← Chapters

စောင့်ကြပ်ခ

Vol. 9 Ch. 98

စောင့်ကြပ်ခ

Vol. 9 Ch. 98

တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များ ပြန်ထိုင်လိုက်ကြပြီး အခုမှသာစိတ်သက်သာရာရသွားသောအမူအရာများ ပြန်ဖြစ်သွားခဲ့ကြသည်။

ချင်းယွင်ကျိ၏ နင်းခြေခြင်းခံခဲ့ရသော အနီရောင်၀တ်စုံ၀တ်တာအိုပညာရှင်ပင် သူထိုကဲ့သို့လုပ်ခံခဲ့ရခြင်းအပေါ် သိပ်ဂရုစိုက်ပုံမရပေ။

“တာအိုမိတ်ဆွေလေး ငါတို့ရဲ့ စေတနာကတကယ်ကိုစစ်မှန်ပါတယ်” ဘုန်းကြီးကျန်းယန်ကိုပြုံးကာ ပြောလိုက်၏။

ကျန်းယန်ကြိတ်၍နှာခေါင်းရှုံ့လိုက်သည်။ ထိုသူများ၏ စစ်မှန်မှုဆိုသောအရာကို သူခုနလေးကတင် မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ အကယ်၍ သူ့ဆရာသာပေါ်လာပြီး ဤအဖွဲ့ကိုသင်ခန်းစာပေးမသွားလျှင် ထိုစစ်မှန်မှုဆိုသောအရာက ပေါ်ကိုလာမည်မဟုတ်ပေ။

မျှော်လင့်ထားသလိုပင် ညှိနှိုင်းဆွေးနွေးရာ၌ ခွန်အားကသာ အကောင်းဆုံးလက်ကိုင်ထားစရာ ဖြစ်ပေသည်။

သူ့စိတ်ထဲတွင် ထိုတာအိုပညာရှင်များကို အထင်အမြင်သေးနေသော်လည်း ကျန်းယန် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားခဲ့ရင်း ပြောလိုက်၏။

“ကျွန်တော်စီနီယာတို့ရဲ့ စစ်မှန်တဲ့စေတနာကို ခံစားမိပါတယ် အဲ့တာက လိုတာထက်တောင် ပိုနေပါပြီ”

တာအိုပညာရှင်များ၏မျက်နှာများ ခဏတော့ တောင့်တင်းသွားခဲ့သည်။

ထိုစဉ် ဘုန်းကြီးရယ်ရယ်မောမောဖြင့် ပြောလိုက်၏။

“ကိုယ်တော်တို့ရဲ့ စစ်မှန်တဲ့စိတ်ရင်းစေတနာကိုပြသဖို့အတွက် ကိုယ်တော်တို့ ကွေ့ချွမ်ဘုရားကျောင်းက စိတ်ဝိညာဉ်ကျောက်တုံး သန်း ၅၀ တာအိုပေါင်းစည်းခြင်းအဆင့် ဆေးလုံး ၇ လုံး နတ်ဝိညာဉ်အဆင့် ဆေးလုံး ၂၀ ဝိညာဉ်အခြေတည်အဆင့် ဆေးလုံး ၂၀၀ ရွှေအမြုတေအဆင့် ဆေးလုံး ၅၀၀ နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး ၂၀၀၀အပြင် စိတ်ဝိညာဉ်ကျောက်တုံး သန်း၂၀နဲ့ညီတဲ့ သန့်စင်ပြီးသား သတ္တုတွင်းထွက်တွေ ပေးပါ့မယ် တာအိုမိတ်ဆွေလေး ဘယ်လိုထင်ပါသလဲ”

ဤအရာကသာ ကွေ့ချွမ်ဘုန်းကြီးကျောင်း ကမ်းလှမ်းလိုသောအရာဖြစ်ပြီး အရင်ကကမ်းလှမ်းမှုက စမ်းသပ်မှုတစ်ခုသာ ဖြစ်ပေသည်။

ချင်းယွင်ကျိက ပမာဏနည်းနည်းလေးပေးလည်းအဆင်ပြေတယ်ပြောခဲ့သော်လည်း သူတို့ဘက်က စိတ်ရင်းကိုပြသဖို့လည်း လိုသေး၏။

မဟုတ်လျှင် ချင်းယွင်ကျိ ကျေနပ်လိမ့်မည်မဟုတ်ပေ။

“ငါတို့လည်း အဲ့လောက်ပမာဏပေးမယ်” တာအိုဘုန်းတော်ကြီး ပြုံးကာ ပြောလိုက်သည်။

“အပိုထပ်ဆောင်းအနေနဲ့ ငါတို့ရှို့ယိဘုရားကျောင်းက ငါတို့ရဲ့ တုနှိုင်းမဲ့ ကောင်းကင်မိုးကြိုးအရည် ကိုပါ အဇူရာတိမ်ဂိုဏ်းကိုပေးနိုင်တယ် အဲ့ဒီအရာက မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ အသုံး၀င်မှာ သေချာတယ်”

အခြားဂိုဏ်းမှ ကျင့်ကြံသူများ တာအိုဘုန်းတော်ကြီးကို အံ့အားသင့်စွာ ကြည့်လိုက်မိကြ၏။ ရှို့ယိဘုရားကျောင်းက တကယ်ကြီး ကောင်းကင်မိုးကြိုးအရည်ပါထုတ်ပေးတော့မည်လော။

ထိုအရာကမှ အမှန်တကယ် စစ်မှန်မှု ဖြစ်သည်။

အခြားဂိုဏ်းများလည်း အလျင်အမြန်ပင် အနည်းဆုံးတော့ ကွေ့ချွမ်ဘုရားကျောင်းနှင့်ညီသော ပမာဏမျိုး ကမ်းလှမ်းလိုက်ကြ၏။

ကျန်းယန်ရင်ထဲ စိတ်လှုပ်ရှားမှုများ လှိုက်တက်လာခဲ့သည်။ ဒီလောက်ပမာဏကြီးရလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

မျှော်လင့်ထားသလိုပင် သမာရိုးကျ ကုန်သွယ်ကာငွေရှာခြင်းက ငွေရဖို့ နှေးကွေးလွန်းပြီး လုယက်ခြင်းကသာ မှန်ကန်သောလမ်းကြောင်းဖြစ်၏။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အခြားအခြေအနေတွေလည်းမရှိတော့ဘူးမဟုတ်လား” ကျန်းယန် တာအိုပေါင်းစည်းခြင်းအဆင့်များကို သတိထားနေဟန်ဖြင့်ကြည့်ကာ မေးလိုက်သည်။

တာအိုဘုန်းတော်ကြီးပြုံးကာပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကို နှစ်တစ်ထောင်ကြာအောင် စောင့်ကြပ်လာပေးခဲ့တာဆိုတော့ သူတို့ကို အလျော်ပြန်ပေးတာက မှန်ကန်တဲ့လုပ်ရပ်ပါပဲ ဒါပေါ့ ဒီအရင်းအမြစ်တွေကိုပေးအပ်တဲ့နေရာမှာ ဘာအခြေအနေမှလည်း မရှိပါဘူး”

သူတို့အမူအရာက ခုနကအဇူရာတိမ်ဂိုဏ်းကို၀င်မည်ဟုပြောခဲ့တာ သူတို့မဟုတ်သလိုပင်။

“ဒါပေမယ့် ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းအနေနဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ ကမ္မကုသိုလ်တွေကို သတိမပြုမိခဲ့တာက ကိုယ်တော်တို့အတွက် ရှက်စရာပါပဲ”

တာအိုဘုန်းတော်ကြီး လေးလေးနက်နက်ပြောလိုက်၏။

“လူပေါင်းများစွာရဲ့အမြင်မှာလည်း အဇူရာတိမ်ဂိုဏ်းကကျဆင်းသွားပြီ ဆက်မတည်ရှိသင့်တော့ဘူးလို့ ထင်မြင်နေကြတယ် အဲ့တာကြောင့် ကိုယ်တော်ကတော့ အဇူရာတိမ်ဂိုဏ်းရဲ့တည်ရှိမှုကို အားလုံးသိအောင် ပြန်သတိပေးရမယ့်အချိန်ရောက်ပြီလို့ ထင်ပါတယ်

အခုကစပြီး သုံးနှစ်အကြာမှာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် ပြန်ပြီးဖွင့်လှစ်ပါလိမ့်မယ်

အဲ့ဒီပွဲက ကုန်းမြေတိုက်ကြီးအသီးသီးကစစ်မှန်တဲ့ပါရမီရှင်တွေ တွေ့ဆုံပြီး ပညာဖလှယ်ကြတဲ့ပွဲပါပဲ ဒီဘုန်းတော်ကြီးက အဇူရာတိမ်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ပြန်တိုးမြှင့်ပေးတဲ့နေရာမှာ ကူညီချင်ပါတယ် အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်း အဲ့ဒီပွဲမှာပါ၀င်ဖို့ မျှော်လင့်ပါတယ် တာအိုမိတ်ဆွေလေး ဘယ်လိုထင်ပါသလဲ”

ကျန်းယန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ မေးလိုက်သည်။

“အဲ့ဒီထဲမှာ ကျွန်တော်တို့အတွက် ဘာတွေရှိလို့လဲ”

“ဟားဟား အကျိုးအမြတ်တွေသေချာပေါက်ရှိတာပေါ့” တာအိုဘုန်းတော်ကြီးပြုံး၍ ခေါင်းညိတ်လိုက်၏။

“ပထမအချက်အနေနဲ့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ အဆင့်ချိတ်တဲ့ သူရဲကောင်းတွေကို ဆုချီးမြင့်ဖို့ ပွဲမှာပါဝင်တဲ့ဂိုဏ်းတိုင်းက အရင်းအမြစ်အချိုးကျ ထည့်ရတယ် အဲ့တာကြောင့် အဆင့်ချိတ်ခဲ့ရင် ရမယ့်ဆုလဒ်ကမနည်းလှဘူး

ဒုတိယအချက်အနေနဲ့ ကောင်းကင်တိုက်ပွဲကွင်းပြင်က ဟို‌ရှေးခေတ်ကတည်းက ရှိလာတဲ့နေရာတစ်ခုပဲ တည်ရှိလာတာ နှစ်ပေါင်းများစွာကြာသွားပြီ အဲ့ဒီနေရာမှာ အခွင့်အရေးကြီးတွေအများကြီးရှိနေတယ် ပြီးတော့ မရေတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရနိင်လိမ့်မယ်

နောက်ဆုံးအချက်အနေနဲ့ကတော့ အဲ့ဒီနေရာက ဂုဏ်သတင်းကိုမြှင့်တင်ဖို့ အကောင်းဆုံးနေရာပဲ”

ကျန်းယန်နားလည်သွားခဲ့သည်။ ထိုပွဲက တစ်ကမ္ဘာလုံးက ထိပ်တန်းဂိုဏ်းကြီးတိုင်း ကိုယ်စားပြုတပည့်များထည့်ကာ လောင်းသည့် လောင်းကစားပွဲတစ်မျိုးပင်။

သူတခဏတွန့်ဆုတ်နေပြီးနောက် ပြောလိုက်၏။

“ဒါပေမယ့် ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက အရမ်းဆင်းရဲတယ်လေ…စီနီယာတို့က ကျွန်တော်တို့ကို အရင်းအမြစ်တွေပေးမယ်ဆိုပေမယ့် အဲ့တာတွေကလည်း မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ သုံးရမှာ အဲ့တာကြောင့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ပါ၀င်ဖို့ ရန်ပုံငွေထည့်ဖို့က ကျွန်တော်တို့အတွက် ခက်ခဲလွန်းပါတယ်”

တာအိုပေါင်းစည်းခြင်းအဆင့်များ ဆွံ့အသွားခဲ့ကြသည်။

ဒီကလေးက တကယ်ကြီး အဲ့လောက်ကပ်စေးနည်းတာလား!

သူတို့အခုပေးမည့် စိတ်ဝိညာဉ်ကျောက်တုံးပမာဏက အားလုံးပေါင်းလိုက်လျှင် ဘီလီယံနှင့်ချီပြီး ရှိပေသည်။

သူတို့အဲ့လောက်ကြီးရထားတာတောင် ရန်ပုံငွေလေးထည့်ဖို့ကို ကပ်စေးနည်းနေခြင်းပေလော။

သို့သော်လည်း တာအိုပေါင်းစည်းခြင်းအဆင့်များ ထိုမျှပမာဏလေးကို ကပ်တွယ်နေ၍ မဖြစ်နိုင်ပေ။ သူတို့တကယ့်ရည်ရွယ်ချက်က အဇူရာတိမ်ဂိုဏ်းကို ကောင်းကင်သူရဲကောင်း တိုက်ပွဲကွင်းပြင်တွင် ပါဝင်စေလိုခြင်း ဖြစ်၏။

ထို့ကြောင့် အနီရောင်၀တ်တာအိုပညာရှင် တိုက်ရိုက်သာ ပြောလိုက်သည်။

“ငါတို့အားလုံးအဇူရာတိမ်ဂိုဏ်းရဲ့အခြေအနေကို သိကြပါတယ် အဲ့တာကြောင့် ဒီတစ်ခေါက်ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက် အဇူရာတိမ်ဂိုဏ်းထည့်၀င်ရမယ့် ဝေစုကို ငါတို့ဂိုဏ်းတွေအားလုံးပေါင်းပြီးပဲ မျှရှင်းလိုက်ပါ့မယ်”

“ဒါပေမယ့် ကျွန်တော်က ရွှေအမြုတေအဆင့်ပဲရှိသေးတာလေ” ကျန်းယန်မျက်ခုံးများ ခပ်တင်းတင်းကြုံ့သွားခဲ့ကာ

“ကျွန်တော့်ကျင့်ကြံခြင်းကနိမ့်လွန်းတယ် စီနီယာတို့ဂိုဏ်းတွေက တပည့်တွေနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး”

တာအိုဘုန်းတော်ကြီး လေးလေးနက်နက်ပြန်ဖြေလိုက်၏။

“ဒီကိစ္စ‌ကိုတော့ မိတ်ဆွေလေးစိတ်ပူနေဖို့မလိုပါဘူး ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုက ပါရမီရှင်အစစ်တွေပဲ၀င်နိုင်တာ အသက်သုံးဆယ်အောက်ကျင့်ကြံသူတွေပဲ၀င်ရမယ်ဆိုတဲ့ စည်းမျဉ်းသတ်မှတ်ချက်ရှိတယ် အဲ့တာကြောင့် ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေက မိတ်ဆွေလေးရဲ့ အဆင့်ပတ်ချာလည်ပဲရှိမှာ”

ကျန်းယန် စတင်ပြုံးလာကာ ရုတ်တရက်အလွန်ယုံကြည်ချက်ရှိသွားဟန်ဖြင့်

“ဂိုဏ်းတစ်ဂိုဏ်းကို ဂိုဏ်းသားဘယ်နှစ်ယောက်ပါ၀င်နိုင်လဲဗျ”

အသက်သုံးဆယ်အောက်လား ဟမ့်!

သူသာကောင်းကောင်းလေ့ကျင့်ပေးလိုက်လျှင် သူတို့ဂိုဏ်းတပည့်များထဲမှ အနည်းငယ်ကတော့ သုံးနှစ်အတွင်းရွှေအမြုတေအဆင့်ရောက်နိုင်ပြီး ကံသွားစမ်းဖို့ အခွင့်အရေးရှိလာမည် ဖြစ်သည်။

“ပါချင်သလောက်ပါလို့ရတယ် အဆင့်မီတဲ့သူမှန်သမျှပေါ့” တာအိုဘုန်းတော်ကြီး ပြန်ဖြေလိုက်၏။

ကျန်းယန် ရုတ်တရက်နားလည်သွားခဲ့သည်။ ဤကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နောက်ကွယ်တွင် လှည့်ကွက်များရှိနေပုံပင်။ ထိုသူများ ထွက်သွားသောအခါမှသာ သူသူ့ဆရာကိုအသေးစိတ်မေးရပေဦးမည်။

“ကောင်းပါပြီ အဇူရာတိမ်ဂိုဏ်းက ပါ၀င်ပါ့မယ်” ကျန်းယန်နောက်ဆုံးတွင် သဘောတူလိုက်၏။

အနည်းဆုံးတော့ ထိုပြိုင်ပွဲတွင်၀င်ပြိုင်ဖို့ သူ့ကိုယ်သူယုံကြည်မှုရှိပေသည်။

“စီနီယာတို့ စီနီယာတို့မှာအခြားတောင်းဆိုစရာရှိသေးလား” ကျန်းယန် မေးလိုက်၏။

တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များ တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် လန်ကျားအထွတ်အမြတ်မြေမှ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် မေးလိုက်၏။

“ဒါဆို…မင်းတို့အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုဆက်ပြီး စောင့်ကြပ်နေဦးမယ်မလား”

ကျန်းယန် လေးကန်စွာ သက်ပြင်းချလိုက်လေသည်။

“စီနီယာ မဖြစ်မနေမှမဟုတ်ရင် ကျွန်တော်တို့ကလည်း ဒီမိစ္ဆာတွေကိုဘယ်လွှတ်ပေးချင်ပါ့မလဲဗျာ

ဒီကောင်တွေက ကျွန်တော်တို့ဂိုဏ်းရဲ့ ကမ္ဘာမကြေရန်သူတွေပါ

ကျွန်တော်တို့အကြီးအကဲတွေအများကြီး ဒီကောင်တွေလက်ထဲမှာ သေခဲ့ရတယ် ဒီရန်ကြွေးကိုမှပြန်မဆပ်ရင် ကျွန်တော်တို့သေသွားတဲ့အခါ တမလွန်မှာ အကြီးအကဲတွေကိုဘယ်လိုမျက်နှာပြရပါ့မလဲ

အရင်က မစောင့်ကြပ်တော့ဘူးလို့ပြောခဲ့တာက ကျွန်တော်တို့်လည်းအရမ်းဆင်းရဲမွဲတေပြီး ‌ရွေးချယ်စရာမရှိတော့လို့ပါ

အခုအရင်းအမြစ်တွေလည်းရှိနေပြီဆိုတော့ အနည်းဆုံး ၁၀နှစ်တော့ ထပ်ပြီးစောင့်ကြပ်ပေးပါ့မယ်!”

တာအိုပေါင်းစည်းခြင်းအဆင့်များ ဆွံ့အကုန်ကြသည်။

ဒီလောက်အရင်းအမြစ်တွေအများကြီးကို ၁၀ နှစ်ထဲလား!

ဆယ်နှစ်ကြာလျှင် သူတို့က နောက်တစ်ကြိမ် စောင့်ကြပ်ခ ထပ်ပေးရဦးမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါလော။

သူတို့အလွန်အမင်းစိတ်တိုကုန်ကြ၏။

အဇူရာတိမ်ဂိုဏ်းသည်မိစ္ဆာတွေကို စောင့်ကြပ်ပေးခဲ့တာ နှစ်တစ်ထောင်ကြာသွားပြီဖြစ်ပြီး ဘာအခကြေးငွေမှ မတောင်းခံခဲ့ပေ။

အခု သူတို့စောင့်ကြပ်ခတောင်းသောအခါတွင်လည်း ဆယ်နှစ်တစ်ကြိမ်ပေးရန် တောင်းနေခဲ့ကြသည်။

သို့သော် ဆယ်နှစ်မတိုင်ခင် အဇူရာတိမ်ဂိုဏ်းကိုရှင်းပစ်မည်ဟု ကြံစည်ထားကြသောကြောင့် သူတို့ တိတ်တဆိတ်သာ သဘောတူလိုက်ကြ၏။

ထို့နောက် ကွေ့ချွမ်ဘုန်းကြီးကျောင်းမှ ဘုန်းကြီး သိုလှောင်လက်စွပ်တစ်ကွင်းထုတ်ပေးလိုက်ကာ

“ဒါက ကိုယ်တော်တို့ပြင်ဆင်ထားတဲ့ အရင်းအမြစ်တွေပါ”

တစ်ယောက်ပြီးတစ်ယောက် သိုလှောင်လက်စွပ်များ ထုတ်ပေးလိုက်ကြလေသည်။

ကျန်းယန်လည်းသိုလှောင်လက်စွပ်များကိုတစ်ချက်ကြည့်လိုက်ပြီး အားလုံးကို ကျေးဇူးတင်လိုက်၏။

သူသိုလှောင်လက်စွပ်များကို ချက်ချင်းတော့ ဖွင့်မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပထမအချက်အ‌ေနနှင့် ထိုလူများရှေ့တွင် အလွန်လောဘကြီးဟန်ပေါ်သွားမှာ ကြောက်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ကတော့ ထိုတာအိုပေါင်းစည်းခြင်းအဆင့်များက သိုလှောင်လက်စွပ်ထဲတွင် လှည့်ကွက်များ ပြုလုပ်ထားမှာကြောက်၍ ဖြစ်သည်။

ထို့နောက်တွင်တော့ ကျန်းယန် တာအိုပေါင်းစည်းခြင်းအဆင့်များကို ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး သူတို့ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့၏။

အားလုံးပျောက်ကွယ်သွားသောအခါမှသာ သူပင်မခန်းမထဲ အပြေးနှင်လေတော့သည်။

သူအမြန်ပြန်ပြီး ဒီတစ်ခေါက် အဇူရာတိမ်ဂိုဏ်းက ဘယ်လောက်ရခဲ့လဲဆိုတာ ရေတွက်ရပေဦးမည်။

သို့သော် သူခန်းမထဲရောက်သောအခါ အဇူရာတိမ်မောင်နှမ ၇ ဖော်က ထိုနေရာတွင် ကြိုတင်ရောက်ရှိနေခဲ့ကြချေပြီ။

ထူးဆန်းစွာပင် အရင်းအမြစ်များစွာရရှိခဲ့သော်လည်း သူတို့တစ်‌ေယာက်မှ ပျော်ရွှင်နေပုံ မရခဲ့ပေ။ ထိုအစား ကျန်းယန်ကိုသာ လေးလံသောအမူအရာများဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

“ကောင်စုတ်လေး…မင်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာပါဖို့ သဘောတူခဲ့တယ်ဆို အဲ့တာမှ ပြဿနာပဲ!”

All Chapters