အခန်း (၉၉)
Vol. 9 Ch. 99
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှ အန္တရာယ်ကြီးသုံးမျိုး
သူ့ဆရာ ချင်းယွင်ကျိက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အကြောင်း လေးလံနေသောအမူအရာဖြင့်ပြောနေသောအခါ ကျန်းယန် အလျင်အမြန်ပြန်မေးလိုက်၏။
“ဆရာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ဘာဖြစ်လို့လဲ”
တကယ်တော့ လင်းယွင်ကျိနှင့်အခြားသူများလည်း ချင်းယွင်ကျိကို စိတ်၀င်တစားကြည့်ရှုနေကြခြင်းသာ။
သူတို့လည်း ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကဘာလဲဆိုတာ မသိခဲ့ပေ။
ချင်းယွင်ကျိအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်လေသည်။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ဟိုးအရင်ကတည်းက တည်ရှ်ိခဲ့တာ သူ့သမိုင်းကိုပြန်လှန်ရရင် လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်ကျော်က စပြောရလိမ့်မယ်
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ကောင်းကင်ပေါ်ကကျလာတဲ့ ဥက္ကာခဲကြီးကနေ ဖြစ်တည်လာတာလို့ ပြောကြတယ်
အဲ့ဒီဥက္ကာခဲကြီးမှာ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အစွမ်းထက် ကောင်းကင်နှင့်မြေပြင်စွမ်းအင်တွေပါလာခဲ့တယ် အဲ့ဒီအရာကြီး စစပေါ်လာခြင်းအချိန်တုန်းက ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေအားလုံး အံ့အားသင့်ကုန်ပြီး အဲ့ဒီအရာကြီးကို
သွားထောက်လှမ်းခဲ့ကြတယ်
ဒါပေမယ့် အဲ့ဒီ့နားကိုကပ်သွားတဲ့လူတိုင်း အနားရောက်သွားတာနဲ့ သူတို့ရဲ့ တာအိုနားလည်နိုင်စွမ်းတွေနဲ့ သက်တမ်းကို အဲ့ဒီအရာကစုပ်ယူသွားတယ်
အချို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေကတော့ အဲ့ဒီဖြစ်ရပ်ကို လက်မခံနိုင်ကြဘူး အဲ့တာကြောင့် သူတို့ရဲ့ ကျယ်ပြန့်လွန်းတဲ့ တာအိုအုတ်မြစ်နဲ့ ရှည်လျားလွန်းတဲ့သက်တမ်းကိုအားကိုးပြီး ဥက္ကာခဲကြီးနား အတင်းတိုး၀င်သွားခဲ့ကြတယ် ဒါပေမယ့် လူတိုင်းရဲ့မျက်စိရှေ့မှာပဲ အဲ့ဒီကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ ဘာမှမကျန်တော့တဲ့ထိ စုပ်ယူခံလိုက်ရတယ်
အဲ့ဒီအချိန်ကတည်းက ဥက္ကာခဲကြီးကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်လိုက်ကြတယ်
နောက်ပိုင်းမှာ ကျင့်ကြံသူလေးတစ်ယောက်က ဥက္ကာခဲကြီးထဲ မတော်တဆ၀င်မိသွားတဲ့အခါကျမှ လူတိုင်းဥက္ကာခဲပြဿနာကို ဖြေရှင်းနိုင်သွားကြတာ
အသက်တွေအများကြီးသုံးပြီး စမ်းသပ်ပြီးတဲ့နောက်မှာ ဥက္ကာခဲကြီးက အသက် ၂၀ ကနေ ၅၀ ကြားရှိတဲ့ ကျင့်ကြံသူလေးတွေကိုပဲ ၀င်ခွင့်ပြုတယ်ဆိုတာ အတည်ပြုနိုင်သွားခဲ့ကြတယ် သူတို့ပြောသလို အသက် ၃၀ မဟုတ်ဘူး
နောက်ပိုင်းမှာ လျှို့ဝှက်ချက်ကို ရှာတွေ့သွားကြတဲ့အခါ ဂိုဏ်းကြီးတွေအကုန်လုံးက အုပ်စုတွေဖွဲ့ပြီး ဥက္ကာခဲထဲ စုံစမ်းထောက်လှမ်းဖို့ လွှတ်ခဲ့ကြတယ်
အဲ့ဒီမှာ သူတို့ထပ်သိလိုက်ရတာက ဥက္ကာခဲထဲမှာ စိတ်ကူးလို့မရအောင်များတဲ့ ကောင်းကင်ရတနာတွေရှိနေတယ်ဆိုတာပဲ
ကမ္ဘာကြီးတစ်ခုလုံးရူးသွပ်ကုန်ကြပြီး လူငယ်မျိုးဆက်ေတွကိုလွှတ်ပြီး ဥက္ကာခဲထဲက ကောင်းကင်ရတနာတွေအတွက် အဆုံးမဲ့အောင်တိုက်ခိုက်ခဲ့ကြတယ်
အဲ့ဒီလိုနေရာမျိုးမှာ ကောင်းကင်ရတနာတွေအတွက်တိုက်ခိုက်ရင်း လူငယ်မျိုးဆက်တွေဘယ်လောက်တောင်သေခဲ့ရမလဲ ဆိုတာကို မင်းစိတ်ကူးကြည့်လို့ရမှာပါ”
ထိုစကားကိုကြားသောအခါ ကျန်းယန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲတွင် ချင်းယွင်ကျိကိုယ်တိုင်တစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာတောင်မှ လူတစ်ရာကျော် သေဆုံးခဲ့ရသေးသည်။
အခုလိုနေရာမျိုးတွင်ဆိုလျှင် ကောင်းကင်ရတနာလုရင် လူဘယ်လောက်တောင် သေဆုံးရပါနည်နည်း။
ချင်းယွင်ကျိ လေးလေးနက်နက်ဆက်ပြောလိုက်၏။
“အပြင်းအထန်သေကြေပျက်ဆီးပြီးသွားတဲ့နောက်မှာ ဂိုဏ်းကြီးတွေက မဟာမိတ်ဖွဲ့ပြီး အဲ့ဒီအခြေအနေကို ဖိနှိပ်ဖို့ကြိုးစားခဲ့တယ် အဲ့ဒီအချိန်ကစပြီး ဥက္ကာခဲကလည်း ပါရမီရှင်တွေသီးသန့်ပဲ၀င်ခွင့်ပေးတော့တယ် သာမန်ကျင့်ကြံသူတွေ၀င်သွားရင် သေလမ်းရှာနေရုံပဲ ဘာအကျိုးမှရှိမှာမဟုတ်ဘူး
ဒီနောက်ပိုင်းနှစ်တွေမှာတော့ ဥက္ကာခဲက ပါရမီရှင်တွေ ကောင်းကင်ရတနာလုရင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲကွင်းပြင်ပုံစံတစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်
လူတိုင်းကလည်းအဲ့ဒီလိုပုံစံကိုလက်ခံကြပြီး နှစ်သုံးရာကြာတိုင်းတစ်ကြိမ်ဖွင့်ပြီးေတာ့ အသက် ၃၀အောက်ပါရမီရှင်ေတွကို၀င်ခွင့်ပြုဖို့ သဘောတူခဲ့ကြတယ်
ဒါပေမယ့် သဘောတူညီချက်က သဘောတူညီချက်ပါပဲ ဖွင့်တဲ့အခါတိုင်း သူတို့အသက်ကိုဖိနှိပ်ပြီး တိုက်ပွဲကွင်းပြင်ထဲမှာ အခွင့်အလမ်းရှာတဲ့ အသက် ၅၀ အောက်တွေရှိနေကြတာပဲ
ဆိုတော့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ အကျိုးကျေးဇူးကြီးတွေရှိလားဆိုရင် ရှိတယ်
ဒါပေမယ့်လည်း ….၀င်သွားရင် သေဖို့ကသေချာသလောက်ပဲ!”
အန္တရာယ်ရှိကြောင်းကြားသော်လည်း ကျန်းယန်မျက်နှာပေါ် ကြောက်ရွံ့သွားသည့်အမူအရာပေါ်မလာခဲ့ပေ။ သူပြုံးကာပြောလိုက်၏။
“ဆရာ စိတ်မပူပါနဲ့ ကျွန်တော်က ရွှေအမြုတေအဆင့်ပဲရှိသေးပေမယ့် သာမန်နတ်ဝိညာဉ်အဆင့်တွေတောင် ကျွန်တော့်ပြိုင်ဘက်မဟုတ်ပါဘူး”
သူ့တွင်များစွာသောစိတ်ဝိညာဉ်အဆင့်ရတနာများလည်း ရှိနေသေးသည်။
ချင်းယွင်ကျိခါးသက်သက်ပြုံးလိုက်ကာ ပြောလိုက်၏။
“အဲ့ဒီရတနာတွေအပေါ် မှီခိုဖို့ တွေးမနေနဲ့
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်ပါတဲ့ပစ္စည်းမှန်သမျှကို ဥက္ကာခဲကြီးက စုပ်ယူပစ်လိမ့်မယ်
ပြောရရင် မင်းရတနာတွေယူသွားတာနဲ့ မင်းရတနာတွေကို ဥက္ကာခဲကြီးက စုပ်ယူသွားမှာပဲ
အထဲမှာ မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကိုပဲ အားကိုးနိုင်မယ်…အထဲေရာက်မှ မင်းရလာတဲ့ ရတနာတွေကိုတော့ အားကိုးလို့ရတယ်”
ကျန်းယန် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။
သူ့ရတနာများအားလုံးက အသုံးမ၀င်ဖြစ်သွားခြင်းပေလော။
ထိုအရာက အတော်လေးဆိုးဝါးသောသတင်းကြီးဖြစ်ပြီး သူ့ခွန်အားတစ်၀က်ကျော်ကို အကြောင်းပြချက်မဲ့ ဖြတ်တောက်ခံလိုက်သလိုပင်။
“မှော်လက်နက်တွေ မှော်ရတနာတွေကိုရော ယူသွားလို့မရဘူးလား” ကျန်းယန် စိတ်ညစ်နေဟန်ဖြင့် မေးလိုက်၏။
ချင်းယွင်ကျိ ခါးသက်သက်ပြုံးကာ ခေါင်းယမ်းလိုက်ပြီး
“သိုလှောင်လက်စွပ်တွေ စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း ယူသွားလို့မရဘူး အဲ့တာက ငါစိတ်ပူနေတဲ့အရာပဲ မင်းမှာ စိတ်ဝိညာဉ်စွမ်းအင် အတော်များများရှိတယ်ဆိုပေမယ့် အဲ့ဒီနေရာမှာဆိုရင် မင်းအားသာချက်အတော်များများကို ဖြတ်တောက်ခံရလိမ့်မယ်”
ကျန်းယန် မျက်မှောင်ကြုံ့သွားခဲ့သည်။
“ဒါဆို မနက်ဖြန်ကစပြီး ကျွန်တော်ရတနာတွေမပါဘဲ တိုက်ခိုက်တတ်အောင် လေ့ကျင့်ဖို့ လိုနေပြီ”
“မင်းက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရဲ့ အန္တရာယ်တွေကို သိပြီးတာတောင် သွားချင်သေးတယ်လား” ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။
ကျန်းယန်ပြုံးလိုက်သည်။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ကောင်းကင်နဲ့မြေပြင်ရတနာတွေနဲ့ ပြည့်နေတာလေ ကျွန်တော်မသွားစရာဘာအကြောင်းရှိမှာလဲ ပြီးတော့ ကျွန်တော့် အဖြူထည်ရွှေအမြုတေကလည်း ပြဿနာရှိနေတယ် အဲ့ဒီနေရာမှာ ကျွန်တော့်ကို တာအိုသန္ဓေသားမွေးဖွားလာအောင်လုပ်ပေးနိုင်တဲ့ ရတနာတစ်ခုခုရှိရင် ရှိနေမှာပေါ့”
အဇူရာတိမ်မောင်နှမခုနှစ်ဖော်အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း ကျန်းယန်ကိုတော့ဘာမှမပြောခဲ့ပေ။
ကျန်းယန် လေးလေးနက်နက်ဆက်ပြောလိုက်၏။
“အဓိကဂိုဏ်းကြီးတွေက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိစ္စကို ရည်ရွယ်ချက်ရှိရှိစီစဉ်ထားတာဆိုတော့ ကျွန်တော်သာမသွားရင် သူတို့ကျွန်တော်တို့ဂိုဏ်းကိုအလွှတ်ပေးမှာ မဟုတ်လောက်ဘူး သူတို့လာနှောင့်ယှက်တာခံမယ့်အစား ကျွန်တော်သဘောတူလိုက်တာ ပိုကောင်းပါတယ် အနည်းဆုံးတော့ အဇူရာတိမ်ဂိုဏ်းက ၃ နှစ်လောက် ကောင်းကောင်းကြီး တိုးတက်နိုင်တာပေါ့”
သူထိုစကားပြောလိုက်သောအခါ အကြီးအကဲအားလုံး ငြိမ်ကျသွားခဲ့ကြသည်။
စွမ်းအားကြီးကျင့်ကြံသူများဖြစ်သော သူတို့ရှိနေလျက်နှင့် ရွှေအမြုတေအဆင့်လေးတစ်ယောက်ကို သူတို့ဒီလောက်ကြီးထိ ခက်ခက်ခဲခဲကြီး မကြိုးစားစေချင်ကြပေ။
တခဏအကြာတွင် ချင်းယွင်ကျိထပ်ပြောလိုက်၏။
“အခုမှ ငါက ပထမအန္တရာယ်ကိုပဲပြောရသေးတယ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ရဲ့ ဒုတိယအန္တရာယ်ကို ထပ်ပြောပြမယ်”
“ကျေးဇူးပြုပြီး ဆက်ပြောပါဆရာ”
ချင်းယွင်ကျိအမူအရာကအလွန်လေးနက်တည်ကြည်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ကံကြမ္မာနဲ့ ကံတရား လို့လူသိများတဲ့ ချီကံကြမ္မာလည်း ရှိနေတယ်”
“ချီကံကြမ္မာဆိုတာက ဘာလဲ”
ချင်းယွင်ကျိ အသာအယာခေါင်းညိတ်ပြကာ ဆက်ပြောလိုက်၏။
“ချီကံကြမ္မာဆိုတာက မြင်လည်းမမြင်နိုင်သလို လက်ဆုပ်လက်ကိုင်လည်းပြလို့မရတဲ့အရာပဲ အဇူရာတိမ်ဂိုဏ်းက တက်လှမ်းသွားတဲ့ ဘိုးဘေးတွေတောင် အဲ့ဒီအရာဘာလဲဆိုတာ အဖြေမရှာနိုင်ခဲ့ကြဘူး ဒါပေမယ့် အဲ့တာရဲ့တည်ရှိမှုကိုတော့ လူတိုင်းကလက်ခံထားကြတယ်
ပြီးတော့ အထူးသဖြင့် အဲ့ဒီအရာက ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ပိုပြီးသိသာထင်ရှားလာတယ်
ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက အသက်ရှင်လျက်ထွက်လာနိုင်တဲ့သူတိုင်းက ကမ္ဘာပေါ်မှာအသန်မာဆုံးလူတွေဖြစ်လာကြတယ်
နောက်ဆုံးသရဖူကိုအနိုင်ရသူကတော့ ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးနိုင်သူဖြစ်လာတယ်
အဲ့တာကြောင့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲမှာ ရှုံးနိမ့်သွားရင်လည်း ချီကံကြမ္မာနဲ့ပတ်သက်တဲ့ ဆိုးဝါးတဲ့အကျိုးဆက်တွေကို ခံစားရလိမ့်မယ်”
ကျန်းယန်တခဏကြောင်သွားပြီးနောက် အားရပါးရရယ်မောလိုက်လေသည်။
“ဆရာ ချီကံကြမ္မာဆိုတာက တကယ်ရှိလား မရှိလားတော့ ကျွန်တော်မသိဘူး
ဒါပေမယ့် …ဒီလိုတွေးကြည့်လိုက် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲကို ၀င်မှာက ကမ္ဘာပေါ်ကအတော်ဆုံးပါရမီရှင်တွေချည်းပဲလေ အဲ့ဒီအဆုံးမဲ့တဲ့ပါရမီရှင်တွေကို သတ်ဖြတ်နိုင်ပြီး သူတို့ကြားထဲ အသက်ရှင်နေနိုင်ရင် အဲ့ဒီရှင်နေနိုင်တဲ့သူတွေက သဘာ၀အားဖြင့် ပိုပါရမီရှိတဲ့သူတွေမလို့ပေါ့
အဲ့လိုလူတွေက အနှေးနဲ့အမြန် ကမ္ဘာကြီးရဲ့ထိပ်ဆုံးနေရာကို ရောက်လာမှာပဲလေ အဲ့တာဘာဆန်းလို့လဲ
ပြီးတော့ သရဖူကိုသိမ်းနိုင်တဲ့သူ…ရှိသမျှပါရမီရှင်တွေအကုန်လုံးကို အမှောက်သိပ်နိုင်ခဲ့မှတော့ အဲ့ဒီလူက ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးတဲ့သူဖြစ်ပြီပေါ့ ဆရာရယ်”
ချင်းယွင်ကျိကြောင်အသွားခဲ့သည်။ ချီကံကြမ္မာကို အခုလိုရှင်းပြလို့ရလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိဖူးပေ။ ကျန်းယန်က ဆန်းကြယ်မှုကို သမရိုးကျရှင်းလင်းချက်ဖြင့် ရှင်းပြသွားခဲ့၏။
ထိုစကားက အကျိုးအကြောင်းသင့်နေပုံပေါ်သော်လည်း…သူနှစ်တစ်ထောင်လောက်ယုံကြည်ခဲ့သောအရာဖြစ်သောကြောင့် စိတ်မသက်မသာဖြစ်နေခဲ့၏။
“ဘာပဲဖြစ်ဖြစ်ပါ မင်းကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို၀င်မယ်ဆိုရင် တတ်နိုင်သလောက် အခြားသူတွေရဲ့ ချီကံကြမ္မာကို သိမ်းပိုက်ရမယ်” ချင်းယွင်ကျိလေးလေးနက်နက်ပြောလိုက်သည်။
ကျန်းယန်အားရပါးရရယ်မောလိုက်ကာ
“ဒီလိုဆိုမှတော့ ကျွန်တော်က သရဖူကိုအပိုင်သိမ်းလာခဲ့ပါ့မယ်”
“မင်းကိုယ်မင်းယုံကြည်မှုရှိလား” ချင်းယွင်ကျိမေးလိုက်၏။
ကျန်းယန်ခေါင်းယမ်းလိုက်ကာ
“ယုံကြည်မှုတော့ မရှိဘူး ဒါပေမယ့် ယုံကြည်မှုရှိရှိမရှိရှိ လူတစ်ယောက်က အနိုင်ယူကိုယူမယ်ဆိုတဲ့ ပြတ်သားတဲ့စိတ်မျိုးကို မပြိုင်ခင်ကတည်းက ချမှတ်ထားရမှာပဲ ပြီးရင်တော့ ပြင်ဆင်ရမှာပေါ့ ဒါဆို ရလဒ်ကမကောင်းလာနိုင်စရာမရှိဘူး”
“ကောင်းတယ်!” ချင်းယွင်ကျိအသံကိုမြှင့်လိုက်ကာ
“မင်းရည်ရွယ်ချက်ကဒီလိုဆိုမှတော့ ငါတို့မင်းကိုအတတ်နိုင်ဆုံးတင်းတင်းကြပ်ကြပ်လေ့ကျင့်ပေးမယ် တစ်ချိန်တည်းမှာပဲ ငါတို့တတိယ အန္တရာယ်ကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်”
“တတိယအန္တရာယ်ကဘာလဲ” ကျန်းယန် မေးလိုက်၏။
“မင်းကိုကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကနေ ဘယ်လို ဘေးကင်းကင်းနဲ့ပြန်ခေါ်လာနိုင်မလဲဆိုတာပဲ!”