ စာရိတ္တကို စောင့်ကြည့်စစ်ဆေးဖို့ တိုင်ပုဖန်စေလွှတ်ထားသည်။

စာရိတ္တစောင့်ကြည့်သည့်အလုပ်သည် တစ်ရက်နှစ်ရက်တည်းဖြင့် အကျိုးထူးမည်မဟုတ်။ အနည်းဆုံး တစ်လတော့ကြာမည်။ အများဆုံး နှစ်ဝက်လည်းကြာနိုင်သည်။ ထို့ကြောင့် ထိုမစ်ရှင်ကို နှစ်ကြိမ်လုပ်နိုင်သူ ရှိမည်မထင်။

ထို့ကြောင့် လုယန်နှင့်မုန်ကျင်းကျိုးကိုပါ စေလွှတ်ရခြင်းဖြစ်သည်။

ထိုသို့လွှတ်ရခြင်းကြောင့်လည်း သူအတော်စိတ်မအေးဖြစ်နေသည်။

တစ်ခြားတာဝန်များသာ ရှိမနေလျှင် ထိုနှစ်ယောက်ကို စေလွှတ်မည့်အစား မစ်ရှင်ကို သူကိုယ်တိုင်သာ သွားလုပ်လိုက်ချင်သည်။

ထိုနှစ်ယောက် ဘာပြဿနာရှာဦးမည်ကို ဘယ်သူမှမသိနိုင်။

"ဪ အဲလိုလား"

လုယန် ယုံကြည်ချက်အပြည့်ဖြင့်ပြုံး၍ ရင်ဘတ်ကိုပုတ်ပြီး အာမခံသည်။

"ဘာမှစိတ်မပူပါနဲ့ အကိုတိုင်။ ကျုပ်တို့အကြောင်းလည်းသိတယ်ဟုတ်လား။ တာဝန်သေချာပေါက် ပြီးမြောက်စေရမယ်"

တိုင်ပုဖန် သက်ပြင်းချသည်။ ထုံးစံအတိုင်း မထွက်ခွာမီ သတိပေးသည်။

"စာရင်းထဲမှာမပါပေမယ့် ငါတို့ဂိုဏ်းရဲ့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လူတွေတွေ့ရင်လည်း ငါ့ကိုအသိပေးပါ"

"ဟုတ်ကဲ့ပါ"

"ဒါနဲ့...ဂိုဏ်းဝင်တစ်ယောက်ရဲ့ စာရိတ္တနဲ့ပတ်သက်ပြီး ငါတို့ဂိုဏ်းကသတ်မှတ်ချက်တွေကို မင်းတို့သိလား"

"ရိုးသားဖို့နဲ့ စည်းကမ်းရှိဖို့"

"ကျင့်စဉ်လမ်းမှာ အာရုံစိုက်ဖို့"

တိုင်ပုဖန် နည်းနည်းစိတ်သက်သာရာရသွားပြီး ခေါင်းငြိမ့်သည်။

"မင်းတို့သွားလို့ရပြီ"

...

မြင်းရထားထဲတွင် နှစ်ယောက်သား စာရင်းစာအုပ်ငယ်ကို ဖတ်ကြည့်ကြသည်။ သေမျိုးသုံးယောက်အကြောင်း ဖော်ပြထားသည်။ အားလုံး အသက်ဆယ့်ငါးနှစ်ဝန်းကျင််ဖြစ်သည်။

"ယွီကျိုးက ကိုးနဂါးမြို့ကို အရင်သွားရအောင်။ အဲဒါ ငါတို့နဲ့ အနီးဆုံးပဲ"

မုန်ကျင်းကျိုးက ပထမစာမျက်နှာမှလူငယ်၏ အချက်အလက်များကို လက်ညှိုးထိုးပြသည်။

ထိုကောင်လေးနာမည်က ရှဲ့အန်း။

ဂိုဏ်းတူအကိုတစ်ယောက် ကိုးနဂါးမြို့သို့ မစ်ရှင်ထွက်စဉ်က တွေ့ခဲ့သူဖြစ်သည်။ မစ်ရှင်က မကောင်းမှုများစွာ လုပ်ခဲ့သည့် ဝတ်ရုံနီသရဲကို ရှင်းလင်းရခြင်းဖြစ်သည်။

သေချာစစ်ဆေးရှာဖွေပြီးနောက် ထိုအကိုက ဝတ်ရုံနီသရဲကို တွေ့သည်။ သေမျိုးများပြည့်နက်နေသည့်နေရာတွင် စွမ်းအားပြည့်ထုတ်မသုံးရဲ။ သရဲကလည်း သူအဖြစ်ကို ရိပ်မိသဖြင့် သေမျိုးများအသက်ကို အကာအကွယ်ယူပြီး ထွက်ပြေးရန်ကြိုးစားသည်။

ဝတ်ရုံနီသရဲ ဓားစာခံခေါ်သူက ရှဲ့အန်းဖြစ်သည်။

ထိုသို့သေရေးရှင်ရေးကြုံချိန်တွင် အလွန်ခိုင်မာည့်စိတ်ဓာတ်ကို ရှဲ့အန်းပြသခဲ့သည်။ ဝတ်ရုံနီသရဲဆွဲခေါ်ခံရသော်လည်း သူကြောက်လန့်ခြင်းမရှိ။ သရဲကိုပင် ဒေါသထွက်အောင် ဆဲဆိုခဲ့သည်။ ထိုအဖြစ်ကြောင့် သရဲနီ၏ထိန်းချုပ်မှုတွင် ဟာကွက်ပေါ်လာပြီး ဂိုဏ်းတူအကိုက သတ်ဖြတ်နိုင်ခဲ့သည်။

ထိုစဉ်က ရှဲ့အန်းအသက် ငယ်သေးသည်။ ဝိညာဉ်မြစ်စမ်းသပ်ဖို့ အရွယ်မရောက်သေး။ သူ့မွေးရာပါအရည်အချင်းများက ဘယ်လိုရှိမည်မသိခဲ့။

"ကြည့်ရတာ ဒီရှဲ့အန်းက ကျင့်စဉ်လမ်းဝင်ဖို့သင့်တော်တဲ့ မျိုးဆက်သစ်‌လေးဖြစ်မယ်"

လုယန်ပြုံး၍ပြောသည်။

အန္တရာယ်ကြုံချိန်တွင် မတုန်လှုပ်ဘဲနေနိုင်သည့်စိတ်မျိုး ကျင့်ကြံသူအတော်များများတွင် မရှိကြ။ ထိုစိတ်ဓာတ်ခွန်အားမျိုးရှိမှသာ ရှင်သန်နိုင်မည်။

သူနှင့်မုန်ကျင်းကျိုးသည် ထိုစိတ်ဓာတ်စွမ်းရည်မျိုးပိုင်ဆိုင်သည်။

************************************

All Chapters