← Chapters

ရေခဲဝိညာဉ်မြစ်၊ ပြိုင်ဘက်ကင်းပါရမီရှင်

Vol. 47 Ch. 696

ရေခဲဝိညာဉ်မြစ်၊ ပြိုင်ဘက်ကင်းပါရမီရှင်

Vol. 47 Ch. 696

ရှဲ့အန်းစကား သဘာဝကျသည်ဟု နတ်မယ်တွေးမိသည်။

ထိုကိစ္စမျိုးက အတော်စွဲလမ်းလွယ်သည်။ သူလည်း ကျဲ့လျန်ယိ၊ အောင်းလင်းတို့နှင့်အတူ မကြာခဏထိုသို့လုပ်ခဲ့ကြသည်။

လုယန်စိတ်ထဲ လွန်ဆွဲနေသည်။

ယခု အကျင့်စာရိတ္တစမ်းသပ်မှု လုံးဝမဟုတ်တော့။ ဘယ်သူက ဘယ်သူကိုစမ်းသပ်မည် ခန့်မှန်းမရ။

အကိုတိုင်...ခင်ဗျားဘယ်လိုစာရင်းကြီးပေးလိုက်တာလဲ..

ပထမဆုံးလူတောင် ပုံမှန်မဟုတ်ဘူး...

"ဒါဆို အကြီးအကဲရဲ့ကျင့်စဉ်လမ်း ပျော်ရွှင်ပါစေလို့ ကျုပ်ဆုတောင်းပါတယ်။ ကျုပ်တို့သွားနှင့်တော့မယ်"

လုယန် မုန်ကျင်းကျိုးကို မျက်ရိပ်ပြလိုက်သည်။

သူခုနက အကဲဖြတ်ရာတွင် တစ်ခုမှားသွားသည်။ ရှဲ့အန်းသရုပ်မှန်ကို ချောင်အာရှေ့တွင် ဖော်ထုတ်မိသည်။ ထိုကောင်မလေးနှင့်ရှဲ့အန်း ပေါင်းသင်းဆက်ဆံရေး ပျက်စီးသွားနိုင်သည်။ ထို့ကြောင့် သူအတော်မလုံမလဲခံစားရသည်။

နှစ်ယောက်သား နောက်ဆုတ်၍ ဘုံကျောင်းပျက်မှထွက်သည်။

"နေဦး"

ရှဲ့အန်း မကျေနပ်ဟန်ဖြင့် လုယန်ကို စိုက်ကြည့်သည်။

"မင်းငါ့ကို ချောင်အာရှေ့မှာ နာမည်ခေါ်လိုက်တာ။ နောက်ကို သူနဲ့ငါဘယ်လိုဆက်ဆံရတော့မှာလဲ"

ရှဲ့အန်းသည် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်ကြောင်းကြားပြီးနောက် ချောင်အာမျက်နှာငေးကြောင်နေသည်။ အံ့ဩတုန်လှုပ်သွားသည်မှာ သေချာသည်။

"တစ်ခုခုလိုအပ်တာများရှိလား အကြီးအကဲ"

လုယန်မျက်နှာတွင် လေးစားသည့်အပြုံးရိပ်ပြထားသည်။

"ငါ့ကို အကြီးအကဲလို့ခေါ်တယ်ဆိုတော့ ငါသဘောထားမသေးပါဘူး။ ဒီလိုလုပ်ပါ၊ ငါ့ကျင့်စဉ်အဆင့်ကို နတ်ဝိညာဉ်အဆင့်ထိ လျှော့ထားမယ်။ ငါတို့တိုက်ခိုက်ကြတာပေါ့။ ငါမင်းကို တိုက်ခိုက်နည်းနည်နည်းသင်ပေးမယ်"

လုယန် ".."

ကျုပ်ကိုရိုက်နှက်ချင်ရင် တည့်တည့်ပြောလိုက်ပါလားဗျာ။ ဘာလို့ဒုက္ခခံနေတာလဲ...

"မင်းတိုက်မှာလား မတိုက်ဘူးလား"

ရှဲ့အန်းမျက်နှာတွင် အကြီးအကဲတစ်ယောက်ဟန်ပန် ရှိနေသည်။ သူ့ထက်အဆင့်နိမ့်သူကို မဖိနှိပ်။

လုယန် သက်ပြင်းချသည်။ ရှောင်လွှဲ၍ရမည်မထင်တော့။

"ဒါဆိုလည်း အလင်းပြပေးပါ"

နှစ်ယောက်သား ဘုံကျောင်းပျက်မှထွက်သည်။ မြို့စွန်ဖြစ်၍ လူသွားလူလာရှားသည်။ ထို့ကြောင့်လည်း ဘုံကျောင်းပျက်စီးခြင်းဖြစ်မည်။

ရှဲ့အန်း ဖိနှိပ်ထားသည့်စွမ်းအားတစ်ချို့ ထုတ်လွှတ်လိုက်သည်။ သူ့ကျင့်စဉ်အဆင့်က ချီအဆင့်မှစ၍ နတ်ဝိညာဉ်အစောပိုင်းအဆင့်သို့ တဖြေးဖြေးရောက်လာသည်။

အဆင့်မြင့်မှော်စွမ်းအားဖြင့် နတ်ဝိညာဉ်တစ်ခုပင် ဖန်တီးလိုက်သည်။ နတ်ဝိညာဉ်အတုဖန်တီးခြင်းက သူ့အတွက်ဘာမှမခက်။ တာအိုနှလုံးပြန်မတည်ဆောက်ခင်ကတည်းက ထိုသို့လုပ်ဖူးသည်။

"လာပါ၊ ကောင်လေး"

ရှဲ့အန်း သဘောထားကြီးစွာ သိုင်းဟန်ခင်းသည်။ လုယန်ကို အရင်လှုပ်ရှားခွင့်ပေးသည်။

လုယန် မပေါ့ဆရဲ။ ချင်ဖုန်းဓားကိုထုတ်သည်။ ရေစီးပမာ မြန်ဆန်သွက်လက်သည်။ ဓားအလင်းရိပ်က တောက်ပသည်။ သန္ဓေ၊ စွမ်းအင်၊ ဝိညာဉ် တစ်ခုတည်းပေါင်းစည်းသည်။ ထိုဓားရိပ်ကိုမြင်လျှင် လောက၏ဓားကျင့်ကြံသူအားလုံး သိမ်ငယ်စိတ်ဝင်လိမ့်မယ်"

"တကယ်ကောင်းတဲ့ဓားစွမ်းအားပဲ"

ရှဲ့အန်းမျက်လုံးများ အရောင်တောက်လာသည်။ ကောင်းကင်သခင်လေးလုနဲ့ တိုက်ခိုက်ပြီးချိန်မှစ၍ ထိုကောင်လေး၏ ဓားစွမ်းအား တိုးတက်လာသည်။

ရှဲ့အန်းသာ တကယ်နတ်ဝိညာဉ်အစောပိုင်းအစစ်ဖြစ်လျှင် ယှဉ်နိုင်မည်ဟု မထင်မိ။

သို့သော် သူသည် ကူးဖြတ်ခြင်းအတွေ့အကြုံရှိသည့် နတ်ဝိညာဉ်အဆင့်ဖြစ်သည်။

"ရွှမ်း"

ကိုးဆစ်ကြာပွတ် ဆန့်ထွက်လာသည်။ ကြာပွတ်ဖျားက လေကိုရိုက်ခတ်ချိန်တွင် လျှပ်စီးမျှင်များထွက်လာသည်။

ကိုးဆစ်ကြာပွတ်က ရေနဂါးတစ်ကောင်လို လှုပ်ရှားလာသည်။ ခန်မှန်းဖို့ နားလည်ဖို့မလွယ်။

ချင်ဖုန်းဓားကို တစ်ချက်ထိသည်နှင့် ထက်မြက်သည့်ဓားချက် ဘေးသို့ချော်ထွက်သွားသည်။ ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ပစ်မှတ်ကိုမထိလျှင် ဘာမှအကျိုးမရှိ။

လုယန်က လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ ဓားရှည်က ဓားရိပ်လေးခုကွဲသွားသည်။ ဘယ်ဓားကို အစစ်မှန်းခွဲခြားမရ။

ဓားအလင်းများက ဓားချီအဖြစ်စုစည်းပြီး ကောင်းကင်မှကျလာသည်။ ရေနဂါးနှင့် ရင်ဆိုင်တွေ့သည်။ ထိတွေ့ချိန်တွင် ထိုနှစ်ခုကို ခွဲခြားမမြင်ရ။

ထို့နောက် ရသာသုံးမျိုးမီးတောက်နှင့် ရွှေငှက်မီးတောက်စစ်တို့ ပြိုင်တူပျံထွက်လာသည်။ အပူချိန် ထိုးတက်လာသည်။ လေထု ပူပြင်းလှုပ်ရှားလာသည်။

ရှဲ့အန်းက ခရမ်းလျှပ်စီး မှုတ်ထုတ်သည်။ မီးတောက်နှင့်လျှပ်စီး ရင်ဆိုင်တွေ့သည်။ မိုးမြေပျက်မတတ် ပေါက်ကွဲသံပေါ်လာသည်။ လုယန်က မြေပြင်ထောင်ဆွဲပညာဖြင့် ရှဲ့အန်းကို မြေအောက်သို့ပိတ်လှောင်သည်။

ရှဲ့အန်းက ရယ်နေသည်။ သူ့ခြေထောက်အောက်မှ ရေနဂါးများထိုးထွက်လာပြီး အကျဉ်းထောင်ကိုချိုးဖျက်သည်။

လုယန်က ရေခွဲဓားပညာဖြင့် ရေနဂါးများကို ဖျက်ဆီးသည်။ သူ့ကိုမထိမီ အားလုံးရေမှုန်များအဖြစ် လေထဲပျောက်ကွယ်သွားသည်။

လုယန် မြေအောက်ကို စုန့်ဝင်သည်။ အမွှာကြာပန်းပွင့်လာပြီး အမွှာနှစ်ယောက်မွေးဖွားလာသည်။

လူနှစ်ယောက် ဓားနှစ်လက်ဖြင့် ရှဲ့အန်းကို တစ်ပြိုင်တည်း တိုက်ခိုက်သည်။

ရှဲ့အန်းက ဓားချက်များကြားရှိဟာကွက်မှ လှည့်ရှောင်သည်။ တတိယမျက်လုံးနေရာမှ ကိုးဆက်ကြာပွတ်ကိုင်ထားသည့် နတ်ဝိညာဉ်ထွက်လာသည်။ လုယန်နှစ်ယောက်ကို နတ်ဝိညာဉ်နှင့်အတူ ရင်ဆိုင်သည်။

သူတို့နှစ်ယောက်၏ မှော်စွမ်းအင်တိုက်ပွဲ ဆက်ဖြစ်သည်။ ဘယ်သူမှ အသာစီးမရ။ အနိုင်အရှုံးမပေါ်။

"တော်တယ်ကောင်းလေး၊ မင်းငါနဲ့ လက်ရည်တူယှဉ်နိုင်တာပဲ"

ရှဲ့အန်း၏နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။

"ဒါပေမယ့်ငါ့အစွမ်း ဒါအကုန်ပဲလို့ မင်းထင်နေတာလား။ ဒီနေ့ ကူးဖြတ်ခြင်းအဆင့်အတွေ့အကြုံနဲ့ နတ်ဝိညာဉ်အဆင့်တစ်ယောက် ဘယ်လောက်ကြောက်စရာကောင်းလဲ မင်းသိအောင်ပြမယ်"

ရှဲ့အန်း မဟာအဆုံးမဲ့ခြေလှမ်းပညာကို သုံးသည်။ သူ့ခြေလှမ်းများက မှော်စက်ဝန်းကြီးတစ်ခု ရေးဆွဲနေသည်။

ထိုစက်ဝန်းထဲတွင် ဝိညာဉ်စွမ်းအင်များ ပြင်းထန်စွာလှုပ်ရှားသည်။ မြေပြင်အက်ကွဲထွက်၍ သစ်ပင်များချက်ချင်းရှည်ထွက်လာသည်။

ထိုမှော်စက်ဝန်းပညာသည် နယ်မြေအဝိုင်းအဝန်းထဲမှ သစ်ပင်အားလုံးကို ထိန်းချုပ်နိုင်သည်။ စက်ဝန်းကို ထိရောက်စွာအသုံးချနိုင်ရန် အလွန်တိကျဖို့လိုသည်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ လုံးဝမသုံးနိုင်ကြ။

သစ်ပင်များ ယိမ်းထိုးလှုပ်ရှာနေသည်။ ကြီးမားသည့် မြေတုံးမြေခဲများကပ်တွယ်နေသည်။ ကိုးဆစ်ကြာပွတ်ကိုင်ထားသည့် နတ်ဝိညာဉ်က အထက်စီးတွင်နေ၍ ထွက်လမ်းအားလုံးကို ပိတ်ဆို့သည်။

"ဖျက်စမ်း"

လုယန် ခပ်တိုးတိုးအော်ဟစ်သည်။ ချင်ဖုန်းဓားနှင့် မိန်ယွဲ့ဓားကို ပြိုင်တူခုတ်သည်။ သစ်ပင်များ ချက်ချင်းပြတ်ထွက်သွားပြီး ဟာကွက်တစ်ခုပေါ်လာသည်။

သို့သော် သူထွက်မသွားနိုင်မီ ထိုဟာကွက်နေရာကို နောက်ထပ်ထိုးထွက်လာသည့်သစ်ပင်များက ပိတ်ဆို့သွားသည်။

ကောင်းကင်သို့တက်၍ လွတ်လမ်းရှာသည်။ သို့သော် သူ့အထက်တွင် ရှဲ့အန်း၏နတ်ဝိညာဉ်က လမ်းပိတ်ထားသည်။ လွတ်မြောက်ခွင့်မပေး။

လုယန် ရှဲ့အန်းနတ်ဝိညာဉ်ကို အားကျသည့်အကြည့်ဖြင့်ကြည့်သည်။ သူ့ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က သူ့ကိုသာတိုက်ခိုက်တတ်သည်။

မဟုတ်သေး။...ပြိုင်ဘက်ကင်းနတ်ဝိညာဉ်သည် သခင်ကိုသာအနိုင်ယူနိုင်သည်မဟုတ်လောက်...

"အကြီးအကဲ၊ ရိုင်းပြမိတာ စိတ်မကောင်းပါဘူး"

လုယန် ကျင့်စဉ်စွမ်းအားဖြင့် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် အဆက်အသွယ်ဖြတ်၍ ရှဲ့အန်း၏ဒန်ထန်ထဲသို့ ပို့လိုက်သည်။

ရှဲ့အန်း ဝါးလုံးကွဲရယ်နေသည်။

"မင်းမှာ ပညာစွမ်းကျန်သေးရင် အခုထုတ်သုံးပါ။ ယွမ်ကျိအစွမ်းရဲ့ တစ်စိတ်တစ်ပိုင်းလောက်တော့ မင်းမှာရှိတယ်ဆိုတာ သက်သေပြစမ်းပါ။

...ဟ သောက်လခွမ်း၊ ဒါကဘာလဲ"

ရယ်သံမဆုံးမီ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်က သူ့ဒန်ထန်ထဲ အတင်းဝင်ပြီး သဲကြီးမဲကြီးတိုက်ခိုက်သည်။

နှစ်ထောင်ချီနေခဲ့သည့် သူ့သက်တမ်းတလျှောက် ဘယ်သူ့နတ်ဝိညာဉ်မှ ထိုသို့တိုက်ခိုက်သည်ကို မမြင်ဖူး။

ရှဲ့အန်း သူ့နတ်ဝိညာဉ်ကို အမြန်ပြန်ခေါ်ပြီး ဒန်ထန်မှ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်နှင့် တိုက်ခိုက်ခိုင်းသည်။

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ တိုက်ခိုက်မှုတိုင်းက ကျွမ်းကျင်တိကျသည်။ ရှဲ့အန်း၏ အားနည်းချက်နေရာများကို အမြဲထိသည်။

ကူးဖြတ်ခြင်းအဆင့်အတွေ့အကြုံရှိသည့်တိုင် ထိုတိုက်ခိုက်မှုများကို မခုခံနိုင်။ မြေပေါ်တွင် လူးလှိမ့်နေရသည်။ နဖူးမှချွေးများစီးကျလာသည်။

ရုတ်တရက် သူ့ကိုယ်မှ အဆုံးစမဲ့စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို သူ့ကိုယ်ထဲမှထုတ်လိုက်သည်။

လုယန်က ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကိုပြန်ချိတ်ဆက်ပြီး ပြုံးလိုက်သည်။

"အကြီးအကဲ၊ ဒါက နတ်ဝိညာဉ်အဆင့် တိုက်ခိုက်စွမ်းအားမဟုတ်ပါဘူး"

ပြိုင်ဘက်ကင်းနတ်ဝိညာဉ်၏ တိုက်ခိုက်မှုကို အလူးအလဲခံနေရသဖြင့် သူ့စွမ်းအားတစ်စိတ်တစ်ပိုင်းကို ထုတ်သုံးမိခြင်းဖြစ်သည်။

"တော်ပါပြီ တော်ပါပြီ မင်းနိုင်ပါတယ်။ တစ်ခြားဘာကိစ္စမှမရှိတော့ရင် မင်းတို့သွားကြတော့"

ရှဲ့အန်း မကျေမနပ်လက်ယမ်းပြ၍ အရှုံးပေးသည်။

လုယန် လက်နှစ်ဘက်ဆုပ်အရိုအသေပြုပြီး နောက်လှည့်၍ခေါ်လိုက်သည်။

"သွားစို့ လောင်မုန်"

"နေဦး၊ ဒီကောင်မလေးက ထူးခြားတဲ့ခန္ဓာကိုယ်မျိုရှိတယ်"

မုန်ကျင်းကျိုးက ဝမ်းသာအားရပြောသည်။ သူ့လက်ထဲတွင် လက်ဝါးအရွယ် ဝိညာဉ်မြစ်‌ကျောက်တုံးကိုင်ထားသည်။ အရည်အသွေးအမြင့်ဆုံးအမျိုးအစားဖြင့်၍ ခန္ဓာကိုယ်နှင့် ထိတွေ့စရာမလို။

သေမျိုးတစ်ယောက်၏ဘေးတွင် ထားလိုက်ရုံဖြင့် ဝိညာဉ်မြစ်ကို စစ်ဆေးနိုင်သည်။

လုယန်တို့တိုက်ပွဲ အနိုင်အရှုံးမပေါ်သည်ကိုကြည့်ရင်း အားလပ်နေသဖြင့် ချောင်အာ၏ဝိညာဉ်မြစ်ကို စမ်းသပ်လိုက်ခြင်းဖြစ်သည်။

အညစ်အကြေးမရှိကြည်လင်သည့် ရေခဲသလင်းတစ်ခု ချောင်အာပေးတွင်ချထားသည့် အလင်းပေါက်ကျောက်တုံးထဲတွင် ပေါ်နေသည်။

မျိုးကွဲဧကဝိညာဉ်မြစ်ဖြစ်သည့် ရေခဲဝိညာဉ်မြစ်။

"ဒီကောင်မလေးမှာ ရေခဲဝိညာဉ်မြစ်ရှိတယ်ကွ"

"ဟုတ်လား၊ ဒီလောက်ကံကောင်းတယ်ပေါ့"

လုယန်လည်း ဝမ်းသာသွားသည်။ မမျှော်လင့်ဘဲ ကံထူးခြင်းဖြစ်သည်။

ထိုစဉ် နတ်မယ်က သတိပေးသည်။

"ဪ၊ ငါခုနက ပြောဖို့မေ့နေတာ။ ဒီကောင်မလေးလည်း ကူးဖြတ်ခြင်းအဆင့်ပဲ။ ဂိုဏ်းပွဲတော်မှာ နင်သူ့ကိုမြင်ဖူးပါတယ်။ ညှို့ငင်ဂိုဏ်းရဲ့ မဟာအကြီးအကဲလေ"

လုယန် "..."

ချောင်အာလည်း အံ့ဩနေရာမှ ပြန်အသိဝင်နေပြီဖြစ်သည်။ သူ့အကိုရှဲ့သည် ဝူကျိကျန်းအစစ်ဖြစ်ကြောင်း နားလည်လာပြီးနောက် အေးစိမ့်ပြင်ထန်သည့်စွမ်းအင်ရောင်တစ်ခု ထုတ်လွှတ်လိုက်သည်။

"ဝူကျိကျန်း၊ နင်ဖြစ်နေမယ်လို့ ငါတကယ်ထင်မထားဘူး"

ခြောက်လကြာအောင် အကိုရှဲ့ဟု သူခေါ်နေခဲ့သည်။ ရှဲ့အန်းကို လျှို့ဝှက်ထောက်ပံ့ပေးပြီး ပျိုးထောင်ပေးဖို့၊ ထို့နောက်မှ သူ့သရုပ်မှန်ကိုထုတ်ပြောပြီး လက်ထပ်ဖို့ ရည်ရွယ်ခဲ့သည်။

ယခုထိုကောင်လေးက သူအလွန်မုန်းသည့် အဓိပဓိဝူကျန်ကျိဖြစ်နေသည်။

ရင်းနှီးနေသည့် စွမ်းအင်ရောင်ကြောင့် ရှဲ့အန်းလည်း အမူအရာပြောင်းသွားသည်။ ဒေါသထွက်လာသည်။

"ချန်ကျောင်း၊ နင်က စုန်းအိုမချန်ကျောင်းပဲ"

ချောင်အာနှင့်အတူ ကျင့်ကြံ၍ အန္တရာယ်များအတူရင်ဆိုင်ပြီး နှလုံးသားကိုသိမ်းပိုက်ဖို့ သေရေးရှင်ရေးအချိန်ရောက်မှ ရန်သူကိုရင်ဆိုင်ပြီး သူ့သရုပ်မှန်ထုတ်ပြောပြီး ကောင်းကင်အတူတက်ဖို့ ရည်ရွယ်ခဲ့သည်။

ယခု ချောင်အာက စုန်းအိုမအဓိပဓိချန်ကျောင်းဖြစ်နေသည်။

တိမ်ပြာနန်းတော်သည် မိုးမြေ၏ကောင်းချီး ကြီးမားစွာရထားသည်ဟု လုယန်တွေးနေသည်။ ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ကို တပည့်လက်ခံခွင့်ရသည်။ ထိုကံထူးမှုမျိုး တာအိုလမ်းစဉ်ဂိုဏ်းပင် ကြွားလုံးထုတ်နိုင်သည်မဟုတ်။

***********************************

All Chapters