အခန်း (၄၄၃)
Vol. 32 Ch. 443
ပြီးနောက် ရှမ့်လန်က ကျန်းယွမ်နယ်စားအိမ်တော်၏ ရဲတိုက်ထဲတွင် ခဏလောက် နေထိုင်၏။ သူက ရဲတိုက်ကြီး၏ အခြေအနေ ဆိုးဝါးနေမှုကို သေသေချာချာကြည့်ရှု၏။ ထိုနေရာကြီးသည် ဆိုးဝါးသည့် နေရာတစ်ခုဖြစ်လျှင်တောင်မှ လှပသည့်နေရာလည်း ဖြစ်၏။ တင့်တယ်သည့် အနုပညာလက်ရာများနှင့် ပြည့်နှက်နေပြီး ရွှမ်ဝူအိမ်တော် ကျင်းမိသားစု၏ ရဲတိုက်ကြီးထက် သိသိသာသာ သာလွန်၏။
ထို့အပြင် တောင်ထိပ်တွင် တည်ဆောက်ထားသောကြောင့် သက်ရှိသတ္တဝါများအားလုံးကို ငုံ့ကာ ကြည့်ရှုရသကဲ့သို့ ခံစားမိစေ၏။ စုမိသားစုသည် အချိန်များစွာ၌ သက်ရှိသက်မဲ့အားလုံးတို့ကို ငုံ့မိုးကာ ကြည့်ရှုသည့် အကျင့်ရှိ၏။ ထို့ကြောင့်ပင်လျှင် သူတို့၏ ရည်မှန်းချက်များက ပိုမိုကာ ကြီးမားလာသည်လား မသိနိုင်ချေ။
ကျန့်ထော်၏စစ်သည်တော် နှစ်သောင်းကျော်တို့တွင် တစ်သောင်းသုံးထောင်တို့သာလျှင် ကျန်ရစ်တော့၏။ ကျန်သည့်လူများအားလုံးက သေဆုံးသွားခဲ့၏။ တစ်သောင်းသုံးထောင်လောက်ရှိသည်ဆိုလျှင်တောင်မှ တစ်ဝက်ကျော်လောက်က ကျောက်ရောဂါကြောင့် ထပ်မံကာ သေဆုံးခဲ့သေးသည်။
ကောင်းမွန်သည့်အခြေအနေနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို တည်ဆောက်ပေးပြီးနောက် ကျောက်ရောဂါကြောင့် သေဆုံးမှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းဆီသို့ လျော့ကျသွားခဲ့၏။ အားလုံးသောသူတို့သည် သူတို့၏ အသက်ကို ကယ်တင်ပေးသောကြောင့် ရှမ့်လန်ကို ကျေးဇူးတင်လျက်ရှိ၏။
ထိုအချိန်မှာပဲ အလွန်ဆိုးရွားသည့် ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့သည်။ ပိုင်ရီခရိုင်တစ်ခုလုံးတွင် ကျောက်ရောဂါပိုးများ ဖြစ်တည်လာခဲ့ခြင်းပင်။
ကျန့်ထော်သည် ကျန်းယွမ်နယ်စားအိမ်တော်ဆီမှ အစားအစာ ငါးပုံတစ်ပုံလောက်ကို ပိုင်ရီခရိုင်မှ လူများဆီ ပေးပို့ခဲ့၏။ ထိုသူအားလုံးတို့၏ စိတ်နှလုံးကို အပိုင်သိမ်းနိုင်ရန် အစားအစာများ ပေးပို့ခဲ့ခြင်း ဖြစ်၏။ ထိုအရာကို စားသုံးပြီးနောက် လူပေါင်းများစွာတို့က ကျောက်ရောဂါပိုး ကူးစက်ကုန်၏။ တစ်ယောက်မှတစ်ဆယ်၊ တစ်ဆယ်မှတစ်ရာ စသဖြင့် ကူးစက်လာခဲ့သည်။
ပိုင်ရီမြို့မှလွဲလျှင် ပိုင်ရီခရိုင်တစ်ခုလုံး၌ ကျောက်ရောဂါပိုးများ ပျံ့နှံ့နေခဲ့၏။ နေ့စဉ်နေ့တိုင်း လူပေါင်း များစွာတို့က ကျောက်ရောဂါပိုး ကူးစက်ခံထားရပြီး နေ့စဉ်နေ့တိုင်း လူများသေဆုံး၏။ ပိုင်ရီခရိုင်တစ်ခုလုံးက ကြောက်လန့်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။
ထိုအချိန်မှာပဲ ရှမ့်လန် ကျောက်ရောဂါပိုးကို ကုသနိုင်ကြောင်း သတင်းပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်သည် ချင်ဘုရင်ကို ကယ်တင်ခဲ့ရုံသာမက ချင်နိုင်ငံဆီမှ လူပေါင်းများစွာတို့၏ အသက်ကိုလည်း ကယ်တင်ပေးခဲ့၏။ ထို့ကြောင့် လူပေါင်းများစွာတို့က ကျန်းယွမ်နယ်စားအိမ်တော်၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့ပြီး ဒူးထောက်ကာ တောင်းပန်ကြသည်။
“ရှမ့်… ကျုပ်တို့ကို ကယ်ပါအုံး”
“အရှင်ကြီး ရှမ့်… ကျုပ်တို့ကို ကယ်ပါအုံး”
“ဗုဒ္ဓရှမ့်… ကျုပ်တို့ကို ကယ်ပါအုံး”
ဤစကားစုများကို တောက်လျှောက်ရွတ်ဆိုနေခဲ့၏။
ယခု ရှမ့်လန်ကို အသက်ကယ်တင်ပေးရန် လာရောက်ကာ တောင်းပန်နေသည့် လူအားလုံးတို့သည် ရှမ့်လန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်လူများပင် ဖြစ်၏။ မကြာသေးခင်က ဤလူများက ရှမ့်လန်ကို အရိုးထဲ၊ အသားထဲက မုန်းတီးခဲ့ကြဖူးသည်။ ယခုလည်း မုန်းတီးနေဆဲပင်။
သို့ပေမည့် အစစ်အမှန်တရားက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ ချင်စစ်သည်များ ဟန်ဆောင်ကာဖြင့် လုယက်သတ်ဖြတ်မှုကို ပြုလုပ်သည်မှာ ရှမ့်လန် မဟုတ်ချေ။ ကျန့်ထော် ဖြစ်သည်ဆိုသည့်အကြောင်းအရာပင် ဖြစ်၏။
သို့ပေမည့် သူတို့က ရှမ့်လန်ကို အပြစ်တင်လျက် ရှိနေတုန်းပင်။ ရှမ့်လန်ကို အသက်ရှင်လျက် အရေခွံခွာပြီး အရိုးကြောများကိုပင် ဆွဲထုတ်ချင်စိတ် ရှိခဲ့၏။ စိတ်ထဲတွင်လည်း အဆက်မပြတ် ဆဲဆိုလျက် ရှိနေ၏။ ရှမ့်လန်သည် သူတို့ကို အပြစ်သားကဲ့သို့ပင် မောက်မောက်မာမာ ဆက်ဆံသွားခဲ့သောကြောင့်ပင်။
သို့သော်ငြား သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် ယခင်တည်းက ရှိနေသည့် အမုန်းတရားအားလုံးကို ခဏတာ ဖယ်ရှားလိုက်ပြီး ရှမ့်လန်ကို အသက်ကယ်တင်ပေးပါရန် လာရောက် တောင်းပန်လျက်ရှိ၏။ အပြင်ဘက်တွင် ဒူးထောက်နေသည့် လူများသည် တဖြည်းဖြည်း ပိုမို များပြားလာခဲ့ပြီး တောင်ခြေ တစ်ခုလုံးပင် ပြည့်နှက်လာခဲ့သည်။
ပထမတုန်းက တောင်းပန်၏။ ရှမ့်လန်တစ်ယောက် သူတို့ကို လျစ်လျူရှုထားသည်ကို မြင်ရချိန်မှာတော့ သူတို့အားလုံးတို့သည် တောင်းပန်နေရာမှ ခြိမ်းခြောက်သည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့၏။
“အရှင်ရှမ့်… ကျုပ်တို့ သေသွားမှာကို ခင်ဗျားဒီတိုင်း ကြည့်နေတော့မှာလား”
“အရှင်ရှမ့်… ကောင်းကင်ကြီးက ကျုပ်တို့ကို စာနာသနားပါတယ်။ ခင်ဗျားတို့ မိသားစုရဲ့မျက်နှာ၊ ခင်ဗျားတို့ မျိုးဆက်တွေရဲ့မျက်နှာ၊ ခင်ဗျားတို့ ဘိုးဘေးတွေရဲ့မျက်နှာနဲ့ ကျုပ်တို့ သေတာကို ဒီအတိုင်း ထိုင်မကြည့်နေဘူး မဟုတ်လား”
“အရှင်ရှမ့်.. ကျုပ်တို့သေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား။ ဘယ်လိုလုပ်ရက်တာလဲ။ ဝံပုလွေတွေ၊ ကျားတွေ၊ ကျားသစ်တွေဆိုရင်တောင် ဒီလောက်ရက်စက်မှာ မဟုတ်ပါဘူး”
ဤကဲ့သို့ နယ်စားကြီးအိမ်တော်ရှေ့၌ ဒူးထောက်လျက် ရှိနေသည့်လူပေါင်းများစွာကို မြင်သည့်အချိန်မှာတော့ ရှမ့်လန်က တူညီသည့်အရာတစ်ခုကိုသာလျှင် ပြော၏။
“အရူးတွေပဲ” ပြီးနောက် သူက ထွက်ခွာသွားခဲ့သည်။
ချက်ချင်းပဲ လူပေါင်းများစွာတို့က သူ့ကို ပိုမိုကာ မုန်းတီးလာခဲ့၏။ “ရှမ့်လန်.. ကျုပ်တို့ကို မကူညီတော့ဘူးလား။ ဒါဆိုရင် တိုက်ခိုက်ကြမယ်”
လူတချို့က အော်ဟစ်လိုက်၏။ အကြောက်အလန့် ကင်းမဲ့သည့်လူများက ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ မကြာခင်မှာပဲ အိမ်တော်နံရံ၏ထိပ်ဆီမှ မြားမိုးများ ကျဆင်းလာခဲ့ပြီး ရှေ့ဆီသို့ လှမ်းတက်သည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့သည်။
“အရူးတွေပဲ” ရှမ့်လန်က ထပ်မံကာ ပြောဆိုလိုက်ပြန်၏။
ရဲတိုက်၏ အတွင်းဘက်မှာတော့ ရှမ့်လန်က ကျောက်ရောဂါ ကာကွယ်ခြင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စာလုံးပေါင်းသောင်းချီ ရေးသားလျက်ရှိနေ၏။ မည်ကဲ့သို့ သီးခြား နေထိုင်ရမည်။ မည်ကဲ့သို့ မကူးစက်အောင် နေထိုင်ရမည်။ မည်ကဲ့သို့သော ဆေးဝါးကို အသုံးပြုရမည်။ သေဆုံးမှုနှုန်းကို မည်ကဲ့သို့ လျှော့ချရမည် ဆိုသော အကြောင်းများပင်။
ထို့အပြင် ချင်နိုင်ငံစစ်သည်များမှတဆင့် ကျောက်ရောဂါ ကုသဆေး တော်တော်များများကို တည်နေရာအနှံ့ဆီသို့ ပေးပို့ခဲ့ပြီး ဖြစ်၏။
ကျန်းချုံးက နယ်စားကြီးအိမ်တော်ဆီသို့ လှမ်းဝင်လာခဲ့၏။ ရှမ့်လန်က အသေးစိတ် ရေးသားထားသည့် စာလုံးပေါင်းသောင်းချီသော စာအုပ် အသာပင် ကမ်းပေးလိုက်၏။ ထိုအရာက ကုသမှု စီမံကိန်းပင် ဖြစ်၏။ လုပ်ငန်းစဉ်များကိုလည်း သေသေချာချာ ရေးသားပေးထားသည်။
ထိုအရာကို ဖတ်ရှုပြီးနောက် ကျန်းချုံးက ရှမ့်လန်ကို ဦးညွှတ်ကာ ပြောလိုက်၏။ “ရှမ့်… အင်း ပိုင်ရီခရိုင်ထဲမှာ ရှိတဲ့ လူပေါင်းနှစ်သိန်းကျော်တို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ဒီကိစ္စကို ခင်ဗျားပဲ ဆက်ကယ်တင်လိုက်ပါတော့”
ကျန်းချုံးက တုန်ယင်စွာ ပြောလိုက်သည်။ “ဘာ့ကြောင့် ရှမ့်က ဒီလိုလုပ်ရတာလဲ။ ဒီလူတွေအားလုံးကို ကယ်တင်ခဲ့တာ မင်းဖြစ်ကြောင်း သိသာထင်ရှားနေတာပဲ။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် မလုပ်တာလဲ။ ဘာကိစ္စနဲ့ ငါ့ကို လုပ်ခိုင်းရတာလဲ။ ငါ့ရဲ့ ဂုဏ်သိက္ခာ တိုးတက်အောင်လို့ ဘာကြောင့် လုပ်ခိုင်းရတာလဲ”
ကျန်းချုံး၏ အမြင်အရဆိုလျှင် ရှမ့်လန်သည် ပိုင်ရီခရိုင်တစ်ခုလုံး၌ ဆိုးဝါးသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်နေပြီ ဖြစ်၏။ အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ရန် ကောင်းမွန်သည့် အခွင့်အရေးကြီးတစ်ခုပင် ဖြစ်၏။ လူပေါင်းသောင်းချီတို့ သူ့ကို ချီးကျူးကြမည့် အခြေအနေမျိုးပင်။
ရှမ့်လန်က ပြောလိုက်၏။ “အစစ်အမှန်တရားကို ကျန်းချုံးက ကြားချင်တာလား။ ဒါမှမဟုတ် လိမ်ညာပြီး ပြောတာကို ကြားချင်တာလား”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း အစစ်အမှန်ရော၊ လိမ်ညာတာရော နှစ်ခုလုံးကို ကြားချင်တယ်”
ရှမ့်လန်က ပြောလိုက်၏။ “လိမ်ညာရမယ်ဆိုရင် ကျုပ်က ဂုဏ်သိက္ခာဆိုတာကို လိုအပ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်ကို လူတွေ ကြောက်လန့်နေတာကိုပဲ လိုချင်တာ။ လူတွေ ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုအပ်ဘူး။
အစစ်အမှန်တရားကို ပြောပြရမယ်ဆိုရင် ဒီလူတွေ အကုန်လုံးကို ကျုပ် ကယ်နိုင်တယ်။ ဒါပေမယ့် ကျုပ် ဦးညွှတ်ပြီး ... အောက်ကျနောက်ကျခံပြီး သူတို့ကို ချစ်ခင်နှစ်သက်ပါတယ်ဆိုတာ ပြသရတော့မယ် မဟုတ်လား။ အားနာတယ်။ ကျုပ် ဒီလိုမျိုး မလုပ်နိုင်ဘူး။ ကျုပ်ရဲ့မျက်လုံးထဲမှာ ဒီလူတွေက အရူးတွေပဲ။ ကျုပ်ရဲ့နာမည်ကို သမိုင်းမှာ မချန်ထားခဲ့ချင်ဘူး။ ကျုပ်က နန်းတွင်းအရာရှိလည်း မဖြစ်ချင်ဘူး။ နိုင်ငံ့အုပ်စိုးသူလည်း မဖြစ်ချင်ဘူး။ ဒီလူတွေ သဘောကျအောင် ကျုပ်က ဘာကိစ္စနေထိုင်ရမှာလဲ။ ဟမ့်.. ကျုပ်ပျော်နေရင် ပြီးတာပဲ”
ရှမ့်လန်သည် ကျန်းချုံး၏ပခုံးကို အသာပုတ်ကာ ပြောလိုက်သည်။ “ကျန်းချုံး… ခင်ဗျားက သူတော်စင် ဖြစ်နိုင်တယ်။ ကျုပ်ကတော့ လူဆိုးပဲ ဆက်လုပ်တော့မယ်”
ပြီးနောက် ရှမ့်လန်က ပိုင်ရီခရိုင်တစ်ခုလုံးကို အပြင်ဘက်သို့မထွက်ရန် ပိတ်ပင်တားဆီးလိုက်၏။ မြို့အနှံ့အပြားတွင် နေ့နေ့ညည အပြင်မထွက်ရန် အမိန့် ထုတ်ပြန်ထား၏။ မည်သူမဆို မြို့၊ ရွာ၊ အိမ်အပြင်သို့ ခြေတစ်လှမ်းမျှ ထွက်ခွင့် မရှိခဲ့ချေ။ စစ်သည်တော်ပေါင်း ထောင်ချီကို စေလွှတ်ခဲ့ပြီး ဖျားနာနေသည့် လူများကို လိုက်လံကုသ၏။ ကျောက်ရောဂါ ကပ်ဘေးကြီးတစ်ခုလုံးကို အချိန်မီ တားဆီးနိုင်ခဲ့ပြီ ဖြစ်၏။
ပိုင်ရီခရိုင်ထဲမှ ထွက်ခွာသည့် လူပေါင်းများစွာတို့သည် အညှာအတာကင်းမဲ့စွာဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထိုကဲ့သို့ သတ်ဖြတ်သည့်နေရာတွင် လူဆိုးတစ်ယောက်၏ ဇာတ်ရုပ်မျိုးကို ဝင်ရောက်ကာ ယူရပေလိမ့်မည်။ ထိုသူက ရှမ့်လန်ပင် ဖြစ်၏။ သူက ကျောက်ရောဂါပိုး တခြားခရိုင်များဆီ ပျံ့နှံ့မသွားစေရန် ပိုင်ရီခရိုင်ထဲမှ ထွက်ခွာသည့် မည်သူ့ကို မဆို သတ်ဖြတ်လျက်ရှိသည်။
လဝက်အတောအတွင်းမှာပဲ ပိုင်ရီခရိုင်အတွင်းမှ ကျောက်ရောဂါပိုးကို အလုံးစုံ ထိန်းချုပ်ပြီးသား ဖြစ်၏။ ပတ်ဝန်းကျင် စီရင်စုများဆီသို့ ပျံ့နှံ့ခဲ့ခြင်း မရှိချေ။ သေဆုံးမှုနှုန်းက အနိမ့်ဆုံး ဖြစ်၏။ ကျန်းချုံးက ထိုအရာနှင့် ပတ်သက်၍ ကောင်းချီးပေးခြင်းခံရပြီး ရှမ့်လန်မှာတော့ လူပေါင်းများစွာတို့၏ ဆဲဆိုခြင်းကိုခံရ၏။
သူ ပိုင်ရီခရိုင်ဆီမှ ထွက်ခွာသွားသည့်အချိန်မှာပင် အားလုံးသောသူတို့က ဝိုင်းဝန်း ကျိန်ဆဲကြသေးသည်။
………….
ဘုရင်မင်းမြတ်က အသေးစိတ် သတင်းပေးပို့ချက်ကို လက်ခံရရှိပြီးနောက် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “သွား.. အားလုံး သွားကြတော့”
လီစွမ်းနှင့် တခြားသော မင်းမှုထမ်းအားလုံးက ထွက်ခွာသွားခဲ့၏။ နင်ယွမ်ရှန်း တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့၏။ ထိုအချိန်မှာတော့ သူ၏မျက်နှာတစ်ခုလုံးသည် နီရဲလျက် ရှိနေပြီး သူ၏မျက်လုံးထောင့်ဆီမှ မျက်ရည်များ ကျဆင်းနေခဲ့သည်။
ရှမ့်လန်က များပြားလွန်းသည့် ကောင်းကျိုးများကို ပြုလုပ်ခဲ့ပြီး ကံကြမ္မာ၏ အလှည့်အပြောင်းများကို ဖန်တီးခဲ့၏။ သို့ပေမည့် ထိုအရာသည် နင်ယွမ်ရှန်း၏ နှလုံးသားကို ဤကဲ့သို့ တုန်လှုပ်စေခဲ့သည့် အခြေအနေမျိုး မရှိခဲ့ချေ။ နင်ယွမ်ရှန်းက တကယ့်ကို စိတ်ဓာတ် မာကြောသည့်လူတစ်ယောက်ဖြစ်ပြီး သံမဏိ နှလုံးသား ပိုင်ရှင် ဟု ပြောဆိုရမည်။ လက်ရှိအချိန်မှာတော့ သူက ရှမ့်လန်၏ နှလုံးသားကို နားလည်သွားပုံပေါ်၏။
ရှမ့်လန်က မောက်မာမှုများ အပြည့်ရှိ၏။ စိတ်နှလုံးသား၌ ကြင်နာ သနားတတ်မှုလည်း မရှိချေ။ အားလုံးသောသူတို့ကို ဦးညွှတ်ချင်စိတ်လည်း မရှိပေ။ ထို့အတူ စည်းမျဉ်းစည်းကမ်းကိုလည်း လိုက်နာချင်စိတ် မရှိချေ။ စိတ်နှလုံးသား၏ လမ်းညွှန်ချက်အတိုင်း လိုက်ပါပြုမှုဆောင်ရွက်ရင်း သဘောကျနေသူဖြစ်သည်။
နင်ယွမ်ရှန်းက ထိုအရာကို မနာလိုပင် ဖြစ်မိ၏။ သူက ဘုရင်မင်းမြတ် ဖြစ်သည်။ သို့သော်ငြား များပြားလွန်းသည့် စည်းမျဉ်းစည်းကမ်းများ၏ ချုပ်နှောင်ခြင်းကို ခံထားရ၏။ သူ့အနေနှင့် တချို့သော အရာ တော်တော်များများကို ဦးညွှတ်ရန် လိုအပ်၏။ ဥပမာအားဖြင့် သူတော်စင်များ၊ လောကတွင် ရှိနေသည့် ကြီးကျယ်မြင့်မြတ်သော တခြားလူများပင်။
သို့ပေမည့် ရှမ့်လန်ကတော့ ထိုသို့ မဟုတ်ချေ။ အရာအားလုံးကို သူ၏စိတ်နှလုံးထဲတွင် တွေးတောထားသည့် အရာအတိုင်း ပြုလုပ်နိုင်စွမ်း ရှိ၏။ “ဒီကောင်လေးက ဘယ်သူနဲ့တူတာလဲ။ သူက ဘယ်သူနဲ့များ တူနေတာလဲ”
နင်ယွမ်ရှန်းက သက်ပြင်းချလိုက်၏။ ဟုတ်ပေ၏။ ဤကောင်လေးက သူ့သား မဟုတ်ပေ။ သို့သော်ငြား သူ့၌ ရှမ့်လန်ကဲ့သို့သော သားတစ်ယောက် ရှိပါက အဖေတစ်ယောက်၏ ကြီးမားသည့် ဂုဏ်ယူမှုကို ပိုင်ဆိုင်မှာ သေချာ၏။ ထို့အတူ ဒေါသတရားနှင့် သွေးအန်မှုကိုလည်း ခံစားရပေလိမ့်မည်။ သဘောကျသလို ခံစားရသလို ရိုက်သတ်ချင်စိတ်လည်း ပေါက်သည်။
ပြောရမည်ဆိုလျှင် ရှမ့်လန်၊ ဤခွေးကောင်လေးသည် ကောင်းမွန်သည့် လူတစ်ယောက် မဟုတ်ချေ။ အရာအားလုံးကို မျက်လုံးထဲမထည့်ပေ။ ရွှေ၊ ငွေ၊ မြို့များ၊ ရန်သူများ၊ လူပေါင်းများစွာတို့၏နှလုံးသား အရာအားလုံးကို လျစ်လျူရှုထားပြီး လုပ်ချင်ရာကိုသာ တစိုက်မတ်မတ် ပြုလုပ်တတ်သည်။ တခြား မည်သူ့ကိုမှ ဂရုမစိုက်ပေ။
“ဒီကောင်လေးက အံ့အားသင့်စရာပဲ။ အင်း.. သောက်ရမ်းမိုက်တယ်” ဘုရင်မင်းမြတ်သည် ရှမ့်လန်ဆီမှ ဤသောက်ရမ်းမိုက်တယ် ဟူသည့်စကားလုံးကို သင်ယူနိုင်ခဲ့ပြီဖြစ်၏။
“လီစွမ်း” ဘုရင်မင်းမြတ်က အော်ဟစ်လိုက်သည်။
မိန်းမစိုးကြီး လီစွမ်းက အထဲသို့ လျှောက်ဝင်လာခဲ့၏။
“ရှမ့်လန်အတွက် အမိန့်ထုတ်။ သူ့ကို ဆူငေါက်စမ်း။ ဆိုးဆိုးဝါးဝါးဖြစ်အောင် ဆူငေါက်စမ်း။ ပြီးတော့ သူ့ကို မြန်မြန် ပြန်လာခဲ့ဖို့ပြော။ ကျန်းရှစ်စီရင်စုမှာ ထပ်ပြီး ပြဿနာမရှာနဲ့တော့လို့။ သူ ပြန်မလာဘူးဆိုရင် ငါကိုယ်တိုင် သူ့ကို ကြိုးနဲ့တုတ်ပြီး ခေါ်ရလိမ့်မယ်။ ပြီးတော့ ကျန်းချုံးကို မြို့စားလေးဘွဲ့ထူး ပေးလိုက်တော့။ အင်း… ဘာဘွဲ့လဲဆိုတဲ့နာမည်ကို ကိုယ့်ဘာကိုယ် စဉ်းစားလို့။”
ပြီးနောက် လီစွမ်းက ရုတ်တရက် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”
ဘုရင်မင်းမြတ်သည် တကယ့်ကို စိတ်ဓာတ်ခိုင်မာလွန်းသူဖြစ်၏။ ကျန်းချုံးကို မြို့စားလေးဘွဲ့ထူး ပေးအပ်ခဲ့၏။ သို့ပေမည့် ထိုဘွဲ့ထူး၏နာမည်ကိုပင် ဦးနှောက်ခြောက်ခံကာ စဉ်းစားချင်စိတ် မရှိချေ။ မိမိကြိုက်နှစ်သက်ရာ နာမည်ကို စဉ်းစား ၊ အတည်ပြု၍ နောက်မှ မြို့စားလေး ဘွဲ့ထူးထည့်လိုက်ရုံပင်။
သို့နောက် နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း… အိမ်ရှေ့စံမင်းသားဆီမှာ ကျင်းမူလန်ရဲ့ ကျောက်စမ်းရုပ်ထု ရှိတယ်လို့ ငါကြားခဲ့တယ်။ ဟုတ်လား”
လီစွမ်းက တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမဖြေရဲချေ။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါကို ပြန်ယူ၊ ရေဆေးပြီး ရှမ့်လန်ရဲ့အိမ်ကို ပို့လိုက်”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “ကောင်းပါပြီ အရှင်မင်းကြီး”
“မြန်မြန်။ အဲဒီ ခွေးသူတောင်းစားလေး ရှမ့်လန်ကို နန်းမြို့တော်ဆီ မြန်မြန်ပြန်လာဖို့ အမိန့်ပေးလိုက်တော့။ သူသာ ပြန်မလာဘူးဆိုရင် သူ့ကို ကြိုးတုတ်ပြီး ပြန်ခေါ်ရလိမ့်မယ်”
လီစွမ်းက ခဏလောက် တွေးတောလိုက်၏။ အရှင်မင်းကြီးသည် ထိုအရာကို စောဏတုန်းက တစ်ခါ ပြောခဲ့ပြီးပြီ မဟုတ်ပါလား။ မည်မျှခေါ်ချင်နေသနည်း မသိပေ။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ “အလျင်လိုတယ်။ အရေးကြီးသတင်း။ အရေးကြီးသတင်း… ချောင်ပြည်နယ် နောက်ဆုတ်သွားခဲ့ပြီ။ ချောင်ပြည်နယ် နောက်ဆုတ်သွားခဲ့ပြီ”
နင်ယွမ်ရှန်းက ထိုသတင်းကို ကြားသည့်အချိန်မှာတော့ နှာခေါင်းရှုံ့လိုက်၏။ သူ့အနေနှင့် လှောင်ပြောင်ချင် စိတ်သာ ပေါ်လာ၏။ မည်သည့်ပျော်ရွှင်မှုမှ မရှိချေ။ စုနန်၏ အဓိကအင်အားစု ဖျက်ဆီးခံရတည်းက ချောင်ပြည်နယ်က ရှေ့ဆက်တိုးတော့မည် မဟုတ်ပေ။
ကျုံးယောင်၏စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဆိုသည်မှာ ဟန်ပြသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကျန့်ထော်သည် ကျန်းရှစ်စီရင်စုတွင် အစောကြီးတည်းက ပြဿနာရှာခဲ့ပြီးသားဖြစ်၏။ ကျန့်ထော်သည် ကြီးကြီးမားမား ဆိုးဆိုးဝါးဝါးဖြစ်အောင် အရှုပ်အထွေးများ ပြုလုပ်ပြီး သူတို့ဆီသို့ ပူးပေါင်းလာလိမ့်မည်ဟု ချောင်ပြည်နယ် က ထင်မှတ်ထားသည်။
မထင်မှတ်ထားလောက်အောင်ဘဲ ကျန့်ထော်ကလည်း ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် ဖျက်ဆီးခြင်း ခံခဲ့ရ၏။ ထို့ကြောင့် ချောင်ပြည်နယ်သည် အနောက်သို့ ဆုတ်ခွာရာ လမ်းသာရှိတော့၏။ နှစ်ဖက်ကြားတွင် ကြီးမားသည့် တိုက်ပွဲတစ်ခုကို ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။