← Chapters

စောစောကြိုပြောပေးပါ

Vol. 47 Ch. 695

စောစောကြိုပြောပေးပါ

Vol. 47 Ch. 695

ယွီကျိုးနယ် ကိုးနဂါးမြို့သည် တိုးတက်မှုအသင့်အတင့်ရှိသည်။ မြို့တော်သခင်သည် စွမ်းအားအမြင့်ဆုံးဖြစ်သည်။ ဝိညာဉ်ပြောင်းအခြေခံအဆင့်ဖြစ်သည်။

မြို့ပြင်တွင် လျှို့ဝှက်မြေတစ်ခုရှိသည်ဟုဆိုသည်။ သို့သော် ဘယ်သူမှရှာမတွေ့ခဲ့ကြ။ ထို့ကြောင့် ထိုအကြောင်းက ယုံတမ်းစကားတစ်ခုလိုဖြစ်လာသည်။

ထို့ပြင် နာမည်ကျော်ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းရှိသည်။ ရှေးဓားဂိုဏ်း၊ နေတက်ဂိုဏ်းနှင့် တိမ်ပြာနန်းတော်ဖြစ်သည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများကြီးမှူးသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့သည် နတ်ဝိညာဉ်အဆင့်များဖြစ်၍ ကိုးနဂါးမြို့ထဲတွင် အနှောက်အယှက်မရှိ သွားလာနိုင်သည်။ သူတို့ကိုလမ်းပိတ်မည့်သူမရှိ။

သို့သော် သူတို့သည် ပြဿနာရှာတတ်သူများမဟုတ်။ မစ်ရှင်တစ်ခုဖြင့်ရောက်လာခြင်းဖြစ်သည်။ ပုန်းကွယ်စောင့်ကြည့်ရုံဖြင့် လူတစ်ယောက်၏ အကျင့်စရိုက်ကို အကဲဖြတ်နိုင်သည်။

"ဒီဘက်ခြမ်းမှာဖြစ်လောက်မယ်"

မုန်ကျင်းကျိုးက လောင်မာကို မြင်းဇောင်းတွင်ထားခဲ့ပြီး လုယန်နှင့်အတူ လူရှာထွက်သည်။

"အချက်အလက်အရ ရှဲ့အန်းမှာမိဘမရှိဘူး။ မြို့ပြင် ဘုံကျောင်းပျက်မှာနေတယ်တဲ့"

ရထားသည့် သဲလွန်စအတိုင်း ဘုံကျောင်းပျက်သို့ ရောက်လာကြသည်။

ဘုံကျောင်းခုံးမိုးက ပြိုကျမတတ်ဖြစ်နေသည်။ ရေးထားသည့်စာလုံးများ မမြင်ရတော့။ ‌ဘယ်လောက်သက်တမ်းရှိခဲ့မှန်း မသိရ။ ဘာကြောင့် ဘုန်းကြီးများ ပြောင်းရွှေ့သွားမှန်း မသိရ။

ဘုံကျောင်းငယ်ထောင့်စွန်းတိုင်းက လေစိမ်းများဝင်နေသည်။ ကြာပလ္လင်ပေါ်တွင် ဗုဒ္ဓရုပ်ထုလည်းမရှိ။

ကြာပလ္လင်ရှေ့ မြေပြင်ပေါ်တွင် မြက်ခြောက်များပြည့်နေသည်။ အလယ်တွင် ငြိမ်းနေသည့်မီးဖိုရှိသည်။

ရှဲ့အန်းကိုမမြင်ရ။ သူတောင်းစားအိုတစ်ယောက် မြေပြင်ပေါ်တွင် ပျင်းပျင်းရိရိ လဲလျောင်းနေသည်။ ဦးခေါင်းကို လက်တစ်ဘက်ထောက်၍ တစ်ခြားလက်တစ်ဘက်ဖြင့် ပိုးမွှားများကို ခါထုတ်နေသည်။

အဘိုးအို သူတို့ကိုမြင်လျှင် ရှဲ့အန်းလည်း သူတို့ရှိကြောင်းသိသွားမည်။ စောင့်ကြည့်အကဲခတ်ဖို့ ခက်ခဲသွားမည်။

အခြေအနေကိုသုံးသပ်ပြီးနောက် လုယန်ပြောသည်။

"နည်းနည်းထပ်စောင့်ကြတာပေါ့။ အိပ်ယာခင်းသေသေသပ်သပ်ခေါ်ထားတာကို ကြည့်ပါ။ သူတောင်းစားအိုခေါက်ထားတာတော့ မဖြစ်နိုင်ဘူး။ ရှဲ့အန်းပဲဖြစ်မယ်။ သူအပြင်ထွက်သွားရင်တောင် ဝေးဝေးသွားတာမဟုတ်လောက်ဘူး"

မှန်သည်။ ညနေစောင်းချိန်တွင် ဖုန်အလူးလူးဖြစ်နေသည့်ရှဲ့အန်းကို ‌ကောင်မလေးတစ်ယောက်က ဘုံကျောင်းထဲသို့ တွဲခေါ်လာသည်။

ထိုအဖြစ်ကိုကြည့်ပြီး သူတောင်းစားအိုက သဘောကျသွားဟန်ရှိသည်။

"မင်းက ရှေးဓားဂိုဏ်းကို သွားတာလား။ သူတို့က မင်းကိုလက်ခံမှာမဟုတ်ဘူးလို့ ငါပြောသားပဲ"

ရှဲ့အန်း အသံတိတ်နေသည်။ သို့သော် ကောင်မလေးက မကျေမနပ်ပြောသည်။

"တရားလွန်လွန်းတယ်။ သူတို့က အကိုရှဲ့ရဲ့ ဝိညာဉ်မြစ်ကိုတောင် မစမ်းကြည့်ဘူး။ သူ့အဝတ်အစားစုတ်ပြဲနေတာကိုပဲကြည့်တယ်။ ကျင့်စဉ်ပါရမီမရှိဘူးလို့ တန်းပြောပြီး ဂိုဏ်းထဲကဆွဲထုတ်ကြတယ်"

ကောင်မလေး၏ အဝတ်အစားများကလည်း ညစ်ပတ်ပေရေနေသည်။ မြေကျင်းထဲမှ ဆွဲထုတ်ထားသယောင်ထင်ရသည်။

ထိုကောင်မလေးကိုသာ သန့်ရှင်းပေးပြီး အဝတ်အစားကောင်းကောင်း ဝတ်ပေးလျှင် လှပသည့်မိန်းမငယ်တစ်ယောက်ဖြစ်လာမည်ကို လုယန်ရိပ်မိသည်။

သူတောင်းစားအိုက သမ်းတစ်ချက်ဝေလျက်

"ဝိညာဉ်မြစ်ကျောက်တုံးက ဈေးကြီးတယ်။ အသုံးပြုနိုင်တဲ့အရေအတွက်လည်း အကန့်အသတ်ရှိတယ်။ ဘယ်သူက မင်းကိုစမ်းသပ်ပေးချင်မှာလဲ"

ရှဲ့အန်း မျက်မှောင်ကျုံ့သွားသော်လည်း ဘာမှမပြော။

"ကဲ မျက်နှာစူပုပ်မနေနဲ့။ ငါဒီနေဘာရထားလဲကြည့်ဦး"

မျက်လှည့်ပြလိုက်သကဲ့သို့ သူတောင်းစားအိုက ဘန်းမုန့်ဖြူကြီးသုံးခု ထုတ်လိုက်သည်။

လုယန်တို့နှစ်ယောက် တစ်နေကုန်စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ ထိုသူတောင်းစားအိုသည် နေရာမှ လုံးဝမလှုပ်ခဲ့။

"ဘန်းမုန့်တွေ"

ကောင်မလေး၏မျက်လုံးများ အရောင်လက်လာသည်။

အဘိုးအိုနှင့်ကလေးနှစ်ယောက် မီးပုံဘေးတွင် ဘန်းမုန့်ကို မြိန်ရည်ရှက်ရည် စားကြသည်။

စားနေရင်းတန်းလန်းတွင် ရှဲ့အန်းက ရုတ်တရက်

"ညီမချောင်အာ၊ ငါမနက်ဖြန် နေတက်ဂိုဏ်းကို သွားကြည့်မယ်"

ရှဲ့အန်းမျက်လုံးများက ပြတ်သားသည်။

"ကောင်းတယ်၊ ကျွန်မလည်း အကိုရှဲ့နဲ့လိုက်မယ်"

သူတောင်းစားက ရှဲ့အန်းကိုကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့သည်။

ဘန်းမုန်စားပြီးနောက် သူတောင်းစားအိုက ရှဲ့အန်းကို ဘေးသို့ဆွဲထုတ်သည်။ မြက်ခြောက်များကိုရှင်းသည်။ ကျောက်တုံးများဖြင့် ရေးခြစ်ထားသည့် ကျားခုံအကြမ်းထည်တစ်ခုပေါ်လာသည်။

သူတောင်းစားအိုက အဖြူအနက်ကျောက်စရစ်တုံးလက်တစ်ဆုပ်ကို ထုတ်သည်။

"လာပါကောင်လေး၊ ငါနဲ့ ကျားပွဲနှစ်ပွဲလောက်ကစားရအောင်"

ရှဲ့အန်းက လက်ခံသည်။ အဘိုးအိုနှင့်လူငယ် ကျားပွဲတွင် အာရုံနစ်သွားသည်။ ချောင်အာက ဘေးမှကြည့်သည်။

ငါးပွဲပြီးသွားသည်။ ရှဲ့အန်းက ပွဲတိုင်းနိုင်သည်။ သူတောင်းစားအို အကြီးအကျယ်စိတ်ပျက်သွားသည်။

တစ်ညတာကုန်လွန်သွားသည်။ သူတောင်းစားအို အိပ်ယာမထသေးမီ ရှဲ့အန်းနှင့်ချောင်အာတို့ နေတက်ဂိုဏ်းဆီ ဦးတည်သွားသည်။ လုယန်တို့ နောက်မှပုန်းကွယ်၍လိုက်ကြသည်။

နေတက်ဂိုဏ်းဂိတ်တံခါးတွင် ရှဲ့အန်းက လာရင်းရည်ရွယ်ချက်ကိုပြောပြီး ဝိညာဉ်မြစ်စမ်းသပ်ချင်ကြောင်းပြောသည်။ သို့သော် တံခါးစောင့်ဂိုဏ်းတပည့်နှစ်ယောက်က ရှဲ့အန်းကို နှာခေါင်းရှုံ့သည်။

"သွားစမ်းကွာ၊ ထွက်သွားစမ်း။ ဒီသူတောင်းစားလေး ဘယ်ကလာတာလဲ။ မင်းလိုကောင်မှာ ဝိညာဉ်မြစ်ရှိနိုင်ပါ့မလားကွ။ နတ်ဝိညာဉ်ဘိုးဘေးပျောက်နေတဲ့ တိမ်ပြာနန်းတော်တောင် မင်းကိုလက်ခံချင်မှာမဟုတ်ဘူး"

နောက်တစ်ကြိမ် ရှဲ့အန်း မြေပေါ်သို့တွန်းချခံရသည်။

သူဘာမှမပြော။ ရှက်စိတ်ကိုသည်းခံသည်။ နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားသည်။

ယနေ့သူ့ကိုအရှက်ခွဲသည့်အတွက် အဆတစ်ရာပြန်ပေးဆပ်စေရမည်။

ထိုညနေတွင် ရှဲ့အန်းကို ချောင်အာက ဘုံကျောင်းသို့ ပြန်တွဲခေါ်လာသည်။ သူတောင်းစားအိုက အရင်အတိုင်း လှောင်ပြုံးပြုံးနေဆဲဖြစ်သည်။

"ငါပြောသားပဲ။ ဘယ်သူမှ မင်းလိုလူကို လက်ခံချင်မှာမဟုတ်ဘူးလို့"

မနေ့ကအတိုင်းပင် ဘန်းမုန့်စားပြီး ကျားကစားသည်။

သူတောင်းစားအို ထပ်ရှုံးနေပြန်သည်။

ငါးပွဲမြောက်ရှုံးခါနီးတွင် သူတောင်းစားအိုက

'ရှဲ့အန်း၊ မင်းတကယ်ကျင့်ကြံချင်လား"

ရှဲ့အန်း အလေးအနက်ခေါင်းငြိမ့်သည်။

"ကောင်မလေး၊ မင်းကရောဘယ်လိုလဲ။ ဓားပြတွေလက်ထဲကနေ သူမင်းကိုကယ်ခဲ့ပြီးနောက်ပိုင်း တစ်ချိန်လုံး သူ့နောက်ကိုမင်းလိုက်နေခဲ့တာ။ မင်းရောကျင့်ကြံချင်လား"

"အကိုရှဲ့သွားတဲ့နေရာတိုင်းကို ချောင်အာလိုက်မယ်"

သူတောင်းစားအိုက ချောင်အာမျက်လုံးကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ရယ်လိုက်သည်။

"ကောင်းတယ်။ သိပ်ကောင်းတယ်။ မင်းတို့နှစ်ယောက်ကို ငါအကဲခတ်မမှားခဲ့ဘူး။ မင်းတို့က ကျင့်ကြံဖို့ ထူးခြားတဲ့စွမ်းရည်နဲ့ မွေးလာကြတာပဲ"

သူတောင်းစားအိုက တံဆိပ်တစ်ခုဆွဲထုတ်၍ ရှဲ့အန်းဆီ ပစ်ပေးသည်။

"ဒါကဘာလဲ"

ရှဲ့အန်း နားမလည်နိုင်အောင်ဖြစ်သွားသည်။

"ဒီတံဆိပ်ကို မနက်ဖြန် တိမ်ပြာနန်းတော်ကိုယူသွားပါ။ မင်းကိုဘယ်သူမလေးမစားလုပ်ရဲသလဲ ကြည့်ရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် သူတောင်းစားအိုသဏ္ဌာန်က မှေးမှိန်လာပြီး တဖြေးဖြေးပျောက်ကွယ်သွားသည်။

"နေပါဦး၊ ခင်ဗျားက ဘယ်သူလဲ"

ရှဲ့အန်း အဘိုးအိုကိုလှမ်းဆွဲရန် ကြိုးစားသည်။ သို့သော် အဖြူရောင်မီးခိုးငွေ့ကိုသာ ဖမ်းမိသည်။

"တိမ်ပြာနန်းတော်ကိုရောက်တဲ့အခါ ငါဘယ်သူလဲမင်းသိပါလိမ့်မယ် ဟားဟားဟား"

သူတောင်းစားအို ပျောက်ကွယ်သွားသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ အသံတိတ်နေသည်။

သူတို့ထင်မထားကြ။ သေချာသည်။ ထိုအဘိုးအိုသည် ပျောက်ဆုံးသွားသည်ဟူသည့် တိမ်ပြာနန်းတော်မှနတ်ဝိညာဉ်ဘိုးဘေးဖြစ်မည်။ ရှဲ့အန်းကို အမှတ်မထင်တွေ့ပြီး တပည့်အဖြစ်လက်ခံလိုခြင်းဖြစ်မည်။

ယခုသူတို့ လူလုံးထွက်မပြလျှင် ရှဲ့အန်းသည် တိမ်ပြာနန်းတော်၏တပည့် ဖြစ်လာတော့မည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် သိက္ခာအကျခံပြီး ထိုမထင်မရှားဂိုဏ်းနှင့် တပည့်ပြိုင်လု၍မဖြစ်။

လေဟာနယ် တွန့်လိမ်သွားပြီး သဏ္ဌာန်နှစ်ခုပေါ်လာသည်။ သူတို့အဝတ်အစားများက တောက်ပသန့်ရှင်းသည်။ ဘုံကျောင်းပျက်ပတ်ဝန်းကျင်နှင့် လုံးဝမလိုက်ဖက်။

"ခင်ဗျားဘယ်သူလဲ"

ရှဲ့အန်းက လုယန်တို့နှစ်ယောက်ကို သတိဖြင့်ကြည့်နေပြီး ချောင်အာရှေ့တွင် ကာကွယ်ထားသည်။

လုယန်က ပြုံးလျက်

"မကြောက်ပါနဲ့။ ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ"

ထိုစဉ် သိစိတ်နယ်မြေက နတ်မယ်က ရုတ်တရက်ပြောသည်။

"ဪ ဒီကောင်လေးက ရုပ်ဖျက်ထားတဲ့ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ပဲ"

လုယန်၏အပြုံး ရပ်တန့်သွားသည်။

ခင်ဗျား ဒီထက်နည်းနည်းလေးစောပြီး ကြိုပြောလို့မရဘူးလား နတ်မယ်ရယ်...

"နင်သူ့ကို ဂိုဏ်းနှစ်ပတ်လည်ပွဲမှာ မြင်ဖူးပြီးသားပါ။ သူက မဟာထိပ်သီးဂိုဏ်းဖြစ်တဲ့ ဝူကျိဂိုဏ်းက မဟာအကြီးအကဲဝူကျိကျန်းလေ"

"..."

ခင်ဗျားတို့လို အဓိပဓိကြီးတွေက သာမန်လူလိုဟန်ဆောင်ရတာကို အဲလောက်တောင်သဘောကျတာလား...

ရှဲ့အန်းသရုပ်မှန်ကို နားလည်သွားသဖြင့် လုယန်စိတ်ထဲ အတွေးများပြေးလွှားနေည်။

လက်ရှိအခြေအနေရ သူမရှိလျှင် ရှဲ့အန်းသည် တိမ်ပြာနန်းတော်သို့ ဝင်မည်။

ထိုဂိုဏ်းမှ တပည့်များက ရှဲ့အန်းကို အနိုင်ကျင့်အရှက်ခွဲမည်။ ဂိုဏ်းတံဆိပ်ကို ကောက်ရသည်ဟုပင် တစ်ချို့က ထင်ကြနိုင်သည်။ ထို့နောက် ရှဲ့အန်း ကြိုးစားလေ့ကျင့်မည်။ တပည့်တစ်အုပ်ကို အနိုင်ယူပြမည်။ အားလုံးအံ့အားသင့်သွားမည်။

ထို့နောက် အပြင်ဂိုဏ်းတပည့်အဆင့်မှ အတွင်းဂိုဏ်းတပည့်ဖြစ်လာမည်။

အကြီးအကဲများက အကျိုးအမြတ်ပြိုင်ဆိုင်၍ ရှဲ့အန်းကို အကောက်ကြံမည်။

ဂိုဏ်းချုပ်က အားနည်းသဖြင့် သူ့ကိုကာကွယ်မပေးနိုင်။

ထိုအချိန်တွင် သူတောင်းစားအို (ဂိုဏ်းဘိုးဘေး)ပေါ်လာပြီး အားလုံးရှေ့တွင် ရှဲ့အန်းကို တပည့်အဖြစ်လက်ခံမည်။ လူအုပ်ကြီးအံ့ဩသွားမည်။

နောက်ပိုင်းတွင် ရှဲ့အန်းက တိမ်ပြာဂိုဏ်းကိုဦးဆောင်၍ တစ်ခြားမဟာဂိုဏ်းနှစ်ခုကို အနိုင်ယူပြီး ကိုးနဂါးမြို့တွင် စွမ်းအားအကြီးဆုံးဂိုဏ်းဖြစ်လာမည်။

မြို့ပြင်မှ လျှို့ဝှက်နယ်မြေကိုပင် သူတွေ့သွားနိုင်သည်။ အခွင့်ထူးတစ်ခုရမည်။ ပိုစွမ်းအားကြီးဖို့ အကြောင်းရင်းသစ်တစ်ခု ဖြစ်လာမည်။

ထို့နောက် ကောင်းကင်တက်၍ နာမည်ကျော်မည်။

မုန်ကျင်းကျိုးက ရှဲ့အန်းကို ဝိညာဉ်မြစ်စမ်းသပ်ချင်သလားဟု ချိုချိုသာသာမေးနေဆဲဖြစ်သည်။ လုယန်က ရုတ်တရက် ကြားဖြတ်မေးသည်။

"ခင်ဗျားက ဘိုးဘေးဝူကျိကျန်းလား"

မုန်ကျင်းကျိုးတစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အသံတိတ် နောက်သို့ပြန်ဆုတ်သည်။

ထိုကိစ္စမျိုးတွင် လုယန်မမှားနိုင်မှန်း သူသိနေသည်။

ရှဲ့အန်းမျက်နှာ အေးစက်သွားသည်။

"ယွမ်ကျိသင်ပေးထားတဲ့တပည့်က မဆိုးဘူးပဲ။ ငါ့သရုပ်မှန်ကို ထိုးဖောက်မြင်နိုင်တယ်"

ယွမ်ကျိအကြောင်းပြောမှ လုယန် ရုတ်တရက်ပြန်သတိရလာသည်။ အမသုံး တစ်ခါပြောဖူးသည်။ ထိပ်သီးစွမ်းအားရှင်များသည် တိုက်ပွဲရှုံးနိမ့်လျှင် တာအိုနှလုံးပျက်စီးသွားသည်။

ထိုတာအိုနှလုံးပြန်တည်ဆောက်ရန် သာမန်လူအဖြစ်ဘဝပြန်စပြီး ကိုယ်စွမ်းပြကြသည်။ အနိုင်ကျင့်ကြသည်ဟူ၏။

ဝူကျိကျန်းက ထိုအခြေအနေမျိုးကြုံခဲ့သလော...

သို့သော် အချိန်အပိုင်းအခြားအရတွေးလျှင် ဖြစ်နိုင်စရာမရှိ။

လုယန် သတိဖြင့်မေးသည်။

"ခင်ဗျားတာအိုနှလုံးကို ပြန်တည်ဆောက်ပြီးလောက်ပါပြီ။ ဘာလို့ နောက်တစ်ကြိမ်ဘဝပြန်စတာလဲ"

ရှဲ့အန်းမျက်နှာတွေ အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။

"အဲလိုလုပ်ရတာကို ငါစွဲလန်းလာလို့‌လေ"

*************************************

All Chapters