← Chapters

အခန်း (၁၀၂)

Vol. 9 Ch. 102

အခန်း (၁၀၂)

Vol. 9 Ch. 102

အမတလမ်းစဉ်လျှောက်လှမ်းသော ရွာသားများ

အဇူရာကုန်းမြေတိုက်ကြီးအပြင်ဘက်တွင် အဇူရာတိမ်ဂိုဏ်းမှထွက်သွားသော တာအိုပေါင်းစည်းခြင်းအဆင့်များ နောက်တစ်ကြိမ်ပြန်လည်စုဝေးခဲ့ကြပြန်၏။

လူတိုင်း၏စိတ်များကတော့ လေးလံနေခဲ့ကြသည်။

“ချင်းယွင်ကျိက ကပ်ဘေးဖြတ်ကျော်ပြီးသွားပြီ!”

အနီရောင်၀တ်စုံ၀တ် တာအိုပေါင်းစည်းခြင်းအဆင့် သေချာနေဟန်ဖြင့် ပြောလိုက်၏။

“တကယ်လို့ သူသာဖြတ်ကျော်ပြီးသွားတာမဟုတ်ရင် ငါဘာမှပြန်မတိုက်ခိုက်နိုင်ရလောက်အောင်အထိတော့ ဖြစ်မှာမဟုတ်ဘူး”

အခြားသူများလည်း အသာအယာခေါင်းညိတ်လိုက်ကြသည်။ ချင်းယွင်ကျိကသူတို့ကိုတိုက်ရိုက်တိုက်ခိုက်တာမဟုတ်သော်လည်း ထိုအဖြစ်အပျက်မှထွက်ပေါ်လာသော ဖိအားကို သူတို့လည်း ခံစားမိခဲ့ကြ၏။

သူတို့သည် တာအိုပေါင်းစည်းခြင်းအဆင့်များဖြစ်သော်လည်း ထိုအချိန်က ထွက်ပေါ်လာသော ဖိအားက သူတို့စိတ်ကူးနိုင်တာထက် ကျော်လွန်နေခဲ့သည်။

ထို့ကြောင့်လည်း အနီရောင်၀တ်တာအိုပညာရှင်ဘာမှပြန်မလုပ်နိုင်ခဲ့ခြင်း ဖြစ်၏။

လန်ကျားအထွတ်အမြတ်မြေမှတာအိုပေါင်းစည်းခြင်းအဆင့်နှင့် ၀မ်လင်းဂိုဏ်းမှာတာအိုပေါင်းစည်းခြင်းအဆင့် ခါးသက်သက်ပြုံးလိုက်ကြပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“သူကကပ်ဘေးဖြတ်ကျော်ထားတာမဟုတ်ဘူး!”

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်၏ ကပ်ဘေးဖြတ်ကျော်ခြင်း စွမ်းအားက တစ်ယောက်ယောက်ဖုံးကွယ်ထားနိုင်သော အရာမျိုးမဟုတ်ပေ။

သူတို့ဂိုဏ်းနှစ်ဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းနှင့်အနီးဆုံးဂိုဏ်းများဖြစ်သောကြောင့် ချင်းယွင်ကျိသာ ကပ်ဘေးဖြတ်ကျော်ခဲ့လျှင် သူတို့သိမှာ သေချာပေသည်။

ချင်းယွင်ကျိက အဇူရာတိမ်ဂိုဏ်းမှအဝေးသို့ထွက်သွားကာ ကပ်ဘေးဖြတ်ကျော်လိမ့်မည်လို့တော့ သူတို့မယုံပေ။

နှစ်ပေါင်းရာချီအတွင်း ချင်းယွင်ကျိက တစ်ခါမှထွက်မသွားခဲ့ဖူးပေ။

ချင်းယွင်ကျိကို အဇူရာမဟာတိမ်၀င်္ကပါကိုစောင့်ရှောက်ဖို့ အတင်းအကြပ်တာ၀န်ပေးထား၍ အဇူရာတိမ်ဂိုဏ်းမှလုံး၀ထွက်မသွားနိုင်တာလို့တောင် သူတို့သံသယရှိကြ၏။

မဟုတ်လျှင် အဇူရာတိမ်ဂိုဏ်းကအခုလောက်ထိကျဆင်းသွားခဲ့လိမ့်မည် မဟုတ်ပေ။

“တကယ်လို့ သူကပ်ဘေး‌ဖြတ်ကျော်ခဲ့တောင်ကိစ္စမရှိပါဘူး” ကွေ့ချွမ်ဘုန်းကြီးကျောင်းမှ ဘုန်းကြီးပြောလိုက်သည်။

“ဒီတစ်ခေါက် အဇူရာတိမ်ဂိုဏ်းက ကိုယ်‌ေတာ်တို့ဆီကအရင်းအမြစ်တွေအများကြီးညှစ်သွားတယ် လတ်တလောတော့ သူတို့ကျေကျေနပ်နပ်ကြီးမိစ္ဆာတွေကို ဆက်စောင့်ကြပ်နေဦးမှာသေချာတယ်

ကိုယ်‌ေတာ်တို့မှာ အဲ့ဒီမိစ္ဆာတွေနဲ့ရော အဇူရာတိမ်ဂိုဏ်းနဲ့ရော ရင်ဆိုင်ဖို့ပြင်ဆင်ချိန်တွေလုံလုံလောက်လောက်ရှိတယ်

သူတို့က ဆယ်နှစ် စောင့်ကြပ်ဖို့ကတိပေးထားတယ်ဆိုပေမယ့် ဆယ်နှစ်မတိုင်ခင် သူတို့ကတိကိုရုတ်သိမ်းပစ်မှာလို့ ကိုယ်တော်တွက်ဆမိတယ်”

“အဲ့တာကြောင့် ကိုယ်တော်တို့ဘက်ကသေချာပြင်ဆင်ထားဖို့လိုတယ် နောက်တစ်ကြိမ်ငွေညှစ်ခွင့် လုံး၀ထပ်ပေးလို့မဖြစ်ဘူး”

လူတိုင်းခေါင်းညိတ်ကာသဘောတူလိုက်ကြ၏။

“ပြီးတော့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်လည်းရှိသေးတယ်”

တာအိုပညာရှင်တစ်ယောက် ပြောလိုက်လေသည်။

“သုံးနှစ်ကြာရင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကိုအားနည်းသွားအောင်လုပ်ပစ်လိမ့်မယ် သူတို့ရဲ့ အကြွင်းအကျန်ကံကြမ္မာလေး ဖြတ်တောက်ခံလိုက်ရတာနဲ့ ငါတို့အတွက် သူတို့နဲ့ရင်ဆိုင်ဖို့ အများကြီး ပိုလွယ်သွားလိမ့်မယ်”

“အဲ့တာတွေအပြင် ငါတို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ လူတွေလွှတ်ပြီး ဒီကုန်းမြေတိုက်ကြီးရဲ့ အုတ်မြစ်တွေအကုန်လုံးကို တူးထုတ်ပစ်လိုက်ဖို့ အကြံပေးချင်တယ် ကုန်းမြေတိုက်ကြီးတစ်ခုရဲ့ အုတ်မြစ်က အဲ့ဒီနေရာမှာရှိတဲ့ ပါရမီရှင်တွေပေါ်မူတည်နေတယ် ငါတို့ကအဲ့ဒီပါရမီရှင်တွေကို အကျိုးအမြတ်တွေပေးပြီး ကမ်းလှမ်းလို့ရတယ် ငါတို့သာ အဇူရာတိမ်ဂိုဏ်းကုန်းမြေတိုက်ကြီးပေါ်ကဂိုဏ်းတိုင်းကို အဝေးရောက်အောင်ဖယ်ထုတ်လိုက်နိုင်ပြီး အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းပဲကျန်ခဲ့ရင် လူနည်းနည်းလေးရှိတဲ့ဂိုဏ်းတစ်ဂိုဏ်းက ဘာများလုပ်နိုင်တော့မှာလဲ”

“မှန်တယ် ဒီအချက်က အရမ်းအရေးကြီးတယ် ဒီတစ်ခေါက်အဇူရာတိမ်ဂိုဏ်းက အရင်းအမြစ်တွေအများကြီးရထားတာဆိုတော့ အခြားဂိုဏ်းတွေနဲ့ဆက်သွယ်လိုက်ရင် သူတို့အတွက် အထောက်အပံ့တွေရလာနိုင်တယ် ငါတို့သူတို့ကိုဒီအခွင့်အရေးလုံး၀ပေးလို့မဖြစ်ဘူး”

“ဒါ‌ဆို စီစဉ်လိုက်ကြတာပေါ့ ငါတို့ပြန်ရောက်တာနဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီကို တပည့်တွေပို့ကြမယ်”

ပြောပြီးသည်နှင့် လူတိုင်းလမ်းခွဲကာ ထွက်ခွာသွားခဲ့ကြလေသည်။

သို့သော် ရှို့ယိဘုရားကျောင်းမှတာအိုပညာရှင်ကတော့ ရှို့ယိဘုရားကျောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော တောင်အရပ်သို့ ဦးတည်ထွက်သွားခဲ့၏။

“တာအိုမိတ်ဆွေ မိတ်ဆွေက ယွင်မုန့် စိမ့်တောကိုသွားမလို့လား”

တာအိုပညာရှင်ခါးသက်သက်ပြုံးလိုက်ကာ

“ငါယွင်မုန့်စိမ့်တောကိုတစ်ချက်လောက်သွားကြည့်မလို့ပါ ယွင်မုန့်စိမ့်တောမှာ သက်တန့်ငါးတွေရှိမှန်း မိတ်ဆွေတို့သိကြတယ်မလား ငါ့မှာအခြားဝါသနာအထွေအထူးမရှိပေမယ့် အဲ့ဒီငါးတွေကိုတော့ ကြိုက်မိတယ် ဒါပေမယ့် သကောင့်သားတစ်ကောင်က သက်တန့်ငါးတွေဖမ်းရုံတင်မဟုတ်ဘူး စိတ်ဝိညာဉ်ကရေကန်ကြီးတစ်ကန်လုံးကို တူးသွားတယ်လေ”

“အဲ့တာကြောင့် တူးသွားတာမိတ်ဆွေတို့ထဲကတစ်ယောက်ယောက်လားလို့ မေးပါရစေ

တကယ်လို့ မိတ်ဆွေတို့ထဲကတစ်ယောက်ယောက်တူးသွားတာဆိုရင် ငါ့ကို သက်တန့်ငါးတစ်ကောင်လောက်များ ပြန်ပေးနိုင်မလား”

တာအိုပေါင်းစည်းခြင်းအဆင့်အများစုသည် ဂိုဏ်းကြီးများမှသာ ဖြစ်ကြသည်။ သာမန်လူများကလည်း ထိုရေကန်ကြီးကိုရွှေ့ပစ်လိုက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် တူးသွားသူက ဂိုဏ်းကြီးများထဲမှတစ်ယောက်ဟုသာ ထိုတာအိုပညာရှင်ထင်နေခဲ့ခြင်း ဖြစ်၏။

အခြားသူများတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြလေသည်။ သူတို့ထိုအကြောင်းကြားပင်မကြားဖူးကြပေ။

သူတို့အားလုံးသည် တာအိုပေါင်းစည်းခြင်းအဆင့်များ‌ဖြစ်သောကြောင့် သူတို့အတွက် သက်တန့်ငါးကထိုမျှအရေးမပါတော့ပေ။ သူတို့တွင်ထိုငါးရှိရှိ မရှိရှိ ဘာမှမထူးသောကြောင့် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး စိတ်ဝိညာဉ်ကန်ကြီးကို သွားရွှေ့ကြမည်မဟုတ်ပေ။

သူတို့အမူအရာများကိုမြင်သောအခါ တာအိုပညာရှင်သက်ပြင်းချလိုက်၏။

“ဒါဆိုရင်တော့ ယွင်မုန့်စိမ့်တောကိုပဲ ထပ်သွားကြည့်ပြီး သက်တန့်ငါးတွေကျန်ဦးမလား ရှာရတော့မှာပဲ ဟူးး..တကယ်ပဲဘယ်သူကဒီလိုလုပ်ရပ်မျိုး လုပ်သွားရတာလဲ”

ထို့နောက် သူတို့အားလုံးခေါင်းယမ်းလိုက်ကြပြီး သက်ဆိုင်ရာဂိုဏ်းအသီးသီးဆီ ပြန်သွားခဲ့ကြလေသည်။

တကယ်တော့ ဒီတစ်ခေါက်အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေထဲ၀င်ခဲ့ကြသူများကိုမေးလျှင် သူတို့သက်တန့်ငါးအကြောင်းသဲလွန်စကို ရရှိနိုင်မည် ဖြစ်၏။

တကယ်လို့ သက်တန့်ငါးများထိုနေရာတွင်ရှိနေသည်ဆိုတာကိုသိလျှင် ချင်းယွင်ကျိသည် အဇူရာတိမ်ဂိုဏ်းမှထွက်ခွာနိုင်ကြောင်း သူတို့နားလည်သွားကြပေလိမ့်မည်သာ။ ထိုသို့နားလည်သွားလျှင်လည်း သူတို့၏ အဇူရာတိမ်ဂိုဏ်းအပေါ်ဆက်ဆံနေပုံများ လုံး၀ပြောင်းလဲသွားနိုင်ပေသည်။

ကံဆိုးစွာဖြင့် သက်တန့်ငါးကိုမြင်ခဲ့သူက အနည်းငယ်သာရှိခဲ့၏။

ကျိုးဟောင်နှင့်အခြားတပည့်များက မိစ္ဆာငါးများဆိုတာကိုသာ တွေ့ခဲ့ရပြီး ထိုအရာက သက်တန့်ငါးလားဆိုတာ အတည်မပြုနိုင်ခဲ့ပေ။

လီချီနှင့်သက်တန့်ငါးကိုစားခဲ့သည့်အခြားသူများကလည်း ထိုအကြောင်းလုံး၀ထုတ်ပြောရဲကြမည်မဟုတ်ပေ။

ထို့ကြောင့် လတ်တလောတွင် အဇူရာတိမ်ဂိုဏ်း၌ သက်တန့်ငါးများရှိနေကြောင်း ဘယ်သူမှ မသိခဲ့ကြပေ။

ထိပ်တန်းဂိုဏ်းကြီးများက အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ရင် ကြံစည်နေကြချိန်တွင် အဇူရာတိမ်ဂိုဏ်းကတော့ စည်ကားနေခဲ့၏။

“ဒီနေ့ကစပြီး အဇူရာတိမ်ဂိုဏ်းရဲ့အရင်းအမြစ်အားလုံးကို လူတိုင်းလွတ်လွတ်လပ်လပ်သုံးနိုင်ပြီ!”

စစ်ထူမင်ယွဲ့ သူ့ရှေ့ကတပည့်များကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်လေသည်။

“စိတ်ဝိညာဉ်ကျောက်တုံးနည်းနေတာပဲဖြစ်ဖြစ် ဆေးလုံးတွေလိုနေတာပဲဖြစ်ဖြစ် ငါ့ဆီ ချက်ချင်းလာတောင်းနိုင်တယ် ဒါပေမယ့် အရင်းအမြစ်တွေနဲ့လဲလှယ်ဖို့ ဂိုဏ်းအကျိုးပြုအမှတ်တွေတော့ လိုတယ်

လူတိုင်းက အဇူရာတိမ်ဂိုဏ်းပြန်လည်ရှင်သန်လာဖို့ ကြိုးစားလုပ်ကိုင်နေကြတဲ့လူတွေပဲလို့ စီနီယာအစ်ကိုကြီးကပြောခဲ့တယ် ဂိုဏ်းအတွက် ပိုပြီးကြိုးစားတဲ့လူက ခြွင်းချက်မရှိ အရင်းအမြစ်တွေပိုရမယ် အဲ့တာကြောင့် အရင်းအမြစ်ပိုရတဲ့လူတွေအပေါ် အခြားသူတွေက မနာလိုဖြစ်နေလို့မဖြစ်ဘူး

နောက်ပြီးတော့ ခုနှစ်ရက်တစ်ခါ ငါတို့အားလုံး အဇူရာတိမ်ခန်းမရှေ့မှာစုပြီး အဇူရာတိမ်ဂိုဏ်းရဲ့ အထွတ်အထိပ်ရောက်ရှ်ိခဲ့တဲ့သမိုင်းကိုလေ့လာရမယ်

လေ့လာချိန်တစ်ခါပြီးဆုံးတိုင်း လူတိုင်းက အကျဉ်းချုပ်တင်ပြချက်ရေးရမယ်

လေ့လာချိန်တစ်ချိန်တိုင်း တင်ပြချက်တစ်စောင်တိုင်းကနေ နင်တို့ ဂိုဏ်းအမှတ်တွေရလိမ့်မယ် အဲ့တာကြောင့် ဂိုဏ်းအမှတ်မလောက်မှာလည်း စိတ်ပူစရာမလိုဘူး”

“နောက်ဆုံးပြောချင်တာကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ပထမဆုံးဖောက်ထွက်နိုင်တဲ့သူက စီနီယာအစ်ကိုကြီးဆီက အထူးဆုလဒ်တစ်ခုကိုရရှိမယ် နောက်ပြီး သူတို့စွမ်းရည်တွေအပြည့်အ၀တိုးတက်စေဖို့ တာ၀န်တွေလည်း ပေးအပ်ခံရမယ်”

ကျန်းယန်၏ လမ်းညွှန်ချက်အတိုင်း စစ်ထူမင်ယွဲ့ဂိုဏ်းတပည့်များကို ဦးနှောက်ဆေးကာ အရင်းအမြစ်များခွဲပေးနေခဲ့၏။

သို့သော် သူမထိုအရာ၏ရည်ရွယ်ချက်ကိုတော့ မသိပေ။ ရိုးရှင်းစွာပင် ခိုင်းထားသည့်အတိုင်း လုပ်နေခဲ့ခြင်းဖြစ်သည်။

သူ့တာ၀န်က စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀ကိုနှစ်၀က်အတွင်း အကုန်သုံးပေးဖို့ ဖြစ်၏။

အရင်းအမြစ်များ လက်ခံရရှိပြီးသောအခါ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်များ စိတ်လှုပ်ရှားလာခဲ့ကြသည်။

နောက်ဆုံးတော့ သူတို့ကိုယ်သူတို့ အလျင်အမြန်တိုးတက်အောင် လုပ်နိုင်ခဲ့ချေပြီ။

အကျဉ်းချုပ်တင်ပြချက်အတွက်လည်း စိတ်ပူစရာမလိုပေ။ ခဏခဏရေးခဲ့ရသောကြောင့် သူတို့ထိုအရာနှင့်အသားကျနေခဲ့ကြပြီဖြစ်သည်။

အရင်းအမြစ်များခွဲပေးပြီးနောက် စစ်ထူမင်ယွဲ့ သူမ‌ဝေစုကိုယူကာ စတင်ကျင့်ကြံတော့၏။ သူမပန်းတိုင်ကတော့ ဝိညာဉ်အခြေတည်အဆင့်ကို ချိုးဖြတ်ဖို့ ဖြစ်သည်။

ထိုစဉ် အဇူရာတိမ်ဂိုဏ်းအနီးက ရွာများ၌

ကျန်းယန် ထိုရွာများကိုသွားကာ ရွာသားများကို ကျင့်စဉ်များ မျှဝေပေးနေခဲ့၏။

“ဒါက သက်ရှည်ကျမ်းတဲ့ ဒီဟာကိုကျင့်ရင် အဖိုး မသေမျိုးဖြစ်လာနိုင်တယ်” ကျန်းယန် ဆံပင်ဖြူနေသော အဖိုးကြီးတစ်ယောက်ကို ရှင်းပြနေခဲ့သည်။

“ရွာထဲကလူတိုင်းကိုစုလိုက် တစ်ယောက်ချင်းစီတိုင်းက စိတ်ဝိညာဉ်ကျောက်တုံး ၁ တုံးဆီရပြီး ကျင့်စဉ်ကိုတစ်ကြိမ်ဖတ်ခွင့်ရမယ်

တကယ်လို့ စိတ်ဝိညာဉ်စွမ်းအင်ကိုအာရုံခံနိုင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ပါရမီရှိနေရင် အဇူရာတိမ်ဂိုဏ်းကို သတင်းလာပို့လို့ရတယ် ဒါမှမဟုတ်လည်း ကျွန်တော်တို့ဂိုဏ်းကလူတွေလာခေါ်မှာကို စောင့်နေလို့လည်းရတယ် အဲ့ဒီအချိန်ကျရင် ကျင့်ကြံဖို့ အရင်းအမြစ်တွေ ပိုပေးဦးမှာ

အသက်အရွယ်မရွေး ယောက်ျားမိန်းမမရွေး ကျင့်ကြံနိုင်တဲ့လူမှန်သမျှ အဇူရာတိမ်ဂိုဏ်းဆီက ဆုလဒ်ကိုရရှ်ိနိုင်တယ်

အဲ့တာတွေအပြင် ဂိုဏ်းကကျင့်ကြံနိုင်သူတွေကို ပိုအဆင့်မြင့်တဲ့ကျင့်စဉ်တွေ မှော်ရတနာတွေတောင် ပေးဦးမှာ”

ရွာသားများ ကျန်းယန်ကိုငေးကြောင်စွာကြည့်နေကြပြီးနောက်တွင်တော့ ဒူးထောက်လိုက်ကြတာ အဇူရာတိမ်ဂိုဏ်းနာမည်ကို သံပြိုင်အော်ဟစ်လိုက်ကြလေသည်။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်း ဟူသောစကားလံုးက ရွာသားများရင်ထဲတွင် အထွတ်အမြတ်အရာတစ်ခုအဖြစ် မှတ်ကျောက်တင်သွားခဲ့ချေပြီ။

All Chapters