အန်လင်း၏ စိတ်ခံစားချက်ဗျူဟာ
Vol. 11(A) Ch. 138
ထိုခွေးကြီး၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် သူ့ထံသို့ ဦးတည်နေခြင်းဟု အန်လင်းခံစားနေမိသည်။
သူ့အနေဖြင့် အလွန်အံ့အားသင့်ရသလို ထိုခွေးဖြူကြီးသည် မည်သည့်အတွက် ထိုကဲ့သို့ ရန်လိုနေခြင်းအားလည်း နားမလည်နိုင်ဘဲ ရှိနေလေသည်။
သူ့အတွက် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်းဖြစ်သလို ထိုခွေးကြီး၏ အရိုးကိုလည်း ခိုးယူဖူးခြင်း မရှိခဲ့ပါ။
ကံကောင်းစွာဖြင့်ပင် ထိုခွေးကြီးသည် သူ၏ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ သို့သော်လည်း သူ၏မျက်လုံးထဲတွင် ရန်လိုမှုများ ကျန်ရှိနေဆဲ ဖြစ်သည်။ "နင်က ဒီကို ဘာလာလုပ်တာလဲ။"
ထိုမေးခွန်းသည် အန်လင်းအား တိုက်ရိုက်မေးလာခြင်း ဖြစ်သည်။ "တပိုင်ဆီကို လာလည်တာပါ။" အန်လင်းသည် ရိုးသားစွာဖြင့် ပြန်ဖြေလိုက်သည်။
ထိုခွေးကြီးသည် လှပသည့်အပြုံးတစ်ပွင့် ဖန်ဆင်းလိုက်ပြီးနောက် သူ၏အမြီးသည်လည်း တဖြည်းဖြည်း ထောင်ထလာလေသည်။
"ထွက်သွားစမ်း"
အန်လင်း : “…”
ဒီခွေးက ယမ်းမှုန့်တွေ မျိုထားတာလား။ ဘာလို့များ အရမ်းကို ရိုင်းစိုင်းနေရတာလဲ။
ကျောက်ဟွိုင်ရင်သည် အန်လင်း၏ဘေးသို့ ရွေ့လာပြီးနောက် တိုးညှင်းသည့် လေသံဖြင့် တောင်းပန်လာသည်။ "အဲဒီခွေးက ချင်ဟွာလို့ခေါ်တယ်။ တပိုင်ရဲ့ ငယ်သူငယ်ချင်းလေ။"
အန်လင်းသည် ဆွံ့အသွားမိသည်။ "အဲဒီတော့"
ကျောက်ဟွိုင်ရင်မှ ဆက်လက်၍ "အဓိကအချက်က သူမက တပိုင်ကို သဘောကျနေတာ။"
အန်လင်း : “…”
ချင်ဟွာသည် မည်သည့်အတွက်ကြောင့် သူ့အား ရန်လိုနေရကြောင်းကို အန်လင်း နားလည်လိုက်ပြီ ဖြစ်သည်။
အန်လင်းသည် ချင်ဟွာအား ကြည့်လိုက်ပြီးနောက် ရိုးသားစွာဖြင့် ပြောလေသည်။ "ချင်ဟွာရေ.. စိတ်လျှော့ပါဦး။ ငါက နင့်ရဲ့လူကို လုယူမယ့်သူ မဟုတ်ပါဘူး။ ငါတို့ရဲ့ မျိုးနွယ်တွေနဲ့ လိင်စိတ်ဝင်စားမှုတွေက အကုန်လုံး ခြားနားတယ်လေ။ ငါနဲ့တပိုင် အတူတူ ရှိနေဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။"
ကျောက်ဟွိုင်ရင်သည် သူ၏ မျက်နှာအား ပြန်ရိုက်မိလိုက်သည်။ အန်လင်းရဲ့ အဲဒီအတွေးတွေက ဘာတွေတုန်း။ ဘယ်လိုလုပ်ပြီး သူမရဲ့လူကို လုယူမယ်ဆိုပြီး ဆက်စပ်လိုက်တာလဲ။
ချင်ဟွာ ရန်လိုနေရသည့်အကြောင်းမှာ သူ၏ ချစ်လှစွာသော တပိုင်ကို လူသားတစ်ဦး၏ သားရဲအဖြစ်သို့ ရောက်ရှိသွားမှာ မလိုလားသောကြောင့် ဖြစ်သည်။
ဘုန်း
ချင်ဟွာထံမှ ကြောက်မက်ဖွယ် အော်ရာများ ထွက်ပေါ်လာသည်။
"တပိုင်က ဘာလိုများ ဒီလိုသောက်ရူးကောင်ရဲ့ သားရဲဖြစ်ချင်ရတာလဲ။" သူမသည် ဒေါသထွက်လာပြီးနောက် "မရဘူး၊ ဒီနေ့ဒါကို အဆုံးသတ်ရမယ်။ ဝုတ် ဝုတ်"
ရုတ်တရက်ဆိုသလို ချင်ဟွာ၏ ခန္ဓာကိုယ်အား ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားသည်။ သူမသည် ခုန်တက်လိုက်ပြီးနောက် အန်လင်းအား ကြောက်မက်ဖွယ် အရှိန်ဖြင့် ခုန်အုပ်လာသည်။
“ရပ်လိုက်စမ်း ဝုတ်”
ရင်းနှီးနေသည့် အသံတစ်ခု သူ၏နားအတွင်းသို့ ရောက်ရှိလာသည်။
အန်လင်း မော့ကြည့်လိုက်သည့် အခါတွင် တပိုင်အား မြင်လိုက်ရသည်။ တပိုင်သည် ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ဦး အသွင်ဖြင့် သက်တန့်တိမ်အား စီးနင်းလာနေသည်။
အမြောက်ဆန်ကဲ့သို့ အားကောင်းသည် လေပြင်းတစ်ခုသည် ချင်ဟွာအား ရိုက်ခတ်လာသည်။
ချင်ဟွာသည် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရပြီးနောက် ကြီးမားသည့် ချိုင့်တွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
မီးခိုးများ ဖုန်မှုန့်များ လွင့်ပါးသွားသည့်အခါတွင် တပိုင် ဆင်းသက်လာပြီးနောက် အန်လင်းအား သူ၏ နောက်ကျောဘက်တွင် ကာကွယ်ထားလိုက်သည်။ "နင်က ငါ့ရဲ့သခင်ကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ။ ဝုတ်" တပိုင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
တပိုင်၏ သခင်ဟု ခေါ်သံအား ကြားလိုက်ရသည့်အခါ အန်လင်းသည် အလွန်အမင်း စိတ်လှုပ်ရှား သွားသည်။ တပိုင်အား ဖက်ပစ်လိုက်ချင်သော်လည်း ချင်ဟွာ သဝန်တိုလာမည်ကို ကြောက်ရွံ့မိသည်။ ထို့ကြောင့် သူ၏ စိတ်ဆန္ဒများအား ဖိနှိပ်ထားလိုက်ရသည်။
ချင်ဟွာသည် ချိုင့်တွင်းမှ ပြန်လည်တက်လာသည်။ သူမသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း မည်သည့်ထိခိုက်ဒဏ်ရမှ ရှိမနေချေ။
သူမသည် တပိုင်အား မျက်ရည်များဖြင့် ကြည့်လာသည်။ တုန်ရီစွာဖြင့် "နင်ငါ့ကို ရိုက်တယ်။"
တပိုင် မျက်မှောင်ကြုတ် လိုက်သည်။ "နင်အရင်တိုက်ခိုက်တာ သိသာနေတာပဲလေ။ ငါကနင့်ကို တားလိုက်ရုံပဲ။"
ချင်ဟွာ၏မျက်နှာတွင် နာကျင်မှုများ ဖြစ်ပေါ်လာပြီး သူမ၏ပါးပြင်တွင် မျက်ရည်များ စီးကျလာပြီး နူးညံ့သည့် အမွေးဖြူဖြူများအား စိုဆွတ်သွားစေသည်။ "နင်က ဒီလူကြောင့် ငါ့ကို တကယ်ကြီး ရိုက်ခဲ့တယ်။"
ချင်ဟွာ၏ အမူအရာကို မြင်ရသည့်အခါတွင် တပိုင်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ ရပ်တည်ချက်အား ထုတ်ဖော်လိုက်သည်။ "ပြဿနာရှာနေတာကို ရပ်လိုက်တော့။ ဒါက ငါ့ရဲ့ရွေးချယ်မှုပဲ။"
"ဝုတ် ဝုတ် ဝါး" ချင်ဟွာ၏ နားရွက်များနှင့် အမြီးသည် အောက်စိတ်ကျသွားသည်။ သနားစဖွယ် အမူအရာဖြင့် သူမသည် ငိုချင်းချတော့သည်။ "ငါတို့ ကလေးဘဝကတည်းက နင်က တစ်ခါလေးတောင် ငါ့ကိုမရိုက်ဖူးဘူး။"
အန်လင်းမှာ တုန်ယင်လာသည်။ ချွိုက်ယောင်ပုံစံ ဝမ်းနည်းစရာ ခံစားချက်က ဘာကြီးတုန်း။ ခွေးတစ်ကောင်ရဲ့ ဝမ်းနည်းဖွယ်ရာ ခံစားမှုများလား။
တပိုင်က ဒီလောက်တောင် တည်ငြိမ်နေသင့်လား။ ချင်ဟွာက အရမ်းသနားဖို့ ကောင်းလိုက်တာ။
ထို့ကြောင့် အန်လင်းသည် ထိုမြင်ကွင်းအား မြင်ရသည့်အခါ အနည်းငယ်မျှ ဝမ်းနည်းမိလေသည်။
"ချင်ဟွာ.." တပိုင်၏ လေသံမှာ နူးညံ့သွားလေသည်။
"ဝုတ် ဝုတ် ငါဘာကိုမှ ဂရုမစိုက်တော့ဘူး။ အူး ဝါး" ချင်ဟွာသည် အနောက်သို့ လှည့်မကြည့်ဘဲနှင့် ပြေးထွက်သွားသည်။
တပိုင်သည် သူ၏လက်အား မြှောက်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး အဝေးတွင် ပျောက်ကွယ်သွားသည့် ပုံရိပ်လေးအား တိတ်တဆိတ်သာ ကြည့်နေမိတော့သည်။
အကယ်၍ ဤအဖြစ်အပျက်သည် မိုးရွာနေချိန် ဖြစ်ပွားပါက လူများစွာတို့ မျက်ရည်ဖြိုင်ဖြိုင် ကျပေလိမ့်မည်။
"ဖွီ"
ရုတ်တရက်ဆိုသလို တိတ်ဆိတ်မှု ပြိုကွဲသွားသည်။
တပိုင်သည် တံတွေးထွေးလိုက်ပြီးနောက် သူ၏မျက်နှာတွင် ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာသည်။ "အဲဒီ စိတ်ရှုပ်ဖို့ကောင်းတဲ့ ဆတ်ဆတ်လူးမလေးက နောက်ဆုံးတော့ ထွက်သွားပြီပဲ။"
အန်လင်း : “…”
ငိုကြွေးနေသော ရှောင်ချိုး : “…”
အခုက ဘာဖြစ်သွားတာလဲ။ ငါ့ရဲ့ စိတ်ထိခိုက်စရာ မြင်ကွင်းလေးကို ပြန်ပေးစမ်းပါ။
"အန်လင်းရေ သွားကြစို့။ မင်းကို ငါ့နေရာ ခေါ်သွားမယ်။" တပိုင် ရယ်မောလိုက်သည်။
အန်လင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုပြီးနောက် တပိုင်၏ နောက်ကျောသို့ ညွှန်ပြလိုက်သည်။
တပိုင် မျက်စိမှိတ်ပြလိုက်သည်။
"ကောင်းပြီ ဘော်ဒါရေ"
အန်လင်းသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီးနောက် တပိုင်၏ ကျောပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ခုန်တက်ကာဖြင့် ခွေးပျံစီးနင်းခြင်းအား နောက်တစ်ဖန် ခံစားလိုက်ပြန်သည်။
မမေ့နိုင်စရာ ခံစားမှုနှင့် နွေးထွေးသည့် ခန္ဓာကိုယ်။ ထိုအရာများသည် သူ့အား အလွန်အမင်း ရင်ကိုထိလှသည်။
တပိုင်သည် ကောင်းကင်သို့ တက်ပြီးနောက် သူ၏နေအိမ်သို့ ပျံသန်းလိုက်သည်။
မြေပြင်တွင်...
ကျောက်ဟွိုင်ရင်သည် ကောင်းကင်အား ပါးစပ် အဟောင်းသားဖြင့် ငေးမောလျက် တပိုင်နှင့် အန်လင်းတို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။ ဝမ်းနည်းဖွယ် ခွေးအလွမ်း ဒရာမာသည် သူ့အား စိတ်လှုပ်ရှားခြင်း မဖြစ်စေခဲ့ပေ။ သို့ရာတွင် ယခုအခါ သူ၏ပါးပြင်၌ မျက်ရည်များ အတားအဆီးမရှိ စီးကျနေလေပြီ။
ကောင်းကင်ထက်တွင် ပျံသန်းရင်းနှင့် တပိုင်သည် အခြားအရပ်တစ်ခုသို့ ကြည့်နေလေသည်။ အန်လင်းသည်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသည်အား တွေ့မြင်လိုက်မိသည်။
တပိုင်သည် ခြံဝန်းကျယ်ကြီးနှင့် နေထိုင်သူဖြစ်သည်။ သူ့ထံတွင် အိမ်ထိန်းအဖြစ် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရှိ ခြင်္သေ့နက်တစ်ကောင်နှင့် အစေခံအဖြစ် လူသား ကျင့်ကြံသူများစွာ ရှိသည်။ ထိုအနေအထားကြောင့် တပိုင်၏ ဒဏ္ဍာရီသားရဲဂိုဏ်းရှိ အဆင့်အတန်းမှာ နိမ့်ကျလိမ့်မည် မဟုတ်ကြောင်း မြင်နိုင်ပေသည်။
သူ၏ အခန်းအတွင်း၌ ကြီးမားတုတ်ခိုင်သည့် အရိုးတစ်ခု ရှိနေသည်။ ထိုအရိုးတွင် မတူညီသည့် အလင်းတန်း ၅ ခု ခပ်မှိန်မှိန် တောက်ပလျက်ရှိသည်။
"ဒါက ငါ့အကြိုက်ဆုံး အရိုးပဲ။ ဝုတ်"
ထိုသို့ပြောရင်း တပိုင်သည် အရိုးကို ပါးစပ်တွင် ကိုက်ကာဖြင့် ပျော်ရွှင်စွာ ပြေးလွှားနေတော့သည်။
အန်လင်းမှာ အလွန်အံ့အားသင့်သွားပြီး "ဒါက သက်တန့်နွားရဲ့ အရိုးလား။"
တပိုင်၏ မျက်လုံးများ အရောင်လက်လာသည်။ "ဟုတ်တယ်။ မင်းက သက်တန့်နွားရဲ့ အရိုးကို ကောင်းကောင်းကြီးသိနေတာ ငါဖြင့် မယုံနိုင်ဘူး"
အန်လင်းသည် ရယ်မောလိုက်ပြီးနောက် တပိုင်အား သူတို့အဖွဲ့ သက်တန့်နွားအား စားသောက်ခဲ့သည့်အကြောင်း၊ လျှို့ဝှက်စွာဖြင့် Shenron ကို ဆင့်ခေါ်မိခဲ့သည့်အကြောင့် တို့အပြင် အပျက်အစီးပုံအတွင်းမှ အဖြစ်အပျက်များကိုပါ အသေးစိတ် ပြောပြလိုက်သည်။
တပိုင်သည် အန်လင်း၏ စွန့်စားခန်းများအား စိတ်ဝင်စားမှုအပြည့်ဖြင့် နားထောင်နေသည်။ "မျှော်လင့်ထားသလိုပဲ" တပိုင်သည် စိတ်လှုပ်ရှားဖြင့်အပြည့်ဖြင့် ရေရွတ်လိုက်သည်။ "မင်းနောက်ကို လိုက်မယ်ဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပျော်စရာလေးတွေနဲ့ ကြုံရမှာပဲ။ ငါသေချာပေါက်ကို မင်းနောက်ကို လိုက်မယ်။"
အန်လင်းသည်လည်း ခွေးပျံစီးနင်းခြင်းအား အလွန်သဘောကျသူဖြစ်သည်။ တပိုင်၏ စကားလုံးများအား ကြားလိုက်ရသည့်အခါတွင် ပီတိဝေဖြာ လာတော့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို အခြားသော အကြောင်းတစ်ခုအား စဉ်းစားမိ လိုက်သည်။ "တပိုင်.. မင်းငါ့နောက်ကို လိုက်မယ်ဆိုရင် ချင်ဟွာကို ဘယ်လိုလုပ်မလဲ။ သူက မင်းရဲ့ ကလေးဘဝတုန်းက အသည်းလေး မဟုတ်ဘူးလား"
တပိုင်သည် ခေါင်းယမ်းလိုက်ပြီးနောက် "သူ့ကို စိုးရိမ်မနေပါနဲ့။ ငါက သူမကို ညီမလေး တစ်ယောက်လိုပဲ မြင်တာ။ ငါထွက်သွားပြီးရင် သူမဘာသာသူမ စောင့်ရှောက် တတ်သွားပါလိမ့်မယ်"
တပိုင်၏ အနာဂတ်အတွက် ထိုသို့သော ပေါ့တန်တန် ဆုံးဖြတ်ခြင်းသည် မသင့်တော်ဟု အန်လင်းခံစားမိသည်။ "မင်းအဲလိုမျိုး လုပ်မယ်ဆိုရင် မင်းရဲ့ မျိုးဆက်အတွက်ကော ဘယ်လိုလုပ်မလဲ။" အန်လင်းသည် လေးနက်စွာဖြင့် မေးလိုက်သည်။ "မင်းရဲ့ မိဘတွေကကော သဘောတူရဲ့လား။ တကယ်လို့ ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းအနေနဲ့ လှပတဲ့ ခွေးမလေးတွေနဲ့ တွေ့ရတော့မှာ မဟုတ်ဘူးနော်။ မင်းရဲ့ စိတ်အခြေအနေကိုကော ပြင်ဆင်ပြီးရဲ့လား။ မင်းအနေနဲ့ လာမယ့်အနာဂတ်မှာ အေးလာမယ်၊ အထီးကျန်လာမယ်၊ ပိုင်ဆိုင်မှု ဘာမှမရှိတော့ဘူး အဲလိုအချိန်မျိုးတွေမှာ ငါ့ဆီကို ပြေးလာနိုင်မှာ မဟုတ်ဘူး။"
"ဒါက.." တပိုင်သည်လည်း ဤပြဿနာ၏ ပြင်းထန်မှုအား နားလည်သွားပုံရသည်။
တပိုင်၏ အနေအထားအား မြင်သည့်အခါတွင် အန်လင်းသည် တဲ့တိုး မေးလိုက်တော့သည်။ "ချင်ဟွာကို လှည့်စားချင်နေတာလား။"
"ချင်ဟွာကို လှည့်စားတာ ဟုတ်လား။" တပိုင်၏ မျက်နှာသည် နီမြန်းလာပြီးနောက် တံတွေးထွေးလိုက်သည်။ "သောက်ကျိုးနည်း လှည့်စားတာ။ ငါက သူမကို ညီမလေးလို့ပဲ မြင်တာကွ"
တပိုင်၏ အဖြေအား ကြားလိုက်သည့်အခါတွင် တပိုင်သည် ချစ်မှုရေးရာများအား ပြုလုပ်နိုင်သည့် အရွယ်သို့ မရောက်သေးကြောင်း အန်လင်းသိလိုက်ရသည်။ ထို့ကြောင့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး စိတ်ရှည်စွာဖြင့် ဆက်လက် ဖျောင်းဖျလျက်ရှိသည်။ "အဲလိုဆိုရင်တောင်မှပဲ မင်းအနေနဲ့ သူမကို ညီမလေးလို့ မြင်နေလို့ မရဘူးလေ။"
တပိုင်သည် အနည်းငယ် အံ့အားသင့် သွားသည်။ "မင်းက ငါနဲ့ သူမကို လက်ထပ် စေချင်တယ်လို့ မပြောနဲ့။ ငါတကယ်ကို မလုပ်ချင်ဘူး။ ဝုတ်"
အန်လင်းသည် ခေါင်းယမ်းကာဖြင့် ရယ်မောလိုက်သည်။ "မင်းတို့က ငါက ဘာဖြစ်လို့ လက်ထပ်စေချင်ရမှာလဲ။ ငါပြောတဲ့ အဓိပ္ပါယ်က သူမကို ညီမလေး တစ်ယောက်လို မဆက်ဆံနဲ့။ မင်းအတွက် အရံသင့် ရှိနေပေးမယ့် မိန်းကလေးလို ဆက်ဆံပေး။"
"အဲဒါက ဘာအဓိပ္ပာယ်လဲ" တပိုင်သည် အနည်းငယ် ကြောင်အသွားသည်။
အန်လင်းသည် လျှို့ဝှက်စွာဖြင့် ပြုံးလိုက်ပြီးနောက် "အရံသင့်ရှိနေပေးမယ့် မိန်းကလေး ဆိုတာကကွာ မင်းအတွက် ဇနီးလောင်းသဘောမျိုးပဲ။ မင်းအနေနဲ့ သူမနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်ဖို့ မလိုဘူး။ ဒါပေမဲ့ မင်းလုပ်ရမှာက သူမကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ နူးနူးညံ့ညံ့ ဆက်ဆံပေးရမယ်။"
"စဉ်းစားကြည့်လေ။ ဒဏ္ဍာရီသားရဲ ဂိုဏ်းကနေ မင်းထွက်ခွာလိုက်ပြီ ဆိုတာနဲ့ ချင်ဟွာနဲ့ ခွဲခွာရမယ်။ အဲဒီ အချိန်က မင်းတို့ကြားက ပတ်သက်မှုကို စမ်းသပ်တဲ့ ကာလပဲ။"
"မင်းတို့နှစ်ယောက်က မောင်နှမ အနေနဲ့ ရှိနေမယ်ဆိုရင် သူမက အကိုကြီးဖြစ်တဲ့သူကို သေချာပေါက် မေ့သွားမှာ မဟုတ်ဘူး။ မင်းအနေနဲ့ အချစ်အကြောင်း စိတ်မဝင်စားသေးဘူးလို့ သူမက ရိုးရိုးရှင်းရှင်းပဲ တွေးမယ်ဆိုရင်တော့ မင်းနဲ့အတူ ရှိနေနိုင်ဖို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားမှာပဲ။ အဲလို အအနေအထားမျိုးက သူမရဲ့ ချစ်မေတ္တာကို အဟန့်အတား ဖြစ်စေလိမ့်မယ်။"
"ဒါပေမဲ့လည်း မင်းတို့ကြားက ပတ်သက်မှုက မပြတ်မသား ဖြစ်နေမယ်ဆိုရင် အဲဒါက ပိုပြီး နက်နဲတဲ့ ပတ်သက်ဆက်နွယ်မှုရဲ့ အစပဲ။ အဲဒီနောက်မှာတော့ သူမအနေနဲ့ ရွေးချယ်စရာ နှစ်ခုပြ ရှိတယ်။ ပထမတစ်ခုက အဲဒီလိုမျိုး ပတ်သက်ဆက်နွယ်မှုကို လက်ခံပြီး မင်းပြန်လာဖို့ကို စောင့်မျှော်နေရမယ်။ ဒုတိယတစ်ခုကတော့ တခြားခွေးတစ်ကောင်နဲ့ ပတ်သက် ဆက်နွှယ်လိုက်တာပဲ။ မင်းတို့နှစ်ယောက်ကြားက မောင်နှမဆိုတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်မယ်ဆိုရင် အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်။"
"တကယ်လို ချင်ဟွာက တခြားခွေးတစ်ကောင် အတွက်နဲ့ မင်းကို ချန်ထားခဲ့မယ် ဆိုရင်လည်း မင်းအနေနဲ့ သူမရဲ့ ကိုယ်ပိုင်ခံစားချက်ကို နားလည် သဘောပေါက်ပြီး ခွင့်ပြုရလိမ့်မယ်။ တကယ်လို့ ချင်ဟွာက မင်းကို စောင့်မျှော်နေဆဲ ဖြစ်မယ်ဆိုရင်လည်း သူမက ခွဲခွာတာမျိုး ချန်ထားရစ်တာမျိုး မလုပ်ရဘူး သူမနဲ့ လက်ထပ်ရမယ်။ မင်းအနေနဲ့ အဲဒီလို သစ္စာရှိတဲ့ ခွေးမျိုးကို ဘယ်နေရာမှာ သွားရှာမလဲ။"
အန်လင်း၏ သုံးသပ်ချက်အား နားထောင်ပြီးသည့်နောက်တွင် တပိုင်၏ မျက်လုံးများသည် တောက်ပကာ အရောင်လက်လာသည်။ "သခင်ပြောလိုက်တဲ့ စကားတွေကြောင့် အသိပညာတွေ အများကြီး ရလိုက်ရပြီ။"
အန်လင်းသည် ရယ်မောလိုက်ပြီးနောက် တပိုင်၏ ဦးခေါင်းအား ဖွလိုက်သည်။
အရူးလေး တပိုင်.. ဒီလိုနည်းနဲ့မှ မင်းအတွက် အရံသင့်ရှိနေပေးမယ့် မိန်းကလေးကို ရနိုင်မှာပေါ့ကွ။
***