← Chapters

အရည်အချင်းစစ်ဆေးမှု စိန်ခေါ်ပွဲ

Vol. 1 Ch. 137

အရည်အချင်းစစ်ဆေးမှု စိန်ခေါ်ပွဲ

Vol. 1 Ch. 137

ကျန်းရီသည် တစ်အောင့်လောက် ကြာပြီးမှ သတိ ပြန်ဝင်လာခဲ့သည်။ သူ အလေးအနက် မေးလိုက်သည်။

"မင်းပြောချင်တာက ဒီဝိညာဉ်အားဖြည့် ဆေးပင်က လွဲရင် ကျန်တဲ့ ဆေးပင်နှစ်မျိုးက ခရမ်းရောင်ရွှေနဲ့ ဝယ်လို့ ရတယ်ပေါ့"

ချမ်ဝမ်ကွမ်သည် စိတ်ထိခိုက်သည့် အမူအရာနှင့် ခေါင်းညိတ် လိုက်သည်။

"အဲဒါကို ဝယ်လို့ရနိုင်ပေမဲ့ ဈေးက များလွန်းတယ် ... အစ်မရှောင်နူကို ကယ်ဖို့ ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးပင်ကို အဲဒီ ခွေးအိုကြီးတကယ်မလိုပါဘူး ... အစ်ကိုကြီးကို ဟာသလို သဘောထားနေတာပဲ ဖြစ်ရမယ် ... ဒါပေမဲ့ အစ်ကိုကြီး မင်းသာ အဲဒါကို တကယ် ဝယ်ချင်တယ် ဆိုရင် ငါမင်းကို ခရမ်းရောင်ရွှေ ငါးသန်းပေးလို့ ရတယ် ... ဒါက ငါသုံးခွင့်ရှိတဲ့ အများဆုံး ပမာဏပဲ"

"မလိုပါဘူး"

ကျန်းရီသည် လက်ကာ ပြလိုက်သည်။

"မင်းတို့ ချမ်ဂိုဏ်းက ချမ်းသာကောင်း ချမ်းသာပေလိမ့်မယ် ... ဒါပေမဲ့ ပိုက်ဆံတွေက ချမ်ဂိုဏ်းက ဟာတွေလေ ... မင်းပိုင်တာမှ မဟုတ်တာ ... ပြီးတော့ ဒီလို လုပ်လိုက်ရင် ငါမင်းကို အကြွေးတွေ အများကြီး တင်သွားမှာပေါ့ ... ငါ့ဟာငါ စဉ်းစား ကြည့်ပါဦးမယ် ... ဝိညာဉ်အားဖြည့် ဆေးပင်က ဝယ်ဖို့ နည်းလမ်း တစ်ခုမှမရှိတာလား"

"ငါ့ကို အကြွေးတင်မယ် ဆိုတာက ဘာလဲ"

ချမ်ဝမ်ကွမ်သည် ဒေါသတကြီးနှင့် မျက်မှောင် ကြုတ်ကြည့်လာသည်။

"အစ်ကိုကြီး ... မင်းငါ့ကို ညီအစ်ကိုလို သဘော မထားဘူးလား ... ငါ့ပိုက်ဆံက မင်းပိုက်ဆံပဲပေါ့ ... ငါက ချမ်ဂိုဏ်းရဲ့ ဆက်ခံသူလေ ... ငါသာ ခရမ်းရောင် ရွှေသန်း နည်းနည်းလောက် လိုနေတယ် ပြောရင် အဲဒီဆိတ်အိုကြီးတွေ ဘာပြောရဲမှာလဲ ... ဝိညာဉ်အားဖြည့် ဆေးပင်ကတော့ အခုလက်ရှိ ဘယ်မှာမှ မရောင်းဘူး ... အဲဒီအကြောင်းကို စုံစမ်းဖို့ လူလွှတ်လိုက်မယ်"

"ကောင်းပြီ ... ဝမ်ကွမ် ... ငါမင်းကို တကယ် အကြွေး တင်နေပါပြီ ... ဝိညာဉ်အားဖြည့် ဆေးပင် ရှိတဲ့နေရာကို စုံစမ်းဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ... ခရမ်းရောင်ရွှေ ဘယ်လောက်ပဲလိုလို ကိစ္စမရှိပါဘူး ... ဒါပေမဲ့”

ကျန်းရီ၏ လေသံသည် လေးနက်သွားခဲ့သည်။

"ငါမင်းရဲ့ ခရမ်းရောင် ရွှေတွေကို တကယ်မလိုပါဘူး ... ပြီးတော့ ငါးသန်းထဲနဲ့လည်း မလောက်ဘူးလေ ... မြန်မြန် ပိုက်ဆံရှာဖို့ ငါ့မှာနည်းလမ်း ရှိလာမှာပါ"

ကျန်းရီသည် မိဘမဲ့ဖြစ်ပြီး ငယ်စဉ်တည်းက တစ်ယောက်တည်းသာ ဖြစ်သည်။ သူနှင့် ကျန်းရှောင်နူသည် မည်သည့် အထောက်အပံ့မှ မရှိဘဲ တစ်ယောက်နှင့် တစ်ယောက်သာ အားကိုး ခဲ့ရသည်။ ထို့ကြောင့် သူသည် အထောက်အပံ့များ အခွင့်အရေး ပေးခံရခြင်းများကို သဘောမကျပေ။

အရာရာကို သူ့ကိုယ်တိုင်သာ ကြိုးစား လိုသည်။ ထို့ကြောင့် ချမ်ဝမ်ကွမ်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

သူ့တွင် ခရမ်းရောင်ရွှေများ ရရှိရန် နည်းလမ်းတစ်ခု ရှိပါသည်။ ၎င်းမှာ နတ်ဆိုးသားရဲများကို အမဲလိုက်ရန် ဖြစ်သည်။ တောင်စဉ်သုံးထောင်တွင် အပေါများဆုံးမှာ နတ်ဆိုးသားရဲများ ဖြစ်သည်။ နတ်ဆိုးသားရဲများ၏ အစိတ်အပိုင်းများသည် ခရမ်းရောင်ရွှေ အမြောက်အများ တန်ကြေးရှိပြီး ပထမအဆင့်၊ ဒုတိယအဆင့် သားရဲများသည် ကျန်းရီအား ဘာမှ မလုပ်နိုင်ပေ။

ချမ်ဝမ်ကွမ်သည် ထိုအကြောင်းအရာကို တွေးမိလိုက်ပြီး မျက်လုံးများ တလက်လက် တောက်ပလာခဲ့သည်။

"အစ်ကိုကြီး ... သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံးပြီး နတ်ဆိုးသားရဲတွေကို အမဲလိုက်တော့မှာလား ... အိုင်းယား ... ကျွန်တော်ဘာလို့ မတွေးမိတာလဲ"

"အစ်ကိုကြီးရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံးလိုက်ရင် ဒုတိယ အဆင့်အောက် နတ်ဆိုးသားရဲတွေက တစ်ချက်စာပဲ ရှိတယ်မလား ... ဒုတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ဆို ခရမ်းရောင်ရွှေ ရာချီပြီး တန်ကြေးရှိမှာ"

ချမ်ဝမ်ကွမ်သည် ကောင်းကင်မှ ခရမ်းရောင်ရွှေများ မိုးရွာကျသလို ကျဆင်းလာသည်ကို မြင်ယောင်လာသည်။ ကျန်းရီ သတ်ဖြတ်ခြင်း အရှိန်အဝါကို သုံးလိုက်သောအခါ နတ်ဆိုး သားရဲလေးများသည် အသတ်ခံရသည်ကို ထိုင်စောင့် နေရသော သိုးငယ်လေးများ အဖြစ် ပြောင်းလဲ သွားသည်ကိုပါ စိတ်ကူး ယဉ်ကြည့် မိနေသည်။ ထိုအတွေးများကပင် သူ့အား စိတ်လှုပ်ရှား လာစေသည်။

ကျန်းရီ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။ သတ်ဖြတ်ခြင်းတာအိုကို နားလည်သဘောပေါက်ချိန်မှစ၍ သတ်ဖြတ် မနေရလျှင် မသက်မသာ ခံစားနေရသည်။ တိုက်ပွဲများ၊ သတ်ဖြတ်ခြင်းများအား သွေးဆာ နေမှုများသည် သူ့အရိုးများ ထဲမှပင် စိမ့်ထွက် လာသည်ဟု ထင်ရသည်။

သူသည် ဆုံးဖြတ်ချက် အမြန်ချလိုက်ပြီး ရေရွတ်လိုက်သည်။

"မနက်ဖြန် ငါ ထူးချွန်ကျောင်းသား စစ်ဆေးပွဲကို စိန်ခေါ်မယ် ... ငါဝိညာဉ် သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်တဲ့ ကျင့်စဉ်ကို ရတာနဲ့ ... တောင်ပေါ်ကို ချက်ချင်း သွားတော့မယ် ... ဒါနဲ့ ... ဝမ်ကွမ် ... ဝိညာဉ်သားရဲတွေရဲ့ အစိတ်အပိုင်းတွေကို သိမ်းဆည်းဖို့နဲ့ ရောင်းချပေးဖို့ ငါ့အတွက် လူတစ်ယောက်လောက် ရှာပေးပါ ... ငါတို့မှာ ပိုက်ဆံ အလုံအလောက် ရှိတာနဲ့ အဲဒီ ဆေးပင် နှစ်မျိုးကို အရင်ဝယ်ရမယ်"

ချမ်ဝမ်ကွမ်၏ မျက်လုံးများ တောက်ပသွားပြီး ခပ်သွက်သွက် ခေါင်းညိတ် လိုက်သည်။

"ကောင်းပြီ ... ငါလည်း မင်းနဲ့လိုက်မယ် ... ငါလည်း နောက်ဖေးတံခါးကို သုံးပြီး ထူးချွန်ကျောင်းသား အဆင့် ရောက်အောင် လုပ်ရမယ် ... ပြီးရင် နတ်ဆိုးသားရဲကို ယဉ်ပါးအောင် လုပ်ပြီး အပျော် ရှာရမယ် ... ငါလုပ်ပြီးရင် မင်းရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါနဲ့ နတ်ဆိုးသားရဲကို ဖိနှိပ်ဖို့ ကူညီရမယ်နော် ... အစ်ကိုကြီး ... ဒါဆိုရင် လေ့ကျင့်ပေးဖို့ ပိုလွယ်သွားပြီ ... ဟား ... ဟား ... ဟား ... ငါအရမ်း တော်တာပဲ"

"ငါ့ကို အကြံလေး ပေးပါဦး ... ဘယ်လို နတ်ဆိုး သားရဲမျိုးကို လေ့ကျင့်ပေးသင့်လဲ ... ဒုတိယအဆင့် သွေးနီရောင်ကျား ... သိပ်မမိုက်ဘူး ... ခရမ်းရောင် ခြင်္သေ့ ... အတောင်ပံပါနဂါး ... ဒါမှမဟုတ် ကုန်းမြေရဲ့ ဘုရင် ဖြစ်တဲ့ ဝက်ဝံတစ်ကောင်လောက်"

***

နောက်တစ်နေ့တွင် ကျန်းရီသည် သင်တန်းကျောင်းသို့ သွားရောက်ကာ အရည်အချင်းစစ်ဆေး စိန်ခေါ်ပွဲ တိုက်ခိုက်ရန် လျှောက်ထားလိုက်သည်။ ထိုသတင်း ထွက်လာသည်နှင့် သင်တန်းကျောင်း အတွင်း အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

ကျန်းရီသည် အင်အားအရာတွင် သင်တန်းကျောင်း၌ နံပါတ်တစ် ဖြစ်သည်ဟု ကောလာဟလများ ရှိနေသော်လည်း ထူးချွန်ကျောင်းသားများနှင့် ပါရမီရှင် ကျောင်းသားများသည် ကိုယ်တွေ့ မမြင်ခဲ့ကြရာ မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။ သို့သော် ယခုတွင်မူ ကိုယ်တွေ့ကြုံရရန် အခွင့်အရေးသည် ရောက်ရှိလာပြီ ဖြစ်လေသည်။ ထို့ကြောင့် ကျန်းရီနှင့် တိုက်ခိုက်ရန် အခွင့်အရေး ရသွားခဲ့သော ထူးချွန် ကျောင်းသားများသည် အလွန် စိတ်လှုပ်ရှားနေခဲ့ကြသည်။

ကျောင်းအုပ်ချီသည် စိန်ခေါ်ပွဲကို ဦးဆောင် ကျင်းပပေးမည် ဖြစ်သည်။ ရွေးချယ် ခံရသော ကျောင်းသား ငါးယောက်သည် ဘာမှ မတတ်သူများမဟုတ်ပေ။ သူတို့ အားလုံးသည် အနည်းဆုံး ခရမ်းရောင် နန်းတော်ရှင် တတိယ အဆင့်၏ အထက်တွင် ရှိပေသည်။

စိန်ခေါ်ပွဲသည် မစရသေးသော်လည်း ကျောင်းသားများနှင့် ဆရာများသည် ပင်မ အဆောင်ကြီး၏ မြေကွက်လပ်တွင် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ ကျောင်းသားများသည် မျက်နှာများတောင် လာမပြဝံ့ကြပေ။ ကျန်းရိလျှိုသည် နေအိမ် အကျယ်ချုပ် ကျနေခဲ့ပြီး ကျန်းစွန်းဝူကျိသည်လည်း ကျန်းစွန်း ဂိုဏ်းသို့ ပြန်သွားခဲ့သည်။ ကျန်းရီ ရှိနေသော နေရာတွင် ထိုနှစ်ယောက်လည်း ရှိမနေရာ သူတို့ အလိုလို ပျောက်ချက်သား ကောင်းနေကြခြင်း ဖြစ်လေသည်။

"ရှပ် ... ရှပ် ... ရှပ်"

အနောက်အရပ်မှ ခြေသံများ ထွက်ပေါ်လာခဲ့ပြီး မျက်လုံးပေါင်း များစွာတို့သည် ထိုအရပ်သို့ ရောက်ရှိ သွားကြသည်။ လျှောက်လှမ်း လာသော လူငယ်လေးယောက်မှ သုံးယောက်ကို မြင်လိုက်ရသော အခါ ကျောင်းသူ အများစု၏ မျက်လုံးများတွင် အထင်ကြီး နှစ်သက်ဟန်များ ထင်ဟပ် လာကြသည်။ အထူးသဖြင့် အလယ်မှ အစိမ်းရောင် ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသော အခါ၌ ဖြစ်သည်။

"အာ ... ဖက်တီးချမ် ... အလှလေးတွေက မင်းကိုလည်း သဘောကျကြတယ် ဆိုတာ ငါမသိခဲ့ဘူး"

ကျန့်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်ထံမှ အကြည့် မလွှဲသော ကျောင်းသူ အချို့အား မြင်လိုက်ရသော အခါ အံ့အား သင့်ဟန်ဖြင့် ချမ်ဝမ်ကွမ်အား စနောက်လိုက်သည်။ ချမ်ဝမ်ကွမ်သည် ဟန်ပါပါ ပြုံးလိုက်ပြီး ခပ်တည်တည် ဆိုလိုက်သည်။

"ဒီသခင်လေးက အားကိုးချင်စရာ ကောင်းပြီး ခန့်ညားတယ်လေ ... အလှလေးတွေ ငါ့ကို ကြိုက်ကြတာ ဘယ်နေရာမှာ ထူးဆန်း နေလို့လဲ"

"ခစ် ... ခစ်"

ကျန့်လင်းအာသည် မနေနိုင်တော့၍ တခစ်ခစ် ရယ်မောကာ စနောက်လိုက်သည်။

"သူတို့က ဖက်တီးချမ်ကို မကြိုက်ပါဘူး ... ဖက်တီးချမ်ရဲ့ ဂိုဏ်း၏ ပိုက်ဆံတွေ ကြိုက်ကြတာ"

"ဟား ... ဟား"

ကျန်းရီသည်လည်း လာမည့် ပြိုင်ပွဲအား စိတ်မပူသည့် အလား ပေါ့ပါးစွာ ရယ်မောလိုက်သည်။ သူသည် လူအုပ်အား ဝေ့ကြည့်လိုက်သော် ဆွဲဆောင်မှုရှိရှိ ဝတ်စားထားသော မိန်းကလေး တစ်ယောက်အား မြင်လိုက်သည်။ ကျန်းရီသည် ကျန့်ဝူရွှမ်း၏ ပုခုံးအား ပုတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"မင်းရဲ့ မင်းသမီး ယွင်ဖေးက မင်းကို ကြည့်နေတယ်"

ကျန့်ဝူရွှမ်းသည်လည်း ယောင်ယမ်းကာ မင်းသမီး ယွင်ဖေးအား လှည့်ကြည့်လိုက်သည်။ သူတို့ အကြည့်ချင်း ဆုံသွားကြသော် ပြိုင်တူနှာမှုတ်ကာ မျက်နှာ လွှဲလိုက်ကြသည်။ ကျန်းရီ အသာရယ်လိုက်သည်။ ထိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် သိသိသာသာ နှစ်သက် နေကြသော်လည်း သူတို့အကြားတွင် ရန်ငြိုးကြီးကြီး ရှိသည့်နှယ် ပြုမူနေကြသည်။ ၎င်းမှာ အလွန်စရာ ကောင်းသလို တစ်ချိန်တည်း၌လည်း မချင့်မရဲ ဖြစ်စေလေသည်။

"မင်းသမီး ယွင်ဖေး"

ကျန်းရီသည် ရုတ်တရက် ရှေ့သို့ တိုးသွားကာ မင်းသမီး ယွင်ဖေးရှေ့ လျှောက်သွားလိုက်သည်။ သူသည် ကျန့်ဝူရွှမ်းကို ညွှန်ပြကာ အရယ် တစ်ဝက်နှင့် ဆိုလိုက်သည်။

"အဲဒီနေ့က မင်းတို့ရဲ့ ပြိုင်ပွဲကို ဆန္ဒရှိတဲ့ အတိုင်း မလုပ်လိုက်ရဘူးလေ ... ဒီနေ့ ဘာလို့ ငါ့ကို ကျန့်ဝူရွှမ်း ကိုယ်စား မတိုက်ခိုင်းတာလဲ ... ငါရှုံးရင် မင်းအစေခံရဲ့ ခြေထောက်ကို ငါနမ်းမယ်လေ ... မင်းရှုံးရင် ငါ့အစ်ကိုကျန့်ကို နမ်းရမယ် ... ဘယ်လိုလဲ"

"ဝိုး"

အနီးအနားရှိ ကျောင်းသားများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ စိန်ခေါ်ပွဲတောင် မစရသေး ... သူတို့က သွေးပူအနေနဲ့ တိုက်ကြတော့မလို့လား ... ပြီးတော့ ဒီလို အသည်းယားစရာ အလောင်းအစားမျိုးနဲ့ ... ကျောင်းသားများသည် သင်တန်းကျောင်း၏ နံပါတ်တစ်သည် ဤပြိုင်ပွဲအား လက်ခံရဲမည်လားကို သိချင်ဟန်ဖြင့် မင်းသမီး ယွင်ဖေးအား ကြည့်လာကြသည်။ သူတို့သည် ကျန်းရီ ကောလာဟလများထဲကလို အမှန်တကယ် တော်မတော်လည်း သိချင်နေကြသည်။

မင်းသမီး ယွင်ဖေးသည် မျက်နှာတစ်ချက် ပျက်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျန်းရီ ... အိပ်မက် မက်နေလိုက် ... မင်း ငါ့အစေခံကို ကြိုက်နေတာမလား ... ငါမင်းကို အခွင့်အရေး မပေးနိုင်ပါဘူး ... ပြိုင်ပွဲတစ်ခု ဖြစ်စေချင်နေရင် ကျန့်ဝူရွှမ်းကိုပဲ လာတိုက်ခိုင်းလိုက် ... ဒီမင်းသမီးက သူ့ကို ဘယ်လို ဆုံးမမလဲ ကြည့်ရတာပေါ့"

မင်းသမီးယွင်ဖေးသည် တိုက်ပွဲကို ငြင်းဆန် လိုက်သောအခါ အများစုသည် စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြသလို တစ်ဖက်၌ အံ့အားလည်း သင့်ကုန်ကြလေသည်။ ကျန်းရီသည် အမှန်တကယ် အားကောင်းဟန် ရသည်။

"ရှပ် ... ရှပ် ... ရှပ်"

မြောက်ဘက်အရပ်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းသည် စကား မပြောဝံ့တော့ဘဲ မြောက်ဘက် အရပ်သို့သာ ကြည့်လိုက်ကြသည်။

ကျောင်းအုပ်ချီ၊ ဒုကျောင်းအုပ်ခုနှစ်ယောက်နှင့် ဆရာတစ်သိုက်သည် တရွေ့ရွေ့ လျှောက်လှမ်း လာခဲ့ကြသည်။ သူတို့သည့ မြေကွက်လပ် အလယ်သို့ ရောက်သောအခါ ကျောင်းသားများကို ကြည့်လိုက် ကြသည်။ ကျောင်းအုပ်ချီသည် လက်ကာပြကာ ကျောင်းသာများကို တိတ်တိတ်နေရန် အချက်ပေးလိုက်ပြီး စကား စပြောတော့သည်။

"ကျောင်းသားကျန်းရီရဲ့ သာမန်ထက် ကျော်လွန်နေတဲ့ စွမ်းရည်ကြောင့် ငါနဲ့ ဒုကျောင်းအုပ် ခုနှစ်ယောက် ဆွေးနွေးပြီး ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြတယ်”

"ကျောင်းသားကျန်းရီ ... မင်းဒီနေ့ စိန်ခေါ်ပွဲကို ကျော်ဖြတ်နိုင်မယ် ဆိုရင် ပါရမီရှင်အဆင့်ကို တိုက်ရိုက် ရောက်သွားမယ် ... ဝိညာဉ် သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးလို့ ရတဲ့ လျှို့ဝှက် ကျင့်စဉ်ရော၊ အကောင်းဆုံး အမျိုးအစား ဝိညာဉ်သားရဲ သိမ်းထားလို့ရတဲ့ အဆောင်ရော၊ တောင်ဘက်အဆောင်တွေမှာရှိတဲ့ အသုံးအဆောင်တွေ အားလုံးကို အမြဲတမ်း အခမဲ့ အသုံးပြုခွင့်ရော ရမယ် ... မင်းရဲ့ ပြိုင်ဘက်တွေကိုတော့ ပြောင်းထားတယ် ... မူလစည်းမျဉ်းမှာ ထူးချွန် ကျောင်းသား ငါးယောက်ဖြစ်ပြီး ... မင်းနဲ့ ပြိုင်ဖို့ကိုတော့ ဆရာဆယ်ယောက်အပါအဝင် ကျပန်း ကျောင်းသားတွေနဲ့ စုစုပေါင်း အယောက်ငါးဆယ် သတ်မှတ်ထားတယ် ... စိန်ခေါ်ပွဲကို မင်းလက်ခံရဲလား"

"ဝိုး "

လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ရရှိမည့် ဆုလာဘ်သည် ပြိုင်ဘက် ကင်းသော်လည်း ခက်ခဲမှုအဆင့်သည် မြင့်မားလွန်းနေသည်။ ဆရာများနှင့်ပါ တိုက်ခိုက် ရမည်တဲ့လား။

မူလစည်းမျဉ်းတွင် ထူးချွန်ကျောင်းသား ငါးယောက်မှ ကျပန်း ကျောင်းသားများ ဖြစ်သွားသည်။ ပါရမီရှင် ကျောင်းသားများလည်း ဝင်ရောက် တိုက်ခိုက်နိုင်သည့် အဓိပ္ပာယ် မဟုတ်ပါလား ... ပါရမီရှင် ကျောင်းသားများသည် အလွန် ထူးခြားကြပြီး မင်းသမီး ယွင်ဖေးကဲ့သို့ စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်နိုင်သော လူများ၊ ကြောက်စရာ ကောင်းသော ဝိညာဉ်သားရဲများ ပိုင်ဆိုင်ကြသူများ ဖြစ်မှန်း လူတိုင်း သိသည်။ ဆရာများ၏ အင်အားသည်လည်း သံသရှိစရာ မလိုပေ။

ဒီသဘောထား သေးသိမ်တဲ့ အဘွားကြီး။

ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် ဆဲရေးလိုက်သည်။ သူမကို ရန်စသူသည် ကျန်းရမ်ထူသာ ဖြစ်သည်။ သူနှင့် ဘာဆိုင်သနည်း ... ကျောင်းအုပ်ချီသည် သူမ၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးကို တရားဝင် အချက်အလက်များ သုံး၍ ဖြေရှင်း ချင်နေသည်မှာ အသိသာကြီးပင် ... ဤကဲ့သို့ လူပုံအလယ်တွင် သူမည်သို့ ငြင်းဆန် ရမည်နည်း ... သူသည် ရှေ့သို့ အသာ လျှောက်သွားလိုက်ကာ လူအုပ်အား ဝေ့ကြည့်လိုက်သည်။

"ကောင်းပြီ ... ကျွန်တော် စိန်ခေါ်ပွဲကို လက်ခံတယ် ... ဒါပေမဲ့ တစ်ခု တောင်းဆိုစရာ ရှိတယ်"

***

All Chapters