← Chapters

ငါဒီတစ်ယောက်ကို မကယ်နိုင်ဘူး

Vol. 1 Ch. 136

ငါဒီတစ်ယောက်ကို မကယ်နိုင်ဘူး

Vol. 1 Ch. 136

စုလောရွှယ်သည် ကျန်းရီဝင်၍ ရမရကို စိတ်ပူနေခဲ့သည်။ အစေခံ မိန်းကလေးက ဘာတွေ ပြောနေတာများလဲ

သူမသည် ထပ်မံ အတွန့် တက်လိုက်ချင်သော်လည်း ကျန်းရီသည် သူမလက်ကို ဆွဲကာ တားမြစ် လိုက်သည်။ သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ကာ ရင်ဘတ်ထဲမှ ရွှေစအနည်းငယ်ကို ထုတ်ယူလိုက်ပြီး အစေခံ မိန်းကလေးအား ပေး၍ အပြုံးတစ်ခုနှင့် စကားစလိုက်သည်။

"အစ်မ ... ကျွန်တော်က လူဖျင်းတစ်ယောက် မဟုတ်ဘူး ... အရေးကြီး ကိစ္စတစ်ခုအတွက် ဆရာသခင်ကို တွေ့ဖို့ တကယ်လိုနေလို့ပါ ... ကျွန်တော့်ကို စကားနည်းနည်းတော့ ပြောခွင့်ပြုပါ"

အစေခံမလေးသည် ရွှေစများကို လျှို့ဝှက်စွာ လက်ခံလိုက်သည်။ သူမ၏ မျက်နှာသည် အနည်းငယ် ပျော့ပျောင်း သွားသော်လည်း တည်ငြိမ်စွာ စကားပြောကာ တံခါးအား ထပ်မံ ပိတ်သွားခဲ့သည်။

"ခဏလောက် ထပ်စောင့်ပေးပါ ... သခင်ကို သွားပြီး အကြောင်း ကြားလိုက်ပါဦးမယ်"

"ဘန်း"

တံခါးထပ်မံ ပိတ်သွားခဲ့ပြီး နောက်ထပ် တစ်နာရီခန့် စောင့်လိုက်ရလေသည်။ ကျန်းရီသည် ဘာမှ မစားရသေးရာ ဗိုက်ဆာလွန်း၍ အစာအိမ်မှာ တဂွီဂွီ မြည်သံပင် ထွက်နေချေပြီ။ စုလောရွှယ်၏ မျက်နှာထက်တွင် ဒေါသရိပ်တို့ လွှမ်းလာ ခဲ့သော်လည်း ကျန်းရီသည် အတော်လေး တည်ငြိမ် နေပေသည်။ သူသည် စုလောရွှယ်အား အကြံတောင် ပေးလိုက်သေးသည်။

"စိတ်မတိုစမ်းပါနဲ့ ... ဒီနယ်မြေ တစ်ခုလုံးမှာ ကောင်းကင်အဆင့် ကုသသူ ဘယ်နှစ်ယောက် ရှိတာမို့လဲ ... ဒီလို စကားကြီး စကားကျယ်တွေနဲ့မှ မဟုတ်ရင် သူတို့ရဲ့ အဆင့်အတန်းကို ဘယ်လို ဖော်ပြမှာလဲ"

"ဒါတွေကို မင်းပဲသိတာလို့ ထင်နေတာလား"

စုလောရွှယ်သည် ကျန်းရီကို မျက်စောင်းထိုးကာ ပွစိပွစိ ရေရွတ်လိုက်သည်။ လရောင်အောက်မှ အေးချမ်း သိမ်မွေ့သော မျက်နှာလေးသည် ကျန်းရီအား ငေးခနဲ ဖြစ်သွားစေသည်။ စုလောရွှယ်သည် သူတို့နှစ်ယောက် နီးကပ် လွန်းနေသည်ဟု ခံစားနေရသည်။ သူမ မျက်နှာ အမြန်လွှဲလိုက်သည်။ လူနှစ်ယောက်သည် တိတ်ဆိတ် နေကြဆဲ ဖြစ်ကာ လေထုသည် ပို၍ ထူးဆန်း လာခဲ့သည်။

ဤတစ်ခေါက်သည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းမှ ပြန်လာပြီးနောက် စုလောရွှယ်နှင့် သူ တွေ့ဆုံရသော ပထမဆုံး တစ်ကြိမ် ဖြစ်သည်။ အချိန်အတော်ကြာ မတွေ့ဖြစ်သော်လည်း သူတို့ အကြားတွင် စိမ်းသက်မှုတို့ ရှိမနေခဲ့ပေ။ အခက်အခဲများစွာ ကျော်ဖြတ် ခဲ့ပြီးနောက် သူတို့ ဆက်ဆံရေးသည် သာမန်ထက် ထူးခြားလာခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ကျန်းပိုင်လီ၏ သားဖြစ်ကြောင်း သိရှိ သွားသော်လည်း စုလောရွှယ်သည် မည်သည့် ထူးထူးခြားခြား အမူအရာမျိုးမှ မပြသသလို သူ့အား ရှောင်ဖယ် နေခြင်းလည်း မရှိခဲ့ပေ။ အရာရာသည် ယခင်က အတိုင်းသာ ...

"ခရက်"

တံခါးသည် မကြာခင်တွင် ပွင့်ဟလာခဲ့ပြီး သူတို့အကြားရှိ အနေရခက်မှုကို ဖြိုခွင်းလိုက်သည်။ အစေခံ မိန်းကလေးသည် သူတို့ နှစ်ယောက်အား ဝံ့ကြွားစွာ ကြည့်လိုက်ပြီး ပြောလာခဲ့သည်။

"ရှင်တို့ ဝင်လို့ရပြီ"

နှစ်ယောက်သားသည် သူမအား ကျေးဇူးစကား အထပ်ထပ် ပြောလိုက်ပြီးနောက် မျက်နှာကို မော်ချီထားသော အစေခံ မိန်းကလေး၏ နောက်မှ လိုက်လာကာ အခန်းငယ် တစ်ခုထံ ရောက်လာကြသည်။ အစေခံမလေးသည် သူတို့အား လက်ဖက်ရည်ဖြင့် ဧည့်ခံခြင်းပင် မပြုပေ။ သူမသည် စကား တစ်ခွန်းကိုသာ ပြောခဲ့ကာ အေးအေးလူလူပင် လှည့်ထွက် သွားခဲ့သည်။

"ဒီမှာ စောင့်နေပါ ... ဆရာလျောင် သူ့အလုပ်တွေ ပြီးတဲ့အခါ ရှင်တို့ကို ထွက်တွေ့ပါလိမ့်မယ်"

စုလောရွှယ်နှင့် ကျန်းရီတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။ သို့သော် သူတို့သည် ဆရာလျောင်၏ အဆင့်အတန်းသည် ကျောင်းအုပ်ကျူးကော့ ပြီးလျှင် ဒုတိယ နေရာတွင် ရှိနေကြောင်း တွေးမိသွားခဲ့သည်။ သင်တန်းကျောင်း အပြင်တွင် ဆိုလျှင်တောင် ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်ကြီးများသည် ဆရာလျောင်အား မလေးမစား မဆက်ဆံ ဝံ့ကြပေ။ ထိုအကြောင်းကို သတိရသွားသောအခါ သူတို့သည် စိတ်သက်သာရာ ရသွားကြသည်။

နယ်မြေတစ်ခုလုံးသည် ရက်စက် ကြမ်းတမ်းမှုများဖြင့်သာ ပြည့်နေရာ တိုက်ပွဲများ၊ ရန်ပွဲများ သည်လည်း မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ ရှိသည်။ ဘယ်သူမဆို မသေလျှင်တောင် ထိခိုက်ဒဏ်ရာ ရကြသည်သာ ဖြစ်သည်။ သူတို့၏ အသက်ကို ကယ်တင် ပေးနိုင်သော ကောင်းကင်အဆင့် ကုသသူမှာ နယ်မြေ တစ်ခုလုံးတွင်မှ လေးယောက်သာ ရှိသည်။ ဆေးဝါးများသာ အလုံအလောက်ရှိလျှင် ကောင်းကင်အဆင့် ကုသသူများသည် သေအံ့ဆဲဆဲ လူကိုတောင် ကယ်တင်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့်ပင် ဤကောင်းကင် အဆင့် ကုသသူ လေးယောက်၏ အဆင့်အတန်းသည် အလွန် မြင့်မားနေခြင်း ဖြစ်သည်။

သူတို့နှစ်ယောက် နောက်တစ်နာရီခန့် စောင့်ဆိုင်း လိုက်ပြီးနောက် မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူကြီး တစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ သူ့နောက်တွင် အစေခံမလေး နှစ်ယောက် ရှိနေခဲ့ပြီး ထိုလူကြီးသည် အခန်းတွင်းရှိ ထိုင်ခုံထံ လျှောက်လာကာ ထိုင်ချလိုက်သည်။ အစေခံလေး တစ်ယောက်သည် သူ့အတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေး လိုက်သည်။ သူသည် လက်ဖက်ရည်အား တစ်ငုံ သောက်လိုက်ပြီး သူတို့ နှစ်ယောက်အား တည်ငြိမ်စွာ ကြည့်လာခဲ့သည်။ သူ့အကြည့်သည် စုလောရွှယ်ထံ ရောက်သွားကာ မေးလာခဲ့သည်။

"ဆရာမစု ... ငါ့ကို လာရှာစရာ အကြောင်းအရင်းများ ရှိနေလား"

စုလောရွှယ်နှင့် ကျန်းရီသည် ခဏ ရပ်လိုက်ကာ ဆရာလျောင်အား ဦးညွှတ် အရိုအသေ ပေးလိုက် ကြသည်။ စုလောရွှယ်သည် စကားပလ္လင် ခံမနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။

"ဆရာလျောင် ... ကျွန်မ အမှန်အတိုင်းပဲ ပြောပါ့မယ် ... ကျွန်မတို့ ဒီကိုလာတာ အကြောင်းအရင်း ရှိလို့ပါ ... ကျွန်မတို့ကို ကူညီပြီး လူတစ်ယောက်ကို ကယ်တင်ပေးပါ"

ဆရာလျောင်သည် အသက်ငါးဆယ်၊ ခြောက်ဆယ်ခန့် ရှိပြီ ဖြစ်သော်လည်း သူ့ဆံပင်များသည် နက်မှောင် နေသေးသည်။ သူ့အသားအရေသည်လည်း နူးညံ့ပုံပေါ်၍ ဝင်းလက် နေသောကြောင့် သူ့အား အသက်သုံးဆယ်၊ လေးဆယ်ခန့်သာ ရှိသည်ဟု ထင်ရစေလေသည်။ သူ့မျက်နှာသည် သာမန်သာ ဖြစ်သော်လည်း နှစ်ခါ ပြန်ကြည့်ချင်စေ လောက်သော မျက်နှာမျိုး ဖြစ်လေသည်။ သူ့တွင် လူအများအား ဆွဲဆောင်နိုင်သည့် အရှိန်အဝါ တစ်ခု ရှိနေလေသည်။

သူသည် အသာအယာ ရယ်မောလိုက်ပြီး မအံ့သြသည့် ဟန်ဖြင့် ပြောလာခဲ့သည်။

"စည်းမျဉ်းတွေ ရှိတယ် ... ငါ့ဆီက အကူအညီ လိုချင်တယ် ဆိုရင် တန်ကြေးက မြင့်တယ်"

ကျန်းရီ၏ မျက်လုံးများသည် တောက်ပသွားကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အရှင်သာ ကူညီမယ် ဆိုရင် ဘယ်လောက်ကုန်ကုန် ကိစ္စမရှိပါဘူး"

"ဟမ့်"

ဆရာလျောင်၏ မျက်နှာသည် မည်းမှောင်သွားကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး မျက်နှာ လွှဲလိုက်သည်။ သူ့ဘေးတွင် ရပ်နေသော အစေခံမိန်းကလေး တစ်ယောက်သည် ကျန်းရီအား ကြိမ်းမောင်း လာလေသည်။

"ရှင့်ကိုရှင် ဘယ်သူလို့ ထင်နေတာလဲ ... ရှင်က ဒီမှာ စကားပြောဖို့ အဆင့် မီလို့လား ... ရှင်နောက် တစ်ခွန်း ထပ်ပြောရဲမယ် ဆိုရင် ဒီနေရာကနေ ထွက်သွား "

" ... ... "

ကျန်းရီသည် မျက်နှာ ပျက်သွားခဲ့သည်။ စုလောရွှယ်သည်လည်း မျက်နှာ မထားတတ်တော့ပေ။ ဘယ်လိုလုပ်ပြီး အစေခံ တစ်ယောက်က ဒီလောက် မောက်မာ နေရတာလဲ ... သို့သော် သူတို့ နှစ်ယောက်သည် ဒေါသများကို တိတ်တဆိတ်သာ မျိုသိပ် လိုက်ကြသည်။ ကျန်းရီသည် တိတ်၍သာ နေလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။ စုလောရွှယ်သည် လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။

"လောရွှယ်က စည်းမျဉ်းတွေကို နားလည်ပါတယ် ... တန်ဖိုးကိုသာ ပြောကြည့်ပါ အရှင် ... "

ဆရာလျောင်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အသာအယာ ဆိုလာသည်။

"ငါ့ကို အခြေအနေ အရင်ဆုံးပြော ... ငါမကုနိုင်ရင် မင်းတန်ဖိုး အများကြီး ပေးလို့လည်း အသုံး မဝင်ဘူးလေ"

ကျန်းရီသည် စုလောရွှယ်အား ကျန်းရှောင်နူအကြောင်း ပြောပြခဲ့ပြီး ဖြစ်သည်။ သူမသည် ခဏမျှ ရပ်တန့်လိုက်ပြီး ရှင်းပြလိုက်သည်။

"မိန်းကလေး တစ်ယောက်ပါ ... သူမက ပင့်ကူနက် အဆိပ် မိထားတယ် ... အဲဒီ အဆိပ်ကို သူမကိုယ်ထဲက ထုတ်ဖို့ ကြိုးစား ကြည့်ခဲ့သေးတယ် ... ကံမကောင်းစွာနဲ့ အဆိပ်တချို့က သူမရဲ့ ဦးနှောက်ထဲ အထိ ပျံ့သွားခဲ့ပြီး ... သတိ လစ်နေခဲ့တာ အတော်ကြာပြီ ... "

"ပင့်ကူနက် အဆိပ်"

ဆရာလျောင်၏ မျက်ခုံးတန်းများ တွန့်ကွေးသွားခဲ့သည်။ သူသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ထုတ်မေး လာခဲ့သည်။

"သူမ အဆိပ်မိနေတာ ဘယ်လောက် ကြာပြီလဲ"

စုလောရွှယ်သည် ရေတွက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ရှစ်လ၊ ကိုးလလောက်ရှိပြီ ... "

"ပြဿနာပဲ"

ဆရာလျောင်သည် ခေါင်းအသာ ယမ်းလိုက်ပြီး ပြန်ဖြေလာခဲ့သည်။

"သူမ အဆိပ်မိတဲ့ အချိန်တည်းက မင်းတို့တွေ ငါ့ကို လာပြီး အကူအညီ တောင်းသင့်တယ် ... အဲဒါဆို အဆင်ပြေသွားမှာ ... အခုက အဆိပ်တွေ သူမရဲ့ တစ်ကိုယ်လုံးကို ပြန့်နေလောက်ပြီ ... သူမကို ကယ်နိုင်လိုက်ရင်တောင် သူမ ရူးသွားနိုင်တယ် ... မင်းတို့ သွားလို့ရပြီ ... ငါအဲဒီ တစ်ယောက်ကို မကယ်နိုင်ဘူး ... ငါကယ်နိုင်ရင် ပေးဆပ်ရမယ့် တန်ဖိုးက ကြီးလွန်းတာကြောင့် မင်းတို့ တတ်နိုင်မှာ မဟုတ်ဘူး "

ပထမစကားများကို ကြားလိုက်ရသော် ကျန်းရီသည် နွေခေါင်ခေါင်တွင် မိုးကြိုး

ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် နောက်ဆုံး စကားတစ်ခွန်းသည် သူ့အား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ သူ့မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက် လာသော်လည်း သူစကား မပြောရဲပါပေ။ ထို့ကြောင့် စုလောရွှယ်ကိုသာ ကြည့်ပြီး မျက်ရိပ် ပြလိုက်ရသည်။

ကျန်းရှောင်နူကို ကယ်တင်ရန် အမှန်ပင် ခက်ခဲလွန်းသည်လား သို့မဟုတ် ... ဆရာလျောင်သည် သူမတို့အား ရည်ရွယ်ချက် ရှိရှိ ခြောက်လှန့် နေသည်လားကို စုလောရွှယ် သေချာ မသိပေ။ ဆရာလျောင်သည် မတ်တတ်ရပ်ကာ ထွက်သွားတော့မည် လုပ်သည်ကို သူမမြင်လိုက်သည်နှင့် အံကြိတ်ကာ အလျင်အမြန် တောင်းပန် လိုက်ရပြန်သည်။

"ကျွန်မတို့ကို ကူညီပါ ... အရှင် ... ဘယ်လောက်ပဲ ကုန်ကျပါစေ ... ကျွန်မတို့ ကုသချင်ပါတယ်"

"အမ်"

ဆရာလျောင်၏ မျက်ဝန်းထက်တွင် လှောင်ရိပ် တစ်စွန်းတစ်စ ယှက်သန်း သွားခဲ့သည်။ သူသည် အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလာခဲ့သည်။

"စိတ်ဝိညာဉ်က လူတစ်ယောက် အတွက် အရေးကြီးဆုံးပဲ ... မင်းတို့ကို သူ့ကို ကယ်ချင်ရင် ဝိညာဉ်အားဖြည့် ဆေးပင် ရှိရမယ် ... အဆိပ်ကို ခြေဖျက်ဖို့ နှစ်တစ်ထောင် ကိုးချီဂျင်ဆင်းလည်း လိုအပ်မယ် ... နောက်ဆုံး စိတ်ငြိမ်သွားစေဖို့ စန်းမုအရွက်လည်း လိုသေးတယ် ... မင်းတို့တွေ အဲဒီ ဆေးပင် သုံးမျိုးကို ရပြီးမှ ငါ့ကို လာရှာချေ။

ဆရာလျောင်သည် ပြောပြီးသွားသည်နှင့် အစေခံ မိန်းကလေး တစ်ယောက်နှင့်အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ ကျန်တစ်ယောက်သည် သူတို့နှစ်ယောက်အား အေးစက်စက် ပြုံးပြလာပြီး ပြောလာခဲ့သည်။

"ရှင်တို့ ပြန်လို့ရပါပြီ"

ဝိညာဉ်အားဖြည့် ဆေးပင် ... နှစ်တစ်ထောင် ကိုးချီ ဂျင်ဆင်း ... စန်းမုအရွက်

စုလောရွှယ်နှင့် ကျန်းရီသည် တစ်ယောက်နှင့် တစ်ယောက် စိတ်ပျက်လက်ပျက်နှင့် ကြည့်လိုက် ကြသည်။ သူတို့သည် ထိုဆေးပင် သုံးမျိုးကို မြင်ဖူးရန် မဆိုထားနှင့် ကြားပင် မကြားဖူးချေ။

သူတို့သည် ခြံဝင်းလေးထဲမှ လေးလံသော ခြေလှမ်းများနှင့် ထွက်ခွာ လာခဲ့ကြသည်။ စုလောရွှယ်သည် ကျန်းရီအား ပူပန်စွာ ကြည့်လာပြီး နှစ်သိမ့်လာခဲ့သည်။

"ကျန်းရီ ... အများကြီး မတွေးပါနဲ့ ... ဆရာလျောင်က ဒီဆေးပင် သုံးမျိုးကို တောင်းဆိုမှတော့ သေချာပေါက် တကယ် ရှိမှာပါ ... ဆန္ဒသာရှိရင် နည်းလမ်းဆိုတာ ရှိလာစမြဲပါ ... ဒီဆေးပင်တွေ ရှာဖို့ ငါလည်း ကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ် ... ဆရာမစု"

ကျန်းရီသည် စုလောရွှယ်အား အားယူ၍ ပြုံးပြလိုက်သည်။ သူသည် သူမကို နှုတ်ဆက်လိုက်ပြီးနောက် သူ၏ အဆောင်ငယ်လေးထံ အမြန် ပြန်လာခဲ့လိုက်သည်။

သူသည် အဆောင်တွင်း ရောက်သည်နှင့် ချမ်ဝမ်ကွမ်ကို ချက်ချင်းရှာကာ မေးမြန်းတော့သည်။ အရာရာကို နှံ့နှံ့စပ်စပ်သိသော ချမ်ဝမ်ကွမ်ပင် ပဟေဠိ ဖြစ်နေခဲ့သည်။

ချမ်ဝမ်ကွမ်သည် စကားတစ်ခွန်းမှ မပြောပဲ ထွက်သွားခဲ့ပြီး တစ်နာရီလောက် အကြာတွင် ပြန်ရောက် လာခဲ့သည်။ သူ့မျက်နှာသည် ဒေါသများ ဖုံးလွှမ်းနေခဲ့ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာခဲ့သည်။

"အစ်ကိုကြီး ... သေလိုက်ပါတော့ ... အဲဒီ မြေခွေးအိုကြီးက အစ်ကိုကြီးကို ရည်ရွယ်ချက်ရှိရှိ ငွေညှစ်နေတာ ... အဲဒီ နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းက သူတော်စင်အဆင့် ရှိတယ် ... အဲနှစ်ခုက အနည်းဆုံး ခရမ်းရောင် ရွှေဆယ်သန်းလောက် တန်ကြေးရှိတယ် ... ဝိညာဉ် အားဖြည့် ဆေးပင်ကတော့ ... နယ်မြေ တစ်ခုလုံးမှာမှ ဆယ်ပင်လောက်ပဲ တွေ့ခဲ့ကြသေးတယ်”

"ခရမ်းရောင်ရွှေ ဆယ်သန်း"

ကျန်းရီသည် ထိုအချင်းအရာကို ကြားသောအခါ မေ့လဲသွား မတတ်ပင် ဖြစ်သွားခဲ့သည်။ လွန်ခဲ့သောတစ်နှစ်ခန့် ကောင်းကင် တောင်ပံမြို့တွင် ရှိစဉ် သူသည် ခရမ်းရောင်ရွှေ တစ်ဆယ်တေလ်း အတွက် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုတစ်ဖန် ခရမ်းရောင်ရွှေ ဆယ်သန်းရှာရန် နည်းလမ်း စဉ်းစား ရဦးမည်လား ... ထို့ပြင် ဝိညာဉ်အားဖြည့် ပင်သည် ဝယ်၍ရမည့်ပုံပင် မပေါ်ပေ ...

***

All Chapters