← Chapters

အခန်း (၁၀၃)

Vol. 9 Ch. 103

အခန်း (၁၀၃)

Vol. 9 Ch. 103

တကယ့်တိုက်ပွဲ

ကျန်းယန် တစ်ရွာပြီးတစ်ရွာသွားကာ ရွာတိုင်းတွင် ကျင့်ကြံခြင်းမျိုးစေ့ချပေးခဲ့၏။

ဤအရာသည် ရွာသားများအတွက် တစ်ကြိမ်တည်းသောအခွင့်အရေးဖြစ်လေရာ ဘယ်သူကမှ ဖြုန်းတီးမပစ်ချင်ကြပေ။

အဇူရာတိမ်ဂိုဏ်းအနီးရှ်ိရွာတိုင်းက အဇူရာတိမ်ဂိုဏ်းဟူသောနာမည်နှင့် ကျန်းယန်ဟူသောအမည်ကို စွဲနေအောင် မှတ်မိသွားခဲ့ကြသည်။

သူတို့လို သာမန်ရွာသားများကို ဘယ်ကျင့်ကြံသူက ကျင့်စဉ်များ စိတ်ဝိညာဉ်ကျောက်တုံးများ အလကားအိမ်တိုင်ရာရောက်လာပေးပါမည်နည်း။

ပိုအံ့အားသင့်စရာကောင်းသည်မှာ ကျင့်ကြံနိုင်သူများဆိုလျှင် ပိုပြီးပင် လေ့ကျင့်ပေးဦးမည် ဖြစ်သည်။

ထိုအခိုက်တွင် လူတိုင်းရင်ထဲ၌ ကျန်းယန်က ကယ်တင်ရှင်ဖြစ်လာခဲ့၏။

လူတိုင်းက စတင်ကျင့်ကြံနေကြရင်း အဇူရာတိမ်ဂိုဏ်းအတွက် ဆုတောင်းပေးနေခဲ့ကြသည်။

ကျန်းယန်ကိုယ်တိုင်ကလည်း နှစ်၀က်လုံးလုံးကို ရွာသားများအား ကျင့်စဉ်များ စိတ်ဝိညာဥ်‌ေကျာက်တံုးများ ဖြန့်ဝေခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့၏။

ထိုနှစ်၀က်အတွင်း ရွာသားများကိုကူညီခဲ့‌ေသာ်လည်း ကျန်းယန်သူ့ကျင့်ကြံခြင်းကိုလည်း မရပ်တန့်စေခဲ့ပေ။

နေ့တိုင်း စိတ်ဝိညာဉ်ကျောက်တုံးများ ဆေးများသုံးကာ သူ့ကျင့်ကြံခြင်းကိုမြှင့်တင်နေခဲ့သည်။

နှစ်၀က်အတွင်း သူဆေးလုံးတစ်ရာကျော်နှင့် စိတ်ဝိညာဉ်ကျောက်တုံး ၅ သန်းကျော်အသုံးပြုခဲ့၏။

ယခုအချိန်တွင် သူ့ရွှေအမြုတေအခွံ့က ပိုထူလာသော်လည်း အတွင်းထဲတွင် တာအိုမျိုးစေ့ပေါ်လာမည့်အရိပ်အယောင်တော့ မရှိသေးပေ။ ဝိညာဉ်အခြေတည်အဆင့်ကိုချိုးဖြတ်နိုင်ဖို့ကတော့ အဝေးကြီးပင် လိုနေသေးသည်။

ထိုကဲ့သို့သောအခြေအနေနှင့်ရင်ဆိုင်ရသောအခါ ကျန်းယန်ဆွံ့အနေရုံကလွဲ ဘာမှမတတ်နိုင်တော့ပေ။

နောက်ဆုံးတွင် သူဆေးများနှင့်စိတ်ဝိညာဉ်ကျောက်တုံးများ သုံးစွဲခြင်းကို ရပ်တန့်ပစ်လိုက်၏။

ထိုအရာများသုံးစွဲခြင်းက ဘာမှသက်ရောက်မှုမရှိနိုင်တော့ဘူးဆိုတာ သူသေချာသိသွားခဲ့သည်။

သူသုံးစွဲခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးအားလုံးပေါင်းလိုက်လျှင် ၁၀ သန်းကျော်ရှိနေပြီဖြစ်ပြီး ထိုပမာဏက ရွှေအမြုတေအဆင့်များမပြောနှင့် အချို့ဝိညာဉ်အခြေတည်အဆင့်များပင် ထိုမျှပမာဏထိ မသုံးစွဲကြဖူးပေ။

သို့သော် ထိုမျှပမာဏကြီးကတောင် သူ့အတွက် အကျိုးအမြတ်ကြီးကြီးမားမား ရှိမနေသေးပေ။

တစ်ဖက်တွင် ကျန်းယန်၏စိတ်ဝိညာဉ်စွမ်းအားပမာဏကတော့ သမုဒ္ဒရာကြီးတစ်စင်းလိုပင် ပေါကြွယ်၀လွန်းနေပြီဖြစ်သည်။

ယခုအခါ အမတသန့်စင်အမွှေးတိုင်အိုးလို ရတနာကိုတောင် သူအတန်ကြာအောင် ကိုင်ဆောင်နိုင်နေပြီ ဖြစ်၏။

ထို့အပြင် စိတ်ဝိညာဉ်စွမ်းအားများ အလွန်ပေါများလာမှုကြောင့် သူ့မှော်သိုင်းကွက်သုံးသောအလျင်က သာမန်ရွှေအမြုတေအဆင့်များထက် ပိုမြန်လာပြီဖြစ်ပြီး သူ့သိုင်းကွက်များကလည်း ပိုသန်မာလာခဲ့သည်။

သို့သော် ကျန်းယန် စိတ်မကျေနပ်သေးပေ။ သူ့ပန်းတိုင်က ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ရှိဖို့သာ ဖြစ်၏။

သန်မာသောရွှေအမြုတေအဆင့်လောက်က သူ့အတွက် မလုံလောက်နိုင်ပေ။

ထို့အပြင် ဝိညာဉ်အခြေတည်အဆင့်၌ ရွှေအမြုတေအဆင့်တွင်မရှိသော ဆန်းကြယ်မှုများစွာ ရှိနေသေးပေသည်။

…….

နှစ်၀က်ကြာပြီးနောက် ကျန်းယန် ဂိုဏ်းသို့ပြန်ရောက်လာခဲ့၏။

ထိုစဉ် လေထဲတွင် ပျံသန်းနေသော ပုံရိပ်များကိုတွေ့လိုက်ရသောအခါ သူမပြုံးဘဲမနေနိုင်တော့ပေ။

တစ်နှစ်ကျော်ကြာအောင် ပြုပြင်ပြောင်းလဲခဲ့ပြီးနောက်တွင် နောက်ဆုံးတော့ ရွှေအမြုတေအဆင့်အသစ်များ အဇူရာတိမ်ဂိုဏ်းထဲတွင် ပေါ်ပေါက်လာခဲ့ချေပြီ။

အဆုံးမဲ့သော အရင်းအမြစ်များနှင့် ပါရမီရှင်များပေါင်းစပ်မှုက နောက်ဆုံးတော့ သူ့စွမ်းအားအစစ်အမှန်ကို စတင်ပြသနေခဲ့ပြီ ဖြစ်၏။

“စီနီယာအစ်ကိုကျန်း ပြန်လာပြီ!”

လေထဲတွင်ပျံသန်းနေသောတပည့်များ အဝေးမှ ကျန်းယန်ကို သတိထားမိသွားခဲ့ကြလေသည်။ အော်သံတစ်ချက်ထွက်ပေါ်လာသောအခါ ပုံရိပ်များစွာ အရပ်မျက်နှာပေါင်းစုံမှ ကျန်းယန်ဆီ ပြေး၀င်လာခဲ့ကြ၏။

အချို့က ပျံသန်းလာခဲ့ကြခြင်းဖြစ်ပြီး အချို့ကတော့ ပြေးသာလာခဲ့ကြခြင်း ဖြစ်သည်။

ကျန်းယန် အဇူရာမဟာတိမ်ခန်းမရှေ့တွင်ရပ်နေရင်း စုဝေးနေသော လူအုပ်ကြီးကိုပြုံး၍ ကြည့်နေခဲ့၏။ ထို့နောက် သူပြောလိုက်သည်။

“မင်းတို့ထဲမှာ ရွှေအမြုတေအဆင့်ကိုမရောက်သေးတဲ့လူ ၂၀ ၃၀ ကျန်နေသေးတယ် ဘာလို့မရောက်သေးတာလဲဆိုတာ မင်းတို့ရှင်းပြနိုင်မလား လုံလောက်အောင် မကြိုးစားကြလို့လား”

“စီနီယာအစ်ကိုကြီး ကျွန်မတို့မကြာခင် ချိုးဖြတ်ကြတော့မှာပါ” ချောင်ယင် ရှက်ရွံ့မှုကြောင့် နီရဲနေသောမျက်နှာဖြင့် ပြန်ဖြေလိုက်၏။

တကယ်တော့ တကယ့်အကြောင်းပြချက်မှာ သူမသည် အရင်ကမကျင့်ကြံခဲ့သောကြောင့် ဖြစ်သည်။ ကျန်းယန်၏ ဦးနှောက်ဆေးမှုများအောက်တွင် သူမအသိတရား၀င်လာပြီး စတင်ကြိုးစားကျင့်ကြံခဲ့သောအခါတွင်တော့ အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပြီး သူမသည် ထိုပါရမီရှင်များနောက် အဝေးကြီးတွင် ကျန်ရစ်သွားခဲ့ရ၏။

ကျန်းယန် ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး

“ရွှေအမြုတေအဆင့်ကိုရောက်သွားကြတဲ့သူတွေအားလုံး မင်းတို့အတွက် ငါဂုဏ်ယူတယ်

မရောက်သေးတဲ့သူတွေကလည်း အားမငယ်ကြနဲ့

မင်းတို့ပိုပြီးသန်မာလာလေလေ မင်းတို့ယူရမယ့်တာ၀န်က ပိုပြီးကြီးမားလာလေလေပဲ

မင်းတို့ဂိုဏ်းထဲ၀င်ခဲ့တဲ့အချိန်တုန်းက ဂိုဏ်းကနှစ်တစ်ရာအတွင်းမကြုံဖူးတဲ့ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ငါမင်းတို့ကိုပြောခဲ့တယ်

ဒါပေမယ့် ဒီပြောင်းလဲမှုဘယ်လောက်ကြီးမားလဲဆိုတာကို ငါကိုယ်တိုင်တောင် လျှော့တွက်ခဲ့မိတယ်”

“တကယ်တော့ ဒီပြောင်းလဲမှုကြီးက နှစ်တစ်ရာမဟုတ်ဘူး နှစ်တစ်ထောင်အတွင်း အဇူရာတိမ်ဂိုဏ်းရင်ဆိုင်ရတဲ့ အကြီးမားဆုံး အပြောင်းအလဲကြီးတစ်ခုပဲ!”

သူ့အမူအရာကပိုပြီးလေးနက်သွားကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းဟာ ထိပ်တန်းဂိုဏ်းကြီးတွေထဲက ဂိုဏ်းတစ်ဂိုဏ်းအဖြစ် ရပ်တည်နိုင်ခဲ့တယ် လန်ကျားအထွတ်အမြတ်မြေလိုနေရာမျိုးကတောင် ငါတို့ကို မော့ကြည့်ခဲ့ရတယ်

ဒါပေမယ့် ကပ်ဘေးကြီးတစ်ခုက အဇူရာတိမ်ဂိုဏ်းရဲ့ ကျဆင်းမှုကို ဖြစ်‌ေပါ်စေခဲ့တယ်

အခု နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ ငါတို့နောက်တစ်ကြိမ်ထပ်ပြီး ကံကြမ္မာအပြောင်းအလဲမျဥ်းတစ်ခုပေါ်မှာ ရပ်နေခဲ့ရပြန်ပြီ!

တကယ်လို့ ငါတို့ဒီတစ်ကြိမ်သာ အမြင့်ကိုထောင်တက်နိုင်ခဲ့ရင် ငါတို့အရင်ကအောင်မြင်မှုတွေကို ပြန်ရနိုင်ရုံတင်မဟုတ်ဘူး ငါတို့က မိုးကောင်းကင်အောက်က နံပါတ် ၁ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာလိမ့်မယ်!

ဒါပေမယ့် ဒီကပ်ဘေးမှာ မရှင်သန်နိုင်ခဲ့ရင် အဇူရာတိမ်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရလိမ့်မယ် မင်းတို့အားလုံးလည်း ဂိုဏ်းနဲ့အတူ ရှင်းလင်းခံလိုက်ရလိမ့်မယ်

အဲ့တာကြောင့် ငါတို့မှာ ဆုတ်ခွာစရာလမ်းမရှိဘူး သတ္တိရှိရှိနဲ့ ဒီကပ်ဘေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားဖို့သာ တတ်နိုင်မယ်!

အဲ့တာကြောင့် မင်းတို့အားလုံးက ဒီကပ်ဘေးကိုရင်ဆိုင်ဖို့ အစွမ်းကုန်ထုတ် ကြိုးစားကြရလိမ့်မယ်!”

သူသည် ဦးနှောက်ဆေးခြင်းကို တစ်နှစ်ကျော်ကြာအောင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်၏။

ကျောက်တုံးတစ်တုံးတောင် ဘုရားကျောင်းထဲတစ်နှစ်ကြာအောင်ထားပြီးလျှင် အမွှေးတိုင်နံ့သင်းနေမည် ဖြစ်သည်။

ထို့ကြောင့် သူဂိုဏ်းသားများသစ္စာဖောက်မှာကိုတော့ မစိုးရိမ်တော့ပေ။ သူတို့တာ၀န်များအကြောင်းကို တိုက်ရိုက်သာ ပြောပြလိုက်၏။

သို့သော်လည်း ဦးနှောက်ဆေးခြင်းကိုတော့ ဆက်လက်‌လုပ်ဆောင်နေရဦးမည် ဖြစ်သည်။ ရပ်လိုက်၍ မရသေးပေ။

လူတိုင်းကျန်းယန်ကို တိတ်ဆိတ်စွာကြည့်နေခဲ့ကြပြီး ဘာမှမပြောခဲ့ကြပေ။

သို့သော် ဘယ်သူမှ စိတ်ဓာတ်ကျနေခြင်းမျိုး မရှိခဲ့ပေ။ အားလုံးက ကျရောက်လာမည့်တာ၀န်များကိုသာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။

ကျန်းယန် အားလုံးကိုတစ်ချက်ကြည့်လိုက်ပြီး လေးလံစွာ ခေါင်းညိတ်လိုက်သည်။

“ဘယ်သူမှ ပြန်မဆုတ်ဘူး ကောင်းတယ် မင်းတို့က ဒီလမ်းကိုငါနဲ့အတူလျှောက်လှမ်းမယ့် စစ်မှန်တဲ့ဂိုဏ်းတပည့်တွေပဲ!

ဒီလိုဆိုမှတော့ ငါ့ဘက်ကလည်းမင်းတို့ကို အကျိုးအမြတ်ပြန်ပေးရမှာပေါ့

အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေကို ၁၀ရက်ကြာ ဖွင့်‌လှစ်ပေးမယ် မင်းတို့အားလုံးတစ်ကြိမ်၀င်ကြီး အခွင့်အလမ်း‌ေတွ ရှာ‌လို့ရမယ်

ဒီဆယ်ရက်အတွင်း လျှို့ဝှက်နယ်မြေထဲမှာ ရှာတွေ့သမျှ ကောင်းကင်နဲ့မြေပြင်ရတနာတွေမှန်သမျှက မင်းတို့အပိုင်ပဲ

ဒါပေမယ့် တစ်ခုတော့ သတိပေးစရာရှိတယ်

ဒီတစ်ကြိမ်လျှို့ဝှက်နယ်မြေက အရင်တစ်ခေါက်နဲ့ လုံး၀ကွဲပြားနေလိမ့်မယ်

တိုက်တိုက်ဆိုင်ဆိုင်မင်းတို့ကလည်း အယောက်၉၀ရှ်ိနေတာဆိုတော့ မင်းတို့ကို သုံးဆယ်စီအဖွဲ့သုံးဖွဲ့ခွဲပေးမယ်

တစ်ဖွဲ့ချင်းစီတိုင်းကို မတူညီတဲ့၀တ်စုံတွေနဲ့ ကွဲပြားတဲ့အမှတ်အသားတွေ ပေးထားမယ်”

“၀တ်စုံတွေက မင်းတို့သရုပ်ဖြစ်ပြီးတော့ အမှတ်အသားတွေကတော့ မင်းတို့အသက်ပဲ

မင်းတို့အမှတ်အသားအခိုးခံလိုက်ရရင် မင်းတို့အသက်ကို ဆုံးရှုံးလိုက်ရတာပဲ အဲ့ဒီအချိန်ကျ ဆရာကမင်းတို့ကို လျှို့ဝှက်နယ်မြေထဲက ဆွဲထုတ်ပေးလိမ့်မယ်

အဲ့တာကြောင့် မင်းတို့ကလျှို့ဝှက်နယ်မြေထဲမှာ ကောင်းကင်ရတနာတွေရှာဖွေရင်း တစ်ဖက်အဖွဲ့ကလူကို ရှင်းပစ်ဖို့လည်း ကြိုးစားကြရမယ်

ဒါပေါ့ မင်းတို့ကဂိုဏ်းသားအချင်းချင်းဆိုတော့ အမှတ်အသားကိုရဖို့ နည်းလမ်းပေါင်းစုံသုံးနိုင်ပေမယ့် အချင်းချင်းတကယ်ထိခိုက်အောင်လုပ်လို့တော့ မရဘူး

မင်းတို့ရဲ့ လျှို့ဝှက်နယ်မြေထဲက လုပ်ဆောင်ချက်တွေကိုကြည့်ပြီး ငါကမင်းတို့ရဲ့ အနာဂတ်တာ၀န်တွေကို ဆုံးဖြတ်ပေးမယ်

ဆိုတော့ အထဲရောက်သွားတာနဲ့ မင်းတို့စွမ်းရည်ကိုအပြည့်အ၀ထုတ်သုံးကြပါ!”

သူဂိုဏ်းသားများ၏စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် တိုက်ပွဲလေ့ကျင့်ခန်းအစစ်တစ်ခု စီစဉ်ပေးနေခြင်း ဖြစ်သည်။

မကြာခင်တွင် တပည့် ၉၀ ကို အဖွဲ့သုံးဖွဲ့အဖြစ် ခွဲပေးလိုက်၏။

အ၀တ်အစားများကိုလည်း အနီ အဝါနှင့်အပြာဟူ၍ ခွဲခြားကာ ၀တ်ဆင်ပေးလိုက်ပြီး အမှတ်အသားများဝေပေးလိုက်သည်။

အဇူရာတိမ်ဂိုဏ်းတပည့်များ စိတ်၀င်စားခြင်းရော စိတ်လှုပ်ရှားခြင်းရော ခံစားချက်နှစ်ခုလုံးကို တစ်ပြိုင်တည်းခံစားနေခဲ့ကြရ၏။

စီနီယာအစ်ကိုကျန်းနှင့် စီနီယာအစ်မသည် တကယ်ပဲသူတို့နှင့်မတူညီသောအဆင့်တွင်ရှ်ိကြသူများဖြစ်ကြပြီး အခုလို ရောက်ရောက်ချင်းမှာပင် ဒီလိုအကြံဉာဏ်မျိုးကို ချက်ချင်းအကောင်အထည်ဖော်နိုင်ကြသည်။

“ဆရာကျေးဇူးပြုပြီး ကြွရောက်လာပေးပါ!”

ကျန်းယန်အော်မခေါ်ဘဲ လေးလေးစားစား ပြောလိုက်၏။

မျှော်လင့်ထားသလိုပင် ချင်းယွင်ကျိပေါ်လာခဲ့ပြီး ကျန်းယန်ကိုထူးဆန်းစွာကြည့်ကာ ဒီကလေးဘာတွေစီစဉ်နေပြန်ပြီလဲဟု တွေးနေခဲ့သည်။

“ဆရာ ကျေးဇူးပြုပြီး ဒီကလေးတွေကို လျှို့ဝှက်နယ်မြေထဲ ပို့ပေးပါဦး ဒါပေမယ့် သူတို့ကို တစ်ဖွဲ့ချင်းစီအတူတူရောက်သွားအောင်တော့ လုပ်ပေးပါ” ကျန်းယန် တပည့်များကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

ထို့နောက် ချင်းယွင်ကျိ အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းလိုက်သည်နှင့် တပည့်များအားလုံး လျှို့ဝှက်နယ်မြေထဲ ရောက်ရှိသွားခဲ့ကြလေသည်။

ထိုသို့လုပ်ပြီးမှ သူကျန်းယန်ကိုမေးလိုက်၏။

“ကောင်စုတ်လေး အခုဘာတွေလုပ်ချင်နေပြန်ပြီလဲ”

ကျန်းယန်ပြုံးလိုက်သည်။

“ဆရာ ဆယ်ရက်အတွင်းသိရလိမ့်မယ် သူတို့လှုပ်ရှားမှုတွေကိုအကုန်လုံးကိုကျွန်တော်ကြည့်လို့ရအောင်လည်း လုပ်ပေးပါဦး”

ချင်းယွင်ကျိ ဆွံ့အ‌သွားခဲ့၏။ သို့သော်လည်း သူ့လက်ကိုဝေ့ယမ်းလိုက်သောအခါ သူသည် လူသား ရုပ်သံလွှင့်စက်(projector)တစ်ခု ဖြစ်လာခဲ့လေသည်။

All Chapters