အသေတိုက်ပွဲ
Vol. 1 Ch. 138
"တောင်းဆိုချက်"
ကျောင်းအုပ်ချီ၏ မျက်နှာသည် မည်းခနဲ ဖြစ်သွားခဲ့သည်။ အခြား ဆရာများသည်လည်း မျက်နှာများ ပျက်သွားခဲ့ကြပြီး ကျောင်းသားများသည်တော့ စိတ်ထဲမှ လက်မ ထောင်ပေး လိုက်ကြသည်။ ကျောင်းသား တစ်ယောက်က သင်တန်းကျောင်းနှင့် စည်းမျဉ်းများ အကြောင်း ဆွေးနွေး ချင်နေသည်။ ဒီကောင်က အထုတ်ခံရမှာ မကြောက်ဘူးလား။
ကျောင်းအုပ်ချီသည် ကျန်းရီအား ကြည့်မရဖြစ်နေရာ နှာတစ်ချက် မှုတ်လိုက်ပြီး ပြန်မေး လာခဲ့သည်။
"မင်းမှာ ဘာတောင်းဆိုစရာများ ရှိနေလဲ"
ကျန်းရီသည် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"ရိုးရိုးလေးပါ ... ကျွန်တော်က ဒီစိန်ခေါ်ပွဲကို သေခြင်းကို အပြစ်မယူတဲ့ အသေတိုက်ပွဲ ဖြစ်စေချင်ပါတယ် ... မဟုတ်ရင် ကျွန်တော် အင်အားအပြည့် မသုံးနိုင်ပါဘူး"
"အမ်"
ကျန်းရီ စကား ဆုံးသွားသည်နှင့် မျက်နှာထား များစွာသည် ပျက်ယွင်း ကုန်ကြသည်။ မင်းသမီးယွင်ဖေး၊ ကျန်းရီကိုသိသော ဆရာများနှင့် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းအတွင်း ဝင်ရောက် ခဲ့ကြသော လူအားလုံးသည် ထိတ်လန့် သွားကြသည်။ ကျန်းရီ၏ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို မျက်မြင် တွေ့ခဲ့ကြသော လူတိုင်းသည် မျက်နှာများ ဖြူဖျော့လာပြီး ကိုယ်များပါ တဆတ်ဆတ် တုန်ယင် လာသည်။ ကျန်းရီသာ အင်အားအပြည့် သုံးလျှင် လူအယောက် ငါးဆယ် မဆိုထားနှင့် ... အယောက် ငါးရာတောင် သတ်ရန် လုံလောက်မည် မဟုတ်ပေ။
ပြိုင်ပွဲသည် အရည်အချင်း စစ်ဆေးပွဲ တစ်ခုသာ ဖြစ်ပြီး အကန့်အသတ်များ ရှိပေသည်။ အခြေခံ အကျဆုံး အနေနှင့် သတ်ဖြတ်ခြင်းကို တားမြစ်ထားပြီး သတ်လိုက်မိသော သူသည် သင်တန်းကျောင်းမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။ စိန်ခေါ်ပွဲသည် သာမန်ပြိုင်ပွဲ တစ်ခုသာ ဖြစ်လျှင် မင်းသမီးယွင်ဖေး ကဲ့သို့သော သူများပင် အပျော်တမ်း ဝင်ရောက် တိုက်ခိုက်ကြမည် ဖြစ်သည်။ ယခုမူ လူများစွာသည် တိတ်တဆိတ် နောက်ဆုတ် လိုက်ကြသည်။ ထိုအထဲတွင် ဆရာ နှစ်ယောက်တောင် ပါသေးသည်။
"မင်းတောင်းဆိုတာက အသေတိုက်ပွဲ ... မင်းက အသတ်ခံရမှာကို မကြောက်ဘူးလား ... "
ကျောင်းအုပ်ချီ၏ မျက်ခုံးတန်း နှစ်ဖက်သည် တွန့်ကွေး သွားခဲ့ပြီး ကျန်းရီအား တည်ငြိမ်သော လေသံနှင့် မေးလာခဲ့သည်။
ကျန်းရီသည် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"သေခြင်း၊ ရှင်ခြင်းကို ကံတရားက ဆုံးဖြတ်ပြီးတော့ ကြွယ်ဝချမ်းသာမှုကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ် ... သိုင်းသမား တစ်ယောက်က သေရမှာကို မကြောက်သင့်ဘူးလို့ ဆရာတွေ အမြဲတမ်း မသင်ကြားထားခဲ့ဘူးလား ... မစိုးရိမ်ပါနဲ့ ... ကျောင်းအုပ်ချီ ... ကျွန်တော့်ကို ကျွန်တော် မထိခိုက်အောင် ကာကွယ်မှာပါ ... တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်နိုင်လိုက်တယ် ဆိုရင်လည်း ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး ... "
"ကောင်းပြီလေ"
ကျောင်းအုပ်ချီသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ ကျောင်းသားက အသေတိုက်ပွဲ တောင်းဆိုလျှင် သင်တန်းကျောင်းက ငြင်းဆန်ရိုး ထုံးစံ မရှိပေ။ သို့သော် သူမတို့သာ အနီး၌ ရှိနေလျှင် ကျန်းရီ လူသတ်ရဲမည် မဟုတ်ဟု သူမယုံကြည် လွန်းနေသည်။ သူမသည် ဒုကျောင်းအုပ်များနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး အော်ပြောလိုက်သည်။
"ဘယ်သူ ဝင်တိုက်ချင်လဲ ... ဝင်ပြိုင်တဲ့ ထူးချွန် ကျောင်းသားတိုင်း အမှတ်၅၀၀ ရမယ် ... ပါရမီရှင် အဆင့်ဆိုရင် အမှတ်၁၀၀၀၊ ဆရာတွေ ဆိုရင် အမှတ် ၃၀၀၀ရမယ်"
"ဝှစ် ... ဝှစ် ... ဝှစ်"
ကျောင်းသားများသည် အလိုလို နောက်ဆုတ် လိုက်ကြသည်။ ဆရာ အချို့တောင် ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ကြသည်။ ကျောင်းအုပ်ချီ၏ စကား ဆုံးသွားသော်လည်း မည်သူမှ ဝင်မပြိုင် ရဲကြပေ။
"အမ်"
ကျောင်းအုပ်ချီ၏ မျက်နှာသည် မည်းသထက် မည်းလာခဲ့သည်။ သူမသည် ဆရာများကို စိုက်ကြည့် လိုက်ပြီး အံကြိတ်၍ မေးလိုက်သည်။
"ဝင်ပြိုင်မဲ့သူ တစ်ယောက်မှ မရှိဘူးလား"
ဆရာများ အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ဆရာဆယ်ယောက်သည် အံကို တင်းတင်းကြိတ်၍ ရှေ့ထွက်လိုက်ကြရသည်။ ကျောင်းသားများနှင့် ကျောင်းအုပ်ချီသည် သူတို့အား ကြည့်နေရာ မထွက်ဘဲ မနေဝံ့တော့ပေ။ ဆရာများသည် ကျောင်းသား တစ်ယောက်အား ကြောက်နေသည် ဟူသော သတင်းများသာ ပျံ့သွားလျှင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ဂုဏ်သတင်းသည် လူအများ လှောင်ရယ်စရာ ဖြစ်သွားလိမ့်မည်။
ကျောင်းအုပ်ချီသည် ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် ထူးချွန်အဆင့် ကျောင်းသားများနှင့် ပါရမီရှင် အဆင့် ကျောင်းသားများအား ဝေ့ကြည့် လိုက်ပြီး လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ထူးချွန်အဆင့် ကျောင်းသားတွေ ဝင်ပြိုင်ရင် အမှတ်၁၀၀၀ရမယ် ... ပါရမီရှင် အဆင့် ကျောင်းသားတွေက အမှတ်၂၀၀၀ရမယ် ... ဘာတွေ ကြောက်နေကြတာလဲ ... ငါဒီမှာရှိတယ် ... မင်းတို့ တစ်ခုခု ဖြစ်မှာကို ငါက ထိုင်ကြည့်နေပါ့မလား"
ထိုသို့သော ဆုကြေးများ ရမည်ဖြစ်ရာ ရဲရင့်သော လူငယ်တချို့ ပေါ်ထွက် လာခဲ့ပေသည်။
ကျောင်းအုပ်ချီ၏ အာမခံချက်လည်း ရှိနေရာ သူတို့ စိတ်ဝင်စား လာကြသည်။ ပါရမီရှင်အဆင့် ကျောင်းသား အချို့ဖြစ်ကြသော ရှားနိုင်ငံ၏ သခင်လေးများသည်လည်း လက်မလျှော့ကြပေ။ ကျန်းရီသည် ကောလာဟလများထဲကလို အားကောင်းသည်ဟု သူတို့ မယုံပေ။ လူများစွာသည် ပြိုင်ပွဲအတွက် စာရင်း ပေးကြတော့သည်။
ကျန်းရီ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်သော နေ့က အနီးအနားတွင် ပုန်းအောင်းနေသော လူများတွင် မင်းသမီး ယွင်ဖေးသည်လည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် သူမအား ကျောင်းအုပ်ချီ အကြိမ်ပေါင်းများစွာ အရိပ်အမြွက် ပြောနေသော်လည်း သူမ ဝင်ပြိုင်ရန် စိတ်ပြောင်းလဲသွားမည် မဟုတ်ချေ။
ကျောင်းအုပ်ချီသည် စိတ်မရှည်တော့ရာ သူမအား စိတ်ချင်း ဆက်သွယ်၍ ပြောကြားလာခဲ့သည်။
"ယွင်ဖေး ... မင်းလည်းသွားလေ ... ငါမင်းကို ဘာမှ ဖြစ်စေမှာ မဟုတ်ပါဘူး ... မင်းတို့သာ ကျန်းရီကို အနိုင်တိုက်နိုင်ရင် ငါကိုယ်တိုင် ဖန်တီးထားတဲ့ လေပြင်းတိမ်လွှာ လက်ဝါးကို မင်းကို သင်ပေးမယ်"
ယွင်ဖေး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုလေပြင်းတိမ်လွှာ လက်ဝါးကြောင့် ကျောင်းအုပ်ချီ ကျော်ကြား လာခဲ့ခြင်း ဖြစ်သည်။ ထိုသိုင်းပညာသည် အဆင့်နိမ့် ကောင်းကင်အဆင့်တွင် ရှိသည်။ သူမသည် ဆုံးဖြတ်ချက် ချလိုက်ပြီး အံကြိတ်၍ ပြောလိုက်သည်။
"ကောင်းပြီ ... ကျွန်မလည်း ဝင်ပြိုင်မယ်"
"ဝိုး"
မင်းသမီးယွင်ဖေး အနီးရှိ ကျောင်းသားများသည် စိတ်လှုပ်ရှား သွားကြသည်။ မင်းသမီး ယွင်ဖေး၏ မှော်အတတ်ဖြင့် တိုက်ခိုက်ခြင်းသည် အန္တရာယ် များသည်။ သူမသာ ဝင်ပြိုင်လျှင် စိန်ခေါ်ပွဲသည် အလွန် ကျော်ကြား သွားပေတော့မည်။
မကြာလိုက်သော အချိန်အတွင်း၌ ဆရာဆယ်ယောက်နှင့် ကျောင်းသား အယောက် လေးဆယ် ပြည့်သွားခဲ့ပေပြီ။ ဆရာသုံးယောက်သည် ခရမ်းရောင် နန်းတော်ရှင် အဆင့် အမြင့်ဆုံး၌ ရှိပြီး ကျန်ဆရာများသည် အနိမ့်ဆုံး ခရမ်းရောင် နန်းတော်ရှင် သတ္တမအဆင့်၌ ရှိပေသည်။ ကျောင်းသားများတွင် အားအနည်းဆုံးသည် ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့် ဖြစ်ပြီး မင်းသမီး ယွင်ဖေးကဲ့သို့သော ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်နှင့် ထူးခြားသော အရည်အချင်းများရှိသည့် ကျောင်းသား သုံးယောက်ကဲ့သို့ ပါရမီရှင်အဆင့် ကျောင်းသားများလည်း ပါသည်။
ကျန့်ဝူရွှမ်းသည် ကျန်းရီထံ လျှောက်လာပြီး လူနည်းနည်းအား ညွှန်ပြကာ တီးတိုး ပြောလာခဲ့သည်။
"ကျန်းရီ ... ယွင်ဖေး၊ ရှန်းယင်နဲ့ အန်းနီကို သတိထား ... ယွင်ဖေးရဲ့ မှော်အတတ်က အရမ်း အားကောင်းတယ်လို့ ကောလာဟလတွေ ရှိတယ် ... "
"ရှန်းယင်က ရှားနိုင်ငံတော်ရဲ့ ဂိုဏ်းကြီးတွေထဲက တစ်ခုဖြစ်တဲ့ ရှန်းဂိုဏ်းရဲ့ သခင်လေးပဲ ... သူက လေစိတ်နယ်လွန် ခန္ဓာကို ပိုင်ဆိုင်ပြီး လျှပ်စီးလို မြန်ဆန်တယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်"
"အန်းနီကတော့ ရှန်မိနိုင်ငံ၊ လူရိုင်းမျိုးနွယ်စုရဲ့ မင်းသားလေးပဲ ... သူက ကိုယ်ခန္ဓာ အရမ်း ကြံ့ခိုင်ပြီးတော့ လက်နက်တွေကတောင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ကြားရတယ် ... "
"ကောင်းပြီ ... ငါဂရုစိုက်ပါ့မယ်"
ကျန်းရီ၏ မျက်နှာသည် လေးနက်နေခဲ့သည်။ သာမန်လူများသည် ပြဿနာ မဟုတ်သော်လည်း ထူးခြားသူများသည် အန္တရာယ် ရှိသည်။ အထူးသဖြင့် ယွင်ဖေး၏ မှော်အတတ် ဖြစ်လေသည်။
"နောက်ဆုတ်"
ကျောင်းအုပ်ချီ အော်လိုက်သည်နှင့် ကျောင်းသားများသည် အလိုအလျောက် လူစု ခွဲလိုက်ကြပြီး ကွင်းပြင် အလယ်တွင် ကွက်လပ်ကြီး ဖြစ်သွားခဲ့သည်။ ယှဉ်ပြိုင်ကြမည့် လူများသည် ရှေ့သို့ တက်လာကြသည်။ သူတို့သည် တစ်စုတစ်စည်းထဲ မနေကြဘဲ စက်ဝိုင်းပုံ ရပ်လိုက်ကြကာ ကျန်းရီအား စိုက်ကြည့် နေကြသည်။
ကျန်းရီသည် ကျောင်းအုပ်ချီ၏ နောက်တွင် ရပ်၍ ပြိုင်ပွဲအား ကြည့်နေသော စုလောရွှယ်အား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ကျေနပ်သွားဟန် ပြုံးလိုက်ကာ ကွင်းပြင်အလယ်သို့ လျှောက်သွား လိုက်သည်။ သူသည် တည်ငြိမ်စွာ အေးအေးလူလူ လျှောက်နေသည်မှာ သူ၏ ကိုယ်ပိုင် ခြံဝန်းထဲတွင် လေညင်းခံရင်း လမ်းလျှောက်နေသည့် အလား ...။
ကျန်းရီရှေ့သို့ တက်လာသည်နှင့် သူ့ရှေ့သို့ ကျောင်းသားများသည် ဘေးသို့ ရှဲပေးလိုက်ကြသည်။ ကျန်းရီသည် ကွင်းပြင်အလယ်သို့ ရောက်သည်နှင့် လူတိုင်းအား ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"စလိုက်ရအောင်"
"ခလွမ် ... ခလွမ်"
ပြိုင်ပွဲဝင်တို့သည် ကိုယ်ပိုင် လက်နက် အသီးသီးအား ဆွဲထုတ်လိုက်ကာ အတွင်းအားများကို ထုတ်ဖော် လိုက်ကြသည်။ လူတိုင်းသည် တိုက်ပွဲဝင်ချင်စိတ်များ ပြင်းထန်နေကြပြီး ကျောင်းအုပ်ချီ၏ စတင်ရန် အမိန့်ပေးသံကို စောင့်စားနေကြသည်။
ကျောင်းအုပ်ချီသည် အားလုံး အဆင်သင့် ဖြစ်သည်ကို မြင်သည်နှင့် ဒုကျောင်းအုပ်များအား ခေါင်းညိတ် ပြလိုက်သည်။ သူတို့သည် လူစုခွဲလိုက်ကြကာ တစ်ယောက်ယောက် အန္တရာယ် ရှိသည်နှင့် ကယ်တင်ရန် အဆင်သင့် ရပ်နေလိုက်ကြသည်။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည်အဆင့် ဒုကျောင်းအုပ်များ အနီး၌ ရှိနေလျက်ကပင် ထိခိုက်ဒဏ်ရာ ရသူများ ရှိနေမည်ဆိုလျှင် လူအများ လှောင်ရယ်ဖွယ် ဖြစ်ပေတော့မည်။
ဒုကျောင်းအုပ်များ နေရာယူပြီးသည်နှင့် ကျောင်းအုပ်ချီသည် ကွင်းပြင် အလယ်အား ကြည့်ကာ အော်လိုက်သည်။
"အရည်အချင်း စစ်ဆေးမှု စိန်ခေါ်ပွဲ စတင်ပြီ"
လေထုသည် တိတ်ဆိတ် သွားခဲ့သည်။ ကျောင်းသားများသည် အသက်ပင်ရဲရဲ မရှူဝံ့ကြပဲ ပြိုင်ပွဲဝင်များအား စူးစိုက်၍သာ ကြည့်နေကြသည်။ ဤကဲ့သို့ အဆင့်မြင့် တိုက်ပွဲအား ကြည့်ရာမှ သူတို့အတွက် သင်ယူ မှတ်သားစရာ အများအပြား ရနိုင်ပေသည်။
"တိုက်ကြတော့"
ဆရာများသည် အကြည့်ချင်း ဖလှယ်လိုက်ကာ လက်နက် အသီးသီးအား အဆင်သင့်ပြင်၍ အော်လိုက်ကြသည်။ ဆရာများ လှုပ်ရှားလိုက်သည်နှင့် ကျောင်းသား အသီးသီးသည်လည်း လှုပ်ရှားလိုက်ကာ ကျန်းရီထံ အဘက်ဘက်မှ ပြေးဝင်လာကြသည်။ သူတို့ အမြင်တွင် သူတို့သာ သူ့အနီးသို့ ကပ်နိုင်လျှင် သူ့တွင် တားဆီးရန် လက်များစွာ မရှိသဖြင့် ချက်ချင်း ရှုံးသွားမည်ဟု တွေးထင်နေကြသည်။
ကျန်းရီသည် မလှုပ်ရှားခဲ့ပေ။ သူသည် အတွင်းအားကိုတောင် ထုတ်မထား သေးပေး။ သူသည် တိုးဝင်လာသူ နှစ်ဆယ်ကျော်အား အဖက်မလုပ်ဘဲ ယွင်ဖေး၊ ရှန်းယင်နှင့် အန်းနီကိုသာ အာရုံ စူးစိုက် ထားခဲ့သည်။ ထူးဆန်းသည်မှာ ထိုသုံးယောက်သည်လည်း မလှုပ်ရှားဘဲနှင့် ကျန်းရီအား အကဲခတ် နေကာ တိုက်ခိုက်ရန် အခွင့်အရေးကိုသာ စောင့်ဆိုင်း နေခဲ့လေသည်။
"ဝှစ်"
သူ့ထံ ပြေးလာသော ဆရာများတွင် နှစ်ယောက်သည် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့် ဖြစ်၍ တစ်ယောက်သည် အနက်ရောင် တုတ်ရှည် တစ်ချောင်းကို ကိုင်ဆောင် ထားခဲ့ပြီး တစ်ယောက်သည် ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင် ထားခဲ့သည်။ သူတို့၏ လက်နက်များမှ အလင်းရောင်များ တလက်လက် တောက်ပနေခဲ့သည်။
သတ်ဖြတ်ခြင်း အရှိန်အဝါ
ကျန်းရီသည် နောက်ဆုံးတွင်တော့ လှုပ်ရှား ခဲ့ပေသည်။ သူ့ကိုယ်သည် တစ်လက်မမျှ ရွေ့မသွားခဲ့ဘဲ မျက်လုံးများသည် သွေးနီရောင် တောက်ပ လာခဲ့သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့ကိုယ်မှ ဖြာထွက် လာခဲ့ပြီး သူ့ထံ ပြေးဝင် လာကြသော လူအများအား လွှမ်းခြုံသွားခဲ့သည်။
သတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် လူများသည် ကောင်းကင်နှင့် မြေကြီးပါ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။ ပြေးလာနေသော လူတိုင်း၏ အရှိန်သည် လျော့ကျသွားခဲ့ပြီး အချို့ဆိုလျှင် လှုပ်တောင် မလှုပ်နိုင်တော့ပေ။ ခရမ်းရောင် နန်းတော်ရှင် သတ္တမအဆင့်နှင့် အထက် လူများသာ တိုက်ခိုက် နိုင်ကြလေသည်။
***